← Chapters

ဝူကျိကျွန်းအကြောင်း လေ့လာခြင်း

Vol. 32 Ch. 330

ဝူကျိကျွန်းအကြောင်း လေ့လာခြင်း

Vol. 32 Ch. 330

“ဂိုဏ်းတာဝန်တွေကို ဘယ်နေရာမှာ လက်ခံရယူနိုင်မလဲ”

“ပြင်ပရေးရာနန်းဆောင်ရဲ့ အရှေ့ဘက် သုံးမိုင်အကွာမှာရှိတဲ့ တာဝန်ရေးရာနန်းဆောင်မှာ ရယူနိုင်ပါတယ်”

စုန့်ဝမ်သည် နှုတ်ဆက်၍ ထွက်ခွာရန် ပြင်လိုက်စဥ် ကျင့်ခိုင်၏ အသံကို ထပ်မံကြားလိုက်ရပြန်သည်။

“စီနီယာ... စီနီယာက ဆေးဖော်စပ်သူတစ်ယောက်လား”

အစောပိုင်းက စုန့်ဝမ်သည် ဝိညာဥ်ငါးပါးဆေးလုံးများကို မိမိကိုယ်တိုင် ဖော်စပ်ထားခြင်းဖြစ်ကြောင်း ပြောခဲ့သည် မဟုတ်ပါလား။

“မှန်တယ်... ငါက ဆေးဖော်စပ်သူတစ်ယောက်ပါ။ တစ်ခုခု အကြံပြုချင်လို့လား”

“အကြံပြုဝံ့ပါဘူးဗျာ... ဒါပေမဲ့ စီနီယာက ဆေးဖော်စပ်သူဆိုရင် ဆေးဖော်စပ်ခြင်းနဲ့ ပတ်သက်တဲ့ တာဝန်တွေကို ပိုပြီး ဂရုစိုက်ကြည့်ဖို့ ပြောချင်တာပါ။ အဲဒီတာဝန်တွေက အကျိုးအမြတ် များပြားသလို ဘာအန္တရာယ်မှလည်း မရှိပါဘူး”

“ကျေးဇူးတင်ပါတယ်... ငါ သွားလိုက်ပါဦးမယ်”

စုန့်ဝမ် ပြင်ပရေးရာနန်းဆောင်မှ ထွက်ခွာပြီး တာဝန်ရေးရာနန်းဆောင်ဆီသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။

တာဝန်ရေးရာနန်းဆောင်ဆိုသည်မှာ အဆောက်အအုံတစ်ခု မဟုတ်ဘဲ ကွင်းပြင်ကျယ်ကြီးတစ်ခု ဖြစ်သည်။ ၎င်းကွင်းပြင်၏ ဗဟိုချက်မ ကောင်းကင်ယံတွင် ဧရာမ ပုရပိုက်စာလိပ်ကြီး ကိုးခု ပျံဝဲလျက်ရှိသည်။ စာလိပ်ကြီးများပေါ်တွင် တာဝန်မျိုးစုံကို ရေးထားသည်။

၎င်းတာဝန်များကို အဆင့်ကိုးဆင့် ခွဲခြားထားသည်။ ပထမအဆင့်မှာ အလွယ်ကူဆုံးဖြစ်ပြီး ချီစုစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများ ပြီးမြောက်နိုင်သော တာဝန်များ ဖြစ်ကြသည်။ ကိုးခုမြောက်အဆင့်မှာမူ အခက်ခဲဆုံးဖြစ်ပြီး အနည်းဆုံး ရွှေအမြုတေအဆင့် ကျင့်ကြံမှု ရှိမှသာ လက်ခံရယူနိုင်သည်။ တာဝန်တစ်ခုချင်းစီတွင် ၎င်းတို့နှင့် ကိုက်ညီသော အကျိုးအမြတ်များနှင့် ထောက်ပံ့အမှတ်များကိုပါ ဖော်ပြထားသည်။ ဆုလာဘ်များသည် ဝိညာဥ်ကျောက်တုံးများသာမက ဆေးလုံးများ၊ ဝိညာဥ်ဆေးဝါးများနှင့် မှော်လက်နက်မျိုးစုံလည်း ဖြစ်နိုင်သည်။

