← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁: ဒါက မဟာအင်မော်တယ်ဧကရာဇ် တစယောက်ရဲ့ စွမ်းဆောင်နိုင်မှု အကုန်ပဲလား

ဘုန်း...

လုရန် ထိုကိစ္စကို အတည်ပြုလိုက်သည်နှင့် တပြိုင်နက် ရေနက်ပိုင်း ဧရာမနတ်ဆိုး၏ ရေဘဝဲလက်တံများထဲမှ တစ်ခုသည် ရိုက်ချလိုက်၏။

ထိုရိုက်ချက် မည်မျှထိ ပြင်းထန်မည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။

လေ သို့မဟုတ် လှိုင်းများကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသော အဆုံးမဲ့ပင်လယ်သည် ယခုအချိန်၌ မိုးထိအောင် မြင့်မားသော လှိုင်းတံပိုးများဖြင့် တဝုန်းဝုန်းထနေတော့သည်။

မလှမ်းမကမ်းရှိ ကမ်းစပ်တွင် သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြသူများအားလုံး၏ မျက်နှာများ ဖြူရော်သွားသည်။

အဆုံးမဲ့ပင်လယ်၏ရေကို ထိတွေ့၍ မရချေ။

ပမာဏများစွာသော ပင်လယ်ရေများ ဝင်ရောက်လာသည်ကို မြင်သောအခါ လူတိုင်းသည် လန့်ဖျတ်သွားသော ငှက်များနှင့်သားရဲများအလား လူစုကွဲသွားကြတော့သည်။

ဤသည်မှာ ရိုးရှင်းသော လှိုင်းလုံးတစ်ခု မဟုတ်ပေ။ ရေဘဝဲလက်တံတစ်ချက် ရိုက်လိုက်ခြင်းက မီတာရာနှင့်ချီ မြင့်မားသော လှိုင်းလုံးကြီးတစ်ခုကို လွှမ်းခြုံသွားစေသည်။

ဤသည်မှာ လုရန် အစောပိုင်းက မမျှော်လင့်ထားသောအရာပင်။

ထို့ပြင် ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် ကြုံရာကျပန်း တိုက်ခိုက်နေခြင်း မဟုတ်တော့ချေ။

သူသည် အလွဲအမှားမရှိ တိကျစွာ ရိုက်ခတ်နေပြီး သခင်ကြီးမာတို့အုပ်စုကို ပစ်မှတ်ထားနေသည်။

သို့သော် ဤအမြန်နှုန်းဖြင့် သခင်ကြီးမာကို မကိုင်တွယ်နိုင်သည်မှာ သိသာရှင်းလင်းသည်။

သခင်ကြီးမာ ရှောင်တိမ်းသွားပြီး သူ၏နောက်မှ အင်မော်တယ်ဧကရာဇ်တချို့သည်လည်း ရှောင်တိမ်းသွားကြ၏။ သို့ရာတွင် တုံ့ပြန်မှုနှေးကွေးသူ တချို့သည် ရေဘဝဲလက်တံနှင့် ရိုက်ခတ်မိပြီး ချက်ချင်းသေဆုံးသွားကြတော့သည်။

ရေနက်ပိုင်း ဧရာမနတ်ဆိုး၏ ခန္ဓာကိုယ်တွင် ပျက်စီးမှု ဖြစ်စေရန် အထူးနည်းလမ်းတစ်ခု ရှိနေပုံရသည်။

သခင်ကြီးမာ၏ မျက်နှာအမူအရာ အလွန်အမင်း ပျက်ယွင်းနေသည်။ လုရန်သည် ရေဘဝဲလက်တံများအနီးတွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေသည်ကို မြင်သောအခါ ဤရေနက်ပိုင်း ဧရာမနတ်ဆိုးကို ထိုလူငယ် ဆင့်ခေါ်ထားခြင်း ဖြစ်ကြောင်း သူ ပို၍ပင် သေချာသွားတော့သည်။

ဒါပေမဲ့...

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...

