← Chapters

ဝူကျိကျွန်းဆီသို့

Vol. 32 Ch. 328

ဝူကျိကျွန်းဆီသို့

Vol. 32 Ch. 328

ခရီးစဥ်မှာ ဘေးအန္တရာယ် မရှိ၊ အေးချမ်းသာယာလှသည်။

ပင်လယ်ပြင်ထက်တွင် ရက်အနည်းငယ်မျှ ပျံသန်းပြီးနောက် သင်္ဘောပျံကြီးသည် မြို့တစ်မြို့အတွင်းသို့ ဆိုက်ကပ်ခဲ့သည်။ စုန်ဝမ်လည်း သင်္ဘောပျံပေါ်မှ ဆင်းသက်ပြီးနောက် လှေပျံတစ်စင်းကို စီးနင်းကာ အနောက်မြောက်ဘက်ဆီသို့ ပျံသန်းခဲ့သည်။

ဝူကျိကျွန်းသည် အနောက်မြောက်ဘက် မိုင်ရှစ်သိန်းအကွာတွင် တည်ရှိနေခြင်းဖြစ်ရာ လှေပျံ၏ အရှိန်အဟုန်ဖြင့်ဆိုပါက သုံးလအတွင်း ရောက်ရှိနိုင်သည်။ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ကိုယ်တိုင် ပျံသန်းပါက တစ်လကျော်နှင့် ရောက်ရှိနိုင်သည်။ ကျွန်းနှင့် အလှမ်း​ဝေးရာ ရောက်သည်နှင့် လှေပျံကို သိမ်းဆည်းကာ ကျင့်ကြံမှုကို ဖိနှိပ်မထားတော့ဘဲ စွမ်းအားပြည့်သုံးကာ ပျံသန်းခဲ့သည်။

ပိရှောင်ကျွန်းမှ ဝူကျိကျွန်းတလျှောက် လမ်းခရီတွင် ကျွန်းငယ်လေးများစွာ တည်ရှိနေသည်။ မိုင်ပေါင်းသောင်းချီ ခရီးနှင်ပြီးနောက် လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းကို ရှာဖွေတွေ့ရှိကာ ဆင်းသက်လိုက်သည်။ သိုလှောင်လက်စွပ်ကို နှလုံးအိမ်အတွင်း ထည့်ထားရခြင်းမှာ အလွန်အမင်း မသက်မသာ ဖြစ်စေသဖြင့် ၎င်းကို ပြန်လည်ထုတ်ယူရန် သင့်တော်သော နေရာတစ်ခု လိုအပ်နေခြင်း ဖြစ်သည်။

ဤလူသူကင်းမဲ့သော ကျွန်းမှာ အနည်းငယ် သေးငယ်ပြီး မိုင်ငါးဆယ်ခန့်သာ ကျယ်ဝန်းသည်။ ကျွန်းတစ်ခုလုံး စိမ်းလန်းစိုပြည်သော သစ်ပင်များ ဖုံးလွှမ်းနေသဖြင့် ခြေရာလက်ရာများကို ဖုံးကွယ်ရန် လွယ်ကူသည်။

ပင်လယ်နှင့် ကပ်နေသော ကမ်းပါးယံတစ်ခုပေါ်ရှိ ဂူတစ်ခုကို ရှာဖွေတွေ့ရှိပြီး ယာယီနေထိုင်ရာအဖြစ် ရွေးချယ်ကာ ဝိညာဥ်ဖုံးကွယ်အစီအရင်များ ခင်းကျင်းလိုက်သည်။ အသင့်ဖြစ်သည်နှင့် နှလုံးအိမ်တွင်းရှိ သိုလှောင်လက်စွပ်ကို ပြန်လည်ထုတ်ယူလိုက်သည်။

