အဆက်အသွယ်ရှိလေ ပိုကောင်းလေ
Vol. 32 Ch. 331
စုန့်ဝမ်က သူ့ကို စူးစိုက်ကြည့်လိုက်သည်။ စုန့်ဝမ်သည် ဖုန်ကွမ်း၏ စကားကို မယုံကြည်ပေ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသာ ကောင်းကင်အဆင့် ကျွန်းတစ်ကျွန်းပေါ်တွင် နေထိုင်ခွင့် ရှိကြသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးက ပိုင်ရှင်မဲ့ ကောင်းကင်အဆင့်ကျွန်းကို လာရောက် သိမ်းပိုက်နေထိုင်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်သည်။
“ငါက ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ သုံးပြီး ချူချန်း ဆီကနေ ဒီလွတ်နေတဲ့ကျွန်းရဲ့ သတင်းအချက်အလက်ကို ဝယ်ယူခဲ့တာပါ။ အကယ်လို့ တစ်ယောက်ယောက်က ဒီကျွန်းကို လာပြီး သိမ်းပိုက်ဖို့ လုပ်ရင် သူက ငါ့ကို အချိန်မီ သတင်းပို့ပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့...”
ဖုန်ကွမ်းသည် ဆက်လက် ဖုံးကွယ်ထား၍ မရတော့ကြောင်း မြင်လိုက်ရသည့်အခါ အမှန်အတိုင်းသာ ပြောပြလိုက်တော့သည်။
“ချူချန်းဟုတ်လား... သူက ဘယ်သူလဲ”
စုန့်ဝမ် အနည်းငယ် အံအားသင့်သွားသည်။ ဖုန်ကွမ်း၏ စကားအရ ချူချန်းသည် ဝူကျိကျွန်းမှ ဖြစ်ပုံရသော်လည်း စုန့်ဝမ် ဝူကျိကျွန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဝယ်ယူစဥ်က ဤလူ့အကြောင်းကို ဖော်ပြထားခြင်း မရှိချေ။
“ချူချန်းက ဝူကျိကျွန်း အတွင်းစည်းအကြီးအကဲ ချူလင်ယွမ်ရဲ့ တစ်ဦးတည်းသောသားပါ။ သူက အခြေတည် အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပါ”
ချူလင်ယွမ်ကိုမူ စုန့်ဝမ် သိသည်။ စုံစမ်းထားသော သတင်းအချက်အလက်များထဲတွင် အမှန်တကယ် ဖော်ပြထားခဲ့ပြီး ထိုသူက ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
“မင်းက ချူချန်းကို ဒီလောက်အထိ ယုံကြည်တာလား။ သူက ပိုက်ဆံပဲယူပြီး ဘာမှမလုပ်ပေးမှာကို မကြောက်ဘူးလား”
“ချူချန်းက လူမှုဆက်ဆံရေးမှာ ကျွမ်းကျင်ပါတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းပါရမီက သာမန်ပဲဆိုပေမဲ့ သူက အဆက်အသွယ်တွေ များသလို၊ လုပ်ရည်ကိုင်ရည်လည်း ရှိတော့ ဝူကျိကျွန်း အတွင်းစည်းမှာ အတိုင်းအတာတစ်ခုထိ သြဇာကြီးပါတယ်။ ဒါကြောင့်ပဲ လွတ်နေတဲ့ကျွန်းတွေရဲ့ သတင်းအချက်အလက်တွေ ရယူပြီး ရောင်းချနိုင်တာပါ။ ပြီးတော့ သူ ဘယ်တုန်းကမှ အမှားအယွင်း ရှိခဲ့တယ်လို့ မကြားဖူးပါဘူး”
