← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅: ဇနီးလေး... ငါ ရောက်လာပြီ

သူ၏ရှေ့မှ အမျိုးသမီးအုပ်စုသည် အစက ဖြေဆိုရန် ငြင်းဆန်ရာမှ ယခုအချိန်၌ အလုအယက် ဖြစ်လာသည်ကို လုရန်က စောင့်ကြည့်နေခဲ့သည်။

လုရန်က ရုတ်တရက် ရယ်မောပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုသည်။

"မဆိုးဘူး... မဆိုးပါဘူး... မင်းတို့က နေရာလုဖို့တောင် သင်ယူထားတာပဲ... ကံမကောင်းစွာနဲ့... ငါပြောခဲ့သလိုပဲ... အခွင့်အရေးက တစ်ခါပဲ ရှိတယ်"

သူ စကားပြောဆိုနေစဉ် တခြားအမျိုးသမီးများ၏ မျက်နှာအမူအရာများ တစ်ယောက်ပြီးတစ်ယောက် ပျက်ယွင်းသွားတော့သည်။

သူမတို့ ထွက်ပြေးချင်သော်လည်း သူမတို့၏ ခန္ဓာကိုယ်များ ချုပ်နှောင်ခံထားရပြီး ဖိနှိပ်ခံထားရသော အနေအထားတွင် ရှိနေကာ ကြွက်သားတစ်ခုလေးမျှပင် မလှုပ်ရှားနိုင်ချေ။

သူမတို့ ထုတ်လွှတ်ခဲ့သော မှော်ရတနာများသည်ပင် သူ၏ လှုပ်ရှားမှုများကို အချိန်ဆွဲရန် မဆိုထားနှင့် ထိတွေ့နိုင်မှုပင် မရှိဘဲ ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။

ဤသည်မှာ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်၏စွမ်းအားပင်။

အဆုံးသတ်တွင် အမျိုးသမီးတစ်ယောက်သာ ကျန်တော့သည်။

လုရန်၏ လက်တစ်ချက် ဝှေ့ယမ်းမှုနှင့်အတူ သူမသည် သူ၏ရှေ့သို့ တိုက်ရိုက်ဆွဲခေါ်ခြင်း ခံလိုက်ရပေ၏။

အမျိုးသမီးက သနားညှာတာရန် တောင်းပန်ရင်း အော်ဟစ်လိုက်သည်။

"ရှင်... ကျွန်မကို မသတ်ပါနဲ့... ကျွန်မ အကုန်လုံး ပြောပြပါ့မယ်... ဘာမဆို ကျွန်မ လုပ်ပါ့မယ်... ကျွန်မ... ရှင် ကျွန်မကို ယူလို့ရပါတယ်... ကျွန်မကိုသာ မသတ်ပါနဲ့"

သူမသည် အမှန်တကယ်ကို ထိတ်လန့်နေပုံရသည်။

လုရန်က ခေါင်းခါယမ်းပြီး ပြောလိုက်သည်။

"မင်းကို ငါ စိတ်မဝင်စားဘူး... ငါ့ရဲ့မေးခွန်းတွေကိုပဲ ဖြေပါ... ချင်ဝူယောင်းက မင်းတို့ရဲ့ ဂိုဏ်းချုပ်နဲ့ဆရာ လား... သူက ဘယ်ကနေ အထက်ဘုံကို တက်လှမ်းလာတာလဲ"

လုရန်၏မေးခွန်းကို ကြားသောအခါ အမျိုးသမီးသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်၏။

ထို့နောက် သူမက ကြောက်ရွံနေသော မျက်နှာအမူအရာဖြင့် တုံ့ပြန်အဖြေပေးသည်။

"ချင်ဝူယောင်းက ယောင်ချီရဲ့ ဂိုဏ်းချုပ် ဖြစ်တာတော့ အမှန်ပဲ... ဒါပေမဲ့... ဒါပေမဲ့ သူက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်... ယောင်ချီတပည့်တွေ အနေနဲ့တောင် ကျွန်မတို့က သူ့ကို မြင်ရခဲတယ်... ဒီနေ့အထိ သူ ဘယ်ကနေ အထက်ဘုံကို တက်လှမ်းလာတာလဲဆိုတာကို ဘယ်သူမှ မသိဘူး"