ထို့နောက် ချင်ယန်တောင် လျှို့ဝှက်နယ်မြေမှ ရရှိခဲ့သော ပစ္စည်းများကို စတင်စစ်ဆေးတော့သည်။ ပထမဆုံးအနေဖြင့် သွေးနီရောင်တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။ ထိုတံတိပ်ပြားများသည် ရှေးဟောင်းခေတ် မြင့်မြတ်သွေးတံခါးဂိုဏ်း၏ အမွေအနှစ် ဖြစ်သောကြောင့် တန်ဖိုးကြီးမည်မှာ ကျိန်းသေပင်။

ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ဤတံဆိပ်ပြားသည် သက်စောင့်မှော်ရတနာတစ်ခု ဖန်တီးပုံနည်းစနစ်ကို မှတ်တမ်းတင်ထားကြောင်း သိရှိလိုက်ရသည်။ ထိုသက်စောင့်မှော်ရတနာကို သွေးပင်လယ်တံဆိပ်တော်ဟု ခေါ်ဆိုသည်။ သွေးပင်လယ်တံဆိပ်တော်ကို ဖန်တီးရသည့် လုပ်ငန်းစဥ်မှာ အလွန်အမင်း သွေးစွန်းပြီး ရက်စက်ကြမ်းကြုတ်လှသည်။ သန့်စင်မှုလုပ်ငန်စဥ်တိုင်းတွင် များပြားလှသော သက်ရှိ သတ္တဝါများ၏သွေးဖြင့် သန့်စင်ရန် လိုအပ်သည်။ သုံးစွဲသော သွေးပမာဏ များပြားလေလေ၊ သွေးပင်လယ်တံဆိပ်တော်၏ စွမ်းအား ပိုမိုပြင်းထန်လေလေ ဖြစ်သည်။

မှော်ရတနာကို မဖန်တီးမီ သက်ရှိသတ္တဝါများ၏ သွေးများကို သန့်စင်ပြီး ကျိုချက်ရမည် ဖြစ်သည်။ ဤလုပ်ငန်းစဥ်မှာ အချိန်နှင့် လုပ်အားများစွာ ပေးရပြီး သူတစ်ပါးကို လုံးဝ လွှဲအပ်၍မရနိုင်ပေ။ ထို့နောက်တွင် ကျင့်ကြံသူသည် သန့်စင်ပြီးသော သွေးများကို မိမိ၏ ဝိညာဥ်စွမ်းအားနှင့် ပေါင်းစပ်ကာ သွေးပင်လယ်သန္ဓေသားတစ်ခု ဖန်တီးရမည် ဖြစ်သည်။

ဤအဆင့်သည် လုပ်ငန်းစဥ်တစ်ခုလုံးတွင် အရေးကြီးဆုံးနှင့် အန္တရာယ်အရှိဆုံး အပိုင်း ဖြစ်ပေသည်။ ဤအဆင့်အတွင်း ကျင့်ကြံသူသည် မိမိ၏ စိတ်အာရုံကို သွေးပင်လယ်သန္ဓေသားအတွင်းသို့ နှစ်မြှုပ်ထားရမည်ဖြစ်ပြီး ၎င်းနှင့် ဝိညာဥ်ချိတ်ဆက်မှုတစ်ခု တည်ဆောက်ရမည် ဖြစ်သည်။ သွေးပင်လယ်သန္ဓေသားကို ရေတွက်၍ မရနိုင်သော သက်ရှိများ၏ သွေးများဖြင့် ဖန်တီးထားခြင်းဖြစ်ရာ ထိုသက်ရှိများ၏ နာကျည်းမှု အာဃာတများ ကျန်ရှိနေဆဲ ဖြစ်သည်။ ထိုနာကျည်းနေသော ဝိညာဥ်ဆိုးများ စုစည်းမိသွားသောအခါ ကြောက်မက်ဖွယ် စိတ်ဝိညာဥ်ညစ်ညမ်းမှုတစ်ခုကို ဖန်တီးလိမ့်မည် ဖြစ်သည်။ အနည်းငယ်မျှ မှားယွင်းသွားသည်နှင့် ထိုဝိညာဥ်ဆိုးများ၏ တုံ့ပြန်တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်ပြီး အဆုံးမဲ့ငရဲတွင်းထဲသို့ ကျရောက်ပြီး ဝိညာဥ်ပင်မကျန် ပျက်သုဥ်းသွားစေလိမ့်မည်။