တာဝန်ပေးအပ်ရေးနန်းဆောင်တွင် တာဝန်များကို လက်ခံရယူနိုင်သလို မိမိကိုယ်တိုင်လည်း တာဝန်များကို ထုတ်ပြန်တင်ပြနိုင်သည်၊ သို့သော် တာဝန်ထုတ်ပြန်ရန်အတွက် ဆုလာဘ် သို့မဟုတ် ထောက်ပံ့မှုအမှတ်များ ပေးအပ်ရမည်ဖြစ်ပြီး သတ်မှတ်ပမာဏကို ဝူကျိကျွန်းက ကော်မရှင်ခအဖြစ် ဖြတ်တောက်ယူမည် ဖြစ်သည်။

ကွင်းပြင်ကျယ်ကြီးအတွင်း၌ လူပေါင်း ထောင်ချီ၍ စုဝေးနေကြသည်။ စုန့်ဝမ်သည် ကွင်းပြင်၏ အစွန်းတစ်နေရာတွင် ရပ်တန့်လျက် အဆင့် ၇၊ ၈ နှင့် ၉ အဆင့်ရှိ စာလိပ်ကြီးများကို ဝိညာဥ်အာရုံဖြင့် လှည့်လည်ကြည့်ရှုနေခဲ့သည်။ ၎င်းစာလိပ်များပေါ်တွင် တာဝန်အရေအတွက် နည်းပါးပြီး အများစုမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ လိုအပ်သော ပစ္စည်းများနှင့် သက်ဆိုင်ကြကာ၊ အဆင့် ၉ တာဝန်အချို့တွင်မူ စတုတ္ထအဆင့် ဝိညာဥ်ပစ္စည်းများပင် ပါဝင်နေသည်။

စုန့်ဝမ်သည် တာဝန်တစ်ခုချင်းစီကို သေချာစွာ လေ့လာစစ်ဆေးနေခဲ့သည်။ တာဝန်မယူချင်လျှင်ပင် အမြင်ကျယ်စေရန်အတွက် အဖိုးတန်သော အခွင့်အရေးများ ဖြစ်ကြသည်။ တာဝန်များသည် ထူးဆန်းဆန်းပြားပြီး မျိုးစုံလှသည်။ အချို့မှာ ဆေးလုံးများ သို့မဟုတ် ဝိညာဥ်ပစ္စည်းများ ဝယ်ယူခြင်း၊ အချို့မှာ ကိုယ်ခံပညာ သို့မဟုတ် လျှို့ဝှက်နည်းစနစ်များ ရှာဖွေခြင်း၊ အချို့မှာ အဖွဲ့လိုက် ရတနာရှာဖွေခြင်းနှင့် အချို့မှာ ဆေးဖိုများကို ရှာဖွေခြင်းမျိုး ဖြစ်ကြသည်။ အချို့သော တာဝန်များသည် အချိန်ကြာမြင့်စွာကပင် တင်ထားခဲ့သော်လည်း မည်သူမျှ လက်ခံခြင်း မရှိကြသေးချေ။

စုန့်ဝမ်သည် စိတ်ဝင်စားဖွယ် တာဝန်အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

ကျင်ယုဆေးလုံး ၁၀၀ ဝယ်ယူရန်၊ ဆုလာဘ် အဆင့်နိမ့်ဝိညာဥ်ကျောက် ၄၀၀၀၀ နှင့် ထောက်ပံ့မှုအမှတ် ၁၀၀၀၀။

ရွှေအမြုတေဆေးလုံး ဝယ်ယူရန်၊ ဆုလာဘ် အဆင့်မြင့်ဝိညာဥ်ကျောက် ၃၅ တုံး နှင့် ထောက်ပံ့မှုအမှတ် ၁၀၀၀၀၀။

