ကွေ့ယွမ်ချီကို ရှာဖွေခြင်း
Vol. 32 Ch. 334
နှစ်ရက်အကြာတွင် စုန့်ဝမ်လည်း ကွေ့ယန်ချီ ရှာဖွေရန် ဂူဗိမာန် တည်ရှိရာ ရေအောက်ကျောက်ဆောင်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။ ထိုကျောက်ဆောင်ကျွန်းမှာ ပင်လယ်ရေမျက်နှာပြင်၏ အောက်ဘက် မိုင်အနည်းငယ်တွင် နစ်မြုပ်နေခဲ့ခြင်း ဖြစ်သည်။ အထူးတလည် ရှာဖွေခြင်း မပြုပါက ၎င်း၏ တည်ရှိမှုကို လွယ်ကူစွာ ကျော်လွန်သွားနိုင်ပေသည်။ ကျွန်း၏ ထိပ်ပိုင်းမှာ ဆယ်မိုင်ခန့် ကျယ်ဝန်းပြီး ထူးဆန်းစွာပင် ညီညာပြန့်ပြူးနေခဲ့ရာ၊ ၎င်းက ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားသကဲ့သို့ ဖြစ်နေသည်။
စုန့်ဝမ်လည်း ငွေရောင်ဖုတ်ကောင်ကို ဆင့်ခေါ်ကာ ရှေ့မှသွားစေပြီး နောက်ဘက် တစ်မိုင်ခန့်အကွာမှ လိုက်ပါလာခဲ့သည်။ ပိုမိုနက်ရှိုင်းစွာ သွားလေလေ၊ အလင်းရောင်မှာ ပိုမိုမှေးမှိန်လာလေလေ ဖြစ်ပြီး၊ နောက်ဆုံးတွင် ပိတ်မှောင်နေသော အမှောင်ထုကြီးအတွင်းသို့ ရောက်ရှိသွားသည်။ ဝိညာဥ်အာရုံဖြင့်သာ ခရီးဆက်ရသည်။
မကြာမီတွင် ရေအောက် မိုင်လေးဆယ်ကျော်အထိ ဆင်းသက်ခဲ့ပြီးဖြစ်ရာ၊ ကြီးမားလှသော ရေဖိအားကြီးက စုန့်ဝမ်၏ ခန္ဓာကိုယ်ကို ဖိနှိပ်လာခဲ့သည်။ စုန့်ဝမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ထိပ်တန်းအဆင့် ရှိနေသဖြင့် ဖိအားက မည်သည့် ထိခိုက်မှုမျှ မပေးနိုင်ချေ။ သို့သော်လည်း သူသည် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဝိညာဥ်စွမ်းအင်ဒိုင်းကို ကြိုတင် အသက်သွင်းထားဆဲ ဖြစ်သည်။
ယခုအချိန်တွင် ထိုကျွန်းမှာ စုန့်ဝမ်၏ မျက်စိထဲ၌ ကျယ်ပြောလှသော သမုဒ္ဒရာကြီး၏ အလယ်ရှိ ကြီးမားလှသည့် ကျောက်တောင်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မကြာမီ ငွေရောင်ဖုတ်ကောင်က ဂူအဝင်ဝကို တွေ့ရှိကြောင်း သတင်းပို့လာသည်။ စုန့်ဝမ် ဂူအဝင်ဝသို့ ချဉ်းကပ်သွားပြီး အနီးဝန်းကျင်ကိုပါ အချိန်အတော်ကြာ လေ့လာလိုက်သည်။ မည်သည့် ထူးခြားမှုမျှ မရှိသလို၊ အနီးအနားတွင်လည်း မည်သည့် ပင်လယ်သားရဲကြီးမျှ ရှိမနေချေ။
ထို့ကြောင့် ဂူအတွင်းဝင်ရန် ဆုံးဖြတ်လိုက်သည်။ သိူ့သော် အန္တရာယ်များသော ဤနေရာတွင် စွန့်စားရန် စိတ်ကူးမရှိပေ။ စိတ်ချရစေရန် ငွေရောင်ဖုတ်ကောင်ကို အရှေ့မှ ဦးဆောင်စေကာ၊ တစ္ဆေဘုရင်ကို အနောက်မှ စောင့်ကြပ်စေလျက် အလယ်ဗဟိုတွင် နေရာယူပြီး ဂူအတွင်းသို့ ဝင်ရောက်ခဲ့သည်။