နောက်ဆုံးတွင် ရှားပါးသော ဝိညာဥ်ပစ္စည်းအချို့ကို စုဆောင်းကာ အထူးထုံးတမ်းစဥ်လာ နည်းစနစ်များကို အသုံးပြုပြီး သွေးပင်လယ်တံဆိပ်တော်ကို ပေါင်းစည်းရမည် ဖြစ်သည်။

စုန်ဝမ်သည် အခက်ခဲဆုံးဖြစ်သော ပထမအဆင့်နှစ်ခုမှာ သူ့အတွက် အလွယ်ကူဆုံးဖြစ်နေကြောင်း တွေ့ရှိလိုက်သည်။ သူ့အနေဖြင့် အခြားသူများ၏ သွေးအဆီအနှစ်ကို တိုက်ရိုက်သောက်သုံးသန့်စင်ပြီး၊ မိမိ၏သွေးအဆီအနှစ်နှင့် ပေါင်းစပ်နိုင်သဖြင့် ဝိညာဥ်ဆိုးများ၏ တုံ့ပြန်တိုက်ခိုက်ခြင်း အန္တရာယ်မရှိဘဲ သန့်စင်ခြင်းလုပ်ငန်းစဥ်ကို အောင်မြင်စွာ ပြီးဆုံးစေနိုင်သည်။

တစ်ခုတည်းသော စိန်ခေါ်မှုမှာ ရှားပါးဝိညာဥ်ပစ္စည်းများကို စုဆောင်းရမည့်ကိစ္စပင် ဖြစ်သည်။ ​သွေးပင်လယ်တံဆိပ်တော် ဖန်တီးမည့်ကိစ္စမှာ အချိန်များစွာ ယူရမည်ဖြစ်သဖြင့် အလောတကြီးလုပ်ရန် မလိုအပ်ပေ။

စုန့်ဝမ် သွေးနီရောင်တံဆိပ်ပြားကို ပြန်သိမ်းပြီး သွေးကျောက်ပြားကို ထုတ်ယူလိုက်သည်။ အလောင်းကျင်းမှ ရရှိခဲ့သော ထိုကျောက်ပြားတွင် များပြားလှသော သွေးအဆီအနှစ်များ ပါဝင်နေသဖြင့် သွေးပင်လယ်တံဆိပ်တော် ဖန်တီးရာတွင် အသုံးပြုနိုင်သည်။ သက်ရှိများကို လိုက်လံသတ်ဖြတ်ပြီး သွေးအဆီအနှစ်ကို ရယူရန် မလိုအပ်တော့ပေ။

ထို့နောက် ရှင်းလီယန်၏ သိုလှောင်လက်စွပ်မှ ရရှိခဲ့သော ပစ္စည်းများကို စတင်စစ်ဆေးတော့သည်။ ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် ရှင်းလီယန်၏ သိုလှောင်လက်စွပ်ကို လွှင့်ပစ်ခဲ့ပြီး အတွင်းရှိ ပစ္စည်းအားလုံးကို ကိုယ်ပိုင်သိုလှောင်လက်စွပ်အတွင်း ပြောင်းရွှေ့ထားခဲ့ပြီးသား ဖြစ်သည်။

ရှင်းမိသားစု၏ ဆက်ခံသူလောင်းလျာဖြစ်သော ရှင်းလီယန်၏ ပိုင်ဆိုင်မှုများမှာ အလွန်အမင်း ကြွယ်ဝလှပြီး အဆင့်မြင့်ဝိညာဥ်ကျောက် နှစ်ရာကျော်၊ ဆေးလုံးများ၊ မှော်ရတနာများ ပါဝင်သည်။ သွေးပင်လယ်တံဆိပ်တော် ဖန်တီးရန် လိုအပ်သော ပစ္စည်းအချို့ပင် ပါဝင်နေသည်။