ဟွမ်ချွမ်အဆိပ်မီးလျှံ ဝယ်ယူရန်၊ ဆုလာဘ်- အဆငမြင့့််ဝိညာဥ်ကျောက် ၅၀ သို့မဟုတ် မြေလျှိုးကြာပန်း။

သွေးကျောက်စိမ်းသန္တာ ဝယ်ယူရန်၊ ဆုလာဘ်- အဆင့်နိမ့်ဝိညာဥ်ကျောက်တုံး ၁၀၀၀၀၀ နှင့် ထောက်ပံ့မှုအမှတ် ၂၀၀၀၀။

မျက်လုံးကျင့်စဥ်နည်းစနစ် ဝယ်ယူရန်၊ ဆုလာဘ်- အဆငမြင့့််ဝိညာဥ်ကျောက် ၃၀ သို့မဟုတ် ယင်သုံးသွယ်မီးလျှံအဆိပ်။

စုန့်ဝမ် ဤတာဝန်များကို စိတ်ဝင်စားရခြင်း အကြောင်းရင်းမှာ ပထမတာဝန်နှစ်ခုသည် သူ ပြီးမြောက်အောင် ထမ်းဆောင်နိုင်သော တာဝန်များ ဖြစ်ကြသောကြောင့် ဖြစ်ပြီး၊ မြေလျှိုးကြာပန်းသည် သွေးပင်လယ်စည်းတံဆိပ်ကို သန့်စင်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းဖြစ်ကာ၊ သွေးကျောက်စိမ်းသန္တာသည် အလောင်းကျိန်စာရေအတွက် လိုအပ်သော ဝိညာဥ်ဆေးအမယ် ဖြစ်သောကြောင့်ပင်။ သို့သော် ဟွမ်ချွမ်အဆိပ်မီးလျှံ မရှိသဖြင့် မြေလျှိုးကြာပန်းနှင့် လဲလှယ်ရန် မဖြစ်နိုင်ချေ။ သွေးကျောက်စိမ်းသန္တာမှာမူ အခြားလူတစ်ဦးက ရှာဖွေနေခြင်း ဖြစ်သဖြင့် ရယူနိုင်ရန် မဖြစ်နိုင်သေးချေ။

နောက်ဆုံးတာဝန်ကို စိတ်ဝင်စားရခြင်းမှာ မည်သည့် အဆိပ်မီးလျှံမျိုးကိုမျှ မသန့်စင်ရသေးသဖြင့် နတ်ဆိုးတစ္ဆေစာလိပ်ကို ကျင့်ကြံရာတွင် အရာမထင် ဖြစ်နေသောကြောင့် ဖြစ်သည်။ ယင်သုံးသွယ်မီးလျှံအဆိပ်သည် လောလောဆယ် လိုအပ်ချက်နှင့် ကိုက်ညီနေသည်။ သို့သော် မျက်လုံးကျင့်စဥ်နည်းစနစ် မရှိသဖြင့် ၎င်းတာဝန်ကို မပြီးမြောက်နိုင်ချေ။

သို့သော် အချည်းနှီးတော့ မဟုတ်ချေ။ ဤနေရာတွင် လောလောဆယ် အသုံးမလိုသေးသော အရာများကို အသုံးပြု၍ လိုအပ်သော ပစ္စည်းများနှင့် လဲလှယ် ကုန်သွယ်နိုင်သည် မဟုတ်ပါလား။

