အခန်း ၁၂၈
Vol. 13 Ch. 128
အခန်း ၁၂၈: မင်းရဲ့ နိယာမက ဘာလဲ
ကောင်းကင်စံအိမ်သည် မြင့်မြတ်သူတော်စင်တောင် ၏ အမြင့်မားဆုံးကောင်းကင်ရှိ အဓိက အင်အားစု လေးခုထဲမှ တစ်ခုပင်။
ထိုအင်အားစုသည် ရှေးအကျဆုံး အင်အားစုနှစ်ခုထဲမှ တစ်ခုလည်း ဖြစ်ပေ၏။
ထိုအရာများအားလုံးသည် ထိုမဟာအင်မော်တယ်ဧကရာဇ်က လုရန်ကို ခေါ်ဆောင်လာစဉ်တွင် ပြောပြခဲ့သောအရာများပင်။
ဤနေရာသို့ ရောက်ရှိပြီးမှသာ ကောင်းကင်စံအိမ် တွင် မဟာအင်မော်တယ်ဧကရာဇ်များစွာ ရှိနေကြောင်း လုရန် တွေ့ရှိခဲ့ရသည်။
ယခုချိန်၌ ပင်မခန်းမကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် မဟာအင်မော်တယ်ဧကရာဇ် ခုနစ်ဆယ်ကျော်ကို လုရန် မြင်တွေ့ခဲ့ရသည်။
ဤသည်မှာ မဟာအင်မော်တယ်ဧကရာဇ် အယောက်ခုနစ်ဆယ်ကျော်ပင်။
အို ဘုရားရေ... စိတ်ဝိညာဉ်နယ်မြေ၏ မည်သည့်နေရာတွင်မဆို ထိုလူပမာဏသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု ဖြစ်ပေလိမ့်မည်။
ထို့ပြင် ဤမဟာအင်မော်တယ်ဧကရာဇ်များသည် အကြီးအကဲများ သို့မဟုတ် ဂိုဏ်းတာဝန်ခံများ ဖြစ်ကြသည်။ သူတို့သည် မဟာအင်မော်တယ်ဧကရာဇ်များ ဖြစ်သော်လည်း အခြေခံအားဖြင့် ကောင်းကင်စံအိမ် ၏အစိတ်အပိုင်းတစ်ခုအဖြစ် တခြားသူများ၏ အရိပ်အောက်တွင် နေထိုင်နေကြခြင်း ဖြစ်ပေ၏။
မဟာအင်မော်တယ်ဧကရာဇ်အများစုအတွက် သူတို့သည် တခြားသူများထံ အညံ့ခံပြီး တစ်ဖက်လူများအအတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန် ဆန္ဒမရှိကြချေ။
ထို့ပြင် သူတို့သည် မဟာအင်မော်တယ်ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိပြီးဖြစ်သောကြောင့် အမြင့်မားဆုံး ကောင်းကင်ရှိ သိပ်သည်းသော စိတ်ဝိညာဉ်ချီများသည် သူတို့အတွက် အသုံးမဝင်တော့ချေ။
ဤအမြင့်မားဆုံး ကောင်းကင်တွင် မဟာအင်မော်တယ်ဧကရာဇ်များပင်လျှင် သတိထားရမည်ဖြစ်ပြီး တခြားအဓိကအင်အားစုများနှင့် ဆက်ဆံရာ၌ မဆင်မခြင် မလုပ်ရဲကြချေ။
သို့သော် ဂုဏ်သိက္ခာရှိသော မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်သည် ပြင်ပရှိ တခြားကောင်းကင်တစ်ခုခုတွင်သာ ရှိနေပါက သူတို့သည် ပူပင်သောကကင်းပြီး လွတ်လပ်သော ဘဝကို ဖြတ်သန်းနိုင်မည်မှာ သေချာပေါက်ပင်။
ဥပမာအနေဖြင့် လုရန် ကြုံတွေ့ခဲ့ရသော သခင်ကြီးမာကို ပြရပေမည်။ သေချာသည်မှာ သူတို့သည် လုရန်ကဲ့သို့သော လူတစ်ဦးကို ရန်မစသရွေ့ သို့မဟုတ် မကြုံတွေ့သရွေ့သာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့၏ အဆုံးသတ်အခြေအနေမှာ အလွန်ကြေကွဲဖွယ် ကောင်းပေလိမ့်မည်။
လုရန်တို့လူစု တောင်ပေါ်တက်လာခဲ့သော နေရာမှာ ကောင်းကင်စံအိမ် တာဝန်ယူထားသော အပိုင်းဖြစ်ပြီး ထိုအင်အားစု၏ ပိုင်နက်နယ်မြေပင်။