ရှင်းလီယန်၏ သက်စောင့်မှော်ရတနာဖြစ်သော ရေခဲအလင်းမှန်မှာမူ သိပ်အသုံးဝင်ခြင်း မရှိ၊ သက်စောင့်မှော်ရတနာဆိုသည်မှာ ပိုင်ရှင်နှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေခြင်းဖြစ်ပြီး သာမန်ရတနာများထက် ပိုမိုစွမ်းအားကြီးသော်လည်း ပိုင်ရှင် သေဆုံးပြီးနောက် အခြားသူများက ပြန်လည်သန့်စင်လျှင်ပင် စွမ်းအားအစစ်အမှန်ကို အပြည့်အဝ ထုတ်ဖော်ရန် မဖြစ်နိုင်သလောက် ခက်ခဲလှသည်။ ထို့ကြောင့် တန်ဖိုးနည်းနည်းနှင့် ရောင်းချလိုက်ရုံသာ ရှိပေသည်။

ရှင်းလီယန်၏ ပိုင်ဆိုင်မှုများထဲမှ ခံစစ်မှော်ရတနာတစ်ခုကို ရှာဖွေတွေ့ရှိသဖြင့် စုန့်ဝမ် ဝမ်းသာသွားသည်။ လက်ရှိ ပိုင်ဆိုင်ထားသော ​ဝိညာဥ်ရတနာများမှာ အနည်းငယ် အဆင့်နိမ့်နေသဖြင့် ရွှေအမြုတေအဆင့် တက်ရောက်ပြီးတည်းက သုံးစွဲရ အဆင်မပြေ ဖြစ်နေသည်။ သံပေလွှာပုံသဏ္ဌာန်ရှိသော ထိုမှော်ရတနာကို အရပ်ဆယ်မျက်နှာမြေပုံဟု ခေါ်သည်။ ၎င်းသည် အလယ်အလတ်အဆင့် မှော်ရတနာတစ်ခု ဖြစ်ပြီး အသက်သွင်းလိုက်ပါက ခံစစ်အတားအဆီးတစ်ခုကို ဖန်တီးပေးနိုင်သည်။ ထိုအတားအဆီး၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ကျင့်ကြံသူ၏ စိတ်အလိုအတိုင်း ထိန်းညှိပြောင်းလဲနိုင်သည်။ သို့သော်လည်း အတားအဆီး ကြီးမားလေလေ၊ ကုန်ဆုံးမည့် ဝိညာဥ်စွမ်းအား ပမာဏ ပိုမိုများပြားလေလေ ဖြစ်ပေသည်။

……..

တစ်လကျော်ကြာပြီးနောက် စုန့်ဝမ် ဝူကျိကျွန်းသို့ ရောက်ရှိလာခဲ့သည်။

ဝူကျိကျွန်းသည် အချင်း မိုင်နှစ်ထောင်၊ သုံးထောင်ခန့်သာရှိ၍ သိပ်ပြီး ကြီးမားလှသည်တော့ မဟုတ်ပေ။ ၎င်းကျွန်းမကြီး၏ ပတ်ပတ်လည်တွင် ကျွန်းငယ်အမြောက်အမြား ဝန်းရံလျက်ရှိပြီး အားလုံးမှာ ဝူကျိကျွန်း၏ အုပ်ချုပ်မှုအာဏာစက်အောက်တွင် တည်ရှိကြသည်။