ပေနှစ်ရာခန့် သွားပြီးနောက် ဂူလမ်းကြောင်းမှာ ရုတ်ချည်းပင် ပြတ်တောက်သွားခဲ့ပြီး ပြိုကျနေသော ကျောက်တုံးများဖြင့် ပိတ်ဆို့နေခဲ့သည်။
စုန့်ဝမ်မှာ အန်းထုံတို့ ညီအစ်မနှစ်ဦး ပေးအပ်သော သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှုကို သံသယဝင်လာခဲ့သည်။ သို့သော် ဤမျှထိ ရောက်လာပြီးမှ အကျိုးမဲ့နောက်ဆုတ်ရန် မဖြစ်နိုင်တော့။ ဝိညာဥ်စွမ်းအင် အသုံးပြုကာ ကျောက်တုံးများကို ဖယ်ရှားလိုက်သည်။
နာရီဝက်ခန့် အချိန်ယူခဲ့ပြီးနောက် ရှင်းလင်းမှု ပြီးဆုံးသွားပြီး ဆယ်မိုင်ကျော် ရှည်လျားသော ဂူလမ်းကြောင်းတစ်ခု ပေါ်လာသည်။ လမ်းကြောင်းအစနားတွင် ကြီးမားလှသည့် ကျောက်တံခါးကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုကျောက်တံခါးကြီးမှာ တစ်ဝက်ခန့် ပွင့်ဟနေခဲ့ပြီး၊ အလောင်းချီအနည်းငယ်မှာ ပင်လယ်ရေများနှင့်အတူ လွင့်မျောလျက် အပြင်ဘက်သို့ လျှံထွက်နေခဲ့သည်။
ငွေရောင်ဖုတ်ကောင်က တံခါးကို ဖြတ်သန်းသွားခဲ့ပြီး မည်သည့် အန္တရာယ်မျှ မရှိကြောင်း အတည်ပြုပြီးနောက်မှသာ ဝင်ရောက်ခဲ့သည်။ ကျောက်တံခါးကြီး၏ နောက်ကွယ်တွင်မူ မှေးမှိန်မှောင်မိုက်နေသော ရှည်လျားလှသည့် ဂူလမ်းကြောင်းတစ်ခု ရှိနေသည်။ လမ်းကြောင်းတလျှောက် သတ္တုအပိုင်းအစများ အစီအရီ ပြန့်ကျဲနေခဲ့သည်။
စုန့်ဝမ်သည် သေချာစွာ စူးစိုက်ကြည့်ရှုလိုက်သည့်အခါ ဤသတ္တုများမှာ လူသားတို့ ပြုလုပ်ထားခြင်းဖြစ်ပြီး ရုပ်သေးရုပ်များမှ ပြုတ်ကျကျန်ရစ်ခဲ့သော အစိတ်အပိုင်းများ ဖြစ်ပုံရကြောင်း သတိပြုမိလိုက်သည်။ ၎င်းက ဤဂူဗိမာန်ကို မူလက ရုပ်သေးရုပ်များဖြင့် စောင့်ကြပ်ထားခြင်း ဖြစ်သော်လည်း ယခုအခါ ၎င်းတို့မှာ ဖျက်ဆီးခြင်း ခံထားရပြီဖြစ်ကြောင်း ပြသနေခြင်းပင်။
လမ်းကြောင်းအတိုင်း နောက်ထပ် တစ်မိုင်ခန့် ဆက်လက်လျှောက်လှမ်းပြီးနောက် သေးငယ်သော ဂူဗိမာန်အခန်းငယ်နှစ်ခန်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤအခန်းနှစ်ခန်းမှာ ကြီးမားလှခြင်းမရှိဘဲ ပေအနည်းငယ်မျှသာ ကျယ်ဝန်းကာ၊ တစ်စုံတစ်ဦး၏ ရှင်းလင်းခြင်းကို ခံထားရပုံရပြီး ၎င်းတို့အတွင်း၌ ဘာတစ်ခုမျှ ကျန်ရှိမနေခဲ့ချေ။ နောက်ထပ် တစ်မိုင်ခန့် ဆက်သွားပြီးနောက် ကျောက်တံခါးကြီးတစ်ခု ထပ်မံပေါ်ထွက်လာသည်။ ထိုကျောက်တံခါးကြီးမှာ တင်းကျပ်စွာ ပိတ်ထားခဲ့ပြီး ၎င်း၏ အနားသတ်များမှာ ကွက်တိ ကျနေခဲ့သည်။