စုန့်ဝမ်သည် စိတ်ဝင်စားစာရာအချို့ တွေ့ခဲ့သော်လည်း တာဝန်တစ်ခုကိုမျှ လက်ခံရယူခြင်း မပြုခဲ့ပေ။ ဝူကျိကျွန်းသို့ အခုမှ စတင်ရောက်ရှိလာခြင်းဖြစ်ပြီး ကျွန်းပေါ်ရှိ အခြေအနေများကို ရေရေရာရာ မသိရှိသေးချေ။ ဆုံးဖြတ်ချက် မချမှတ်မီ အမျိုးမျိုးသော ဝိညာဥ်ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများကို ဦးစွာ စုံစမ်းရဦးမည်၊ ကတုံးပေါ်ထိပ်ကွက် လုပ်ခံရမည့်ဘေးမှ လွတ်လိမ့်မည်။

စုန့်ဝမ် အလောင်းဘုရင်ချိုင့်ဝှမ်းမှ ထွက်ခွာခဲ့ပြီး အရိပ်မြို့တော်ဈေးအတွင်း လှည့်လည်သွားလာခဲ့သည်။ စျေးအတွင်းမှ ဝူကျိကျွန်း၏ မြေမျက်နှာသွင်ပြင်မြေပုံတစ်ခုနှင့် ပတ်ဝန်းကျင်ပင်လယ်ပြင်၏ ရေကြောင်းပြမြေပုံတစ်ခုကို ဝိညာဥ်ကျောက်တုံး ၂၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

ညနေစောင်းချိန် ရောက်သောအခါ စုန့်ဝမ် ကျိယင်ကျွန်းဆီသို့ ဦးတည်ပျံသန်းခဲ့တော့သည်။ မိုင်လေးသောင်းခရီးကို နှစ်နာရီခန့်သာ အချိန်ယူခဲ့ရသည်။ ကျိယင်ကျွန်းသည် လဆန်းပုံသဏ္ဍာန်ရှိပြီး မတ်စောက်သော မြေမျက်နှာသွင်ပြင်များနှင့် ပင်လယ်ပြင်ထဲမှ ထိုးထွက်နေသော ကျောက်ဆောင်ကမ်းပါးယံများ ရှိသည်။ ကျွန်းပေါ်တွင် ဝိညာဥ်စွမ်းအင်များ ထူထပ်စွာ တည်ရှိနေပြီး တောအုပ်ကြီးများ ဖုံးလွှမ်းလျက် သက်ရှိသတ္တဝါများဖြင့် စည်ကားနေသည်။ ကျင့်ကြံရန်အတွက်သာမက အပန်းဖြေ အနားယူရန်အတွက်ပါ သင့်တော်ကောင်းမွန်သည်။

စုန့်ဝမ်က ကျွန်းပေါ် ခြေမချမီ ကောင်းကင်ယံတွင် ပျံဝဲလျက် ကူပိုးကောင် ခြောက်ကောင်ကို စေလွှတ်လိုက်သည်။ ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးနောက် သဝိညာဥ်အာရုံသည် ၂၄ မိုင်အကွာအဝေးအထိ ကျယ်ပြန့်လာခဲ့သည်။ ကူပိုးကောင်များ၏ ကူညီထောက်ပံ့မှုဖြင့်ဆိုလျှင် ၄၈ မိုင်ပတ်လည် ဧရိယာကို လွှမ်းခြုံနိုင်ခဲ့ရာ ရွှေအမြုတေ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ကျွန်း၏ အရှည်လျားဆုံး အကွာအဝေးမှာပင် မိုင် ၇၀ ထက် မပိုသဖြင့် ကျွန်း၏ နေရာအနှံ့နီးပါးမှာ စုန့်ဝမ်၏ ဝိညာဥ်အာရုံခံစားမှုအတွင်း ရောက်ရှိနေသည်။ စစ်ဆေးနေစဥ် ကျွန်းပေါ်တွင် လူများရှိနေကြောင်း ချက်ချင်း အာရုံခံမိလိုက်သည်။ ကျွန်း၏ ဗဟိုချက်မရှိ ကမ်းပါးယံတစ်ခုပေါ်တွင် လူလုပ်ဂူအိမ်တစ်ခု ရှိနေသည်။ ထိုဂူအိမ်ကို အစီအရင်တစ်ခုဖြင့် ဖုံးကွယ်ထားပြီး ၎င်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ ဝိညာဥ်အာရုံကိုပင် လှည့်စားနိုင်လောက်အောင် အစွမ်းထက်လှသည်။