စုန့်ဝမ်သည် ဝူကျိကျွန်း၏ ဗဟိုချက်မဖြစ်သော အရိပ်မြို့တော်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာမှာ ဝူကျိကျွန်း၏ အတွင်းစည်းတပည့်များ ကျင့်ကြံရာ အရပ်ဖြစ်သလို၊ ဝူကျိကျွန်းနှင့် အနီးနားရှိ ကျွန်းစုများတွင် အကြီးမားဆုံးသော အရောင်းအဝယ်ဈေးကွက်ကြီးလည်း ဖြစ်သည်။ စုန့်ဝမ်သည် စည်ကားလှသော လမ်းမများအတိုင်း လျှောက်လှမ်းရင်း ဆိုင်ခန်းအသီးသီးတွင် ခင်းကျင်းပြသထားသည့် ဝိညာဥ်ပစ္စည်းမျိုးစုံကို လှည့်လည်ကြည့်ရှုနေခဲ့သည်။ အရိပ်မြို့တော်အတွင်း၌ နတ်ဆိုးလမ်းစဥ် ကုန်ကြမ်းပစ္စည်းမျိုးစုံကို နေရာအနှံ့ တွေ့မြင်နိုင်ပြီး တတိယအဆင့် ဝိညာဥ်ပစ္စည်းများပင် အမြောက်အမြား ရှိနေသည်။ လမ်းမှန်ဂိုဏ်းများ၏ စည်းကမ်းကြီးလှသော ဖန်မြို့တော်နှင့် နှိုင်းယှဥ်ပါက နတ်ဆိုးလမ်းစဥ်ဂိုဏ်းများ၏ အခြေပြုရာ အရိပ်မြို့တော်သည် ကန့်သတ်ချက်များ သိပ်မရှိဘဲ ပိုမိုလွတ်လပ်စွာ လှုပ်ရှားကြသည်။ မည်သည့်ဝိညာဥ်ပစ္စည်းကိုမဆို လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရှိကြသည်။ အဆင့်မြင့် ဝိညာဥ်ပစ္စည်းများအပေါ် ချုပ်ကိုင်မှု လျော့နည်းသဖြင့် လေလွင့်ကျင့်ကြံသူများအတွက် ပိုမိုအဆင်ပြေစေသည်။

စျေးကို ဖြတ်သန်းပြီးနောက် စုန့်ဝမ်သည် ဝူကျိကျွန်း၏ အာဏာဗဟိုချက်ဖြစ်သော အလောင်းဘုရင်ချိုင့်ဝှမ်းသို့ ရောက်ရှိလာခဲ့တော့သည်။ အလောင်းဘုရင်ချိုင့်ဝှမ်းသည် မိုင်ပေါင်း တစ်ဒါဇင်ခန့် ကျယ်ဝန်းပြီး ကြောက်မက်ဖွယ်ရာ သေခြင်းတရားအော်ရာနှင့် အလောင်းချီများ ဖုံးလွှမ်းလျက်ရှိသည်။ ချိုင့်ဝှမ်းအတွင်း၌ သစ်ပင်ပန်းမာန်တစ်ပင်မျှ မပေါက်ဘဲ ခြောက်သွေ့ပြောင်တလင်းခါနေကာ တိတ်ဆိတ်အေးစက်သော သေခြင်းအငွေ့အသက်များသာ ပြည့်နှက်နေသည်။

ချိုင့်ဝှမ်းပတ်ပတ်လည်ရှိ တောင်ကုန်းငယ်များပေါ်တွင် အတွင်းစည်းတပည့်များ၏ နေအိမ်များ ရှိကြပြီး ပြင်ပလူများ တက်ရောက်ခွင့်ကို တင်းကျပ်စွာ တားမြစ်ထားသည်။ ချိုင့်ဝှမ်းအတွင်း၌မူ ဝူကျိကျွန်း၏ အဖွဲ့အစည်းအသီးသီး၏ ခန်းမဆောင်များ တည်ရှိကြသည်။ စုန့်ဝမ်သည် ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ပြီး အတန်ကြာ လျှောက်လှမ်းပြီးနောက် အနက်ရောင် အဆောက်အအုံကြီးတစ်ခု ရှေ့သို့ ရောက်ရှိလာသည်။ ထိုအဆောက်အအုံပေါ်တွင် ပြင်ပရေးရာနန်းဆောင်ဟူသော ကြီးမားသည့် စာလုံးကြီးသုံးလုံးကို ထွင်းထုထားသည်။

