အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း ၁၂၂: အမြဲတမ်း ပွဲကြည့်ချင်နေတာ
အဆုံးမဲ့ပင်လယ်မှ စတင်လာသော ရေလှိုင်းလုံးကြီးတစ်ခုသည် သာမန်ရေလှိုင်းလုံးကြီး မဟုတ်ပေ။
ထိုရေလှိုင်းလုံးကြီး ဖြတ်သန်းသွားသော နေရာတိုင်းတွင် ကျင့်ကြံခြင်းနယ်ပယ် နိမ့်ပါးသူများ သို့မဟုတ် တိတိကျကျပြောရလျှင် အင်မော်တယ်နယ်ပယ်သို့ မရောက်ရှိသေးသူမျာအားလုံး အသေဆိုးဖြင့် ပွဲချင်းပြီး သေဆုံးသွားကြသည်။
အင်မော်တယ်နယ်ပယ်၌ ရှိသူများပင်လျှင် ပျံသန်း၍ဖြစ်စေ မြေကြီးထဲသို့ ငုပ်လျှိုး၍ဖြစ်စေ အသက်လု၍ ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏အကာအကွယ် စိတ်ဝိညာဉ်ချီ၌ တစ်စုံတစ်ရာ ချွတ်ယွင်းမှု မရှိနိုင်ကြောင်း မည်သူမျှ အာမမခံနိုင်ချေ။
အားသာချက်မှာ အင်မော်တယ်များသည် ပျံသန်းနိုင်သဖြင့် ဝင်ရောက်လာသော ရေလှိုင်းလုံးကြီးများကို အချိန်မီ သတိပြုမိသူများသည် အခြေခံအားဖြင့် ထိုဘေးအန္တရာယ်အား ရှောင်တိမ်းနိုင်ခဲ့ကြ၏။
သူတို့သည် မြင့်မားသောတောင်များပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် စုရုံးလာကြပြီး သုံးဆယ့်နှစ်ထပ်ကောင်းကင်၏ ကမ်းရိုးတန်းဒေသများမှာ လုံးလုံးလျားလျား ပရမ်းပတာ ဖြစ်နေတော့သည်။
လုရန်နှင့်တခြားသူများ ကမ်းစပ်သို့ ရောက်လာကြသည်။ ကောင်းကင်တာအို၏ အမြင့်ကန့်သတ်ချက်များ မရှိတော့သဖြင့် လုရန်သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ပေ၏။
သို့သော် သူ အနည်းငယ် မွန်းကြပ်နေသကဲ့သို့ ခံစားနေရဆဲပင်။
စိတ်ဝိညာဉ်နယ်မြေတွင် သူ၏ကျင့်ကြံမှုသည် မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူသည် ကောင်းကင်တာအိုနှင့် မယှဉ်ပြိုင်နိုင်သေးချေ။
သူသည် ကောင်းကင်တာအို၏ တချို့သော စည်းမျဉ်းများကို လိုက်နာရဆဲပင်။
ဤသည်မှာ စွမ်းအားတစ်ခုတည်းဖြင့် တွန်းလှန်၍ ရနိုင်သောအရာ မဟုတ်ပေ။ ထိုအရာသည် စည်းမျဉ်းများ၏စွမ်းအားပင်။ စည်းမျဉ်းများက မည်သို့ ပြဋ္ဌာန်းသည်ဖြစ်စေ ရလဒ်က ထိုအတိုင်း လိုက်ပါလာပေမည်။ ထိုစွမ်းအားမှာ သူ တွန်းလှန်၍ မရနိုင်သောအရာပင်။