စုန့်ဝမ်ပင် ဝိညာဥ်စွမ်းအင် အကုန်ခံပြီး အားစိုက်ထိုးဖောက်မှသာ ဖောက်ထွင်းမြင်၇တော့သည်။ ဂူအိမ်အတွင်း၌ ကျင့်ကြံသူ သုံးဦး ရှိနေပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဖြစ်သည်။ ထိုအမျိုးသားမှာ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အမျိုးသမီးနှစ်ဦးမှာမူ ချီစုစည်းခြင်း အလယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြကာ ထိုသူကို ခစားရသော အစေခံမိန်းကလေးများ ဖြစ်နိုင်သည်။ ၎င်းတို့သုံးဦး ဤဂူအတွင်း၌ နေထိုင်ခဲ့သည်မှာ လအတော်ကြာနေပြီ ဖြစ်ကြောင်း ထင်ရှားသည်။ အတွင်း၌ ကျင့်ကြံခြင်းအတွက် လိုအပ်သော ပစ္စည်းမျိုးစုံ ရှိနေသလို၊ ဝိညာဥ်ဆေးပင်မျိုးစုံ စိုက်ပျိုးထားသော ဥယျာဥ်ငယ်တစ်ခုပင် ရှိနေသည်။

စုန့်ဝမ်အိမ် ဂူအိမ်၏ ဝင်ပေါက်ရှေ့တွင် ရပ်ရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဥ်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဂူကို ကာကွယ်ထားသော အစီအရင်ကို ရိုက်ခတ်မိသွားသည်။

“ဒုန်း...”

ထိုအသံမှာ နားကွဲလုမတတ် ကျယ်လောင်လှသည်။ သို့သော် ပျက်စီးမှုမှာမူ အနည်းငယ်မျှသာ ရှိသည်။ ဂူဝင်ပေါက်ရှိ ကျောက်သားအချို့သာ ပြုတ်ကျသွားခဲ့သည်။ ယခုကစပြီး ဤကျွန်းသည် သူ၏ ကိုယ်ပိုင်နယ်မြေ ဖြစ်လာတော့မည်ဖြစ်ရာ စုန့်ဝမ်အနေဖြင့် မလိုအပ်ဘဲ ဖျက်ဆီးမည် မဟုတ်၊ အတွင်းမှလူ ထွက်လာစေရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်။

ထိုအသံကြောင့် ဂူအတွင်းရှိ အမျိုးသားမှာ ထိတ်လန့်သွားခဲ့သည်။

“ဘယ်သူက ငါ ဖုန်ကွမ်းရဲ့ ဂူဗိမာန်မှာ ပြဿနာလာရှာရဲတာလဲ”

ထိုအမျိုးသား၏ ဒေါသတကြီး အော်ဟစ်သံက ပဲ့တင်ထပ်သွားသည်။ စုန့်ဝမ်၏ အားလျှော့ချထားသော တိုက်ခိုက်မှုကြောင့် ရောက်လာသူသည် အခြေတည်အဆင့်သာ ရှိလိမ့်မည်ဟု တွက်ဆပြီး အစီအရင်ကို ဖွင့်လှစ်ကာ အပြင်သို့ လှမ်းထွက်လာခဲ့သည်။

အပြင်ရောက်ပြီးနောက် နှောင့်ယှက်သူမှာ မည်သည့် လှေပျံ သို့မဟုတ် ဓားပျံ၏ ကူညီမှုမျှ မပါဘဲ ကောင်းကင်ယံတွင် ပျံဝဲနေသည်ကို မြင်လိုက်ရသည့်အခါမှ ထိတ်လန့်သွားတော့သည်။ မည်သည့် မှော်လက်နက်မျှ မပါဘဲ ပျံသန်းနိုင်ခြင်းမှာ စုန့်ဝမ်သည် ပျံသန်းခြင်းမှော်အတတ်ကို အသုံးပြုနေခြင်း သို့မဟုတ် ရွှေအမြုတေအဆင့်နှင့် အထက်ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းကြောင့်သာ ဖြစ်သည်။