စုန့်ဝမ်သည် ဝိညာဥ်စွမ်းအင် အနည်းငယ် ထုတ်လွှတ်လိုက်ရာ ထိုစွမ်းအားက ကျောက်တံခါးပေါ် ကျရောက်သွားပြီး ၎င်းကို အနည်းငယ် တုန်ခါသွားစေခဲ့သည်။ ၎င်းက ဤတံခါးပေါ်တွင် မည်သည့် ကာကွယ်ရေး အစီအရင်မျှ မရှိကြောင်း သက်သေပြနေခြင်းပင်။
စုန့်ဝမ်သည် ကျောက်တံခါးကြီးကို စူးစိုက်ကြည့်ရင်း တွက်ချက်နေမိသည်။ လမ်းအတိုင်း လျှောက်လှမ်းခဲ့စဥ် လေထုထဲရှိ သေဆုံးနေသောအလောင်းကောင်၏ အလောင်းချီမှအပ မည်သည့် သေစေနိုင်သော စွမ်းအင်လှိုင်းမျိုးကိုမျှ မတွေ့ရှိခဲ့ချေ။ ၎င်းက အန်းထုံ၏ ဖခင် သေစေနိုင်သော စွမ်းအင်များနှင့် ကြုံတွေ့ခဲ့ရသည့် တည်နေရာသို့ မရောက်ရှိသေးကြောင်း ပြသနေသည်။ အန်းထုံ၏ ဖခင်သည် ကျောက်တံခါးကြီးအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ရမည်။
သို့သော်လည်း ယခုအခါ ကျောက်တံခါးကြီးမှာ တင်းကျပ်စွာ ပိတ်ထားခဲ့ပြီး၊ သူတို့ မူလက ကြုံတွေ့ခဲ့ရသော ပိတ်ဆို့နေသည့် ဂူလမ်းကြောင်းနှင့် ပေါင်းစပ်လိုက်ပါက ဤအရာမှာ ပုံမှန်မဟုတ်တော့ချေ။ ကွေ့ယန်ချီများနှင့် ကြုံတွေ့ရပြီးနောက် အန်းထုံ၏ဖခင် ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်နိုင်သည်။ လူတစ်ယောက်သည် အသက်လုကာ ထွက်ပြေးနေရသည့် အချိန်တွင် ဂူဗိမာန်၏ တံခါးကို ပြန်လည်ပိတ်ထားခဲ့ရန် စဉ်းစားနိုင်ပါမည်လော။ အန်းထုံ၏ ဖခင် ထွက်ပြေးသွားပြီးနောက် ဂူဗိမာန်အတွင်းရှိ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးက ကျောက်တံခါးကြီးကို ပြန်ပိတ်ကာ ဂူကို ပိတ်ဆို့လိုက်ခြင်း ဖြစ်ရမည်။
စုန့်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် ငွေရောင်ဖုတ်ကောင်သည် ကျောက်တံခါးကြီးဆီသို့ လှမ်းတက်သွားခဲ့သည်။ စုန့်ဝမ်နှင့် တစ္ဆေဘုရင်ကမူ အနောက်ဘက် တစ်မိုင်ခန့်အကွာသို့ ဆုတ်ခွာခဲ့ကြသည်။
စုန့်ဝမ်က မိုးကြိုးလှံသုံးစင်းကို စုစည်းလိုက်ပြီးနောက် ငွေရောင်ဖုတ်ကောင်သည် လက်နှစ်ဖက်ကို ကျောက်တံခါးကြီးပေါ် တင်ကာ အစွမ်းကုန် တွန်းလိုက်တော့သည်။ လေးလံလှသော ကျောက်တံခါးကြီးမှာ တကျိကျိမြည်သံနှင့်အတူ ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့ပြီး ဂူဗိမာန်အတွင်းရှိ ပင်လယ်ရေများမှာ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ချက်ချင်းပင် တံခါး၏ နောက်ကွယ်မှ အရိပ်ရှစ်ခု တဟုန်ထိုး ပြေးထွက်လာကြသည်။
“ဝုန်း...”
