အကျိုးအမြတ်လုပွဲ
Vol. 32 Ch. 325
တောင်အောက်ခြေရှိ အလောင်းကျင်းကြီးအတွင်းမှ ထိုးထွက်လာသော ကျောက်တိုင်ကြီးသည် တောင်တစ်ခုလုံးကို ဖောက်ထွက်ပစ်ရန် ကြံရွယ်ထားသည့်အလား တရှိန်ထိုး မြင့်တက်နေသည်။ အားပြင်းသော တုန်ခါမှုလှိုင်းများကြောင့် အပေါ်ဘက်ဂူထဲရှိ ရှင်းယီရွှမ်းတို့အဖွဲ့လည်း ဒုက္ခတွေ့ပါတော့သည်။ ဂူမျက်နှာကြက်ရှိ အက်ကြောင်းများသည်လည်း ပိုမိုကျယ်ပြန့်လာပြီး ကြီးမားလှသော ကျောက်တုံးကြီးများစွာ အဆက်မပြတ် ပြုတ်ကျနေတော့သည်။ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည့် ကျောက်လှေကားလမ်းကြောင်းမှာမူ ပြိုကျလာသော ကျောက်တုံးကြီးများကြောင့် လုံးဝ ပိတ်ဆို့သွားခဲ့ပြီ ဖြစ်သည်။
ရှင်းယီရွှမ်းနှင့် နူယင်းတို့ မျက်နှာကြက်မှ အဆက်မပြတ် ပြုတ်ကျနေသော ကျောက်တုံးကြီးများကို ကြည့်ရင်း တုန်လှုပ်နေကြသည်။
"သခင်မလေး... ကျွန်တော်တို့ ဘယ်လိုပြေးကြမလဲ"
ရှင်းယီရွှမ်းက ကျောက်တိုင်ကြီးကြောင့် ဖြစ်ပေါ်လာသော မျက်နှာကြက်မှ ကြီးမားလှသည့် အက်ကြောင်းကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။
"ငါ့နောက်က လိုက်ခဲ့"
စကားဆုံးသည်နှင့် ရှင်းယီရွှမ်း၏ ရှေ့တွင် ဓားပျံတစ်စင်း ပေါ်လာသည်။ ထိုဓားပျံ၏ ပတ်လည်တွင် တောက်ပသော ဓားချီများ ဝန်းရံနေသည်။ ရှင်းယီရွှမ်း မန္တန်လက်ကွက် ဖော်လိုက်သည်နှင့် လမ်းပိတ်နေသော ကျောက်တုံးကြီးများကို တစ်ခုပြီးတစ်ခု ထိုးခွဲဖျက်ဆီးပစ်လိုက်သည်။ ရှင်းယီရွှမ်းလည်း ဓားပျံ ရှင်းလင်းပေးသော လမ်းကြောင်းအတိုင်း လျင်မြန်စွာ လိုက်ပါလျက် မျက်နှာကြက်ရှိ အက်ကြောင်းကြီးဆီသို့ ဦးတည် ပြေးဝင်သွားတော့သည်။ နူယင်းလည်း နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။
အသက်ဆယ်ရှိုက်စာအကြာတွင် ရှင်းယီရွှမ်းတို့နှစ်ဦး အက်ကြောင်းကို လျင်မြန်စွာ ဖြတ်သန်းနိုင်ခဲ့ပြီး တောင်ခြေမြေပြင်ဆီ ရောက်ရှိလာကြသည်။ သို့သော် ထိုနေရာလည်း ဘေးမကင်းသေး၊ တောင်ပေါ်မှ ကြီးမားလှသော ကျောက်တုံးကြီးများ အဆက်မပြတ် လိမ့်ဆင်းလာနေသဖြင့် ထွက်ပြေးရန် ပြင်ဆင်လိုက်စဥ်မှာပင် နောက်ကွယ်ရှိ အက်ကြောင်းကြီးထဲမှ နားကွဲလုမတတ် ကျယ်လောင်သော သားရဲဟိန်းသံကြီးကို ကြားလိုက်ရသည်။
“ဝေါင်း…”
ကျယ်လောင်လွန်းသည့် အော်သံကြီးကြောင့် ရှင်းယီရွှမ်းတို့ နှစ်ဦးလုံး နားစည်များ ပေါက်ထွက်တော့မည့်အလား ခံစားလိုက်ရပြီး စိတ်လှုပ်ရှားမှုကြောင့် ဝိညာဥ်စွမ်းအင် လည်ပတ်မှုပင် အနည်းငယ် ကမောက်ကမ ဖြစ်သွားသည်။ သို့သော် တုံ့ဆိုင်းမနေပေ၊ အန္တရာယ်ရှိကြောင်း နားလည်သဖြင့် မိမိကိုယ်ကို ပြန်ထိန်းချုပ်ကာ အရှိန်ကုန်မြှင့်ပြီး ထွက်ပြေးရန် ကြိုးစားပါတော့သည်။