ဖုန်ကွမ်း ထိတ်လန့်သွားပြီး တုန်လှုပ်ချောက်ချားစွာ နောက်သို့ ဆုတ်လိုက်မိသည်။

“ဖုန်ကွမ်း စီနီယာကို ဂါရဝပြုပါတယ်။ စောစောက ရိုင်းစိုင်းစော်ကားမှုအတွက် တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

စုန့်ဝမ်သည် မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ အေးစက်တည်ငြိမ်စွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း ဤဂူအိမ်ကို သဘောကျနှစ်ခြိုက်သည့်အလား ခေါင်းညိတ်ပြသည်။ ဂူအိမ်မှာ ကျွန်းပေါ်ရှိ သိပ်သည်းဆမြင့်သော ဝိညာဥ်စွမ်းအင်ကြောတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ ဂူပတ်ပတ်လည်တွင် သဘာဝအကာအကွယ်များ မရှိသဖြင့် အခြားလူများ ရှာဖွေတွေ့ရှိရန် လွယ်ကူနေခြင်းပင်။

စုန့်ဝမ်သည် တစ်လုံးတစ်ပါဒမျှ မပြောသော်လည်း ဖုန်ကွမ်းအပေါ် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ပေးနေခဲ့သည်။ စုန့်ဝမ်၏ နောက်ခံနှင့် ရောက်ရှိလာရသည့် ရည်ရွယ်ချက်ကို မသိရှိသဖြင့် ဖုန်ကွမ်းသည် ဘေးတစ်နေရာတွင် ဂရုတစိုက် မတ်တပ်ရပ်နေရုံသာ တတ်နိုင်ပြီး ရိုသေစွာဖြင့် ခေါင်းငုံ့နေရသည်။

“စီနီယာ... မေးပါရစေ၊ ဒီနေရာကို ဘာကိစ္စကြောင့် ကြွမြန်းလာတာလဲခင်ဗျာ...”

ခဏတာမျှကြာပြီးနောက် ဖုန်ကွမ်း မအောင့်နိုင်တော့ဘဲ မရဲတရဲ မေးလိုက်သည်။

စုန့်ဝမ်က ပြန်မဖြေ၊ ဖုန်ကွမ်းကို လုံးဝ လျစ်လျူရှုကာ ဂူဗိမာန်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

စုန့်ဝမ် ဝင်ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ အမျိုးသမီးကျင့်ကြံသူ နှစ်ဦးမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။ ထိုအမျိုးသမီးနှစ်ဦးမှာ ရုပ်ချင်း အလွန်တူညီကြပြီး အမြွှာညီအစ်မများ ဖြစ်ကြပုံရသည်။ သူတို့၏ အဝတ်အစားများမှာ အလွန်တရာ ပါးလွှာလွန်းလှပြီး မရှိသလောက်ပင် ဖြစ်ကာ သွယ်လျလှပသော ခန္ဓာကိုယ်ကို အထင်းသား မြင်နေရသည်။

အမျိုးသမီးကျင့်ကြံသူ နှစ်ဦးသည် မြေပြင်ပေါ်သို့ ရုတ်ချည်း ဒူးထောက်ချလိုက်ပြီး သူတို့၏ နဖူးများကို ကြမ်းပြင်နှင့် ထိကပ်ပြီး အရိုအသေပြုနေကြသည်။ ခန္ဓာကိုယ်များမှာ အနည်းငယ် တုန်ယင်နေကြပြီး ကြောက်ရွံ့မှုကို ဖုံးကွယ်မထားနိုင်အောင် အမူအရာ ပျက်ယွင်းနေကြသည်။ အထင်အရှား ရှိနေသည်။ သူတို့သည် ဖုန်ကွမ်း၏ နှိပ်စက်ညှင်းပန်းမှုနှင့် စော်ကားမှုများကို ခံစားခဲ့ရပုံရပြီး ၎င်းက သူတို့အား အလွန်အမင်း ကြောက်ရွံ့တတ်သူများ ဖြစ်စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