ကမ်းစပ်သို့ ပြန်ရောက်ပြီးနောက် ပိုင်လော့တို့အုပ်စုသည် လုရန်တို့နှင့်အတူ ဆက်လက်၍ ခရီးသွားရန် အစီအစဉ် မရှိကြတော့ချေ။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ထျန်းချွဲနယ်မြေကို ဖြတ်သန်းသွားရုံသာဖြစ်ပြီး လုရန်၏လမ်းကြောင်းနှင့် တိုက်ဆိုင်သွားခြင်းသာ ဖြစ်ပေ၏။
ပိုင်လော့က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုသည်။
"အခု... နောက်တစ်ကြိမ် ပြန်တွေ့တဲ့အထိ ငါတို့ လမ်းခွဲကြတာပေါ့"
လက်စားချေမည့် အတွေးများနှင့် ပတ်သက်၍မူ ယခုအချိန်၌ သူမ၏စိတ်နှလုံးသားထဲတွင် အစအနလေးမျှပင် မကျန်တော့ချေ။
လုရန်သည် အမှန်တကယ်ကို မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်ကြောင်း သူမ ပထမဆုံး သိလိုက်ရချိန်တွင် သူမ အနည်းငယ် မကျေမနပ် ဖြစ်ခဲ့သည်။ သို့ရာတွင် လုရန်၏ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားကြောင့် သူမထံ၌ မည်သို့ပြုလုပ်နိုင်စွမ်းမျှ မရှိခဲ့ပေ။
သို့သော် ယခုချိန်၌ လုရန်၏နည်းလမ်းများစွာကို မျက်မြင်တွေ့ရှိပြီးနောက် ပိုင်လော့သည် လုံးလုံးလျားလျား လက်လျှော့လိုက်လေပြီ။
ထိုလူသည် သူမ ရန်စစော်ကားနိုင်သော တည်ရှိမှုမျိုး လုံးဝမဟုတ်ချေ။ သူ့ကို ဆန့်ကျင်မည့် စိတ်ကူးမျိုးပင် သူမထံတွင် မရှိတော့ပေ။
သူသည် သူမအပေါ် ဖိနှိပ်ထားသော တောင်ကြီးတစ်လုံးနှင့် တူညီနေသည်။ နှစ်ပေါင်းသောင်းနှင့်ချီကို မဆိုထားနှင့် နှစ်တစ်သိန်း သို့မဟုတ် တစ်သန်းကြာမြင့်လျှင်ပင် လုရန်ကို သူမ အနိုင်ယူနိုင်မည် မဟုတ်ချေ။
လုရန်သည် စကားသိပ်မပြောခဲ့ပေ။
"ကောင်းပြီ... နောက်မှ တွေ့ကြတာပေါ့"
သို့သော် အမှန်အားဖြင့် စိတ်ဝိညာဉ်နယ်မြေ၏ အလယ်ပိုင်းနယ်မြေသည် အလွန် ကျယ်ပြောလှ၏။ သူတို့ လမ်းခွဲပြီးသည်နှင့် အခွင့်အရေးတချို့ ရှိနေသည်မှလွဲ၍ သူတို့ ပြန်လည်ဆုံတွေ့ရန် မဖြစ်နိုင်ကြောင်း သိထားကြသည်။
ပိုင်လော့နှင့်တခြားသူများ ထွက်သွားပြီးနောက်...
