အခန်း ၁၃၀
Vol. 13 Ch. 130
အခန်း ၁၃၀: မဟာအင်မော်တယ်ဧကရာဇ်များ၏ တိုက်ပွဲ
မြင့်မြတ်သူတော်စင်တောင် အထက်ရှိ အမြင့်မားဆုံး ကောင်းကင်သည် တခြားနေရာများနှင့် သိပ်မကွာခြားလှချေ။
ထိုနေရာသည် အလွန် မြင့်မားလွန်းသော်လည်း ခြောက်ကပ်နေခြင်း မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဤနေရာတွင် စိတ်ဝိညာဉ်ချီများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူထပ်သိပ်သည်းနေသဖြင့် စိတ်ဝိညာဉ်သားရဲများနှင့် ထူးဆန်းသော ဆေးပင်များ နေရာတိုင်းတွင် ရှိနေပေ၏။ သစ်ပင်များသည် ကောင်းကင်သို့တိုင်အောင် မြင့်မားကာ ထောင့်တစ်နေရာတိုင်း သာယာလှပသည့် နေရာတစ်နေရာ ဖြစ်နေသည်။
ယောင်ချီ အင်မော်တယ်နယ်မြေသည် ဤနယ်မြေ၏ ကိုယ်စားပြုနေရာများအနက်မှ တစ်ခုပင်။
တစ်ချိန်က ဤနေရာသည် တောင်တန်းများထဲတွင် နက်ရှိုင်းစွာ တည်ရှိခဲ့သည်။ အလားတူ နေရာများစွာ ရှိသော်လည်း ထိုနေရာသည် တောင်ကြားတစ်ခု ဖြစ်သောကြောင့် အလွန်ကောင်းမွန်စွာ ပုန်းကွယ်နေခဲ့သည်။
ချင်ဝူယောင်းသည် ယောင်ချီ၏အခြေခံအုတ်မြစ် အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ထိုကဲ့သို့ နေရာမျိုးကို အထူးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်၌ အခြေခံအုတ်မြစ်အဖြစ် မူလက ရွေးချယ်ခဲ့သော တောင်ကြားငယ်လေးသည် များစွာဖုံးကွယ်နေခြင်း မရှိတော့ချေ။
နှစ်ပေါင်း သောင်းနှင့်ချီကြာသည်အထိ စီမံခန့်ခွဲမှုနှင့် ယောင်ချီ၏ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများမှတဆင့် အဆောက်အအုံများသည် တောင်ကြား၏ အပြင်ဘက်သို့ ပြန့်ကားသွားပြီး တောင်တန်းများအတွင်း၌ ဧရာမ အဆောက်အအုံကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့သည်။
လူးလွန့်နေသော မြူခိုးများကြားတွင် သက်တန့်ဝတ်စုံ များ ဝတ်ဆင်ထားသော နတ်မိမယ်လေးများ ကောင်းကင်ယံ၌ ရံဖန်ရံခါ ပျံသန်းနေသည်ကို မြင်တွေ့နိုင်သည်။
ဤအချိန်အခိုက်အတန့်တွင်..