အရှေ့ဆုံးမှ အရိပ်မှာ ငွေရောင်ဖုတ်ကောင်၏ ရိုက်ပုတ်ခြင်းကို ချက်ချင်းခံလိုက်ရပြီး အနောက်သို့ လွင့်စင်သွားခဲ့သည်။
ကျန်ရှိသော အရိပ် ခုနစ်ရိပ်ကမူ အခွင့်အရေးကို အသုံးချကာ ဝိုင်းရံပိတ်ဆို့လိုက်ကြပြီး ငွေရောင်ဖုတ်ကောင်နှင့် စတင်တိုက်ခိုက်ကြတော့သည်။
စုန့်ဝမ် အလျင်စလို ဝင်ရောက်စွက်ဖက်ခြင်း မပြုချေ။ ထိုအရိပ်များမှာ ကြေးနီဖုတ်ကောင်များ ဖြစ်ကြပြီး ဒုတိယအဆင့်နှောင်းပိုင်း ရှိကြပုံရသည်။ သူတို့သည် ငွေရောင်ဖုတ်ကောင်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
ခဏအကြာတွင် ဤကြေးနီဖုတ်ကောင်များမှာ အနည်းငယ် ထူးခြားနေသည်ကို စုန့်ဝမ် သတိပြုမိလိုက်သည်။ ငွေရောင်ဖုတ်ကောင်အနေဖြင့် သူတို့အား လွယ်ကူစွာ တွန်းလှန်နိုင်သော်လည်း ကြီးမားသော ထိခိုက်မှုဖြစ်အောင် တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ ဤကြေးနီဖုတ်ကောင်များ၏ ခန္ဓာကိုယ်မှာ ပုံမှန်ကြေးနီဖုတ်ကောင်များထက် များစွာ ပိုမိုသန်မာသည်။
စုန့်ဝမ်၏ မျက်ဝန်းများ ရုတ်ချည်းပင် တောက်ပသွားသည်။ ကြေးနီဖုတ်ကောင်များထံမှ ထူးခြားသည့် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်နေသည်ကို အာရုံခံမိလိုက်သည် မဟုတ်ပါလား။ ၎င်းက သာမန် အလောင်းချီများနှင့် ကွဲပြားလှပေသည်။
၎င်းမှာ ကွေ့ယွမ်ချီပင် ဖြစ်သည်။
ဤကြေးနီဖုတ်ကောင်များကို သန့်စင်တည်းက ကွေ့ယွမ်ချီကို အသုံးပြု၍ ဖန်တီးခဲ့ခြင်း ဖြစ်နိုင်သလို၊ ကွေယွမ်ချီနှင့် အချိန်အတော်ကြာ ထိတွေ့ခဲ့ရသဖြင့် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ကွေ့ယွမ်ချီများ စုစည်းမိသွားခြင်း ဖြစ်နိုင်သည်။ သိပ်သည်းပြီး ဖရိုဖရဲဖြစ်နေသော ကွေ့ယွမ်ချီက ၎င်းတို့၏ ခန္ဓာကိုယ်ကို ပုံမှန်ကြေးနီဖုတ်ကောင်များထက် များစွာ ပိုမိုသန်မာစေခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးအချက်မှာ ပိုမိုဖြစ်နိုင်ချေရှိသည်။ မည်သူကမျှ ကြေးနီဖုတ်ကောင်များကို သန့်စင်ရာတွင် ကွေ့ယွမ်ချီကို ထည့်သွင်းလိမ့်မည် မဟုတ်ချေ။ ၎င်းက အရင်းအမြစ်များကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ ကြေးနီဖုတ်ကောင်များအတွင်းရှိ ကွေ့ယွမ်ချီမှာ စုပ်ယူသန့်စင်ပြီးသား ဖြစ်နေသဖြင့် ၎င်းကို ပြန်လည်ထုတ်ယူရန်မှာ အလွန်တရာ ခက်ခဲလှပြီး ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်သည်။ ၎င်းက သူတို့အတွင်းရှိ ကွေ့ယွမ်ချီ၏ တန်ဖိုးထက်ပင် ပိုမိုမြင့်မားနေပေလိမ့်မည်။