လုရန်က မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ ဘာမှမပြောခြင်းနှင့် အတူတူပင် မဟုတ်လော။

အမျိုးသမီးက အော်ဟစ်လိုက်သည်။

"ကျွန်မကို မသတ်ပါနဲ့... ကျွန်မ တကယ့်ကို အကုန်လုံး ပြောပြပါ့မယ်... ထပ်မေးပါ... ရှင့်မှာ တခြား ဘာမေးခွန်းတွေ ရှိသေးလဲ... ကျွန်မ အကုန် ပြောပြပါ့မယ်"

သူမသည် လုရန်၏ မေးခွန်းကို ကျေနပ်အောင် မဖြေဆိုနိုင်ခဲ့ကြောင်း သိသဖြင့် အလွန်ကြောက်ရွံ့နေပေ၏။

သူမ အဖြေသိနိုင်မည့် တခြားမေးခွန်းများ လုရန်ထံတွင် ရှိနေမည်ကို သူမ အပြင်းအထန် မျှော်လင့်နေခဲ့သည်။

လုရန်က မေးလိုက်သည်။

"ရှားယီယီကို မင်း သိလား"

အမျိုးသမီးက တုံ့ပြန်အဖြေပေးသည်။

"အကြီးအကဲ ရှားလား...သိတာပေါ့... ကျွန်မ သူ့ကို သိတယ်... သူက လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက ရှပြည်နယ် ကို သွားခဲ့တယ်...ဒါနဲ့... မကြာသေးခင်က ရှေးဟောင်း ကြေးဝါတံခါး ပွင့်သွားတယ် ဆိုတော့ သူ ပြန်ရောက်နေလောက်ပြီ"

ဤသည်မှာ အမှန်ပင်။ ဤအမျိုးသမီးသည် အမှန်တကယ် လိမ်မပြောပုံရပေ၏။

လုရန်က ဆက်မေးလိုက်သည်။

"မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးကို မင်းတို့က ဘာအတွက် လိုချင်တာလဲ"

အမျိုးသမီးက ရှင်းပြသည်။

"အဲ့ဒါတွေကို စုဆောင်းဖို့ တာဝန်ယူရတာ ဂိုဏ်းချုပ် ရဲ့ အမိန့်ပဲ... ဒါပေမဲ့ အလယ်ပိုင်းနယ်မြေမှာ အကြီးအကျယ် စုဆောင်းခွင့် မရှိဘူး... လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက အဲ့ဒါတွေကို စုဆောင်းဖို့ အကြီးအကဲ တွေကို တခြားပြည်နယ်တွေဆီ စေလွှတ်ခဲ့တယ်"

လုရန်က သိချင်စိတ်ဖြင့် ထပ်မံ၍ မေးလိုက်သည်။

"အလယ်ပိုင်းနယ်မြေမှာ စုဆောင်းခွင့် မရှိဘူးဆိုရင် အဲ့ဒီလူတွေဆီကနေ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးသုံးခုကို မင်းတို့ ဘာလို့ ယူခဲ့တာလဲ"

အမျိုးသမီး၏ မျက်နှာ ဖြူရော်သွားပြီး သူမက ပြောဆိုလိုက်၏။

"သူတို့က တကယ့်ကို အရင်စပြီး တိုက်ခိုက်ခဲ့တာပါ... သူတို့ကို သတ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး... သူတို့ကို သတ်ပြီးမှတော့ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးတွေကို အလဟဿ အဖြစ်မခံနိုင်ဘူးလေ... အဲ့ဒါတွေကို ဝယ်ယူဖို့ တာဝန်ရှိတဲ့ အကြီးအကဲအဖွဲ့တစ်ဖွဲ့ရှိတယ်... ပြီးတော့ အဲ့ဒါတွေက အရမ်းတန်ဖိုးကြီးတယ်"

အဆုံးသတ်တွင်မူ ချင်ဝူယောင်းသည် မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးများကို အမြောက်အများ စုဆောင်းနေခြင်းပင်။

မည်သည်ကြောင့်နည်း...