ယောင်ချီအတွင်း၌ ချင်ဝူယောင်းသည် သူမ၏ သီးသန့်ခန်းအတွင်းတွင် ရှိနေဆဲပင်။ သူမသည် အပြင်ထွက်ခဲပြီး မည်သူ့ကိုမျှ နှောင့်ယှက်ခွင့် မပြုပေ။
ချင်ဝူယောင်းသည် မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးများ အားလုံးကို သီးသန့်ခန်းအတွင်းသို့ ယူဆောင်သွားပြီး သူမ ဘာလုပ်နေသည်ကို မည်သူမျှ မသိကြပေ။
ရှားယီယီနှင့် တခြားအကြီးအကဲတချို့သည် အပြင်ဘက်တွင် အစောင့်အဖြစ် မတ်တတ်ရပ်နေကြ၏။
အကြီးအကဲများအနက်မှ တစ်ဦးက ပြောဆိုသည်။
"ဒီနေ့ ကောင်းကင်စံအိမ်က ယောင်ချီကို တိုက်ခိုက်ဖို့ လာလိမ့်မယ်... ဒါပေမဲ့ ဂိုဏ်းချုပ် အမိန့်ပေးထားတဲ့အတိုင်း အပြင်မှာ ပြန့်ကျဲနေတဲ့ တပည့်တွေကို ငါတို့ ပြန်မခေါ်ခဲ့ဘူး... ကောင်းကင်စံအိမ်ရဲ့တိုက်ခိုက်မှုကို ငါတို့ မကာကွယ်နိုင်မှာကို ငါ စိုးရိမ်တယ်"
တခြားအကြီးအကဲများလည်း ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်ကြသည်။
"အမှန်ပဲ... ကောင်းကင်စံအိမ်ရဲ့ အင်အားကို လျှော့တွက်လို့ မရဘူး... ကောင်းကင်စံအိမ်မှာ မဟာအင်မော်တယ်ဧကရာဇ် အယောက်တစ်ရာနီးပါး စုရုံးထားတယ်လို့ ငါတို့ သတင်းရထားတယ်... ငါတို့ သူတို့ကို မတားဆီးနိုင်ရင် ယောင်ချီတပည့်တွေရဲ့ ကံကြမ္မာက..."
တခြားဂိုဏ်း များအတွက်ဆိုလျှင် အရေးနိမ့်ခြင်းသည် အရေးနိမ့်ခြင်း သက်သက်သာ ဖြစ်သည်။
သို့သော် ယောင်ချီတွင် အမျိုးသမီး တပည့်များသာ ရှိနေသည်။ အကယ်၍ သူမတို့သည် ကောင်းကင်စံအိမ် ကို အရေးနိမ့်သွားပါက အကျိုးဆက်များကို လွယ်လင့်တကူ စိတ်ကူးယဥ်တွေးတောကြည့်၍ ရနိုင်သည်။
သူတို့ စကားပြောဆိုနေစဉ် ရှားယီယီသည် တစ်ချိန်လုံး တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမျှ မပြောခဲ့ချေ။
သူမ၏မျက်နှာပေါ်တွင်လည်း မည်သည့်စိတ်ခံစားချက် အရိပ်အယောင်မျိုးမျှ ရှိမနေပေ။
ထို့နောက်...
အကြီးအကဲတစ်ဦးက ရှားယီယီကိုကြည့်ကာ မေးလိုက်သည်။
"ရှားယီယီ... နင့်ရဲ့ အကြံအစည်တွေက ဘာလဲ"
ထိုစကားကို ကြားသောအခါ ရှားယီယီသည် တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်၏။
ထို့နောက် သူမက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ငါ့မှာ ဘာအကြံအစည်မှ မရှိဘူး... သူတို့လာရင် လာပေါ့... သူတို့ကို ငါတို့က ပြန်တိုက်ခိုက်ရုံပဲ"
