မိတ်ဆွေဖွဲ့ခြင်း
Vol. 32 Ch. 332
စုန့်ဝမ်နှင့် ဖုန်ကွမ်း ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အခါ ချူချန်းက သူတို့ထံသို့ လျင်မြန်စွာ လှမ်းလာပြီး နှုတ်ဆက်လိုက်သည်။
“ဂျူနီယာချူချန်းက စီနီယာကျိယင်ကို ဂါရဝပြုပါတယ်။ မနေ့ကကိစ္စနဲ့ ပတ်သက်ပြီး အားလုံးက ငါ့အမှားတွေပါ၊ စီနီယာအနေနဲ့ ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“ဒါက ကိစ္စအသေးအဖွဲလေးပါ။ မင်းအနေနဲ့ စိုးရိမ်နေစရာ မလိုပါဘူး။ ဒါပေမဲ့ မင်းက ငါ့ရဲ့ အမည်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ”
စုန့်ဝမ်က မျက်နှာတွင် အပြုံးတစ်ခု ရှိနေသော်လည်း အေးစက်သောအသံဖြင့် မေးမြန်းလိုက်သည်။
စုန့်ဝမ်၏ မေးခွန်းကို ရင်ဆိုင်ရသည့်အခါ ချူချန်းသည် တည်ငြိမ်နေဆဲဖြစ်ပြီး ထိတ်လန့်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“ဝူကျိကျွန်းရဲ့ နောက်ဆုံးထုတ် ရေကြောင်းပြမြေပုံပေါ်မှာ စီနီယာရဲ့ အမည်ကို မှတ်တမ်းတင်ထားတာကို တွေ့ရလို့ပါ”
စုန့်ဝမ်က ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။ ထိုအချက်ကို သူမေ့သွားသည်။
“ဂျူနီယာချူ... ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ ငါတို့ တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာရအောင်”
“မှန်တာပေါ့၊ ကျေးဇူးပြုပြီး ကျနော့် နောက်ကို လိုက်ခဲ့ပါ။ တောင်းပန်တဲ့အနေနဲ့ ဝိညာဥ်စားသောက်ပွဲတစ်ခုကို ကြိုတင်ပြင်ဆင်ထားပါတယ်”
သုံးဦးသား ရိပ်သာအတွင်းရှိ သီးသန့်အခန်းတစ်ခုတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အခန်းအတွင်း၌ ခမ်းနားထည်ဝါလှသော ဝိညာဥ်စားသောက်ပွဲကြီးတစ်ခုကို ကြိုတင်ခင်းကျင်းထားပြီး ဖြစ်သည်။ ၎င်းတို့ ထိုင်လိုက်ကြပြီးနောက် ချူချန်းသည် စုန့်ဝမ်နှင့် ဖုန်ကွမ်းတို့အား ထပ်မံ၍ တောင်းပန်စကား ဆိုခဲ့ကာ၊ ဖုန်ကွမ်းအား မနေ့က ထိတ်လန့်သွားခဲ့ရမှုအတွက် လျော်ကြေးအဖြစ် ဝိညာဥ်ကျောက်တုံး ၃၀၀၀၀ ပေးအပ်ခဲ့သည်။