ထိုအခိုက် ကြီးမားသော နတ်ဆိုးသားရဲကြီးတစ်ကောင်သည် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်။ ထိုသားရဲကြီးက သူတို့ ရှိနေသည်ကို သတိပြုမိဟန် မရှိ၊ တောင်ထိပ်ဆီသို့ ပြေးတက်သွားသည်။
နူယင်းမှာမူ ကံမကောင်းခဲ့၊ သားရဲကြီး၏ ရှေ့ခြေက သူ့ဘယ်ဘက်ပုခုံးကို မတော်တဆ ပွတ်ဆွဲမိသွားသည်။ ဆင်ကျီစားရာ ဆိတ်မခံသာဆိုသကဲ့သို့ နူယင်းခမျာ လေပြင်းထဲ လွင့်ပါသွားသော သစ်ရွက်ခြောက်အလား အဝေးသို့ လွင့်စင်ထွက်သွားသည်။ ဝိညာဥ်စွမ်းအင် အကာအကွယ်မှာ တူဖြင့်ထုခံရသည့် ကြက်ဥခွံပမာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ ဘယ်ဘက်လက်တစ်ခုလုံး ကြေမွပျက်စီးသွားသည်။ နူယင်းမှာ ပြန်ထရန်ပင် အချိန်မရလိုက်၊ ဆက်တိုက် ပြုတ်ကျလာသော ကျောက်တုံးကြီးများအောက်တွင် အသားပြားအဖြစ် ဇတ်သိမ်းသွားတော့သည်။
ရှေ့မှပြေးနေသော ရှင်းယီရွှမ်းမှာမူ ကံကောင်းသွားသည်၊ လေမိုးကြိုးရွှေမျက်လုံးသားရဲ၏ တိုက်ရိုက်ဝင်တိုက်မှု မခံလိုက်ရဘဲ၊ အားလှိုင်းရိုတ်ခတ်မှုကို ခံလိုက်ရသည်။ သူမ၏ ဝိညာဥ်စွမ်းအင် အကာအကွယ်ကလည်း အားကောင်းသဖြင့် ဘေးသို့ လွင့်စင်သွားသော်လည်း ထိခိုက်ဒဏ်ရာ မရခဲ့ပေ။
ရှင်းယီရွှမ်း ဟန်ချက်ပြန်ထိန်းပြီးစဥ် အက်ကြောင်းထဲမှ လူရိပ်တစ်ခု ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူက သူမကို အရေးမစိုက်သလို၊ ရပ်တန့်ခြင်းလည်း မရှိဘဲ လေမိုးကြိုးရွှေမျက်လုံးသားရဲ နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလျက် တောင်ထိပ်ဆီသို့ တရှိန်ထိုး ပြေးတက်သွားခဲ့သည်။ ထို့နောက်တွင် ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် လူရိပ်များ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာကြသည်။
ရှုပ်ထွေးနေသော ပတ်ဝန်းကျင် အခြေအနေကြောင့် မည်သူမည်ဝါဖြစ်ကြောင်း မမြင်သာသော်လည်း အော်ရာများအရ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း ရှင်းယီရွှမ်း သိလိုက်ရသည်။ ဝိညာဥ်သန္ဓေ ကျင့်ကြံသူများကြားထဲ ဝင်ပါရန် မဖြစ်နိုင်သဖြင့် ရှင်းယီရွှမ်းလည်း ဝေးနိုင်သမျှ ဝေးရာသို့သာ ခြေကုန်သုတ် ပြေးပါတော့သည်။ ရှင်းယီရွှမ်း ထွက်သွားပြီးသည်နှင့် ယွမ်ဟောက်နှင့် လေဟုန်လင်းယုန်တို့လည်း အက်ကွဲကြောင်းတွင်းမှ ထွက်ပေါ်လာပြီး တောင်ထိပ်ဆီသို့ အပြေးတက်သွားကြသည်။
...