ရေနက်ပိုင်း ဧရာမနတ်ဆိုးနှင့် လူသားမျိုးနွယ်သည် သီးသန့်နေထိုင်ကြပြီး လူသားမျိုးနွယ်သည် ထိုသားရဲအကြောင်းကို သိပ်မသိသော်လည်း လူသားတစ်ဦးက ကျွန်ပြုပြီး ထိန်းချုပ်ထား၍ မရသင့်ချေ။

ထိုသို့လုပ်နိုင်ရန် မည်မျှထိ အထင်ကြီးစရာကောင်းသော အစွမ်းထက်သူတစ်ယောက် ဖြစ်ရန် လိုအပ်မည်နည်း...

လုရန်၏နံဘေးတွင်ရှိနေသော ပိုင်လော့သည်လည်း ဆွံ့အနေပေ၏။

သူမသည် လုရန်ကို ချက်ချင်းလှည့်ကြည့်လိုက်ပြီး အစောပိုင်းက ရေနက်ပိုင်း ဧရာမနတ်ဆိုးကို သူ မည်သို့ လွှတ်ပေးခဲ့သည်ကို ပြန်အမှတ်ရလိုက်သည်။ ထိုသားရဲသည် လွတ်လပ်စွာ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ယခင်က ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် လုရန်၏ ရိုက်နှက်ခြင်းကိုခံရပြီး အရှုံးပေးကာ ထွက်ပြေးသွားသည်ဟု သူမ အထင်မှားခဲ့သည်။

သို့သော် ယခု ကြည့်ရသလောက် ထိုသို့ ဟုတ်ပုံမရချေ။

ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် အမှန်အားဖြင့် ဤလူငယ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပေ၏။

အိုး ဘုရားရေ...

ရေနက်ပိုင်း ဧရာမ နတ်ဆိုးကို ထိန်းချုပ်ထားနိုင်တယ်...

အဲ့ဒီလိုသာဆိုရင် ဒီအဆုံးမဲ့ ပင်လယ်မှာ လုရန်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်တာ ဘယ်သူ ရှိအုံးမှာလဲ...

မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ပင်လျှင် ရေနက်ပိုင်း ဧရာမနတ်ဆိုးနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိချေ။

တခြားသူများသည် ကြာမြင့်စွာကတည်းက ထိတ်လန့်နေခဲ့ကြသည်။ ရေနက်ပိုင်း ဧရာမနတ်ဆိုး မည်သည်ကြောင့် ထွက်ပေါ်လာသည်ကို သူတို့ မတွေးတောနိုင်ကြပေ။

ယခင်က ပင်လယ်အောက်ခြေတွင် သေဘေးမှ ပွတ်ကာသီကာ လွတ်မြောက်လာခဲ့ပြီးနောက် ရေနက်ပိုင်း ဧရာမနတ်ဆိုး ပြန်လည်ထွက်ပေါ်လာသည်ကို မြင်သောအခါ သူတို့ကို အရပ်မျက်နှာအဘက်ဘက်သို့ ထွက်ပြေးသွားစေခဲ့သည်။

သို့သော် လှိုင်းလုံးကြီးများကြောင့် သူတို့၏အမြင့်ကို ထိန်းချုပ်ရန် လုံလောက်သော ခံစားသိရှိမှု သူတို့ထံတွင် မရှိခဲ့ချေ။

လူတချို့သည် လှိုင်းတံပိုးများ၏ မတော်တဆ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး နိယာမ၏ အမြင့် ကန့်သတ်ချက်ကို ကျော်လွန်သွားပြီးနောက် သူတို့သည် ချက်ချင်းဆိုသလိုပင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ ပျောက်ကွယ်သွားကြသည်။

သခင်ကြီးမာ၏နောက်မှ အင်မော်တယ်ဧကရာဇ် လက်အောက်ခံများသည် ရေဘဝဲလက်တံ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ပြန်လှည့်ကာ ထွက်ပြေးလိုက်ကြ၏။