ကောင်းကင်စံအိမ်မှ လူများသည် အမြင့်မားမားဆုံး ကောင်းကင်သို့ မည်သည့်ကျပန်းလူများမျှ အခွင့်ကောင်းယူရန် ရောက်မလာစေရန် သေချာဆောင်ရွက်ထားသည်။
ဤသည်က တခြားအကြောင်းပြချက် မရှိချေ။ ဤအဓိကအင်အားစုများသည် သူတို့၏ကိုယ်ပိုင်လူများ မဟုတ်သော လူများက ဤနေရာရှိ သိပ်သည်းသော စိတ်ဝိညာဉ်ချီကို ခံစားနေသည်အား မလိုလားသောကြောင့်ပင်။
ထို့ပြင် ခွန်အားအလွန်နည်းပါးသူများကို သူတို့ မလိုချင်ကြချေ။
သူတို့သည် အင်မော်တယ်ဧကရာဇ်များကိုပင် မလိုချင်ကြပေ။
အဘယ်ကြောင့်ဆိုသော် မဟာအင်မော်တယ်ဧကရာဇ်များကြား တိုက်ပွဲများတွင် အင်မော်တယ်ဧကရာဇ် များသည် အမှန်တကယ်တော့ မလိုအပ်သောကြောင့်ပင်။
အဓိကအင်အားစုများသည် အချင်းချင်း တိုက်ခိုက်ကြပြီး ထိုအခြေအနေမှာ သူတို့၏ သက်ဆိုင်ရာ မဟာအင်မော်တယ်ဧကရာဇ် အရေအတွက် ယှဉ်ပြိုင်မှုတစ်ခုသာဖြစ်သည်။ စစ်ပွဲစတင်သောအခါ ထိုတိုက်ပွဲသည် မဟာအင်မော်တယ်ဧကရာဇ်များ၏ တိုက်ပွဲတစ်ခု ဖြစ်လာပေမည်။ ထိုအချိန်ကျပါက တိုက်ပွဲအလယ်တွင် ပိတ်မိနေသော အင်မော်တယ်ဧကရာဇ် များသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာကာ ပေါ့ပေါ့ပါးပါး ထိတွေ့မှုလေး တစ်ခုဖြင့် ပျောက်ကွယ်သွားပေမည်။
ဤသည်မှာ ယခင်မဟာအင်မော်တယ်ဧကရာဇ်က ဝင်ရောက်ပူးပေါင်းလိုသော လူအနည်းငယ်ကို တိုက်ရိုက်သတ်ပစ်ခဲ့ရသည့် အကြောင်းအရင်းပင်။
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က အပြုံးနှင့် ပြောဆိုသည်။
"မင်းက အင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေတော့ မင်းက မိတ်ဆွေတစ်ယောက်ပါပဲ... ကောင်းကင်စံအိမ်က မင်းကို ကြိုဆိုပါတယ်"
ထိုစကားကိုပြောဆိုနေသူမှာ ကောင်းကင်စံအိမ်၏ ဂိုဏ်းချုပ်ဖြစ်ပြီး လင်းဝူယွဲ့ဟု အမည်ရသည်။
သူသည် ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးနှင့် တူညီပြီး ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ ကျောင်းတော်သားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားပေ၏။ သူ၏လက်ထဲတွင် ဖြန့်မထားသော ယပ်တောင်တစ်ချောင်းကို ကိုင်ထားပြီး လုရန်ကို အပြုံးနှင့် ကြည့်နေသည်။
သူသည် ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားကာ သာမန်အသွင်အပြင် ရှိသော်လည်း တခြားမဟာအင်မော်တယ်ဧကရာဇ်များက သူ့အပေါ် အလွန်ရိုသေလေးစားကြသည်။
လူတိုင်းသည် မဟာအင်မော်တယ်ဧကရာဇ်များ ဖြစ်ကြသော်လည်း ဤလင်းဝူယွဲ့အပေါ် အလွန်ရိုသေလေးစားကြသဖြင့် လုရန် နားလည်သဘောပေါက်သွားတော့သည်။ လင်းဝူယွဲ့၏ နိယာမစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလောက်မည် ဖြစ်ပြီး မည်သည့် နိယာမစွမ်းအား ဖြစ်သည်ကိုသာ သူ မသိနိုင်ခြင်းပင်။
ထို့ပြင် တစ်ဖက်လူ၏နိယာမသည် မည်သည့်အရာဖြစ်သည်ကို လုရန် တွေးတောနေစဉ်မှာပင်...