"ဒီသားရဲက တောင်ထိပ်ပေါ်မှာ ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ တစ္ဆေမြူခိုးတွေကို အသုံးချပြီး မျက်ခြေဖြတ်ဖို့ ကြိုးစားနေတာလား"
ရှင်းဝမ်ယောင်က အစွမ်းကုန် ပျံသန်းနေရင်း ရှင်းကောင်းဟန်ထံသို့ အသံလှိုင်းလွှင့်၍ မေးမြန်းလိုက်သည်။ သူက နတ်ဝိညာဥ်အဆင့် အလယ်အလတ်၌သာ ရှိသေးသဖြင့် ထိုသူလေးဦးထဲတွင် ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်ရာ နောက်ကျကျန်မနေခဲ့စေရန် အကန့်အသတ်အထိ အားစိုက်ထားရခြင်း ဖြစ်သည်။
ရှင်းကောင်းဟန်က ခေါင်းခါပြသည်။
“ငါလည်း မသိဘူး၊ ဒါပေမဲ့ သတိကြီးကြီးထားရမယ်။ လေမိုးကြိုးရွှေမျက်လုံးသားရဲက ဟန်ရေးပြနေပုံရပေမဲ့ အဲဒါက နှိမ်နင်းရလွယ်ကူမှာ မဟုတ်ဘူး။ ပြီးတော့ ယင်ရှို့နဲ့ ကျင်းဝူမင်တို့ကိုလည်း သတိထားရမယ်”
ရှေ့ဆုံးမှ ပြေးနေသော ယင်ရှို့မှာမူ လေမိုးကြိုးရွှေမျက်လုံးသားရဲနှင့် တစ်ယောက်တည်း ထိပ်တိုက်ရင်ဆိုင်ရမည်ကို မလိုလားသည့်အလား အရှိန်ကို တမင်သက်သက် လျှော့ချထားခဲ့သည်။ မကြာမီအတွင်းမှာပင် ၎င်းတို့လေးဦးစလုံး တောင်ထိပ်ပေါ်သို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြသည်။
လေမိုးကြိုးရွှေမျက်လုံးသားရဲသည် တောင်ထိပ်သို့ ရောက်သော်လည်း တောင်ထိပ်ရှိ ခန်းမဆောင်အတွင်း ဝင်ရောက်ခြင်းမပြုဘဲ ရှေ့ရှိ ရင်ပြင်ကျယ်ကြီးပေါ်တွင် ရပ်တန့်နေခဲ့သည်။ ထိုရင်ပြင်၏ ဗဟိုချက်တွင် ကျောက်တိုင် ၉ တိုင်က စက်ဝိုင်းပုံသဏ္ဌာန်ဖြင့် တည်ရှိနေပြီး လေမိုးကြိုးရွှေမျက်လုံးသားရဲက ထိုစက်ဝိုင်း၏ ဗဟိုတည့်တည့်တွင် ရပ်နေခဲ့သည်။
ချက်ချင်းဆိုသလို ထူထပ်လှသော ဝိညာဥ်စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး လမ်းကြောင်း ကိုးခု ခွဲထွက်လျက် ကျောက်တိုင် ၉ တိုင်အတွင်းသို့ စီးဝင်သွားကြသည်။ ကျောက်တိုင်ကြီးများသည် သွေးနီရောင် အလင်းတန်းများဖြင့် စတင်တောက်ပလာသည်။ ထိုသွေးနီရောင် အလင်းတန်းများက တဖြည်းဖြည်း လည်ပတ်လာပြီး မကြာမီ စက်ဝိုင်းတစ်ခုလုံးကို သွေးနီရောင် အလင်းတန်းများဖြင့် လွှမ်းခြုံသွားတော့သည်။