စောစောက ချူချန်းအပေါ် မကျေနပ်မှုများ ပြည့်နှက်နေခဲ့သော ဖုန်ကွမ်းသည် ဝိညာဥ်ကျောက်တုံးများကို လက်ခံရရှိလိုက်သည့်အခါ မျက်နှာက ချက်ချင်းပင် ဝင်းပသွားပြီး ဒေါသများအားလုံး အရည်ပျော် ကွယ်ပျောက်သွားတော့သည်။ သီးသန့်အခန်းအတွင်းရှိ အငွေ့အသက်များမှာ လျင်မြန်စွာပင် နွေးထွေးပျူငှာပြီး ချစ်ကြည်ရင်းနှီးမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချူချန်း၏ ထက်မြက်ပါးနပ်သော စီးပွားရေးသမားဗီဇကို စုန့်ဝမ် အသိအမှတ်မပြုဘဲ မနေနိုင်တော့။ ထိုသူက ဂုဏ်သတင်းကို ထိန်းသိမ်းရန် ဝိညာဥ်အမြောက်အမြား ပေးလျော်ဖို့ မနှမျောချေ။
အရက်သုံးခွက် သောက်သုံးပြီးနောက်တွင်မှ ချူချန်းက အလုပ်ကိစ္စ စကားစလာသည်။
“စီနီယာ ကျိယင်... စီနီယာက ဖုန်ကွမ်းကတဆင့် ဆုံတွေ့ဖို့ ပြောခဲ့တာဆိုတော့ ကိစ္စတစ်ခုခုများ ရှိလို့လား”
“မင်းမှာ အဆက်အသွယ်တွေ ရှိတယ်လို့ ငါ ကြားရတယ်။ ငါ့မှာ အကူအညီတောင်းစရာ ကိစ္စလေးတစ်ခု ရှိနေလို့ဆိုပါတော့”
ချူချန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ဤအခြေအနေမျိုးကို ကြိုတင်မျှော်လင့်ထားပုံရသည်။ သူ့ကျင့်ကြံမှုမှာ အနည်းငယ် အားနည်းနေသော်လည်း ကျယ်ပြန့်လှသော အဆက်အသွယ်များကြောင့် ဝူကျိကျွန်းပေါ်ရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူအချို့ပင် အားကိုးသမှုပြုကြရသည် မဟုတ်ပါလား။
“စီနီယာ... အားမနာပါနဲ့၊ ပြောပါ”
“ရှားပါးတဲ့ တတိယအဆင့် ဝိညာဥ်ပစ္စည်းတချို့ကို ဝယ်ချင်လို့ပါ၊ ဒါပေမဲ့ ဘယ်နေရာမှာ ရှာရမလဲဆိုတာ မသိဖြစ်နေတယ်။ ငါ့ကို ကူညီပေးနိုင်မလား”
“စီနီယာက ဘယ်လိုပစ္စည်းမျိုးကို ရှာဖွေနေတာလဲ”
“သွေးကျောက်စိမ်းသန္တာ”
လက်ရှိတွင် စုန့်ဝမ် လိုအပ်နေသော တတိယအဆင့် ဝိညာဥ်ပစ္စည်းများမှာ သွေးကျောက်စိမ်းသန္တာ တစ်ခုတည်းသာ မဟုတ်ချေ။ သို့သော်လည်း ချူချန်း၏ စိတ်နေသဘောထား၊ အဆက်အသွယ်များနှင့် ရရှိနိုင်သော ရှားပါးဝိညာဥ်ပစ္စည်းများ၏ အခြေအနေကို သေချာရေရာစွာ မသိရှိသေးပေ။ ထို့ကြောင့် သတိကြီးစွာ ထားရှိပြီး အရာအားလုံးကို ဖွင့်ဟပြောဆိုခြင်း မပြုခဲ့ချေ။
ချူချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“သွေးကျောက်စိမ်းသန္တာက တတိယအဆင့် ဝိညာဥ်ပစ္စည်းတွေထဲမှာ အရမ်းရှားပါးတာမျိုး မဟုတ်ဘူးဆိုပေမဲ့ အသုံးဝင်တဲ့နေရာက ကျယ်ပြန့်ပါတယ်။ ဒါကြောင့်ပဲ ကျင့်ကြံသူ အနည်းစုပဲ အဲဒါကို အရောင်းအဝယ်လုပ်ဖို့ ဆန္ဒရှိတယ်။ အများအားဖြင့် ကိုယ့်အတွက် သိမ်းထားလေ့ရှိတယ်”