လင်းဝူယွဲ့သည်လည်း လုရန်ကို အကဲခတ်နေပေ၏။
သူက အပြုံးနှင့် မေးမြန်းသည်။
"ဒီညီအစ်ကို့ရဲ့ နိယာမက ဘာများလဲဆိုတာ ငါ သိချင်တယ်"
ထိုအချက်သည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်၏ စွမ်းဆောင်နိုင်ရည်ကို ဆုံးဖြတ်ပေးသဖြင့် အလွန်အရေးကြီးသည်။
အစွမ်းထက်သော နိယာမ စွမ်းအားရှိသည့် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်သည် မည်သည့်ပြဿနာမရှိဘဲ တခြားနယ်ပယ်တူငါးယောက်ကို တစ်ယောက်တည်းဖြင့် တိုက်ခိုက်နိုင်သည်။
လုရန်က ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်၏။
"ခေါင်းဖြတ်စက်..."
အို...
လင်းဝူယွဲ့က အံ့အားသင့်သွားပြီး လုရန်ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
သို့သော် ထိုအချိန်တွင် ယခင်အင်မော်တယ်ဧကရာဇ် က ရုတ်တရက် နားလည်သဘောပေါက်သွားကာ ပြောဆိုသည်။
"မဆန်းတော့ပါဘူး... အဲ့ဒီအချိန်တုန်းက ငါ့ရဲ့ လက်အောက်ငယ်သားကို မင်း ဘယ်လိုသတ်ခဲ့တာလဲလို့ ငါ အချိန်အကြာကြီး တွေးနေခဲ့တာ... ငါ ဘာမှမခံစားရဘူး... ပြီးတော့ သူ သေသွားတယ်... ဒါဆို အဲ့ဒါက ခေါင်းဖြတ်စက်ပဲ... ဒီနိယာမလည်း မဆိုးပါဘူး... လူတွေကို အသံတိတ် သတ်နိုင်တယ်လေ"
သို့သော် ထိုစကားများမှာ ယဉ်ကျေးသော အပြန်အလှန်စကားများ သက်သက်သာ ဖြစ်ပေ၏။
ပတ်ဝန်းကျင်ရှိ တခြားမဟာအင်မော်တယ်ဧကရာဇ် များ၏မျက်လုံးများကို ကြည့်ရုံဖြင့် ဤနိယာမကို သိပ်ပြီး အစွမ်းထက်သည်ဟု သူတို့ တွေးထင်မထားကြကြောင်း သိနိုင်သည်။
ခေါင်းဖြတ်စက်ဟူသော နာမည်က ညွှန်ပြနေသည့်အတိုင်း ခေါင်းပြတ်ခြင်းကို ဆိုလိုကြောင်း သူတို့ သဘာဝကျကျ နားလည်ထားကြသည်။
သို့သော် မဟာအင်မော်တယ်ဧကရာဇ် နယ်ပယ်အောက်ရှိ လူများကို သတ်နိုင်ခြင်းမှာ အရေးမကြီးပေ။ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ကို တိုက်ခိုက်ချိန်တွင်မူ ထိုစွမ်းရည်သည် များစွာအကျိုးသက်ရောက်မှုမရှိသဖြင့် သိပ်အသုံးမဝင်ပေ။
သို့သော် လင်းဝူယွဲ့သည် ထိုအင်မော်တယ်ဧကရာဇ် ၏ စကားကို ကြားသောအခါ သူ၏ မျက်လုံးထဲမှ သံသယအကြည့်များ ပျောက်ကွယ်သွားတော့သည်။
လင်းဝူယွဲ့က အပြုံးနှင့် ပြောဆိုသည်။