ထိုသို့ပြောပြီးနောက် သူမသည် ယခင်က တွေဝေနေသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး မလှုပ်မယှက် နေနေခဲ့သည်။
တခြားအကြီးအကဲများအားလုံး ဆွံ့အသွားကြသည်။ ရှားယီယီ၏စွမ်းဆောင်နိုင်ရည်များကို သူမတို့ သိထားကြသည်။
သူမ၏ စိတ်ကြိုက် အသုံးပြုနိုင်သော လေဟာနယ် နိယာမဖြင့် သူမသည် လက်တွေ့တွင် ပြိုင်ဘက်ကင်းသူတစ်ယောက်ပင်။ သူမထံ၌ စိုးရိမ်ပူပန်မှု မရှိသည်မှာ ဖြစ်ရိုးဖြစ်စဥ် ကိစ္စတစ်ရပ်ပင်။ အဘယ်ကြောင့်ဆိုသော် မည်သူလာသည်ဖြစ်စေ ရှားယီယီသည် ဘေးကင်းစွာ ဆုတ်ခွာနိုင်သောကြောင့် ဖြစ်ပေ၏။
သို့သော် တခြားအကြီးအကဲများသည် သေခြင်းတရားကို ဤကဲ့သို့ ထိုင်စောင့်မနေလိုကြပေ။
သူမတို့အားလုံး ချင်ဝူယောင်း၏သီးသန့်ခန်းကို ကြည့်လိုက်ကြသည်။
ထို့နောက်အကြီးအကဲများက စိုးရိမ်တကြီးဖြင့် ပြောဆိုသည်။
"ဂိုဏ်းချုပ်ရဲ့ အပြုအမူက ပိုပိုပြီး ထူးဆန်းလာတယ်... ဒီလို ဆက်သွားလို့ မရဘူး... ယောင်ချီက သူရဲ့ လက်ထဲမှာ အနှေးနဲ့အမြန် ပျက်စီးသွားလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ရှားယီယီသည် အကြီးအကဲများကို လှည့်ကြည့်လိုက်သည်။
သူမသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် တခြားတစ်ဖက်တွင်...
ကောင်းကင်စံအိမ်၏ ကြီးမားသော တပ်ဖွဲ့များသည် ယောင်ချီ အင်မော်တယ်နယ်မြေသို့ မကြာမီ ရောက်ရှိလာကြသည်။
ကောင်းကင်ကိုးထပ်၏အထက်ရှိ လေဟာနယ်ထဲတွင် လင်းဝူယွဲ့ မတ်တတ်ရပ်နေပြီး ဤအခမ်းအနားအတွက် စုရုံးလာကြသော မဟာအင်မော်တယ်ဧကရာဇ်များ အားလုံးသည် ခမ်းနားထည်ဝါသော စီတန်းလှည့်လည်မှုဖြင့် သူ၏နောက်မှ လိုက်ပါလာသည်။
ကောင်းကင်ယံရှိ ဤကြီးမားသောအင်အားစုသည် အတော်လေး ကြောက်စရာကောင်းလှ၏။ အထူးသဖြင့် မဟာအင်မော်တယ်ဧကရာဇ် အမြောက်အများထံမှ စုဝေးနေသော အရှိန်အဝါဖိအားများကြောင့်ပင်။
အောက်ဘက်ရှိ ယောင်ချီမှ အစောင့်များသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်းသတိပြုမိသွားကြသည်။
သို့သော် ထိုအစောင့်များ သတင်းပို့ရန်ပင် မလိုအပ်ချေ။ မဟာအင်မော်တယ်ဧကရာဇ်များဖြစ်ကြသော အကြီးအကဲများနှင့် အဖွဲ့ဝင်များသည် ကောင်းကင်စံအိမ်မှ မဟာအင်မော်တယ်ဧကရာဇ်အုပ်စုကြီး၏ အရှိန်အဝါကို ချက်ချင်းခံစားလိုက်ရသည်။