“ဒါဆို ဂျူနီယာချူ လက်လှမ်းမမီတဲ့သဘောလား”
ချူချန်းက ခေါင်းခါပြသည်။
“ရှာမပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အချိန်နည်းနည်း ပိုယူရလိမ့်မယ်၊ ပြီးတော့ ဈေးနှုန်းကလည်း နိမ့်မှာမဟုတ်ပါဘူး။ စီနီယာက သက်တမ်း ဘယ်လောက်ရှိတဲ့ သွေးကျောက်စိမ်းသန္တာကို လိုအပ်တာလဲ”
“ဆယ်နှစ်ကျော်ဆို ရပြီ”
“ဒါဆို ဈေးနှုန်းက ထိပ်တန်းအဆင့် ဝိညာဥ်ကျောက်တုံး ၁၀ တုံး ကျသင့်ပါမယ်။ အဆင်ပြေပါ့မလား”
စုန့်ဝမ်သည် ချက်ချင်း မဖြေဘဲ စိတ်ထဲတွင် တွက်ချက်နေခဲ့သည်။ တာဝန်ရေးရာနန်းဆောင်တွင် သွေးကျောက်စိမ်းသန္တာ၏ ဝယ်ယူခွင့်ဈေးနှုန်းကို အဆင့်နိမ့်ဝိညာဥ်ကျောက်တုံး ၁၀၀,၀၀၀ နှင့် ဂိုဏ်းပံ့ပိုးမှုအမှတ် ၂၀,၀၀၀ ဟု ရေးမှတ်ထားသည်ကို သူ မြင်တွေ့ခဲ့ရသည်။ ၎င်း၏ စုစုပေါင်းတန်ဖိုးမှာ အဆင့်နိမ့်ဝိညာဥ်ကျောက်တုံး ၁၂၀,၀၀၀ ခန့် ရှိသည်။ ချူချန်း တောင်းဆိုသော ဈေးနှုန်းမှာ ဤပမာဏထက် ပိုမိုမြင့်မားနေသော်လည်း အလွန်အကျွံ ကွာခြားခြင်းမရှိချေ။ ထို့အပြင် တာဝန်ပေးအပ်ရေးနန်းဆောင်ရှိ ဈေးနှုန်းမှာလည်း လုံးဝ တိကျသေချာချင်မှ သေချာမည် ဖြစ်သည်။
“ကောင်းပြီ၊ မင်းပြောတဲ့ဈေးနှုန်းကို ငါ လက်ခံပါတယ်”
“ကျနော် စီနီယာကို မယုံကြည်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက ကျနော်တို့ရဲ့ ပထမဆုံး အရောင်းအဝယ်ဖြစ်လို့ စရန်ငွေပေး လိုအပ်ပါလိမ့်မယ်”
“ဘယ်လောက်လဲ”
“အဆင့်မြင့်ဝိညာဥ်ကျောက်တုံး တစ်တုံးဆိုရင် လုံလောက်ပါပြီ”
စုန့်ဝမ်သည် အဆင့်မြင့် ဝိညာဥ်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ လွှဲပြောင်းပေးအပ်လိုက်သည်။
ချူချန်းသည် ဝိညာဥ်ကျောက်တုံးကို လက်ခံရယူလိုက်သည်။
“စီနီယာ... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။ ပစ္စည်းရတာနဲ့ ချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်”
စုန့်ဝမ်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“စီနီယာက ဆေးလုံးဖော်စပ်သူတစ်ယောက်လို့ ကျင့်ခိုင်ပြောတယ်။ ဟုတ်ပါသလားခင်ဗျာ”
ချူချန်းက ကျင့်ခိုင်ကို တစ်ချက်ကြည့်ရင်း မေးလာသည်။
စုန့်ဝမ်က ပြုံးကြီး ခေါင်းညိမ့်ပြလိုက်သည်။