"အရမ်းကောင်းတယ်... ဒီနိယာမက မဆိုးပါဘူး... မင်းက ကောင်းကင်စံအိမ်ကို ဝင်လာခဲ့ပြီဆိုတော့ အခုကစပြီး မင်းက ငါတို့လူတွေထဲက တစ်ယောက်ပဲ... အချိန်ကိုက်ပဲ... နောက်ရက်အနည်းငယ်အတွင်း ငါတို့က ယောင်ချီနဲ့ တိုက်ခိုက်ရမှာဆိုတော့ အဲ့ဒီအချိန်ကျရင် မင်း ပါဝင်ကူညီလို့ ရတယ်... ငါတို့က ယောင်ချီကို သိမ်းပိုက်ပြီးတာနဲ့ အမြင့်မားဆုံး ကောင်းကင်ကို လွှမ်းမိုးအုပ်ချုပ်ဖို့ လုံလောက်တဲ့ ယုံကြည်မှုတွေ ရရှိလာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် စိတ်ဝိညာဉ်နယ်မြေ ရဲ့ ပြည်နယ်ကိုးခုလုံးက ငါတို့ကောင်းကင်စံအိမ်ရဲ့အပိုင် ဖြစ်လာလိမ့်မယ်"
ဤအချိန်တွင် သူ၏နံဘေးပတ်လည်ရှိ တခြားမဟာအင်မော်တယ်ဧကရာဇ်များအားလုံး စိတ်လှုပ်ရှားနေပုံရသည်။
ဤလူများအနက် အများစုမှာ တိုက်ပွဲကို ကြိုက်နှစ်သက်သူများ ဖြစ်ကြ၏။ မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူတို့တွင် ရုတ်တရက် လေ့လာလိုက်စားစရာများ မရှိတော့ဘဲ သေခြင်းတရားကို စောင့်ဆိုင်းရန်သာ ကျန်ရှိတော့သည်။ သူတို့သည် သွားလာလှုပ်ရှားရင်း သူတို့၏ သက်တမ်းကို ကုန်ဆုံးရန် ဆန္ဒမရှိကြသဖြင့် အမြင့်မားဆုံး ကောင်းကင်သို့ ရောက်လာခဲ့ကြခြင်းပင်။
ထိုအချက်မှာ အမှန်အားဖြင့် သနားစရာကောင်းလှသည်။
အောက်ဘုံတွင် ကျင့်ကြံခြင်းသည် အထက်ဘုံတက်လှမ်းခြင်းအတွက်ဖြစ်ပြီး တက်လှမ်းပြီးနောက် အင်မော်တယ် တစ်ပါး ဖြစ်လာရန်၊ ထာဝရအသက်ရှင်ခြင်း၏အတားအဆီးကို ချိုးဖျက်ရန်၊ အိုမင်းခြင်းမရှိဘဲ ဖျက်ဆီး၍မရသောသူ ဖြစ်လာရန် တောင့်တကြသည်။
သို့သော် သူတို့ စိတ်ကူးထားခဲ့သော အထက်ဘုံနှင့် လုံးဝကွာခြားကြောင်း အင်မော်တယ်နယ်မြေသို့ ရောက်ရှိပြီးမှသာ သူတို့ တွေ့ရှိခဲ့ကြ၏။
စိတ်ဝိညာဉ်နယ်မြေဟုခေါ်သော ဤအင်မော်တယ်နယ်မြေသည် အောက်ဘုံနှင့် များစွာမကွာခြားလှပေ။ အားနည်းသူများက အားကြီးသူ၏ အစာဖြစ်ရသော ဤလောကကြီးတွင် ဆက်လက်၍ကျင့်ကြံရန်နှင့် ခြေတစ်လှမ်းချင်း တက်လှမ်းရန် လိုအပ်နေဆဲပင်။
သို့သော် ဤနေရာတွင် အထက်ဘုံတက်လှမ်းခြင်း အကြောင်း ပြောဆိုခြင်း မရှိတော့ပေ။ မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သည် အဆုံးသတ်ပင်။