လုရန် စဉ်းစား၍ မရနိုင်ပေ။

သူက ဆက်မေးလိုက်သည်။

"အဲ့ဒီ ချင်ဝူယောင်း... သူက ဘယ်လို ပုံစံမျိုးလဲ"

ဤသည်မှာ သူ လူမှန်ကို ရှာတွေ့ခဲ့သလော သို့မဟုတ် နာမည်တူသူ တစ်ဦးသာ ဖြစ်နေသလောကို အတည်ပြုရန်ပင်။

အမျိုးသမီးက စဉ်းစားပြီးနောက် ပြောဆိုသည်။

"သူက အရမ်းလှတယ်... ဇာမဏီ မျက်လုံးတွေနဲ့ မိုးမခရွက်ပုံစံ မျက်ခုံးတွေနဲ့..."

အမျိုးသမီးက ရှည်လျားသော ဖော်ပြချက်တစ်ခုဖြင့် တရစပ် ပြောဆိုလိုက်၏။

သို့သော်...

ဤဖော်ပြချက်မှာ သာမန်အလှတရား တစ်ခုကဲ့သို့သာ ဖြစ်နေပြီး သူမ၏ တိကျသော အသွင်အပြင်ကို သူ လုံးဝ ပုံဖော်၍ မရနိုင်ပေ။

ဤသည်က အဓိပ္ပာယ်ရှိသော ကိစ္စတစ်ရပ်ပင်။ စိတ်ဝိညာဉ်နယ်မြေတွင် ဓာတ်ပုံကဲ့သို့သော အရာများ မရှိသဖြင့် တစ်စုံတစ်ယောက်၏ပုံစံကို ဖော်ပြရန် ခက်ခဲလှသည်။

အမျိုးသမီးသည် လုရန်၏ဆိုလိုရင်းကို နားလည်ပုံရပြီး အလျှင်အမြန် ပြောဆိုသည်။

"ကျွန်မ သူ့ရဲ့ပုံစံကို ပုံဆွဲပြလို့ ရတယ်... ရှင်... ရှင် ကျွန်မကို လွှတ်ပေးရင် အခုချက်ချင်း သူ့ရဲ့ ပုံကို ကျွန်မ ဆွဲပြနိုင်တယ်"

လုရန်သည် ဘာမျှမပြောဘဲ သူမအား ချုပ်နှောင်ထားမှုများကို ဖြည်ပေးလိုက်၏။

အမျိုးသမီးသည် လွတ်မြောက်သွားပြီးနောက် ထွက်ပြေးရန် အနည်းငယ်မျှပင် မတွေးတောခဲ့ချေ။

ထိုအစား သူမသည် သူမ၏သိုလှောင်လက်စွပ်အတွင်းမှ စက္ကူဖြူတစ်ရွက်ကို ရိုးသားစွာ ထုတ်ယူကာ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ စတင်၍ ပုံကြမ်းရေးဆွဲတော့သည်။

မကြာမီ ပုံတူပန်းချီကား ပြီးစီးသွားတော့သည်။ အမျိုးသမီးသည် ထိုပန်းချီကားကို အလွန်ဂရုတစိုက် ရေးဆွဲထားခဲ့ပေ၏။

အမျိုးသမီးက ပုံတူပန်းချီကားကို လက်ကမ်းပေးရင်း ပြောဆိုသည်။

"ဒါပဲ... ဒါက ကျွန်မတို့ရဲ့ ဂိုဏ်းချုပ် ပဲ... အမှားအယွင်း မရှိနိုင်ဘူး"

လုရန်သည် ပုံတူပန်းချီကားကို ယူလိုက်ပြီး တစ်ချက် ကြည့်လိုက်ရုံဖြင့် မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

လုရန်က တီးတိုးရေရွတ်လိုက်၏။

"ယောင်းယောင်း..."