ထို့ကြောင့် ဤကြေးနီဖုတ်ကောင်များမှာ မက်လောက်စရာ မရှိချေ။ ချက်ချင်းပင် မိုးကြိုးလှံ သုံးစင်း ပျံထွက်သွားပြီး ကြေးနီဖုတ်ကောင် သုံးကောင်၏ ရင်ဘတ်များကို ထိမှန်သွားသည်။ မှောင်မိုက်နေသော ပင်လယ်ရေအောက်တွင် လျှပ်စီးကြောင်းများ ဝင်းခနဲ လက်သွားပြီး၊ ကြေးနီဖုတ်ကောင် သုံးကောင်မှာ ချက်ချင်းပင် ပေါက်ကွဲသွားကာ ခြေလက်များနှင့် ပုပ်ပွနေသော အသားစများမှာ အရပ်မျက်နှာအနှံ့ ပျံနှံ့သွားသည်။ ကျန်ရှိသော ကြေးနီဖုတ်ကောင် ငါးကောင်လည်း များမကြာမီ ထိုလမ်းစဥ်အတိုင်း လိုက်သွားခဲ့ရသည်။
ကွေ့ယွမ်ချီမှာ အစွမ်းထက်လှသော်လည်း စုန့်ဝမ်၏ မိုးကြိုးလျှပ်စီးပညာရပ်၏ ဖိနှိပ်ခြင်းကို ခံရဆဲပင်။ ထို့အပြင် ကြေးနီဖုတ်ကောင်များအတွင်းရှိ ကွေ့ယွမ်ချီ ပမာဏမှာ များပြားခြင်းမရှိသဖြင့် မိုးကြိုးစွမ်းအင်၏ ချေမှုန်းမှုကို လွယ်ကူစွာ ခံလိုက်ရခြင်း ဖြစ်သည်။
တံခါး၏ နောက်ကွယ်တွင် မည်သည့် ခြိမ်းခြောက်မှုမျှ ထပ်မရှိကြောင်း အတည်ပြုပြီးနောက် စုန့်ဝမ် ကျောက်တံခါးကြီးကို ဖြတ်သန်းဝင်ရောက်ခဲ့သည်။ တံခါး၏ အလွန်တွင်မူ ကျယ်ဝန်းလှသော ဂူဗိမာန်ခန်းဆောင်ကြီးတစ်ခု ရှိနေပြီး ၎င်းက အဓိကခန်းမဆောင် ဖြစ်ပုံရသည်။ ထိုခန်းမဆောင်မှာ အနည်းဆုံး စတုရန်းမိုင်တစ်မိုင်ခန့် ကျယ်ဝန်းပြီး၊ ကြမ်းပြင်၊ နံရံများနှင့် မျက်နှာကျက်များပေါ်တွင် လှပသော နံရံဆေးရေးပန်းချီများဖြင့် အလှဆင်ထားသည်။ သို့သော်လည်း ဤပန်းချီများမှာ သာမန် အပြာရောင် ကျောက်တုံးများပေါ်တွင် ရေးဆွဲထားခြင်းဖြစ်ရာ ပင်လယ်ရေ၏ တိုက်စားမှုကို ပြင်းထန်စွာ ခံထားရပြီး ပျက်ယွင်းနေပြီ ဖြစ်သည်။
ခန်းမဆောင်၏ အလယ်ဗဟိုတည့်တည့်တွင် ဆယ်ပေခန့် မြင့်မားသော ကျောက်သားစင်မြင့်တစ်ခု ရှိနေသည်။ ထိုစင်မြင့်ပေါ်တွင်မူ ခုနှစ်ပေခန့် ရှည်လျားသော အနက်ရောင် ခေါင်းတလားတစ်ခု ရှိနေသည်။ မှေးမှိန်လှသော ကွေ့ယွမ်ချီများမှာ ခေါင်းတလား၏ ပတ်ပတ်လည်တွင် စီးဆင်းနေကြသည်။
စုန့်ဝမ်က ခေါင်းတလားကို အလျင်စလို ဖွင့်လှစ်ခြင်းမပြုဘဲ ခန်းမဆောင်တစ်ခုလုံးကို သေချာစွာ စစ်ဆေးလိုက်သည်။ ထိုခန်းမဆောင်အတွင်း၌ ဤခေါင်းတလားမှတစ်ပါး အခြားမည်သည့်အရာမျှ ရှိမနေချေ။ ကြမ်းပြင်ပေါ်တွင်မူ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံထားရသည့်အလား ပျက်စီးနေသော အရိုးများ ပြန့်ကျဲနေသည်။
ဤအရိုးစများမှာ ဂူဗိမာန်ကို လာရောက်စူးစမ်းခဲ့ကြပြီး၊ ထွက်မပြေးနိုင်ဘဲ နောက်ဆုံးတွင် ကြေးနီဖုတ်ကောင်များ၏ ဆုတ်ဖြဲသတ်ဖြတ်ခြင်းကို ခံခဲ့ရသော ကျင့်ကြံသူများ၏ အရိုးများ ဖြစ်နိုင်သည်။