“မင်းက သတင်းစုဆောင်းတာ မြန်သားပဲ။ ဟုတ်တယ်၊ ငါက ဆေးဆရာပါ။ ကိစ္စတစ်ခုခု ရှိလို့လား”
“အထွေအထူးတော့ မရှိပါဘူး။ ဆေးလုံးတွေ ရောင်းဖို့ရှိရင် ကျနော့်ကို ဦးစားပေးနိုင်မလားလို့ပါ။ ဈေးနှုန်းက ဈေးကွက်ပေါက်စျေးထက် မနိမ့်စေရဘူးလို့ အာမခံပါတယ်”
“ရတာပေါ့၊ ပြဿနာမရှိပါဘူး”
စုန့်ဝမ် လက်ခံလိုက်သည်။ စျေးကွက်ထဲ ကိုယ်တိုင်ဆင်းမည့်အစား ချူချန်းလို ကြားခံလူဖြင့် ရောင်းချခြင်းက အချိန်ရော၊ လူပါ သက်သာမည် မဟုတ်ပါလား။
ချူချန်းလည်း ဝမ်းသာသွားသည်။
“ဒါဆိုရင် သဘောတူညီမှု ရပြီ။ လာပါ... စီနီယာ့ကို အရက်တစ်ခွက်နဲ့ ဂါရဝပြုပါရစေ”
စားသောက်ပွဲကြီး ပြီးစီးပြီးနောက် နှစ်ဖက်လုံး စိတ်ကျေနပ်စွာဖြင့် အသီးသီး လမ်းခွဲထွက်ခွာခဲ့ကြသည်။
……
စုန့်ဝမ်က ကျိယင်ကျွန်းဆီသို့ တစ်ဦးတည်း ပျံသန်းလာခဲ့သည်။ ဖုန်ကွ့မ်းကိုမူ အသုံးမလိုသဖြင့် ပြန်မခေါ်ခဲ့တော့။
စုန့်ဝမ် ကျိယင်ကျွန်းသို့ ရောက်ရှိလာသည့်အခါ ချီစုစည်းခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူ နှစ်ဦးမှာ ကျွန်းပေါ်တွင် ရှိနေဆဲ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့သည် ဂူအပြင်ဘက်တွင် မတ်တပ်ရပ်ပြီး စုန့်ဝမ် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ထိုအမျိုးသမီးနှစ်ဦးမှာ ရုပ်ချင်း အလွန်တူသော်လည်း အနီးကပ် သေချာကြည့်ရှုလိုက်ပါက အနည်းငယ်မျှ ကွာခြားသည်။ တစ်ဦးမှာ ပိုမိုရင့်ကျက်သည့် ပုံစံရှိပြီး အခြားတစ်ဦးမှာမူ အနည်းငယ် ပို၍ ငယ်ရွယ်ပုံရသည်။
“မင်းတို့ ဘာဖြစ်လို့ ထွက်မသွားကြသေးတာလဲ”
စုန့်ဝမ်က အေးတိအေးစက် မေးလိုက်သည်။
အမျိုးသမီးနှစ်ဦးမှာ ချက်ချင်းပင် ဒူးထောက်ချလိုက်ကြသည်။ သူတို့၏ မျက်နှာများတွင် ဝမ်းနည်းပူဆွေးမှုများနှင့် အသနားခံလိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
“စီနီယာ... ကျေးဇူးပြုပြီး၊ ကျွန်မတို့ကို ခိုလှုံခွင့်ပေးပါ”
ပိုမိုရင့်ကျက်ပုံရသော အမျိုးသမီးက ပြောလိုက်သည်။ သူမက ညီအစ်မနှစ်ဦးထဲတွင် အစ်မဖြစ်သူ ဖြစ်ပုံရသည်။ စုန့်ဝမ်က ချက်ချင်း ပြန်မဖြေသဖြင့် သူမကပင် ဆက်ပြောလာသည်။