ထို့ကြောင့် သူမတို့အားလုံးသည် ယောင်ချီအတွင်းမှ ပျံသန်း၍ ထွက်လာကြ၏။
ဤသည်မှာ လေဟာနယ်ထဲတွင် ထိပ်တိုက်တွေ့ဆုံမှု တစ်ခုပင်။
သို့သော် ယောင်ချီမှ လူအရေအတွက်နှင့် မဟာအင်မော်တယ်ဧကရာဇ်များသည် ကောင်းကင်စံအိမ်နှင့် မည်သို့မျှ မယှဉ်နိုင်ပေ။
အကယ်၍ ထိုအရာသည် ရိုးရှင်းသော လူအရေအတွက် နှိုင်းယှဉ်မှုသာ ဖြစ်ပါက ယောင်ချီသည် လုံးလုံးလျားလျား အရေးနိမ့်တော့မည်ဟု ဆိုနိုင်သည်။
လုရန်သည်လည်း လူအုပ်ထဲတွင် ရှိနေပြီး ယောင်ချီ ကို ငုံ့ကြည့်နေခဲ့သည်။ သူ၏နှလုံးသားအတွင်း၌ အနည်းငယ် စိတ်လှုပ်ရှားနေပြီး နေ့ရောညပါ လွမ်းဆွတ်နေရသော သူကို ရှာတွေ့ရန် မျှော်လင့်ချက်ဖြင့် သူ၏မျက်လုံးများသည် ထိုနေရာကို အဆက်မပြတ် ဝေ့ဝိုက်၍ ကြည့်နေခဲ့သည်။
သို့သော် ရလဒ်အနေဖြင့် ဘာမျှမရှိပေ။ ယခုအချိန်အထိ ချင်ဝူယောင်း၏ အရိပ်အယောင်ကို သူ မတွေ့ရသေးပေ။
သို့သော် မကြာမီ အသိအကျွမ်းတစ်ဦးဖြစ်သော ရှားယီယီကို သူ မြင်တွေ့လိုက်ရသည်။
ကောင်းကင်စံအိမ် ရောက်ရှိလာခြင်းကို ရှားယီယီ ခံစားလိုက်ရသည့် အခိုက်အတန့်တွင် သူမသည် သူမ၏နေရာမှ ပျောက်ကွယ်သွားပြီး လေထုထဲတွင် ပြန်လည်၍ ထွက်ပေါ်လာပေ၏။
သူမ၏အကြည့်များ လင်းဝူယွဲ့တို့အပေါ် ဝေ့ဝိုက်သွားပြီး သူတို့ဘက်မှ မဟာအင်မော်တယ်ဧကရာဇ် အရေအတွက်မှာ အမှန်တကယ်ပင် များပြားလွန်းကြောင်း သူမ သဘောပေါက်သွားသည်။ ရုတ်ချည်းဆိုသလိုပင် သူမ၏မျက်နှာအမူအရာမှာ အလွန်အမင်း ပျက်ယွင်းသွားတော့သည်။
ရှားယီယီသည် သူမကိုယ်သူမအတွက် စိုးရိမ်ပူပန်နေခြင်း မဟုတ်ချေ။
မဟာအင်မော်တယ်ဧကရာဇ်များစွာကို ရင်ဆိုင်ရလျှင်ပင် ရှားယီယီသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိကြောင်း သူမထံ၌ ယုံကြည်မှု ရှိနေသည်။
သို့သော် သူမ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သော်လည်း ယောင်ချီရှိ တခြားသူများသည် တစ်ဖက်လူများအတွက် ပြိုင်ဘက် ဖြစ်ပုံမပေါ်ပေ။
သေချာသည်မှာ မဟာအင်မော်တယ်ဧကရာဇ် များကြား တိုက်ပွဲတစ်ခုတွင် အရေးအကြီးဆုံး အချက်မှာ သူတို့၏သက်ဆိုင်ရာ နိယာမ စွမ်းအားများကို နှိုင်းယှဉ်ခြင်းပင်။
အရေအတွက်အရ အားသာချက်သည် အရာအားလုံး မဟုတ်ပေ။ အဓိကမှာ နိယာမ၏စွမ်းရည်အပေါ် မူတည်နေသည်။
ထို့ပြင် ကောင်းကင်စံအိမ်မှ လူအုပ်ထဲ၌...