ထိုသို့ပြောနေစဥ်အတွင်း ဖုန်ကွမ်း၏ အကြည့်က ဂူ၏ ထောင့်တစ်နေရာဆီသို့ ရွှေ့လျားသွားခဲ့သည်။ ထိုနေရာတွင် ပန်းကန်ပြားအရွယ်အစားခန့်ရှိ ကျောက်စိမ်းပြားတစ်ခုကို ထားရှိထားသည်။ ၎င်းက ကြယ်စုတန်းအစီအရင် ဖြစ်သော်လည်း ထိခိုက်ပျက်စီးထားပုံရသည်။ ကျင့်ခိုင် ပြောခဲ့သလိုမျိုး ကျွန်းပေါ်တွင် ပိုင်ရှင်ရှိကြောင်း အသိပေးသည့် သတိပေးအလင်းတန်းများ တောက်ပနေခြင်းမျိုး မရှိချေ။ ယခုအခါတွင် ကျောက်စိမ်းပြားမှာ အနည်းငယ် တုန်ခါနေသည်။ သတင်းပို့ချက်တစ်ခု ဝင်လာသည့်သဘောပင်။
ကြယ်စုတန်းအစီအရင်သည် မိုင်တစ်သိန်းအထိ အဝေးသတင်းပို့ခြင်းကို လုပ်ဆောင်နိုင်သော်လည်း သတင်းပို့ကျောက်စိမ်းပြားများနှင့် နှိုင်းယှဥ်ပါက ၎င်း၏ လည်ပတ်မှုစနစ်က ပိုမိုရှုပ်ထွေးလှသည်။ ပထမဦးစွာ၊ အစီအရင်၏ တည်ဆောက်ပုံမှာ ခက်ခဲပြီး ကြယ်တာရာများ၏ တည်နေရာကို ရှုပ်ထွေးစွာ တွက်ချက်ရသဖြင့် အချိန်ကုန်ပြီး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်စေသည်။ ဒုတိယအနေဖြင့်၊ ဤအစီအရင်ကို ပင်မအစီအရင်နှင့် အခွဲအစီအရင်များဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ ပင်မအစီအရင်က အခွဲအစီအရင် အမြောက်အမြားနှင့် ချိတ်ဆက်ထားပြီး ၎င်းတို့အားလုံးနှင့် ဆက်သွယ်နိုင်သည်။ စုန့်ဝမ်၏ လက်ထဲတွင် ရှိနေသော အစီအရင်မှာမူ အခွဲအစီအရင်ဖြစ်ပြီး ၎င်းက ပင်မအစီအရင်နှင့်သာ ဆက်သွယ်နိုင်ကာ တခြားသော အခွဲအစီအရင်များနှင့် ဆက်သွယ်၍ မရနိုင်ချေ။ နောက်ဆုံးအနေဖြင့်၊ သတင်းအချက်အလက် ပေးပို့ခြင်းတွင် အချိန်ကြန့်ကြာမှု ရှိသည်။ အကွာအဝေး ပိုမိုဝေးကွာလေလေ၊ သတင်းရောက်ရှိရန် အချိန် ပိုမိုကြာမြင့်လေလေ ဖြစ်သည်။ နှစ်ဖက်စလုံး မိုင်တစ်သိန်း ကွာဝေးနေသည့်အခါ သတင်းစကားကို လက်ခံရရှိရန် ၁၅ မိနစ်မက အချိန်ယူရသည်။
ဖုန်ကွမ်းသည် တုန်ခါနေသော ကျောက်စိမ်းပြားကို မကျေနပ်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။ ဤကြယ်စုတန်းအစီအရင်၏ အခြားတစ်ဖက်မှာ ချူချန်းနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ချူချန်းက သူ့အား ကျွန်းတွင် ပိုင်ရှင်အသစ် ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ချက်ချင်း ထွက်ခွာရန် သတင်းပို့လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သတင်းစကားက နောက်ကျသွားခဲ့ချေပြီ၊ ကျွန်း၏ ပိုင်ရှင်အစစ်အမှန်က သူ့ရှေ့တွင် မတ်တပ်ရပ်နေခဲ့ပြီ မဟုတ်ပါလား။