အသက်တစ်ရှိုက်စာအကြာတွင် စက်ဝိုင်း၏ ဗဟိုချက်မှ ပြင်းထန်လှသော စွမ်းအင်လှိုင်းတုန်ခါမှုများ ရုတ်တရက် ထွက်ပေါ်လာကာ၊ ကြီးမားသော သွေးနီရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွားသည်။
ထိုသွေးနီရောင်အလင်းတန်းကြီး ပေါ်ပေါက်လာသည်နှင့် လေမိုးကြိုးရွှေမျက်လုံးသားရဲသည် ၎င်း၏ ဝိညာဥ်စွမ်းအား ထုတ်လွှတ်မှုကို ရပ်တန့်လိုက်ပြီး ထိုစက်ဝိုင်းအတွင်းမှ အပြင်သို့ လျင်မြန်စွာ ခုန်ထွက်လိုက်သည်။
ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ လေးဦးသည် လေမိုးကြိုးရွှေမျက်လုံးသားရဲ ဘာလုပ်နေသည်ကို အသေအချာ မသိရှိကြသော်လည်း အကျိုးအမြတ် ရယူလိုပါက လှုပ်ရှားရတော့မည်ကို ရိပ်မိကြသည်။ ၎င်းတို့လေးဦး လှုပ်ရှားရန် ပြင်ဆင်လိုက်စဥ်မှာပင် လေမိုးကြိုးရွှေမျက်လုံးသားရဲက ဆေးဖိုကြီးကို ကြမ်းပြင်ပေါ်သို့ ချလိုက်ပြီး လူသားဘာသာစကားဖြင့် စတင်ပြောဆိုလိုက်တော့သည်။
“လူသားမျိုးနွယ်တွေ... ငါက သမုဒ္ဒရာရဲ့ အရှင်သခင်၊ သားရဲအပေါင်းတို့ရဲ့ ဘုရင်၊ မြင့်မြတ်နတ်ဆိုးသားရဲကျဲ့ကျဲရဲ့ သွေးမျိုးဆက်ပဲ။ မင်းတို့လို ကောင်တွေက ငါ့ကို ဘယ်လိုတောင် မလေးမစား လုပ်ရဲရတာလဲ”
ယင်ရှို့၏ ပိန်လှီသော မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
“မိတ်ဆွေ... ဆက်ပြီး ဟန်ဆောင်မနေပါနဲ့တော့။ မင်းက လေမိုးကြိုးရွှေမျက်လုံးသားရဲရဲ့ ရုပ်အလောင်းကို သိမ်းပိုက်ထားတဲ့ ဝိညာဥ်အကြွင်းအကျန်တစ်ခုပဲ။ ဒီလို ကလေးကလား လှည့်ကွက်တွေနဲ့ ငါတို့ကို ခြောက်လှန့်လို့ရမယ်လို့ ထင်နေတာလား”
“ဟား ဟား… မင်းတို့ အမှန်တရားကို ရိပ်မိသွားပြီဆိုမှတော့ ငါလည်း ဖုံးကွယ်မနေတော့ဘူး။ ငါက ဝိညာဥ်နန်းတော်ရဲ့ အရှင်သခင်၊ မြင့်မြတ်သွေးတံခါးဂိုဏ်းရဲ့ ဒုတိယအကြီးအကဲပဲ။ မင်းတို့လို မျိုးဆက်သစ်လေးတွေက ငါ့ကို စိန်ခေါ်ရဲကြတယ်ပေါ့လေ”
ယင်ရှို့က ကြောက်ရွံ့သွားခြင်းမရှိသည့်အပြင် သူ့မျက်လုံးများတွင် မိစ္ဆာတစ်ကောင်က သားကောင်ကို မြင်တွေ့လိုက်ရသည့်အလား စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
“စကားအပိုတွေ ပြောမနေနဲ့တော့ သူက အချိန်ဆွဲနေတာ”