“ကျွန်မတို့နှစ်ယောက်က ဝူကျိကျွန်းရဲ့ အပြင်စည်းတပည့်တွေပါ။ လွန်ခဲ့တဲ့ တစ်နှစ်က ဖုန်ကွမ်းရဲ့ အဓမ္မဖမ်းဆီးတာ ခံရပြီး ဒီနေရာကို ရောက်လာခဲ့တာပါ။ ပြီးတော့ သူနှိပ်စက်ညှင်းပန်းတာကို ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ကျွန်မတို့ ငရဲကျနေသလိုပါပဲ။ နေ့ရက်တိုင်းက သေတာထက် ပိုပြီး ဆိုးရွားခဲ့ရပါတယ်”
စုန့်ဝမ်၏ မျက်နှာအမူအရာမှာ အေးစက်မြဲ အေးစက်နေဆဲပင်။
“အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ”
အစ်မဖြစ်သူက ခေါင်းမော့ပြီး အသနားခံလိုသော မျက်ဝန်းများဖြင့် စုန့်ဝမ်ကို ကြည့်လိုက်သည်။
“စီနီယာ... ကျွန်မတို့ တကယ်ပဲ လမ်းပျောက်နေလို့ပါ။ ကျွန်မတို့ တောင်းဆိုချင်တာက ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာလေးတစ်ခုပါပဲ”
“ငါ့နယ်မြေမှာ အသုံးမကျတဲ့လူတွေကို မလိုအပ်ဘူး၊ ပြီးတော့ သနားစရာကောင်းတဲ့လူတွေကိုလည်း လက်မခံဘူး။ မင်းတို့နဲ့ ဖုန်ကွမ်းကြားက ရန်ငြိုးက ငါနဲ့ လုံးဝ မသက်ဆိုင်ဘူး။ ငါ မင်းတို့ကို အသက်ရှူကြိမ် ၃၀ စာ အချိန်ပေးမယ်။ အကယ်လို့ အဲဒီအချိန်အတွင်း မင်းတို့ ကျွန်းကနေ ထွက်မသွားရင် ငါရက်စက်တယ်လို့ အပြစ်မတင်နဲ့”
“စီနီယာ... ကျွန်မ ကွေ့ယွမ်ချီ ရှာတွေ့နိုင်တဲ့ နေရာတစ်ခုကို သိထားပါတယ်။ ဒါကို အကျိုးပြုမှုအနေနဲ့ ကမ်းလှမ်းပြီး စီနီယာ့ဆီမှာ ခိုလှုံခွင့် တောင်းချင်ပါတယ်”
အစ်မဖြစ်သူ အမျိုးသမီးက ပွင့်ပွင့်လင်းလင်း ပြောလာသည်။ အတွေ့အကြုံ အတော်အသင့်ရှိသဖြင့် ကျင့်ကြံမှုလောကတွင် မည်သည့်အရာမျှ အလကားမရဟူသည့် ရေးမထားသည့်စည်းမျဥ်းကို ကောင်းကောင်း နားလည်သည့်သဘောပင်။
စုန့်ဝမ်သည် စိတ်ဝင်စားသွားပြီး မျက်ခုံးကို အသာအယာ ပင့်လိုက်မိသည်။ ကွေ့ယွမ်ချီ ဖရိုဖရဲနိုင်သလောက် သိပ်သည်းလှသော မူလချီတစ်ခု ဖြစ်သည်။ ထိန်းချုပ်ရခက်ပြီး လူကို ထိခိုက်စေသဖြင့် မိစ္ဆာချီဟုပင် သတ်မှတ်ကြသည်။ ၎င်းကို ကာကွယ်ရေး မှော်ရတနာများ သန့်စင်ရန်နှင့် ရုပ်သေးရုပ်များ၏ ခန္ဓာကိုယ်ကို ပိုမိုသန်မာအောင် ပြုလုပ်ရာတွင် အများဆုံး အသုံးပြုကြသည်။
“မင်းက ချီစုစည်းခြင်း ပဥ္စမအဆင့်ရှိတဲ့ သာမန်ကျင့်ကြံသူပဲ၊ ကွေ့ယွမ်ချီ ရှိတဲ့နေရာကို ဘယ်လိုလုပ် သိနေတာလဲ”
စုန့်ဝမ်က သံသယဖြင့် မေးလိုက်သည်။ ကွေ့ယွမ်ချီဆိုသည်မှာ ချီစည်းခြင်း ကျင့်ကြံသူ လက်လှမ်းမီသောအရာ မဟုတ်ပေ။