ဤနေရာတွင်နေပြီး အရိုက်ခံရန် မည်သူမျှ မလိုလားကြချေ။

အဘယ်ကြောင့်ဆိုသော် ရေနက်ပိုင်း ဧရာမ နတ်ဆိုး ၏ရှေ့တွင် သူတို့၏တိုက်ခိုက်မှုများမှာ ကလိထိုးနေသကဲ့သို့သာ ဖြစ်ကြောင်း သူတို့ သိထားသောကြောင့်ပင်။

အမှန်အားဖြင့် ရေနက်ပိုင်း ဧရာမနတ်ဆိုး အတွက်ဆိုလျှင် သူတို့၏တိုက်ခိုက်မှုများသည် ကလိထိုးသည်ဟု ပြောရန်ပင် မထိုက်တန်လောက်ချေ။

ထိုအခြေအနေမှာ လုံးလုံးလျားလျား အကာအကွယ်မဲ့စွာ ရိုက်နှက်ခံရခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူတို့ စတင် လှုပ်ရှားလိုက်ချိန်မှာပင်....

ဘုန်း...

ရေဘဝဲလက်တံ တစ်ခုသည် ချောက်နက်ကြီးထဲမှ အလွဲအမှားမရှိ တိကျစွာ ထွက်ပေါ်လာပေ၏။

အချိန်မီမတုံ့ပြန်နိုင်ခဲ့သော သူတို့အနက်မှ နှစ်ဦးသည် ရေဘဝဲလက်တံ၏ စုပ်ခွက်များဖြင့် အထက်သို့ ဆွဲတင်ခံရကာ အမြင့်ကန့်သတ်ချက်ကို ကျော်လွန်သွားပြီး ပျောက်ကွယ်သွားကြသည်။

သခင်ကြီးမာက လုရန်ကို ရှုံမဲ့နေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

သူက ပြောဆိုသည်။

"ကောင်းပြီ... ငါ အရှုံးပေးပါတယ်... မင်းတို့အဖွဲ့ထဲမှာ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့ကြတော့ပေါ့..."

ပြိုင်ဘက်ကို သူ တိုက်ခိုက်ဝံ့ခြင်း မရှိချေ။

သူတို့နှစ်ဦးလုံးသည် မဟာအင်မော်တယ်ဧကရာဇ်များ ဖြစ်ကြသော်လည်း ပြိုင်ဘက်သည် ရေနက်ပိုင်း ဧရာမနတ်ဆိုးကို ထိန်းချုပ်နိုင်ပြီး ဤသည်မှာ သခင်ကြီးမာနှင့် နှိုင်းယှဉ်၍ မရနိုင်သောအရာ ဖြစ်ကြောင်း သိသာရှင်းလင်းသည်။

ဤနေရာတွင် အလုပ်မဖြစ်သော်လည်း သူ၏အလုပ်ဟောင်းကို ပြန်လုပ်ရန် တခြားထျန်းချွဲနယ်မြေများသို့ သွား၍ရနိုင်သည်။ ဤနေရာတွင် သေရေးရှင်ရေးတိုက်ပွဲတစ်ခုကို တိုက်ခိုက်ပြီး သူ၏အသက်နှင့်ရင်း၍ စွန့်စားရန် မလိုအပ်ချေ။

ဤအချိန်တွင် လူတိုင်းသည် ရေမျက်နှာပြင်အောက်တွင် ရှိနေကြ၏။

အဘယ်ကြောင့်ဆိုသော် လှိုင်းလုံးကြီးများသည် နိယာမ၏ အမြင့်ကန့်သတ်ချက်ကို ကြာမြင့်စွာကတည်းက ကျော်လွန်သွားခဲ့သောကြောင့်ပင်။

သခင်ကြီးမာသည် ရေထဲတွင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် သူ့ကိုယ်သူ ကာကွယ်ကာ သူ၏ လက်အောက်ငယ်သားများကို လျစ်လျူရှုပြီး မျက်စိတစ်မှိတ်အတွင်း ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

သို့သော် သခင်ကြီးမာသည် နောက်လှည့်လိုက်ချိန်၌ ရေထဲတွင် သူ လုံးဝမလှုပ်ရှားနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။

အမ်...