“ကျနော် စီနီယာရဲ့ ကျွန်းပေါ်ကို ကျူးကျော်ဝင်ရောက်မိတာ မှားသွားပါတယ်။ ကျနော် လျော်ကြေးပေးဖို့ အသင့်ပါပဲ။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ”
မတတ်သာသည့်အဆုံး ဖုန်ကွမ်း တောင်းပန်ရတော့သည်။
“ချူချန်းက ဝူကျိကျွန်း အတွင်းစည်းမှာ ကျယ်ပြန့်တဲ့ လူမှုဆက်ဆံရေး ရှိတာဆိုတာ အမှန်ပဲလား”
စုန့်ဝမ်က တိုက်ရိုက် အဖြေမပေးဘဲ သူသိလိုရာကိုသာ မေးမြန်းလိုက်သည်။
“စီနီယာကို ဘယ်လိုလုပ် လိမ်ညာရဲမှာလဲဗျာ။ စီနီယာအနေနဲ့ အပြင်မှာ အလွယ်တကူ စုံစမ်းပြီး အတည်ပြုနိုင်ပါတယ်”
စုန့်ဝမ်သည် မျက်မှောင်ကြုတ်လျက် ခဏမျှ စဥ်းစားလိုက်သည်။
“မင်း ကျူးကျော်ဝင်ရောက်တာကို ငါ လျစ်လျူရှုပေးနိုင်ပါတယ်၊ ဒါပေမဲ့ ငါ့ကို ကိစ္စတစ်ခု ကူညီပေးရမယ်”
ဖုန်ကွမ်းဝမ်းသာသွားသည်။
“စီနီယာ... အမိန့်ရှိပါခင်ဗျာ။ ကျနော် စွမ်းနိုင်တာဆို မငြင်းပါဘူး”
“ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ငါ့ကို ချူချန်းနဲ့ မိတ်ဆက်ပေးရုံပါပဲ”
ဖုန်ကွမ်းက ကြောင်အသွားသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအတွက် ချူချန်းနှင့် ဆုံတွေ့ရန်မှာ လွယ်ကူလှသည်။ သို့သော် ထိုသူမှာ ဝူကျိကျွန်းသို့ ယခုမှ စတင်ရောက်ရှိလာခြင်းဖြစ်ပြီး မည်သူ့ကိုမျှ မသိရှိသဖြင့် ချူချန်းကို ရှာဖွေရန် အခက်တွေ့နေခြင်း ဖြစ်မည်ဟု ဖုန်ကွမ်း တွေးမိသွားသည်။
“ဒါဆို အခုပဲ ကျောက်စိမ်းပြားကို သုံးပြီး ချူချန်းကို ဆက်သွယ်လိုက်ပါ့မယ်။ စောစောက စီနီယာက ဒီကျွန်းရဲ့ ပိုင်ရှင်မှန်း မသိလို့ အနှောင့်အယှက် ပေးမိသွားတယ်။ ချူချန်းမှာလည်း အပြစ်ရှိပါတယ်။ သူလည်း စီနီယာဆီကို လာပြီး တောင်းပန်သင့်ပါတယ်”
စကားဆုံးသည်နှင့် ဖုန်ကွမ်း ကျောက်စိမ်းပြားဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားပြီး သတင်းစကားကို ဖတ်ရှုလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ ချူချန်းထံမှ သတင်းစကားမှာ သူ့အား ကျွန်းမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာရန် အသိပေးထားခြင်း ဖြစ်သည်။
[ဒီကျွန်းမှာ အခု ပိုင်ရှင်ရှိသွားပြီ။ အဲဒီစီနီယာက သဘောထားကြီးပြီး ငါ့ရဲ့ အပြစ်ကို အရေးမယူပါဘူး၊ ဒါပေမဲ့ သူက မင်းနဲ့ တွေ့ချင်နေတယ်။ မင်း ကျွန်းကို လာပြီး ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်]