ရှင်းကောင်းဟန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး ငှက်မွေးယပ်တောင်ကို လေထဲသို့ လွှတ်တင်လိုက်ရာ ချက်ချင်းပင် ကြီးမားသော မီးဖီးနစ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
“ဂရီး…”
ဖီးနစ်ငှက်ကြီးက စူးရှစွာ အော်ဟစ်ရင်း လေမိုးကြိုးရွှေမျက်လုံးသားရဲဆီသို့ ကြီးမားသော မီးလုံးကြီးတစ်ခု မှုတ်ထုတ်လိုက်သည်။
ဟိတ်ဟန်အပြည့်ဖြင့် လေကြီးနေသော လေမိုးကြိုးရွှေမျက်လုံးသားရဲမှာ ဆေးဖိုကြီးကို လျင်မြန်စွာ ဆွဲယူလျက် ဘယ်ဘက်သို့ အလောတကြီး ခုန်ထွက်ပြီး ရှောင်တိမ်းလိုက်ရသည်။
“ဂျိမ်း…”
မီးလုံးကြီး ကြမ်းပြင်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်က်ကာ ကျယ်ဝန်းသော တွင်းကြီးတစ်ခု ပေါ်ပေါက်လာသည်။ ထိုတွင်းကြီး၏ နှုတ်ခမ်းသားများပေါ်ရှိ ကျောက်တုံးများသည် ပြင်းထန်လှသော အပူရှိန်ကြောင့် အရည်ပျော်သွားပြီး ဖန်သားပြင်ကဲ့သို့ အလွှာတစ်ခု ဖြစ်ပေါ်လာသည်။
မီးပွားများက လေမိုးကြိုးရွှေမျက်လုံးသားရဲ၏ ခန္ဓာကိုယ်ပေါ် ကျရောက် လောင်ကျွမ်းသွားသော်လည်း ၎င်းက မီးလောင်ဒဏ်ရာကို ဂရုမစိုက်ဘဲ ထွက်ပြေး လွတ်မြောက်ရန်သာ အာရုံစိုက်နေသည်။
“ဟန်ရေးပြနေရုံ သက်သက်ပဲ”
ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ လေးဦးလုံး ဝမ်းသာသွားသည်။ လေမိုးကြိုးရွှေမျက်လုံးသားရဲ၏ ခွန်အားအစစ်အမှန်ကို မြင်တွေ့လိုက်ရပြီဖြစ်သဖြင့် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး တိုက်ခိုက်မှုများ စတင်လိုက်ကြလေတော့သည်။
ယင်ရှို့က လက်ကို မြှောက်လိုက်ရာ အနက်ရောင်ကြိုးတစ်ချောင်း လေထဲသို့ ထိုးထွက်သွားပြီး မြွေတစ်ကောင်ပမာ လေမိုးကြိုးရွှေမျက်လုံးသားရဲဆီသို့ တည့်တည့်ဦးတည်သွားတော့သည်။
ရှင်းဝမ်ယောင်လည်း သစ်သားပေတံ ဝိညာဥ်ရတနာကို အသက်သွင်းလိုက်ရာ အစိမ်းရောင်အလင်းတန်းများ ဖြာထွက်လာပြီး နွယ်ပင်တစ်ပင်အဖြစ် အသွင်ပြောင်းကာ လေမိုးကြိုးရွှေမျက်လုံးသားရဲ ကိုက်ချီထားသော ဆေးဖိုကြီးဆီသို့ ဦးတည်ချဥ်းကပ်သွားသည်။
ကျင်းဝူမင်က အတွေးတစ်ချက်ဖြင့် ကြီးမားသော ဝိညာဥ်စွမ်းအင် လက်ဝါးပုံရိပ်ကြီးတစ်ခု ဖန်တီးပြီး ဆေးဖိုကြီးကို ဖမ်းဆွဲလိုက်သည်။