ပထမဆုံး အာရုံစိုက်မှုကို ရရှိသူမှာ လင်းဝူယွဲ့ပင်။
ရှားယီယီသည် ယောင်ချီနှင့် အမြင့်မားဆုံး ကောင်းကင်တွင် ရှိနေသည်မှာ အချိန်အလွန်ကြာမြင့်နေလေပြီ။
သို့သော် ရိုးရိုးသားသား ပြောရလျှင် ကောင်းကင်စံအိမ်မှ လင်းဝူယွဲ့နှင့် ဤမျှထိ အနီးကပ် နေရခြင်းမှာ ရှားပါးသော အခွင့်အရေး တစ်ခုပင်။
သူသည် သိပ်အသက်ကြီးပုံ မပေါ်ပေ။ သေချာသည်မှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ရည်ညွှန်းခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်အတွက် သူတို့ထဲမှ မည်သူမဆို နှစ်ပေါင်း သောင်းနှင့်ချီ အသက်ရှင်ခဲ့သော မွန်းစတားအိုကြီးများ ဖြစ်ကြပြီး လူငယ်ဟူသော အယူအဆမှာ မရှိပေ။
သူသည် အဖြူရောင်ဝတ်စုံကို ကျောင်းတော်သားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားကာ ဆံပင်ရှည်များသည် ပခုံးပေါ်တွင် ဖြာကျနေပြီး သူ၏မျက်လုံးများတွင် တောက်ပသော အကြည့်ကို ဖော်ပြနေသည်။
သူ၏ဖြူဖျော့ဖျော့မျက်နှာတွင် အေးစက်သော အရိပ်အယောင်တစ်ခု ရှိသော်လည်း သန့်စင်ပြီး ကြော့ရှင်းသော အသွင်အပြင် ထင်ဟပ်နေပေ၏။
သူ၏နောက်ရှိ အင်မော်တယ်ချီနှင့် တောက်ပသောအလင်းတန်းများသည် လူးလွန့်ပြီး စီးဆင်းနေပုံရသည်။
မဟာအင်မော်တယ်ဧကရာဇ်အုပ်စုထဲတွင် မတ်တတ်ရပ်နေသော်လည်း သူသည် ဝေဝါးသော အုပ်စိုးသူအရှင် အရှိန်အဝါကို ထူးခြားစွာ ထုတ်လွှတ်နေသည်။
သူသည် အမြင့်မားဆုံး ကောင်းကင်ရှိ ရှေးအကျဆုံးနှင့် အစွမ်းအထက်ဆုံးအင်အားစု၏ ခေါင်းဆောင်ပင်။ သူ၏အရှိန်အဝါသည် အမှန်တကယ်ကို ကြီးမားပေ၏။
ထို့အပြင် သူ၏နောက်တွင်...
မဟာအင်မော်တယ်ဧကရာဇ် ခုနစ်ဆယ်ကျော်သည် အထက်မှ အောက်သို့ ငုံ့ကြည့်နေကြပြီး ခမ်းနားထည်ဝါသော ရတနာသံချပ်ကာများကို ဝတ်ဆင်ထားကာ သူတို့၏အရှိန်အဝါများမှာ လျစ်လျူရှု၍မရနိုင်လောက်အောင် ခမ်းနားကြီးကျယ်လှသည်။
လူတချို့က အင်မော်တယ် မှော်ရတနာများကို ကိုင်ဆောင်ထားပြီး အစွမ်းထက်သော စွမ်းအားကို ထုတ်လွှတ်ထားကြသည်။
တခြားသူများထံတွင်မူ အေးစက်သော မျက်နှာအမူအရာများနှင့် အေးစက်သော အကြည့်များ ရှိနေကြ၏။
သူတို့သည် ယောင်ချီ အင်မော်တယ် နယ်မြေနှင့် အောက်ဘက်ရှိ မြေပြင်ကို ငုံ့ကြည့်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
လင်းဝူယွဲ့၏နောက်မှ လိုက်ပါလာသူများအနက် အများစုသည် တိုက်ပွဲရူးများ ဖြစ်ကြပြီး ယခုအချိန်၌ သူတို့သည် တိုက်ပွဲစတင်ရန် အနည်းငယ် စိတ်မရှည် ဖြစ်နေကြလေပြီ။
ထိုအချိန်မှာပင်...