လူတစ်ယောက်သည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာလျှင်ပင် သူ့ထံတွင် အဆုံးမဲ့ သက်တမ်း မရှိပေ။
ထို့ကြောင့် မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားသော ဤလူများသည် လောကကြီးကို လွှမ်းမိုးရန် ရည်မှန်းချက်ထားကာ ကိုယ့်ကိုယ်ကို လွတ်လပ်စွာ နေထိုင်ခွင့် ပြုလိုက်ကြတော့သည်။
ထိုအကြောင်းကို တွေးကြည့်လျှင် အမှန်အားဖြင့် အလွန်ပျင်းစရာကောင်းလှသည်။
သူ၏စကား ပြီးဆုံးပြီးနောက် လင်းဝူယွဲ့သည် လုရန်ကို ထပ်မံ၍ ဂရုမစိုက်တော့ဘဲ နောက်ရက်အနည်းငယ်အတွင်း ဖြစ်ပွားမည့် တိုက်ပွဲအတွက် ပြင်ဆင်မှုများကို စတင်၍ စီစဉ်တော့သည်။
လုရန်သည် သူ၏မဟာအင်မော်တယ်ဧကရာဇ် ကျင့်ကြံဆင့်နယ်ပယ်ကြောင့် လုံးလုံးလျားလျား ဆွဲသွင်းခံခဲ့လိုက်ရခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲစတင်ချိန်၌ နောက်ထပ် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ရှိနေကာ သူ၏နိယာမသည် အသုံးမဝင်ပုံရသော ခေါင်းဖြတ်စက် ဖြစ်နေလျှင်ပင် အနည်းငယ်တော့ အထောက်အကူ ဖြစ်ပေလိမ့်မည်။
ဤသည်က လုံးဝမရှိသည်ထက်တော့ ပိုကောင်းပေမည်။
လုရန်၏နောက်မှ လိုက်ပါလာသော ထန်ကော်၊ လင်းပေါင်အာနှင့် တခြားသူများနှင့် ပတ်သက်၍မူ သူတို့သည် တိုက်ရိုက်လျစ်လျူရှုထားခြင်း ခံခဲ့ရသည်။
မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်၏ အမြင်တွင် သူတို့သည် မဟာအင်မော်တယ်ဧကရာဇ် မဟုတ်သရွေ့ သူတို့ကို သတိပြုမိမည် မဟုတ်ပေ။
သူ၏အားလပ်ချိန်များတွင် လုရန်သည် ယခင်မဟာအင်မော်တယ်ဧကရာဇ် နှင့် စကားစမြည် ပြောဆိုခဲ့လေ၏။
ထို့ကြောင့် အမြင့်မားဆုံး ကောင်းကင်၏ လက်ရှိ အခြေအနေကို သူ အကြမ်းဖျင်း နားလည်သွားတော့သည်။
လင်းဝူယွဲ့ ပြောသော အဓိက အင်အားစု လေးခုသည် သူ ပြောဆိုခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်သော်လည်း သူ မပြောခဲ့သော အရာတစ်ခု ရှိနေသည်။
ဤသည်မှာ ယောင်ချီ၏အင်အားကို လျှော့တွက်၍ မရခြင်းပင်။
မူလက အမြင့်မားဆုံး ကောင်းကင်ကို အဓိက အင်အားစုသုံးခုက ပူးတွဲအုပ်ချုပ်ခဲ့ခြင်း ဖြစ်ပေ၏။