စုန့်ဝမ်က အမျိုးသမီးကျင့်ကြံသူ နှစ်ဦးကို လျစ်လျူရှုကာ ဂူဗိမာန်ကို ဆက်လက် စစ်ဆေးနေခဲ့သည်။ အပြင်ဘက်တွင်မူ ဖုန်ကွမ်းသည် ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ ဖိအားကို အောင့်အည်းခံနေရသည်။ ဂူကို စစ်ဆေးနေသော စုန့်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထွက်ပြေးရန် စိတ်ကူးကာ၊ အသာအယာ ရွေ့လျားရင်း ကမ်းပါးယံအစွန်းသို့ တဖြည်းဖြည်း နီးကပ်သွားသည်။

“နောက်ထပ် တစ်လှမ်း ထပ်လှမ်းရင် ဒီနေ့က မင်းရဲ့ နောက်ဆုံးနေ့ ဖြစ်သွားလိမ့်မယ်”

စုန့်ဝမ်က လှည့်ပင်မကြည့်ဘဲ သတိပေးလိုက်သည်။

“စီနီယာ... နားလည်မှုလွဲတာပါ။ ကျနော် ထွက်ပြေးဖို့ ရည်ရွယ်ချက် မရှိပါဘူး”

ဖုန်ကွမ်း မလှုပ်ရဲတော့ဘဲ ချက်ချင်း ပြန်ဖြေလိုက်ရသည်။ အနီးဆုံးကျွန်းက မိုင်သောင်းချီ ဝေးကွာသောနေရာတွင် ရွှေအမြုတေကျင့်ကြံသူမှာ လက်မှ ထွက်ပြေးခြင်းမှာ မိမိကိုဘ်ကို သတ်သေခြင်းပင် ဖြစ်ပေလိမ့်မည်။

“အထဲဝင်ခဲ့”

ဖုန်ကွမ်းလည်း အမိန့်နာခံပြီး ဂူအိမ်အတွင်းသို့ လှမ်းဝင်လာခဲ့သည်။

“မင်း ဘာဖြစ်လို့ ဒီကျွန်းမှာ လာပြီး ကျင့်ကြံနေရတာလဲ”

စုန့်ဝမ်က တစ်ချက်စိုက်ကြည့်ရင်း အေးစက်စက် မေးလိုက်သည်။

ဖုန်ကွမ်းသည် မျှော်လင့်ချက်အရိပ်အယောင်လေး တစ်ခုကို ဆုပ်ကိုင်ထားဆဲပင်။

“စီနီယာ... ဒီကျွန်းက ကျနော့် ကိုယ်ပိုင်ကျွန်းပါ။ ပြင်ပရေးရာနန်းဆောင်က ထုတ်ပေးထားတဲ့ အထောက်အထား ရှိပါတယ်”

“မင်းရဲ့ကျွန်း ဟုတ်လား။ မင်းပြောချင်တာ ပြင်ပရေးရာနန်းဆောင်က ကျွန်းတစ်ကျွန်းတည်းကို လူနှစ်ယောက်ဆီ ရောင်းချလိုက်တယ်လို့ ပြောတာလား”

ဖုန်ကွမ်း၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။

“စီနီယာ... ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ။ ဒီကျွန်းမှာ ပိုင်ရှင်မရှိတာလို့ ယာယီလာနေထိုင်မိတာပါ”

“ယာယီ အခြေချနေထိုင်တာ ဟုတ်လား”

..................

All Chapters