သခင်ကြီးမာ ထိတ်လန့်တကြား ဖြစ်သွားပြီးနောက် တစ်စုံတစ်ခုကို ကြောက်ရွံ့စွာဖြင့် တွေ့ရှိလိုက်ရသည်။

စတုရန်းပုံ စည်းတံဆိပ်တစ်ခုသည် သူ၏ခေါင်းပေါ်တွင် မည်သည့်အချိန်ကမှန်းမသိရဘဲ ထွက်ပေါ်လာလာခဲ့သည်။

ဤအချိန်တွင် စတုရန်းပုံ စည်းတံဆိပ်သည် အထူး ဖိနှိပ်နိုင်သည့် စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်ထားပြီး သခင်ကြီးမာ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို ချည်နှောင်ထားသည်။ ဤသည်က သူ၏ လှုပ်ရှားမှုများကိုပင် ကန့်သတ်ထားသဖြင့် သူ့ကို နေရာတွင် မလှုပ်နိုင်အောင် ဖြစ်စေခဲ့သည်။

သခင်ကြီးမာ၏မျက်နှာအမူအရာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။

သူက ချက်ချင်းသုံးသပ်လိုက်၏။

"မွေးရာပါ ရှေးဟောင်းရတနာတစ်ခုပဲ"

ပတ်ဝန်းကျင်တွင် သောင်းကျန်းနေသော ရေဘဝဲလက်တံများကို မြင်တွေ့ချိန်၌ ဤနေရာတွင် ချည်နှောင်ခံထားရရန် သူ မဝံ့ရဲချေ။

ထို့ကြောင့် သူသည် ပြင်းပြင်းထန်ထန် စတင်၍ ခုခံလိုက်ပြီး နည်းလမ်းအမျိုးမျိုးကို တစ်ခုပြီးတစ်ခု အသုံးပြုတော့သည်။

သူ၏ မြေဆွဲအား စက်ကွင်းနိယာမကိုပင် အမြင့်မားဆုံးအထိ သူ တွန်းတင်ခဲ့သည်။

သို့သော် သူ၏နိယာမသည် ရေနက်ပိုင်း ဧရာမ နတ်ဆိုးအပေါ်တွင် အသုံးမဝင်သည့်အပြင် လုရန်တို့အုပ်စုအပေါ်တွင်လည်း အသုံးမဝင်ချေ။

လုရန် အနည်းငယ် စိတ်ပျက်သွားမိသည်။ ဤမဟာအင်မော်တယ်ဧကရာဇ်တွင် ဤစွမ်းအားမျှသာ ရှိနေသလော...

သူ၏ကိုယ်ပိုင်စွမ်းအားသည် ကြီးမားလွန်းသောကြောင့် ဖြစ်ကြောင်း သူ သတိမထားမိခဲ့ပေ။

မွေးရာပါ ရှေးဟောင်းရတနာသည် ယခင်က လုရန်၏ လက်ထဲတွင် စွမ်းရည်အပြည့်အဝကို မပြသနိုင်ခဲ့သော်လည်း ယခုအချိန်၌ ကွာခြားသွားလေပြီ။

ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ကို ချိတ်ပိတ်ထားနိုင်ပေ၏။

ထိုနည်းတူစွာ ပန်ဂုပုဆိန်နှင့် ရွှမ်ယွမ်ဓားတို့သည်လည်း သေချာပေါက် လျှော့တွက်၍ မရနိုင်ချေ။

နတ်ဆိုးသန့်စင်ခြင်းအိုးပင်လျှင် ရေနက်ပိုင်း ဧရာမ နတ်ဆိုးကို သန့်စင်နိုင်သည်။

သခင်ကြီးမာက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"သနားပါ... သနားပါအုံး..."