ထိုအရာများတွင် ရှေးအကျဆုံး အင်အားစုနှစ်ခုမှာ ကောင်းကင်စံအိမ်နှင့် တိုက်ပွဲအလံတို့ဖြစ်ပြီး တခြားတစ်ခုမှာ အထီးကျန်စစ်တပ်ဟုခေါ်သော နောက်ပိုင်းမှ ထွက်ပေါ်လာသည့် အင်အားစုပင်။
ထို့နောက် ရုတ်တရက် ချင်ဝူယောင်းသည် မဟာအင်မော်တယ်ဧကရာဇ်တချို့ကို အမြင့်မားဆုံး ကောင်းကင်သို့ ခေါ်ဆောင်လာခဲ့ပေ၏။
ထိုအချိန်က ယောင်ချီတွင် လူအများအပြား မရှိခဲ့သော်လည်း သူမတို့၏စွမ်းအားမှာ အလွန်မြင့်မားပြီး အထူးသဖြင့် ချင်ဝူယောင်းပင်။
ထိုစဉ်က ချင်ဝူယောင်း ရွေးချယ်ခဲ့သော နေရာမှာ တိုက်ပွဲအလံအင်အားစုနှင့် အနီးဆုံးဖြစ်သည်။ တိုက်ပွဲအလံသည် ပထမဆုံး မကျေမနပ်ဖြစ်သော အင်အားစုဖြစ်ပြီး ယောင်ချီကို ဆန့်ကျင်သည့် ပထမဆုံး အင်မော်တယ်များ၏စစ်ပွဲကြီးကို စတင်ခဲ့သည်။
သို့သော် ထိုစစ်ပွဲကြီးတွင် တိုက်ပွဲအလံသည် လုံးလုံးလျားလျား အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရပေ၏။
ယောင်ချီသည် သူမတို့၏ မဟာအင်မော်တယ်ဧကရာဇ်တချို့ကို ဆုံးရှုံးခဲ့ရသော်လည်း ကျန်ရှိနေသော သူများမှာ အလွန်အစွမ်းထက်နေဆဲပင်။
ကြွင်းကျန်သော ကောင်းကင်စံအိမ်နှင့် အထီးကျန်စစ်တပ်သည် မဆင်မခြင် မလုပ်ရဲဘဲ ယောင်ချီကို မည်သို့ ကိုင်တွယ်ရမည်အား တိတ်တဆိတ်သာ စီစဉ်နိုင်ခဲ့ကြသည်။
သို့သော် ယောင်ချီ၏ ဖွံ့ဖြိုးတိုးတက်မှု အမြန်နှုန်းမှာ သူတို့၏မျှော်လင့်ချက်များထက် များစွာပို၍ သာလွန်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ယောင်ချီသည် အမျိုးသမီး တပည့်များကိုသာ လက်ခံသောကြောင့် အမျိုးသားများကို မုန်းတီးသော အမျိုးသမီး မဟာအင်မော်တယ်ဧကရာဇ်များစွာ၏အမြင်တွင် ထိုနေရာသည် စိတ်သဘောထားချင်း တူညီသူများ၏ အိမ်တစ်လုံး ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် ယောင်ချီ၏အင်အားသည် လျှင်မြန်စွာ ကျယ်ပြန့်လာခဲ့ပေ၏။
ကောင်းကင်စံအိမ်နှင့် အထီးကျန်စစ်တပ်တို့ တုံ့ပြန်လာချိန်တွင် ယောင်ချီသည် သူတို့နှင့်အတူ အမြင့်မားဆုံးကောင်းကင်ကို သုံးပိုင်းပိုင်းခြားထားပြီးဖြစ်ကာ ဖြုတ်ချ၍ မရနိုင်တော့ချေ။
သို့သော် လင်းဝူယွဲ့သည် တလျှောက်လုံးတွင် ယောင်ချီကို ပစ်မှတ်ထားရန် မည်သည့်အချိန်ကမျှ လက်မလျှော့ခဲ့ချေ။
ထို့အပြင် မကြာသေးမီကမှ သူ့အတွက် အခွင့်အရေး ရောက်လာခဲ့သည်။