ပြင်ပရေးရာနန်းဆောင်တွင် အလွှာသုံးလွှာ ရှိပြီး၊ ၎င်းတို့မှာ ကျင့်ကြံခြင်းအဆင့် သုံးဆင့်ဖြစ်သည့် ချီစုစည်းခြင်းအဆင့်၊ အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့်တို့ဖြင့် ခွဲခြားထားသည်။ စုန့်ဝမ် တတိယအလွှာသို့ တိုက်ရိုက် တက်လာခဲ့သည်။ ပထမအလွှာတွင် လူများ ပြည့်နှက် စည်ကားနေသော်လည်း တတိယအလွှာမှာမူ တိတ်ဆိတ်ခြောက်ကပ်နေပြီး၊ စာပွဲခုံတစ်ခုပေါ်တွင် မှေးစက်နေသော အခြေတည်အဆင့် ကျင့်ကြံသူလူငယ်တစ်ဦးသာ ရှိနေသည်။

စုန့်ဝမ် ရောက်ရှိလာသည်ကို သတိပြုမိသည်နှင့် ထိုကျင့်ကြံသူလူငယ်သည် ဝိညာဥ်အာရုံဖြင့် ချက်ချင်း စစ်ဆေးပြီးနောက် ရိုသေလေးစားစွာဖြင့် ခရီးဦးကြိုပြုလာသည်။

“အတွင်းစည်းတပည့်ကျင့်ခိုင် စီနီယာကို ဂါရဝပြုပါတယ်”

စုန့်ဝမ်သည် မိမိ၏ရုပ်သွင်ကို အနည်းငယ်သာ ပြောင်းလဲထားပြီး ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်မထားဘဲ ရွှေအမြုတေ အစောပိုင်းအဆင့်အော်ရာကို တိုက်ရိုက် ထုတ်ဖော်ပြသထားခြင်း ဖြစ်သည်။ ဖန်ကျူးကျွန်းပေါ်ရှိ အတွေ့အကြုံများအရ ကျင့်ကြံသူများသည် မတူညီသော အဆင့်အတန်းအလိုက် ကွဲပြားခြားနားသော ဆက်ဆ့ရေးမျိုး ရှိတတ်ကြောင်း သူ နားလည်ထားသည်။ မိမိ၏ ကျင့်ကြံမှုကို လျင်မြန်စွာ မြှင့်တင်ရန်နှင့် အင်အားတိုးတက်စေရန်အတွက် စုန့်ဝမ်အနေဖြင့် တတိယအဆင့် ဝိညာဥ်ဆေးဝါးများနှင့် ကုန်ကြမ်းပစ္စည်းမျိုးစုံ လိုအပ်သည်။ အကယ်၍ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် ဟန်ဆောင်ထားပါက ပိုမိုဘေးကင်းနိုင်သော်လည်း တတိယအဆင့် ဝိညာဥ်ပစ္စည်းများ ရရှိနိုင်ရန် လက်လှမ်းမီတော့မည် မဟုတ်ပေ။

စုန့်ဝမ်က မောက်မာသောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ နတ်ဆိုးကျင့်ကြံသူများသည် များသောအားဖြင့် မောက်မာကြမ်းတမ်းပြီး အဆင့်နိမ့်ကျင့်ကြံသူများကို အရေးစိုက်လေ့မရှိကြချေ။ နတ်ဆိုးလမ်းစဥ်နယ်မြေသို့ ရောက်ရှိနေသဖြင့် စုန့်ဝမ်သည်လည်း ရေမြေဒေသအလိုက် လိုက်လျောညီထွေ နေထိုင်ရန် ဆုံးဖြတ်ထားခြင်းပင်။ အလွန်အမင်း နှိမ့်ချနေပါက မလိုအပ်သော အာရုံစိုက်မှုများနှင့် ပြဿနာများကိုသာ ဖိတ်ခေါ်သလို ဖြစ်ပေလိမ့်မည်။

…………………

All Chapters