ဤသည်က အမှန်တကယ်ကို ချင်ဝူယောင်း ဖြစ်နေသည်။

ဤမျက်နှာကို လုရန်သည် သူ အသက်ရှင်နေသရွေ့ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။

ယောင်ချီ၏ ဂိုဏ်းချုပ်သည် ချင်ဝူယောင်း ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ရှားယီယီသည်လည်း ယောင်ချီမှ ဖြစ်နေပေ၏။ အကယ်၍ သူ ထိုကိစ္စကို ကြိုသိခဲ့ပါက ရှားယီယီ နောက်သို့လိုက်ကာ ယောင်ချီသို့ တိုက်ရိုက် လေဟာနယ်ကူးပြောင်းခြင်းဖြင့် သွားလိုက်သည်က ပိုကောင်းမည် မဟုတ်လော။

ယခု၌မူ အခြေအနေများ ခက်ခဲသွားလေပြီ။ အမြင့်မားဆုံး ကောင်းကင်သို့ သူ တစ်လွှာချင်းစီ ဆက်သွားရပေမည်။

လုရန်က မေးလိုက်သည်။

"ယောင်ချီက အမြင့်မားဆုံး ကောင်းကင်မှာ ရှိတာလား"

အမျိုးသမီးက အလျှင်အမြန် တုံ့ပြန်အဖြေပေးသည်။

"ဟုတ်တယ်... အဲ့ဒါက အမြင့်မားဆုံး ကောင်းကင်မှာ ရှိတာ... ဒါက အမြင့်မားဆုံး ကောင်းကင်ရဲ့ မြေပုံပါ... အဲ့ဒီမှာ ယောင်ချီရဲ့ တည်နေရာကို အမှတ်အသား ပြုထားတယ်"

သူမသည် မြေပုံတစ်ခုကိုပင် ထုတ်ယူကာ လုရန်၏ရှေ့တွင် ချထားလိုက်သည်။

လုရန်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုမြေပုံကို အကြမ်းဖျင်း မှတ်သားလိုက်၏။

သူ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ကောင်းပြီ... အမြင့်မားဆုံး ကောင်းကင် ကို ငါ ရောက်ဖို့ သိပ်မကြာတော့ဘူး ထင်တယ်"

ထိုသို့ပြောဆိုပြီးနောက် သူက မြေပုံကို သိမ်းဆည်းလိုက်သည်။

အမျိုးသမီးက တုန်ယင်နေသောအသံဖြင့် ပြောဆိုသည်။

"ရှင့်မှာ တခြားမေးခွန်းတွေ ရှိသေးလား... ကျွန်မ အကုန်လုံး ဖြေနိုင်ပါတယ်... ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့"

သူမ၏ညီအစ်မများအားလုံး သေဆုံးသွားခဲ့ပြီဖြစ်ပြီး သေခြင်းတရားကို ကြောက်ရွံ့မှုက သူမကို အနည်းငယ်မျှပင် မခုခံရဲအောင် ဖြစ်စေခဲ့သည်။

လုရန်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားမိသည်။

အစောပိုင်းက ထိုအမျိုးသမီးများသည် ယောင်ချီမှ ဖြစ်ကြပြီး ဤသည်က သူမတို့သည် ချင်ဝူယောင်း၏ လူများ ဖြစ်သည်ဟု ဆိုလိုခြင်းပင်။ သို့သော် သူသည် သူတို့ထဲမှ အများအပြားကို ပေါ့ပေါ့ပါးပါး သတ်ပစ်ခဲ့ပေ၏။

တစ်နည်းအားဖြင့် သူမတို့သည် သူ၏ကိုယ်ပိုင်လူများပင်။

လုရန်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ငါ မင်းကို မသတ်ဘူးလို့ ငါ ပြောခဲ့တယ် မဟုတ်လား..."