စုန့်ဝမ်လည်း အေးခဲလဓားဖြင့် ခေါင်းတလားကို ပိုင်းဖြတ်ရန် ပြင်ဆင်လိုက်သော်လည်း၊ ခဏမျှ စဉ်းစားပြီးနောက် ဓားမကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ခေါင်းတလားအတွင်းရှိ ကွေ့ယွမ်ချီ၏ အခြေအနေကို သေချာမသိရှိရသေးဘဲ အလျင်စလို တိုက်ခိုက်မိပါက ကွေယွမ်ချီများ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားနိုင်သည် မဟုတ်ပါလား။
ခဏမျှ စဥ်းစားပြီးနောက် ခေါင်းတလား ရှိနေသော ကျောက်သားစင်မြင့်ကို ဝန်းရံပိတ်ဆို့ရန်အတွက် ယင်ယန်ပုံလေးသွယ်အစီအရင်ကို ခင်းကျင်းလိုက်သည်။ ထိုအစီအရင်က ဖုံးကွယ်နိုင်စွမ်းသာမက ခုခံတိုက်ခိုက်နိုင်စွမ်းပါ ရှိသဖြင့် ဤနေရာတွင် အံဝင်ခွင်ကျ အသုံးဝင်နေသည်။ အစီအရင် ခင်းကျင်းပြီးနောက် အစီအရင်တွင်းရှိ ရေထုကို ဖယ်ထုတ်လိုက်သည်။
အားလုံး အဆင်သင့်ဖြစ်သည်နှင့် ငွေရောင်ဖုတ်ကောင် အရှေ့သို့ လှမ်းတက်သွားပြီး ခေါင်းတလားအဖုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ ချက်ချင်းပင် အနက်ရောင် စွမ်းအင်စီးကြောင်းတစ်ခု အပြင်ဘက်သို့ လျှံထွက်လာသည်။ ဤစွမ်းအင်မှာ အခြားမဟုတ်၊ ကွေ့ယွမ်ချီပင် ဖြစ်တော့သည်။
ကွေ့ယွမ်ချီက သူ့ဝိညာဥ်အာရုံကို ပိတ်ဆို့ထားသဖြင့် ခေါင်းတလားအတွင်းရှိ အခြေအနေကို စုန့်ဝမ် မသိမြင်နိုင်ခဲ့ချေ။
“ဝုန်း...”
ခေါင်းတလားအတွင်းမှ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။ ငွေရောင်ဖုတ်ကောင်က ခေါင်းတလားကို ဖွင့်လိုက်သည့်အချိန်တွင် အတွင်းရှိ တစ်စုံတစ်ခု နိုးထလာခဲ့ပုံရသည်။
ခေါင်းတလား၏ အဖုံးမှာ ရုတ်ချည်းပင် အထက်သို့ ပျံတက်သွားခဲ့ပြီး အစီအရင်၏ အကာအကွယ်အလွှာကို ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့သည်။ ကြီးမားလှသော ရိုက်ခတ်မှုဒဏ်ကြောင့် ခေါင်းတလားအဖုံးမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့သည်။
ကွေ့ယွမ်ချီ အမြောက်အမြားမှာ တဟုန်ထိုး လျှံထွက်လာခဲ့ကြပြီး အစီအရင်တွင်းရှိ နေရာလွတ်ကို အလျင်အမြန်ပင် ပြည့်နှက်သွားစေသည်။
ခေါင်းတလားထဲမှနေ၍ ကြီးမားလှသော လူရိပ်ကြီးတစ်ခု မတ်တပ်ထရပ်လိုက်သည်။ ထိုလူ၏ ခန္ဓာကိုယ်မှာ ပုပ်ပွဆွေးမြည့်နေပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေကာ၊ ပြင်းထန်လှသော အနံ့ဆိုးကြီးကို ထုတ်လွှတ်နေခဲ့သည်။
“လူငယ်လေး... မင်းက ဘာဖြစ်လို့ ငါ့ရဲ့ ထာဝရအိပ်စက်ခြင်းကို လာနှောင့်ယှက်ရတာလဲ...”
……………