ရှင်းကောင်းဟန်ကလည်း မီးဖီးနစ်ကြီးကို အောက်သို့ ထိုးဆင်းပြီး ရှည်လျားထက်မြက်သော လက်သည်းများဖြင့် ဆေးဖိုကြီးကို လုယူစေလိုက်သည်။
၎င်းတို့လေးဦးစလုံး တပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ရှင်းဝမ်ယောင်၊ ရှင်းကောင်းဟန်နှင့် ကျင်းဝူမင်တို့က ဆေးဖိုကြီးကို ပစ်မှတ်ထားသော်လည်း ယင်ရှို့ကမူ လေမိုးကြိုးရွှေမျက်လုံးသားရဲ၏ ရုပ်အလောင်း၊ တိတိကျကျဆိုရလျှင် ရုပ်အလောင်းထဲရှိ ဝိညာဥ်ကို ပစ်မှတ်ထား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှု လေးခုသည် မတူညီသော အရပ်မျက်နှာ လေးခုမှ ရောက်ရှိလာခြင်းဖြစ်ရာ လေမိုးကြိုးရွှေမျက်လုံးသားရဲ၏ ထွက်ပြေးမည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည့်အလား ဖြစ်နေသည်။
ပြေးပေါက်ပိတ်ပြီး အကျပ်ရိုက်သွားသော သားရဲကြီးလည်း အစွမ်းကုန် ပြန်ခုခံရတော့သည်။ သူ့ဦးခေါင်းကို ရုတ်တရက် ခါယမ်းလိုက်ရာ ပါးစပ်ထဲမှ ဆေးဖိုကြီးသည် လေထဲသို့ လွင့်စင်ထွက်သွားပြီး မီးဖီးနစ်ကြီးရှိရာဆီသို့ တည့်တည့် ဦးတည်သွားသည်။ နွယ်ပင်နှင့် ဧရာမလက်ကြီးလည်း လမ်းကြောင်းပြောင်းပြီး ဆေးဖိုကြီးနောက်သို့ လိုက်ပါသွားသည်။
လေမိုးကြိုးရွှေမျက်လုံးသားရဲလည်း လမ်းရှင်းသွားသဖြင့် ယင်ရှို့၏ မှော်ရတနာကြိုးကို အလွယ်တကူ တိမ်းရှောင်လိုက်နိုင်သည်။
“ဝမ်ယောင်... ငါ့ကို ကူပြီး ကျင်းဝူမင်ကို တားပေးစမ်း”
ရှင်းကောင်းဟန်က အလောတကြီး အော်ဟစ်လိုက်သည်။ ရှင်းဝမ်ယောင်၏ မျက်လုံးထဲတွင် မကျေနပ်မှုများ ဖြတ်ပြေးသွားသော်လည်း မျက်နှာအမူအရာကို တည်ငြိမ်အောင် ထိန်းကာ နွယ်ပင်ကို လမ်းကြောင်းပြောင်းပြီး ကျဆင်းလာသော ဧရာမလက်ကြီးကို ခုခံလိုက်သည်။
ရှင်းဝမ်ယောင်မှာ ကျင်းဝူမင်ထက် အားနည်းသဖြင့် ထိပ်တိုက်တွေ့တွေ့ချင်း နွယ်ပင်မှာ ဘေးသို့ လွင့်စင်သွားသည်။ သို့သော် လက်ဝါးကြီး ကျဆင်းလာသည့် အရှိန်ကိုမူ သိသိသာသာ လျှော့ချပေးနိုင်ခဲ့သည်။
ကျင်းဝူမင်ကို ရှင်းဝမ်ယောင်က တားဆီးပေးနိုင်ခဲ့သဖြင့် မီးဖီးနစ်ကြီးက ဆေးဖိုကြီးဆီ အရင်ရောက်သွားပြီး လက်သည်းများဖြင့် လှမ်းဖမ်းဆုပ်လိုက်တော့သည်။
………