ရှားယီယီက လုရန်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
သူမ တခဏကြာမျှ ဆွံ့အသွားပြီး သူမ အမြင်မှားသည်ဟု ထင်ခဲ့သော်လည်း မည်သို့ဖြစ်နေသည်ကို သူမ လျှင်မြန်စွာ နားလည်သဘောပေါက်သွားတော့သည်။
အချိန်ကို တွက်ကြည့်လျှင် လုရန်သည် အမှန်တကယ်ပင် အမြင့်မားဆုံး ကောင်းကင်သို့ ရောက်ရှိနေသင့်လေပြီ။
သို့သော် ယောင်ချီ၏ တိကျသော တည်နေရာကို သူ မရှာနိုင်သောကြောင့် ကောင်းကင်စံအိမ်တွင် ဝင်ရောက်ပူးပေါင်းပြီး သူတို့နှင့်အတူ ဤနေရာသို့ အဆင်ပြေပြေ လိုက်ပါလာခြင်း ဖြစ်နိုင်ပေ၏။
ရှားယီယီ၏ပုံစံသည် ကလေးငယ်လေးတစ်ယောက်နှင့် တူသော်လည်း သူမ၏ဦးနှောက်မှာ အမှန်တကယ်ကို ထက်မြက်သည်။ သူမသည် မျက်စိတစ်မှိတ်အတွင်း အရာများစွာကို တွက်ချက်နိုင်ခဲ့သည်။
လုရန်သည် ရှားယီယီ၏ အကြည့်ကို သတိပြုမိပြီး သူမနှင့် အကြည့်ချင်းဆုံကာ နှုတ်ဆက်သည့်အနေဖြင့် ယဉ်ကျေးစွာ ပြုံးပြလေ၏။
ထို့နောက် ရှားယီယီက အောက်ဘက်ရှိ ယောင်ချီကို တစ်ချက်ကြည့်လိုက်သည်။
လုရန်သည် ချင်ဝူယောင်းကို ရှာရန် လာခဲ့ခြင်းဖြစ်ကြောင်း သူမ သိထားသည်။ သို့သော် ဤအချိန်တွင် ချင်ဝူယောင်းသည် သူမ၏သီးသန့်ခန်း အတွင်း၌ ရှိနေဆဲဖြစ်ပြီး သူမ လုပ်စရာရှိသည်များကို ပြီးစီးခြင်းရှိမရှိအား မသိရချေ။
လင်းဝူယွဲ့၏နံဘေးရှိ မဟာအင်မော်တယ်ဧကရာဇ် တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"ကောင်းကင်စံအိမ်က ယောင်ချီ အင်မော်တယ် နယ်မြေကို ရောက်လာတာတောင် မင်းတို့ရဲ့ ဂိုဏ်းချုပ် ချင်ဝူယောင်းက ပေါ်မလာဘူးပဲ... ဒါက ဘာအဓိပ္ပာယ်လဲ... မင်းတို့က ငါတို့ရဲ့ ကောင်းကင်စံအိမ်ကို အထင်သေးနေတာလား"
အခြေအနေ မည်သို့ပင်ရှိစေကာမူ သူတို့သည် တိုက်ခိုက်ရန် ဤနေရာသို့ ရောက်ရှိနေသဖြင့် အငြင်းပွားမှုတစ်ခုကို အရင်ဖန်တီးပြီးမှ တိုက်ပွဲကို စတင်ရပေမည်။
အငြင်းပွားမှု ဖန်တီးရန် နည်းလမ်းမှာ အမှန်အားဖြင့် အလွန်ရိုးရှင်းသည်။ အကြောင်းပြချက် မရှိဘဲ ပြဿနာရှာရုံသာဖြစ်ပြီး ယောင်ချီဘက်မှ မကျေနပ်ပါက တိုက်ခိုက်ရပေမည်။
Book 13 end.