ထန်ကော်က မေးမြန်းသည်။
"ဆရာ... အခု ငါတို့ရဲ့ အစီအစဉ်တွေက ဘာလဲ"
လုရန်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
"သုံးဆယ့်တစ်ထပ် ကောင်းကင်ကို တန်းသွားမယ်"
အမြင့်မားဆုံး ကောင်းကင်သို့ ရောက်ရှိရန် အလွှာတစ်ခုပြီးတစ်ခုကို ဖြတ်သန်းရပေမည်။ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူ၏ဇနီးဖြစ်သူ ချင်ဝူယောင်းကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရန်ပင်။ တခြားမည်သည့်အရာအတွက်မဆို လုရန်ထံတွင် စိတ်ဝင်စားမှု မရှိချေ။
မည်သို့ပင်ဆိုစေကာမူ လုရန်သည် အင်မော်တယ် ကျင့်ကြံခြင်းအပေါ် ထိုမျှထိ နက်ရှိုင်းသော စွဲလမ်းမှု မရှိခဲ့ပေ။
ထိုအစား လုရန်ကို အဆင့်တက်ရန် အဆက်မပြတ် တွန်းအားပေးနေသည်မှာ စနစ်၏ တက်ရောက်စာရင်းသွင်းခြင်းပင်။
စိတ်ဝိညာဉ်နယ်မြေနှင့် ပတ်သက်၍မူ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ပြုလုပ်နေသည့် လုရန်၏ပြင်းပြသောစိတ်ဆန္ဒမှာ ဘေးကင်းလုံခြုံရေးအတွက်သာ ဖြစ်ပေ၏။
မည်သို့ပင်ဆိုစေကာမူ အားနည်းသူက အားကြီးသူ၏ အစာဖြစ်ရသော လောကကြီးတွင် လူတစ်ယောက်သည် သူ၏လက်သီးများ လုံလောက်အောင် မာကျောမှသာ သက်တောင့်သက်သာ နေနိုင်ပေမည်။
ထို့ပြင် လုရန် မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားကတည်းက စနစ်၏တက်ရောက်စာရင်းသွင်းခြင်းမှ အမြင့်ဆုံးရမှတ်များ မပေးတော့ပေ။ တစ်ချိန်လုံး သူ မသုံးနိုင်တော့သော အမှိုက်များနှင့်ကျင့်ကြံမှုများကိုသာ ပေးနေသဖြင့် အလွန်ကူကယ်ရာမဲ့စရာ ကောင်းလှသည်။
ထို့ကြောင့် လုရန်သည် သူ၏မိုးကြိုးမီးရထားလုံးကို ဆင့်ခေါ်လိုက်ပြီး သူတို့အုပ်စုသည် ကောင်းကင်ယံသို့ ပျံသန်းခဲ့ကြတော့သည်။
သို့သော် မကြာမီမှာပင် ပြဿနာတစ်ခု ထွက်ပေါ်လာပေ၏။
ထန်ကော်သည် သုံးဆယ့်နှစ်ထပ် ကောင်းကင်သို့ မည်သို့ ဝင်ရောက်ရမည်ကို သိသော်လည်း ဤသည်မှာ ထျန်းချွဲနယ်မြေမှတစ်ဆင့်ပင်။ သုံးဆယ့်တစ်ထပ် ကောင်းကင်သို့ မည်သို့ သွားရမည်ကို သူမ မသိသလို ဦးတည်ချက်ကိုလည်း မသိချေ။
လုရန်က မေးလိုက်သည်။
"အဲ့ဒါကရော အဆုံးမဲ့ ပင်လယ်ကနေ ဖြတ်သွားရတာ မဟုတ်ဘူးလား"
ထန်ကော်က ချက်ချင်းဆိုသလိုပင် ခေါင်းခါယမ်းကာ ပြောဆိုလိုက်၏။