ဖုန်ကွမ်းအနေဖြင့် မကျေမနပ် ဖြစ်နေသော်လည်း ယခုအချိန်တွင် ချူချန်းကို မပြစ်မှားရဲသလို၊ ချူချန်းအား စုန့်ဝမ်က အန္တရာယ်ရှိသည်ဟု မထင်စေလိုချေ။ သို့မဟုတ်ပါက ချူချန်းက ဆုံတွေ့ရန် ရှောင်လွှဲနေပါက သူသည်သာ ကြားညှပ်ပြီး ဒုက္ခရောက်ပေလိမ့်မည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် ချူချန်းထံမှ ပြန်ကြားစာ ရောက်ရှိလာခဲ့သည်။
[ရောင်းရင်းဖုန်... ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ငါက လောလောဆယ် ကိစ္စအချို့ကို ကိုင်တွယ်နေရလို့ ဝူကျိကျွန်းကနေ ထွက်ခွာလို့ မရသေးပါဘူး။ ကျေးဇူးပြုပြီး စီနီယာ့ကို ဝူကျိကျွန်းဆီ လာပြီး ဆုံတွေ့ဖို့ ပြောပေးနိုင်မလား]
ချူချန်းသည် ဖုန်ကွမ်းကို မယုံကြည်ဘဲ ကျွန်းဆီသို့ ကိုယ်တိုင် လာရောက်ရန် ဝန်လေးနေခြင်း ဖြစ်ကာ၊ စုန့်ဝမ်နှင့် ဝူကျိကျွန်းပေါ်တွင်သာ ဆုံတွေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဖုန်ကွမ်း ဒေါသထွက်လာသည်။ သို့သော် သူတတ်နိုင်သည့်အရာ ဘာမှ မရှိတော့သဖြင့် ချူချန်း၏စကားကိုသာ ပြောပြရုံသာ ရှိတော့သည်။
“စီနီယာ... ချူချန်းက စီနီယာကို ဝူကျိကျွန်းဆီ လာပြီး ဆုံတွေ့ဖို့ ဖိတ်ခေါ်နေပါတယ်”
“ကောင်းပြီ။ သူနဲ့တွေ့ဖို့ အချိန်နဲ့ နေရာကို စီစဥ်လိုက်ပါ”
ဖုန်ကွမ်းလည်း ယခုမှပင် စိတ်သက်သာရာရသွားသည်။
“အခုပဲ စီစဥ်လိုက်ပါ့မယ်”
နာရီဝက်ခန့်ကြာပြီးနောက် ဖုန်ကွမ်း စီစဥ်မှုများ လက်စသတ်နိုင်ခဲ့သည်။
“စီနီယာ... ချူချန်းနဲ့တွေ့ဖို့ စီစဥ်ပြီးပါပြီ။ မနက်ဖြန် ဝူကျိကျွန်းက ဒီလှိုင်းရိပ်သာမှာ မွန်းလွဲ ၁ နာရီ ဆုံတွေ့ဖို့ စီစဥ်ထားပါတယ်”
“ကောင်းပြီ”
စုန့်ဝမ်က ပေါ့ပေါ့ပါးပါးပင် ပြန်လည်တုံ့ပြန်လိုက်သည်။
ထို့နောက် ဂူအိမ်ကို နောက်ဆုံးတစ်ကြိမ် လှည့်ပတ်ကြည့်ရှုပြီး အမိန့်ပေးလိုက်သည်။
“ဂူကို သန့်ရှင်းရေးလုပ်ပြီး မင်းရဲ့ ပစ္စည်းအားလုံး ယူသွားတော့”
“စီနီယာကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။ အားလုံးကို အပြစ်အနာအဆာမရှိအောင် သန့်ရှင်းရေး လုပ်လိုက်ပါ့မယ်”
ဂူအတွင်းရှိ ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော ပစ္စည်းအားလုံးကို ဖုန်ကွမ်းက သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် မန္တန်ကို အသုံးပြုပြီး ဂူအိမ်အား ရှင်းလင်းသန့်စင်လိုက်သည်။
ဖုန်ကွမ်းက သန့်ရှင်းရေး လုပ်ပြီးနောက် အပြင်ဘက်ရှိ မှောင်မိုက်လာသော ကောင်းကင်ယံကို တစ်ချက်ကြည့်ကာ စုန့်ဝမ်ကို အရိုအသေပြုလိုက်သည်။