အမျိုးသမီးက သတိထား၍ မေးမြန်းသည်။

"တကယ် မသတ်ဘူးလား... ဒါဆို... ဒါဆို ကျွန်မ သွားလို့ ရပြီလား"

လုရန်က ပခုံးတွန့်ပြီး ပြောလိုက်၏။

"သေချာတာပေါ့... အချိန်မရွေးပဲ"

ထိုစကားကိုကြားချိန်၌ အမျိုးသမီးသည် သတ္တိမွေးကာ ပျံသန်း၍ ထွက်ပြေးသွားတော့သည်။

ထို့နောက် လုရန်က ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကို သိမ်းဆည်းလိုက်သည်။

သို့သော် ထို့နောက် သူ ရုတ်တရက် သူ၏ နဖူးကို ရိုက်ချလိုက်သည်။

သောက်ချေးပဲ... သုံးဆယ့်တစ်ထပ်ကောင်းကင်က ဘယ်ဘက်မှာလဲဆိုတာ မေးဖို့ မေ့သွားတယ်။

ထိုအချိန်အခိုက်အတန့်တွင် သူသည် အစောပိုင်းက အမျိုးသားကို ရုတ်တရက် လှည့်ကြည့်လိုက်၏။

သူ လွတ်မြောက်သွားသော်လည်း အမျိုးသားသည် မလှုပ်ရှားရဲသည့်အပြင် ထွက်မပြေးရဲချေ။ တခြားသူများသည်လည်း ထပ်တူထပ်မျှပင်။ မည်သူမျှ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ထံမှ လွတ်မြောက်နိုင်မည်ဟု မခံစားရပေ။

လုရန်က မေးလိုက်သည်။

"ငါ မင်းကို မေးမယ်... သုံးဆယ့်တစ်ထပ် ကောင်းကင် က ဘယ်ဘက်မှာလဲ"

အမျိုးသားက အလျှင်အမြန် ဖြေဆိုသည်။

"အရှေ့ဘက်ကို သွားရမှာပါ... ကျွန်တော့်ဆီမှာလည်း မြေပုံတစ်ခု ရှိပါတယ်"

အစောပိုင်းက အမျိုးသမီးကို အတုယူကာ သူသည် မြေပုံတစ်ခုကို ထုတ်ယူလိုက်၏။

လုရန်က ထိုမြေပုံကို တစ်ချက် ကြည့်လိုက်သည်။ အဲ့ဒီမြေပုံသည် အလွန်အသေးစိတ်ကျပြီး တည်နေရာများကို အမှတ်အသား ပြုထားသည်။

လုရန်က ခေါင်းညိတ်ပြကာ မြေပုံကို ယူပြီး ချက်ချင်း ထွက်ခွာသွားရန် ရည်ရွယ်လိုက်သည်။

သို့သော် ထိုအမျိုးသားက ​​မြှောက်ပင့်ဖားယားသော လေသံဖြင့် ပြောဆိုသည်။

"ခုဏကက အဲ့ဒီမိန်းမယုတ်တွေက ကောင်းတာကို မသိကြဘူး... စီနီယာကို အံတုရဲတယ်... သူတို့က သေသင့်တယ်"

ထိုစကားကို ကြားသောအခါ လုရန်၏ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားသည်။

သူသည် သူ၏မျက်လုံးကိုမှေးစင်းကာ အမျိုးသားကို ကြည့်ပြီး ပြောဆိုလိုက်၏။

"ချင်ဝူယောင်းက ငါ့ရဲ့ဇနီးပဲ... သူတို့အားလုံးက ငါ့ဇနီးရဲ့ လူတွေ.. မင်းက သူတို့ကို ဒီလိုမျိုး စော်ကားရဲတယ်ပေါ့"

ဟင်...