“ကျွန်မတို့အဖေက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ နှစ်နှစ် သူ အပြင်က ပြန်လာတဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး မိစ္ဆာချီတွေ ဖုံးလွှမ်းနေပြီး အဲဒါက ကိုယ်တွင်းအင်္ဂါတွေကိုပါ တိုက်စားသွားခဲ့ပါတယ်။ ဘယ်သူမှ မကယ်တင်နိုင်ခဲ့ဘူး။ နှစ်ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကူးစက်ခံခဲ့ရတဲ့ အဆိပ်က တခြားမဟုတ်ဘဲ ကွေ့ယွမ်ချီပါပဲ”
“ဒါဆိုရင် မင်းတို့ ဘာဖြစ်လို့ ဒီအချက်ကို သုံးပြီး ဖုန်ကွမ်းဆီကနေ လွတ်လပ်ခွင့်ရအောင် အပေးအယူ မလုပ်ခဲ့ကြတာလဲ”
“စီနီယာ... ဖုန်ကွမ်းက ကောက်ကျစ်စဉ်းလဲတဲ့ လူတစ်ယောက်ပါ။ တကယ်လို့ သူသာ ကွေ့ယွမ်ချီ တည်ရှိမှုကို သိသွားခဲ့ရင် ကျွန်မတို့ကို လွှတ်ပေးမှာ မဟုတ်တဲ့အပြင် ရှိတဲ့နေရာကို ပြောခိုင်းဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး နှိပ်စက်ညှင်းပန်းပါလိမ့်မယ်”
စုန့်ဝမ်သည် ခဏမျှ စဉ်းစားလိုက်ပြီး အပေးအယူလုပ်ရန် ဆုံးဖြတ်လိုက်သည်။
“ငါတို့ အပေးအယူတစ်ခု လုပ်ကြတာပေါ့။ မင်းတို့ ငါ့ကို ကွေ့ယွမ်ချီ ရှိတဲ့နေရာကို ပြောပြ၊ ငါ မင်းတို့ကို ကူညီပြီး ဖုန်ကွမ်းကို သတ်ပေးမယ်၊ ပြီးတော့ မင်းတို့ကို လွတ်လပ်ခွင့် ပြန်ပေးမယ်”
အစ်မဖြစ်သူက ခေါင်းခါလိုက်သည်။
“ကျွန်မတို့က အရမ်းအားနည်းလွန်းတယ်၊ ပြီးတော့ ဒီနယ်မြေမှာ အမှီသဟဲပြုစရာ လူလည်း မရှိတော့ပါဘူး။ တကယ်လို့ ဖုန်ကွမ်းဆီက လွတ်မြောက်ရင်တောင် တခြားဆိုးသွမ်းတဲ့လူတွေရဲ့ ပစ်မှတ်ထားတာ ခံရဦးမှာပါပဲ”
“မင်းက အခြေအနေကို သေချာ မြင်တတ်တာပဲ”
စုန့်ဝမ် ခေါင်းညိမ့်ရင်း ပြောလိုက်သည်။ သူမ ပြောသည်မှာ အမှန်ပင်။ ထိုမျှလှပပြီး နောက်ခံလည်း မရှိသည့် အားနည်းသော အမျိုးသမီး ကျင့်ကြံသူမှာ ဝူကျိကျွန်းကဲ့သို့ နတ်ဆိုးလမ်းစဥ်နယ်မြေတွင် အားကြီးသူတို့၏ အသုံးချခံသာ ဖြစ်ပေလိမ့်မည်။
အစ်မဖြစ်သူက လက်ကို ဆန့်ထုတ်ကာ ငုံ့ထားသော ညီမဖြစ်သူ၏ ခေါင်းကို အသာအယာ မော့စေလိုက်သည်။ ညီမဖြစ်သူမှာ လှပသော်လည်း စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး မျက်ဝန်းများက အသက်မဲ့နေသကဲ့သို့ပင်။
“အကယ်လို့ စီနီယာအနေနဲ့ ကျွန်မတို့ရဲ့ ညစ်နွမ်းနေတဲ့ ခန္ဓာကိုယ်တွေကို စက်ဆုပ်ရွံရှာခြင်း မရှိဘူးဆိုရင် ကျွန်မတို့နှစ်ယောက်လုံး စီနီယာ့ကို အတူတူ ခစားပါ့မယ်။ ကျွန်မတို့ မျှော်လင့်တာက ကျွန်မတို့ကို လူသားတစ်ယောက်လို ဆက်ဆံပေးဖို့ပါပဲ”