သူ လုရန်ကို ပြန်ကြည့်လိုက်ချိန်၌ သူ၏အကြည့်များ ပြောင်းလဲသွားလေပြီ။

ဤသည်မှာ နက်ရှိုင်းသော ကြောက်ရွံ့မှု အကြည့်တစ်ချက်ပင်။

မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာပြီးနောက် သေခြင်းတရားကို ကြောက်ရွံ့မှုကို မည်မျှကြာအောင် မခံစားခဲ့ရကြောင်းကို သူ မသိတော့ချေ။

ထို့ပြင် မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်တွင် ရှိနေသူများကြားတွင် ကွာဟချက်များ ရှိသော်လည်း ဤမျှထိ တရားလွန်ကွာခြားချက်မျိုး မရှိသင့်ပေ။

နိယာမများသည် အချင်းချင်း ဖိနှိပ်နိုင်သော်လည်း ထိုအချက်က သူ့ကို ဘာမှလုပ်မရအောင်အထိ မဖြစ်စေသင့်ချေ။

ဤသည်မှာ အဆင့်မြင့်နယ်ပယ်တစ်ခုက အဆင့်နိမ့် နယ်ပယ်တစ်ခုကို လုံးလုံးလျားလျား ချေမှုန်းလိုက်သည့်အလားပင်။

သူ သနားညှာတာရန် စတင်၍ တောင်းပန်သည်ကို ကြားချိန်၌ လုရန် ပို၍ပင် ပျင်းရိသွားသည်။

မူလက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်နှင့် ရေနက်ပိုင်း ဧရာမနတ်ဆိုးတို့၏ တိုက်ပွဲကိုကြည့်ရန် သူ စီစဉ်ထားခဲ့သည်။

ရေနက်ပိုင်း ဧရာမနတ်ဆိုးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် သားရဲနှင့် ရင်ဆိုင်ရသောအခါ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်သည် သေချာပေါက် ကစဉ့်ကလျား ဖြစ်သွားကာ အနိုင်ရနိုင်မည် မဟုတ်ကြောင်းနှင့် အရာအားလုံးကို သူ အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း သူ သိထားပေ၏။

သို့သော် ဤလူသည် ရေနက်ပိုင်း ဧရာမ နတ်ဆိုး ကို မြင်သည်နှင့် ချက်ချင်းထွက်ပြေးရန် စီစဉ်ခဲ့သည်။

ကောင်းပြီလေ...

တစ်ဖက်လူကို သူ ပြေးခွင့်ပြုလိုက်ပေမည်။ သို့သော် သခင်ကြီးမာသည် အလွန်အားနည်းနေသဖြင့် ဤသည်မှာ အသုံးမဝင်တော့ချေ။

ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ် တစ်ခုတည်းဖြင့်ပင် သူ မလှုပ်ရှားနိုင်တော့ပေ။

လုရန်က တီးတိုးရေရွတ်လိုက်သည်။

"သောက်ကျိုးနည်း... အရမ်းပျင်းစရာကောင်းတာပဲ... တကယ့်ကို စိတ်ပျက်စရာပဲ"

သူ၏နံဘေးတွင်ရှိနေသော ပိုင်လော့သည် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး လုရန်ကို တစ်ချက်ကြည့်လိုက်ကာ သူ၏ ညည်းတွားသံကို ကြားပြီးနောက် သူမ ချက်ချင်းနားလည်သွားတော့သည်။

အစောပိုင်းက လုရန် မတိုက်ခိုက်ခဲ့ခြင်းမှာ ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ ရေနက်ပိုင်း ဧရာမနတ်ဆိုးကို ပျော်စရာအနည်းငယ်အတွက် အထူးခေါ်ဆောင်လာရန် ရည်ရွယ်ထားသောကြောင့်ပင်။

ထို့ပြင် သူမတို့၏ရှေ့က ဤသခင်ကြီးမာသည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ပင်။

ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် သခင်ကြီးမာကို မတိုက်ခိုက်ခဲ့သော်လည်း လုရန် ထုတ်လွှတ်လိုက်သော မှော်ရတနာ တစ်ခုတည်းဖြင့် အင်မော်တယ်ဧကရာဇ် သည် နေရာတွင် ချည်နှောင်ခံလိုက်ရပြီး ဘာမှမလုပ်နိုင်ဘဲ သနားညှာတာရန် စတင်၍ တောင်းပန်နေခဲ့သည်။