အမျိုးသား၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

သောက်ကျိုးနည်း... ငါက စော်ကားတဲ့စကား နည်းနည်းလောက် ပြောရုံပဲ ရှိသေးတာ... ဒါပေမဲ့ မင်းက သူတို့ထဲက အများကြီးကို သတ်ပစ်ပြီး တစ်ယောက်ကိုပဲ လွှတ်ပေးခဲ့တာလေ... အဲ့ဒါနဲ့ ယှဉ်ရင် စော်ကားတဲ့စကား နည်းနည်းက ဘာဖြစ်လို့လဲ...

သေချာသည်မှာ သူသည် ထိုစကားများကို သူ၏ စိတ်ထဲတွင်သာ တွေးရဲပြီး အသံထွက်၍ မပြောရဲချေ။

ထို့ပြင် သူ ထိုသို့ပြောဆိုရန် အခွင့်အရေးလည်း ရတော့မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် နောက်တစ်စက္ကန့်တွင် သူ၏ ခေါင်း ပြတ်သွားပြီး ခပ်အုပ်အုပ်အသံဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားသောကြောင့်ပင်။ ထိုမြင်ကွင်းက ကျန်ရှိသော အင်မော်တယ်များ၏ မျက်နှာများကို ကြောက်ရွံ့မှုကြောင့် ပြာနှမ်းသွားစေခဲ့သည်။

လုရန်က တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။

"သွားကြစို့... အမြင့်မားဆုံး ကောင်းကင်ကို..."

မိုးကြိုးမီးရထားလုံးသည် ထန်ကော်နှင့်တခြားသူများကို သယ်ဆောင်ကာ မိုးကောင်းကင်ယံသို့ ပျံသန်းသွားပေ၏။

အသက်ရှူကြပ်နေသော တောင်ပေါ်ရှိ အင်မော်တယ် အုပ်စုကို သူတို့က နောက်တွင်ချန်ထားရစ်ခဲ့သည်။ ဘေးအန္တရာယ်မှ အသက်ရှင်ကျန်ရစ်ခဲ့ရသည့် ခံစားချက်မှာ အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းလှသည်။

လုရန်နှင့် ပတ်သက်၍မူ သုံးဆယ့်တစ်ထပ် ကောင်းကင်သို့ ခရီးစဉ်သည် သုံးဆယ့်သုံးထပ် ကောင်းကင်နှင့် သုံးဆယ့်နှစ်ထပ် ကောင်းကင်တို့၏ ထျန်းချွဲနယ်မြေများကဲ့သို့ မရှုပ်ထွေးချေ။

ထိုသို့မဟုတ်ပါက သူတို့ ရှေ့ဆက်ရမည့် လမ်းမှာ နှိုင်းယှဉ်ချက်အရ ရိုးရှင်းသည်ဟု ဆိုရပေမည်။

အမှန်အားဖြင့် ထျန်းချွဲနယ်မြေသည်လည်း ရိုးရှင်းသည်။ သင်္ဘောစီးရုံဖြင့် ဖြတ်သန်းနိုင်ပေ၏။ မတော်တဆမှုတစ်ခု ဖြစ်ပွားပြီး ရေနက်ပိုင်း ဧရာမ နတ်ဆိုးကို သတိပေးမိသွားခြင်းသာ ဖြစ်သည်။

ရက်နှစ်ဆယ်ကျော် အကြာတွင်...

လုရန်နှင့်တခြားသူများသည် ခရီးပန်းနေကြလေပြီ။

တောင်ထိပ်ပင် မရှိဟု တွေးထင်ရသော ရှေ့မှ မြင့်မားသောတောင်ကြီးကို ကြည့်ရင်း...

သူ၏လက်ထဲရှိ မြေပုံကို သူ စစ်ဆေးလိုက်သည်။

လုရန်က တီးတိုးရေရွတ်လိုက်၏။

"မြင့်မြတ်သူတော်စင်တောင်... ငါတို့ မြင့်မြတ်သူတော်စင်တောင်ကို တက်ပြီးတာနဲ့ အမြင့်မားဆုံး ကောင်းကင်ကို ရောက်ပြီ... ဇနီးလေး... ငါ့ကို စောင့်နေတော့..."

All Chapters