"မဟုတ်ဘူး... သုံးဆယ့်တစ်ထပ် ကောင်းကင်ကို ကျွန်မ တစ်ခါမှ မရောက်ဖူးပေမဲ့ အဲ့ဒါက အဆုံးမဲ့ ပင်လယ်နဲ့ ဘာမှမဆိုင်ဘူးလို့ ကျွန်မ ကြားဖူးတယ်... ဘယ်လိုသွားရမလဲဆိုတာကိုတော့ အတိအကျ ကျွန်မ မေ့သွားပြီ... ဒါပေမဲ့ အဆုံးမဲ့ ပင်လယ်ကနေတော့ သေချာပေါက် မဟုတ်ဘူး"
ထန်ကော်၏အဆိုအရ အဆုံးမဲ့ပင်လယ်သည် သုံးဆယ့်သုံးထပ် ကောင်းကင်၏ အပြင်ဘက်ကို ဝန်းရံထားခြင်းပင်။
အလယ်ပိုင်းနယ်မြေတစ်ခုလုံးကို အဆုံးမဲ့ပင်လယ်က ဝန်းရံထားသည်။
သုံးဆယ့်သုံးထပ် ကောင်းကင်သည် အဆုံးမဲ့ပင်လယ် နှင့် နီးကပ်စွာ ရှိနေသော စက်ဝိုင်းကြီးတစ်ခုသာဖြစ်သည်။
ထို့ပြင် ဤစက်ဝိုင်းကြီးသည် အလယ်ပိုင်းနယ်မြေကို လုံးဝဝန်းရံထားပြီး အဆုံးမဲ့ပင်လယ်၏ရေများ ဝင်ရောက်နိုင်ရန် ဟာကွက်များ ရှိနေသည်။
ထို့ကြောင့် သုံးဆယ့်နှစ်ထပ် ကောင်းကင်သို့ သွားရန် အဆုံးမဲ့ ပင်လယ်၏ ထိုအပိုင်းကို ဖြတ်သန်းသွားရပေမည်။
သို့သော် အဆုံးမဲ့ပင်လယ်၏ ထိုအပိုင်းငယ်လေးပင်လျှင် ဧရိယာအားဖြင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်ပြန့်သည်။
ထို့ပြင် ကောင်းကင်တာအို၏ စည်းမျဉ်းများ ရှိနေခြင်းကြောင့် ထျန်းချွဲနယ်မြေမှတစ်ဆင့် ပင်လယ်ကြမ်းပြင်မှနေ၍ ရှောင်ကွင်းသွားရပေမည်။
သို့သော် သုံးဆယ့်သုံးထပ်ကောင်းကင်ကို ဖြတ်ကျော်ပြီး အလယ်ပိုင်းနယ်မြေ၏ အတွင်းပိုင်းသို့ ရောက်သည်နှင့် ထိုနယ်မြေသည် အဆုံးမဲ့ပင်လယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ချေ။
လုရန်က စဉ်းစားဟန်ဖြင့် ပြောဆိုသည်။
"ငါ သဘောပေါက်ပြီ... ဒါဆို မေးဖို့ လူတစ်ယောက် ရှာကြည့်ရအောင်"
သူ အောက်သို့ငုံ့ကြည့်လိုက်သည်။ အောက်ဘက်တွင် ကျယ်ပြန့်သော ပင်လယ်သမုဒ္ဒရာပြင်ကြီးမှလွဲ၍ ဘာမျှမရှိပေ။ အချိန်တိုအတွင်း အဆုံးမဲ့ပင်လယ်၏ ရေများ မဆုတ်ခွာမီတွင် ပတ်ဝန်းကျင်၌ မည်သူမျှ ရှိမည် မဟုတ်ပေ။
ထို့ပြင် အဆုံးမဲ့ပင်လယ်၏ ဤပင်လယ်ရေလှိုင်းလုံးကြီးသည် ကမ်းရိုးတန်းဒေသများရှိ လူများ၊ တိရစ္ဆာန်များနှင့် ယောင်သားရဲများကို အမြောက်အများ ရှင်းလင်းသွားခဲ့လေပြီ။
ဤနေရာသည် အချိန်အတော်ကြာသည်အထိ ပရမ်းပတာ ဖြစ်နေနိုင်ခြေရှိသည်။
ကံကောင်းထောက်မစွာဖြင့် လုရန်တို့လူစုသည် မကြာမီမှာပင် မြင့်မားသောတောင်တစ်လုံးပေါ်တွင် လူများကို တွေ့မြင်လိုက်ရသည်။