စုန့်ဝမ်သည် ပါးလွှာသော အဝတ်အစားများကြားမှ အနည်းငယ် ပေါ်လွင်နေသော အမျိုးသမီးနှစ်ဦးကို ကြည့်လိုက်ပြီးနောက် ဂူဗိမာန်၏ ဝင်ပေါက်ဆီသို့ မျက်လုံးဝှေ့ယမ်းလိုက်သည်။ သူ့စိတ်ထဲတွင် ရုတ်ချည်းပင် အကြံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါ မင်းတို့ကို ခိုလှုံခွင့်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ပထမအချက်အနေနဲ့ ကွေ့ယွမ်ချီ ရှိတာက အမှန်တရား ဖြစ်ရမယ်။ ဒုတိယအချက်ကတော့ အခုကစပြီး ငါစီစဉ်ညွှန်ကြားတာ နာခံရမယ်”
ဒုတိယအခြေအနေမှာ အဓိပ္ပာယ် ကောက်လွဲနိုင်ကြောင်း သတိပြုမိပုံရသဖြင့် စုန့်ဝမ် အမြန်ထပ်ဖြည့် ပြောလိုက်ရသည်။
“စိတ်မပူပါနဲ့၊ ငါ မင်းတို့ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဘာကိုမှ အတင်းအဓမ္မ လုပ်ခိုင်းမှာ မဟုတ်ပါဘူး”
ထိုစကားကို ကြားလိုက်ရသည့်အခါ အစ်မဖြစ်သူမှာ အလွန်ပင် ဝမ်းသာသွားတော့သည်။
“ကျွန်မတို့ကို ခိုလှုံခွင့်ပေးတဲ့အတွက် စီနီယာ့ကို ကျေးဇူးအများကြီး တင်ပါတယ်။ စီနီယာ့ကို ကျေးဇူးတင်ပါတယ်...”
သူမသည် မျက်ရည်များ ဝဲလျက် ထပ်ခါတလဲလဲ ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုနေခဲ့သည်။ ထုံထိုင်းအေးစက်နေသော ညီမဖြစ်သူ၏ မျက်နှာတွင်ပင် ယခုအချိန်၌ မျှော်လင့်ချက် အလင်းရောင် အနည်းငယ် ဖြတ်သန်းသွားခဲ့သည်။
“ဒါနဲ့၊ မင်းတို့နှစ်ယောက်ကို ငါ ဘယ်လို ခေါ်ရမလဲ”
“ကျွန်မအမည်က အန်းထုံပါ၊ ကျွန်မညီမလေး နာမည်က အန်းယင်ပါ”
စုန့်ဝမ်က ခေါင်းညိတ်ပြလိုက်သည်။
“ထကြတော့၊ ဒူးထောက်နေစရာ မလိုဘူး။ ပြီးတော့ အဝတ်အစားတွေကိုလည်း လဲလှယ်လိုက်ဦး”
အန်းထုံက မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး ညီမဖြစ်သူကို ဆွဲထူကာ မတ်တပ်ရပ်လိုက်သည်။ စုန့်ဝမ်က သူတို့အား အဝတ်အစား လဲလှယ်ရန် ပြောကြားလိုက်သည်ကို ကြားရသောအခါ သူမ၏ မျက်နှာအမူအရာက တစ်ဖန် ပြန်လည် ခါးသက်သွားခဲ့ပြန်သည်။
“စီနီယာ... ကျွန်မတို့မှာ ဒီအဝတ်အစားတွေပဲ ရှိတာပါ။ ဖုန်ကွမ်းက ကျွန်မတို့ကို အဝတ်အစား ဝတ်ဆင်ခွင့်တောင် မပေးခဲ့ပါဘူး”
..................