ပိုင်လော့ တွေဝေသွားပေ၏။

မဟာလေဟာနယ်သို့ ပြန်သွားကြည့်လျှင် သူမတို့နှစ်ယောက်လုံး မွေးရာပါ တာအိုသစ်သီးကို တစ်ချိန်တည်း ရှာဖွေနေခဲ့ကြသည်။

လုရန်သည် သူမ၏ မွေးရာပါ တာအိုသစ်သီးကို လုယူသွားခဲ့သော်လည်း သူမ၏ကံကောင်းမှုကြောင့် ဆယ်ရက်ပင် မပြည့်မီ နောက်တစ်လုံးကို သူမ ရရှိခဲ့သည်။

သဘောတရားအရ သူမတို့ နှစ်ဦးကြားရှိ ကွာဟချက်မှာ ဤမျှထိ မကြီးမားသင့်ချေ။

ဒါပေမဲ့ အခု လုရန်ကို ကြည့်ရတာ... ဒါက...

ပိုင်လော့သည် မည်ကဲ့သို့ ရှင်းပြရမည်ကိုပင် မသိတော့ချေ။

လုရန်က နှုတ်ခမ်းတွန့်လိုက်ပြီး အချိန်ဆက်ဖြုန်းရန် ပျင်းရိသွားပေ၏။

သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ရွှမ်ယွမ်ဓားသည် သူ၏ရှေ့တွင် ထွက်ပေါ်လာပြီး အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ သခင်ကြီးမာ၏နံဘေးပတ်လည်တွင် ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေသည်။ သခင်ကြီးမာ၏ မဟာအင်မော်တယ်ဧကရာဇ် ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ရွှမ်ယွမ်ဓား၏ သတ်ဖြတ်ခြင်း တိုက်ခိုက်မှုများကို လုံးဝတောင့်မခံနိုင်ခဲ့ချေ။

အချိန်တိုအတွင်း မျိုးဆက်တစ်ဆက်၏ မဟာအင်မော်တယ်ဧကရာဇ်သည် လုရန်၏သတ်ဖြတ်ခြင်းကို ဤအတိုင်း ခံလိုက်ရတော့သည်။

လုရန်က ရေနက်ပိုင်း ဧရာမ နတ်ဆိုးကို ကြည့်ကာ ပြောဆိုသည်။

"ကစားတာ ရပ်လိုက်တော့... ပြန်သွား"

ရေနက်ပိုင်း ဧရာမနတ်ဆိုး၏ လှုပ်ရှားမှုများသည် ရုတ်တရက် ရပ်တန့်သွားပြီး ကစား၍မဝသေးပုံရသော်လည်း လုရန်၏အမိန့်ကို ကြားပြီးနောက် သူ အလျှင်အမြန် အောက်သို့ ပြန်ဆင်းသွားပေ၏။

သို့သော် သူ နစ်မြုပ်သွားစဉ်...

မီတာ ရာနှင့်ချီ မြင့်မားသော ရေလှိုင်းလုံးကြီးတစ်ခုက သုံးဆယ့်နှစ်ထပ် ကောင်းကင်သို့ ဝင်ရောက်လာသည်။

ထိုစွမ်းအား ဖြတ်သန်းသွားသော နေရာတိုင်းတွင် မြက်တစ်ပင်မျှပင် မကျန်တော့ချေ။

အင်မော်တယ်များအားလုံး ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။

သုံးဆယ့်နှစ်ထပ် ကောင်းကင်တစ်ခုလုံးတွင် ဝမ်းနည်းပူဆွေးသော ငိုကြွေးသံများဖြင့် ပြည့်နှက်နေပေ၏။

သုံးဆယ့်နှစ်ထပ်ကောင်းကင်တွင် အခြေချနေထိုင်သော အဓိကအင်အားစုများ အားလုံးသည်လည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။

All Chapters