ဤသည်မှာ တောင်တန်းတစ်ခု၏ အလယ်တွင် ဖြစ်ပြီး တိမ်များကို ဖောက်ထွက်နေသော တောင်ထွတ်များသည် အထူးတလည် သိသာထင်ရှားနေပေ၏။
အနီးအနားရှိ အင်မော်တယ်အားလုံးနီးပါးသည် ခိုလှုံရန်အတွက် ဤနေရာသို့ ပျံသန်းလာခဲ့ကြသည်။
တစ်ဖက်တွင် အဆုံးမဲ့ပင်လယ်၏ ရေများကြောင့်ပင်။ သူတို့၏ အကာအကွယ် စိတ်ဝိညာဉ်ချီကို ထိန်းသိမ်းထားစဉ် ရေထဲတွင် နေရမည့် အန္တရာယ်ကို သူတို့ မစွန့်စားလိုသောကြောင့် ယာယီခိုလှုံရန် မြင့်မားသောတောင်များကို ရှာဖွေခဲ့ကြသည်။
တခြားတစ်ဖက်တွင် အမြဲတစေ ငြိမ်သက်နေသော အဆုံးမဲ့ ပင်လယ်သည် ရုတ်တရက် ပင်လယ်ရေလှိုင်းလုံးကြီးများ ပေါက်ကွဲထွက်လာသောကြောင့်ပင်။
မသိနားမလည်သူများနှင့် အခင်းဖြစ်ပွားရာ နေရာမှ အခြေအနေကို မမြင်တွေ့ခဲ့ရသူများသည် ကြီးမားသော ဘေးအန္တရာယ် တစ်ခုခု ကျရောက်လာသလောဟု ခန့်မှန်းနေကြ၏။
ကြီးမားသော အထိတ်တလန့် ဖြစ်မှုများကြားတွင် လူတိုင်းသည် သူတို့၏စွမ်းအားကို ထိန်းသိမ်းထားပြီး လောလောဆယ်တွင် မြင့်မားသောတောင်များပေါ်၌ ပုန်းအောင်းနေကြသည်။
လုရန်တို့ ရောက်ရှိလာချိန်တွင် အင်မော်တယ်များစွာသည် အနီးအနားရှိ တခြားအရပ်မျက်နှာအဘက်ဘက်မှ လာရောက်နေကြဆဲပင်။
လူအမြောက်အများသည် သူတို့၏ကိုယ်ပိုင်မှော်ရတနာများကို ထိန်းချုပ်ကာ ပျံသန်းလာကြ၏။
ထို့ကြောင့် လုရန်တို့အုပ်စုသည် သူတို့၏ မိုးကြိုးမီးရထားလုံးဖြင့် ဆင်းသက်လာချိန်၌ လူအများက သူတို့ကို ဂရုမစိုက်ကြချေ။
လူတိုင်းသည် ကိုယ့်အတွက်ကိုယ်သာ ကြည့်နေကြ၏။ တစ်ယောက်ကိုတစ်ယောက် သိကျွမ်းသူများ၊ ရင်းနှီးသူများ သို့မဟုတ် တူညီသော အင်အားစုမှ ပါဝင်သူများသည် အတူတကွ စုရုံးကာ တခြားအဖွဲ့အစည်းများကို သတိဖြင့် စောင့်ကြည့်နေကြသည်။
စိတ်ဝိညာဉ်နယ်မြေတွင် ရင်းနှီးဖော်ရွေမှု ဆိုသည့်အရာမျိုး ရှိမနေချေ။ အခြေခံအားဖြင့် လူတိုင်းသည် ကိုယ့်အတွက်ကိုယ် တိုက်ခိုက်ကြသည်။ သူတို့၏၏ ကိုယ်ပိုင် အဖွဲ့အစည်းမှ မဟုတ်သူ မည်သူ့ကိုမဆို ရန်သူအဖြစ် သဘောထားနိုင်သည်။
လုရန်တို့အုပ်စုသည် အမှန်အားဖြင့် ဤနေရာရှိ လူအနည်းငယ် ပါဝင်သော အစုအဝေးလေးများထဲမှ တစ်ခုပင်။
သေချာသည်မှာ တစ်ကိုယ်တည်းနေထိုင်သော အင်မော်တယ်များလည်း များစွာရှိနေခြင်းပင်။
လုရန်သည် မေးမြန်းရန်အတွက် လူတစ်ယောက်ကို ရှာဖွေလိုသဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ ပစ်မှတ်တစ်ခုကို သတ်မှတ်နေခဲ့သည်။