“မိုးချုပ်နေပြီဆိုတော့ စီနီယာ... ဒီည အနားယူလိုက်ပါ။ ကျနော် ဂူအပြင်ဘက်မှာ နေပြီး စောင့်ကြပ်ပေးပါ့မယ်။ ဒီအမျိုးသမီးနှစ်ယောက်က သေချာ လေ့ကျင့်ပေးထားတာဆိုတော့ ဒီည စီနီယာ အနားယူလို့ရပါတယ်”
ဖုန်ကွမ်းက ချီစုစည်းခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူ နှစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအမျိုးသမီးနှစ်ဦးမှာ မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာ ဒူးထောက်နေကြပြီး မည်သည့်အသံမျှ မထွက်ဝံ့ကြချေ။
“သူတို့ကိုပါ ခေါ်သွားလိုက်၊ ငါ သူတို့ကို စိတ်မဝင်စားဘူး”
“ကျနော် အမြင်ကျဥ်းသွားတာပါ။ သူတို့ရဲ့ သာမန်ရုပ်ရည်နဲ့ စီနီယာကို အလုပ်အကျွေးပြုဖို့ ဘယ်လို ထိုက်တန်မှာလဲ”
ထို့နောက် ဖုန်ကွမ်းလည်း အမျိုးသမီးကျင့်ကြံသူ နှစ်ဦးကို ခေါ်ဆောင်၍ ဂူအတွင်းမှ ထွက်ခွာသွားခဲ့သည်။ အပြင်ရေက်သည်နှင့်် လှေပျံတစ်စင်းကို ထုတ်ယူပြီး ဂူအပြင်ဘက်တွင် ပျံဝဲလျက် ကျွန်း၏ ပတ်ဝန်းကျင်ကို တာဝန်ကျ လုံခြုံရေးအစောင့်တစ်ဦးကဲ့သို့ စောင့်ကြပ်ကြည့်ရှုနေခဲ့သည်။
ထိုညမှာ မည်သည့် ပြဿနာမျှမရှိဘဲ ငြိမ်းချမ်းစွာ ကုန်လွန်သွားခဲ့သည်။
နောက်တစ်နေ့ မွန်းတည့်ခါနီးတွင် စုန့်ဝမ်သည် လှေပျံထံသို့ ရောက်ရှိလာသည်။
“သွားကြစို့။ ဝူကျိကျွန်းဆီကို ထွက်ခွာမယ်”
ချိန်းဆိုထားသော အချိန်ရောက်ရန် နှစ်နာရီသာ လိုတော့သဖြင့် ဖုန်ကွမ်း၏ မြန်နှုန်းဖြင့်ဆိုပါက ဝူကျိကျွန်းသို့ အချိန်မီ ရောက်ရှိရန် လုံးဝ မဖြစ်နိုင်ချေ။ စုန့်ဝမ်လည်း မတတ်သာဘဲ ဓားပျံကို အသုံးပြု၍ သူ့ကိုပါ ခေါ်ဆောင်လျက် ပျံသန်းခဲ့ရတော့သည်။
အမျိုးသမီးကျင့်ကြံသူ နှစ်ဦးကိုမူ ကျိယင်ကျွန်းတွင်ပင် ချန်ထားခဲ့သည်။ ဖုန်ကွမ်းသည် သူတို့အပေါ် ထိန်းချုပ်စည်းတစ်ခု ချမှတ်ထားပုံရသည်၊ ထွက်ပြေးသွားမည်ကို စိုးရိမ်ပုံမရချေ။
မွန်းလွဲတစ်နာရီအတိတွင် စုန့်ဝမ်နှင့် ဖုန်ကွမ်းတို့ ချိန်းဆိုထားသည့်အတိုင်း ဒီလှိုင်းရိပ်သာသို့ ရောက်ရှိလာခဲ့ကြရာ၊ အပြင်ဘက်တွင် ကြိုတင်စောင့်ဆိုင်းနေသော ချူချန်းကို တွေ့လိုက်ရသည်။ ချူချန်းသည် အေးစက်ခက်ထန်သော နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများနှင့် မတူ၊ နူးညံ့ပျူငှာပြီး တည်ငြိမ်ရင့်ကျက်သော ဟန်ပန်မူရာက အခြားလူများကို စိတ်ချမ်းသာမှုနှင့် ယုံကြည်စိတ်ချမှု ပေးစွမ်းနိုင်သည်။ နှစ်လိုဖွယ် အရောင်းအဝယ်သမားတစ်ဦးပင်။
...................