ရုတ်တရက် ရှေ့မှ အငြင်းပွားသံများ ထွက်ပေါ်လာသည်။
လူအတော်များများ သိချင်စိတ်ဖြင့် လှမ်းကြည့်ကြပြီး ပွဲကြည့်ရသည်ကို နှစ်သက်သူတချို့သည် ပြဿနာကို မကြောက်ဘဲ ထိုဦးတည်ချက်ဆီသို့ တိုက်ရိုက်ပြေးသွားကြသည်။
လုရန် သိချင်စိတ် ဖြစ်သွားပြီး ထန်ကော်တို့ကို ခေါ်ဆောင်ကာ ထိုနေရာသို့ သွားခဲ့လေ၏။
ထိုနေရာသို့ ရောက်ရှိသောအခါ အင်အားစုနှစ်ခုသည် အမှန်တကယ်ပင် ထိပ်တိုက်တွေ့နေကြောင်း သူ တွေ့ရှိလိုက်ရသည်။
အင်အားစုတစ်ခုက အခြေအနေကို သိသာထင်ရှားစွာ လွှမ်းမိုးနေပြီး နောက်တစ်ခုက အားနည်းနေသည်။
လွှမ်းမိုးနေသော အဖွဲ့မှာ လူနှစ်ရာမှသုံးရာခန့်အထိ ပါဝင်သော အုပ်စုဖြစ်ပြီး အလွန်ကြီးမားသော အတိုင်းအတာရှိသည့် အဖွဲ့ဟု ယူဆနိုင်ပေ၏။
ထို့အပြင် သူတို့အထဲတွင် အင်မော်တယ်ဧကရာဇ် သုံးဆယ်ကျော် ပါဝင်သည်။
ကျန်လူများအားလုံးသည်လည်း အင်မော်တယ် နယ်ပယ်တွင် ရှိကြသည်။
လုရန်က သိချင်စိတ်ဖြင့် စောင့်ကြည့်နေခဲ့သည်။ ဤသည်မှာ အင်မော်တယ်ဧကရာဇ် အများအပြားကို သူ တပြိုင်နက်တည်း မြင်တွေ့ရသည့် ပထမဆုံးအကြိမ်ပင်။
အားနည်းသောအဖွဲ့တွင် အမျိုးသမီး ဆယ်ယောက်ကျော် ပါဝင်ပြီး တစ်ယောက်စီသည် အတော်အသင့် လှပကြကာ တူညီသော ဂိုဏ်းဝတ်စုံများကို ဝတ်ဆင်ထားကြ၏။
လုရန် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်မထားချေ။ တစ်ချက်ကြည့်ရုံဖြင့် ဤအမျိုးသမီးများနှင့် သူတို့၏ ပြိုင်ဘက်များကြား ခွန်အားကွာဟချက်သည် သိသာထင်ရှားစွာ ကြီးမားလွန်းကြောင်း သူ သိနိုင်သည်။
တခြားတစ်ဖက်တွင် အနည်းဆုံး အင်မော်တယ်ဧကရာဇ် သုံးဆယ်ရှိပြီး ဤအမျိုးသမီး ဆယ်ယောက်ကျော်မူသည် အင်မော်တယ်ဧကရာဇ်များ ဖြစ်ကြသော်လည်း လူအင်အား နည်းပါးနေသည်။
ဤအချိန်တွင် ပို၍ကြီးမားသော လူအုပ်စုကို ဦးဆောင်နေသော အင်မော်တယ်ဧကရာဇ်က စကားပြောဆိုလိုက်သည်။
"ငါတို့ရဲ့ မြောက်ပိုင်းဒေသ တောင်ကျွန်းက အင်မော်တယ်ဧကရာဇ်သုံးယောက်ရဲ့ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးတွေကို မင်းတို့ ယူသွားပြီးတော့ မင်းတို့က ဒီအတိုင်း ထွက်သွားလို့ ရမယ် ထင်နေတာလား"
လုရန်၏စိတ်နှလုံးသား လှုပ်ရှားသွားကာ သူ ရှားယီယီ ကို သတိရသွားသည်။