အခြေချစခန်း တည်ဆောက်ခြင်း
Vol. 32 Ch. 333
စုန့်ဝမ်သည် ခဏမျှ ဆွံ့အသွားခဲ့ပြီး အနည်းငယ် အံ့အားသင့်သွားမိသည်။ ဖုန်ကွမ်းသည် တကယ်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းအောင် ကစားတတ်သူတစ်ယောက်ပင်။ စုန့်ဝမ် သိုလှောင်လက်စွပ်တွင်းမှ အသုံးမပြုရသေးသော ဝတ်ရုံရှည် နှစ်စုံကို ထုတ်ယူကာ သူတို့ထံ ပစ်ပေးလိုက်သည်။
“ဒါတွေကို အရင် ဝတ်လိုက်ပါ”
အမျိုးသမီးနှစ်ဦးလည်း အဝတ်အစားများကို အမြန်လဲလှယ်ဝတ်ဆင်လိုက်ကြသစည်။ ဝတ်ရုံရှည်များမှာ အနည်းငယ် ကြီးမားနေသော်လည်း သူတို့၏ သွယ်လျသော ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည့်အခါ နုနယ်ပျော့ပျောင်းလှသော အလှတရားတစ်မျိုးကို ထုတ်ဖော်ပြသနေသကဲ့သို့ ဖြစ်နေတော့သည်။
“ကွေ့ယွမ်ချီက ဘယ်နေရာမှာလဲ”
စုန့်ဝမ်က ချက်ချင်းမေးလိုက်သည်။
“စီနီယာ့မှာ ပင်လယ်ရေကြောင်းပြမြေပုံ ရှိလားရှင့်”
စုန့်ဝမ် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူပြီး ဝိညာဥ်စွမ်းအင် ထည့်သွင်းလိုက်ရာ လေထုထဲတွင် ပင်လယ်ရေကြောင်းပြမြေပုံ၏ ပုံရိပ်ကြီး ပေါ်ထွက်လာသည်။
အန်းထုံက မြေပုံ၏ ဘယ်ဘက်အပေါ်ထောင့်စွန်း၊ ပင်လယ်ပြင်ရှိ နေရာလါတ်တစ်ခုဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။
“ဒီနေရာမှာ ရေအောက်ကျောက်ဆောင်ကျွန်းတစ်ကျွန်း ရှိပါတယ်။ အဲဒီကျွန်းရဲ့ အရှေ့ဘက်ခြမ်းမှာ ဂူဗိမာန်တစ်ခုရှိပြီး ကွေ့ယွမ်ချီက အဲဒီဂူဗိမာန်ထဲမှာ ရှိနေတာပါ”
စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။
“ရေအောက်ကျောက်ဆောင်ကျွန်း ဟုတ်လား၊ ကျွန်းက ရေအောက်ထဲမှာ ရှိနေတာဆိုရင် သူ့တည်နေရာကို ဘယ်လိုလုပ် အတည်ပြုနိုင်မှာလဲ”
“အဲဒီကျောက်ဆောင်ကျွန်းရဲ့ ပတ်ပတ်လည် မိုင်တစ်ရာအတွင်းမှာ သေးငယ်တဲ့ ကျွန်းငယ်သုံးကျွန်း ရှိနေပါတယ်။ ကျောက်ဆောင်ကျွန်းက အဲဒီကျွန်းငယ်သုံးကျွန်းရဲ့ အလယ်ဗဟိုတည့်တည့်မှာ တည်ရှိနေတာပါ”
စုန့်ဝမ်သည် ပင်လယ်ရေကြောင်းပြမြေပုံပေါ်ရှိ သေးငယ်သော ကျွန်းငယ်သုံးကျွန်းကို ရှာဖွေကြည့်ရှုလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့အဖေ ရေအောက်ကျောက်ဆောင်ကျွန်းပေါ်မှာ ဂူဗိမာန်တစ်ခုရှိမှန်း ဘယ်လိုလုပ် သိတာလဲ”
“အဖေက သူငယ်ချင်းတစ်ယောက် ဖိတ်ခေါ်လို့ အဲဒီဂူဗိမာန်ကို သွားရောက်စူးစမ်းခဲ့တာပါ။ နောက်ဆုံးတော့ ဂူထဲက မိစ္ဆာချီတွေကြောင့်ပဲ ကွယ်လွန်သွားခဲ့ရပါတယ်”
“မင်းတို့အဖေက ဂူဗိမာန်ရဲ့ အသေးစိတ်အချက်အလက်တွေ ပြောပြခဲ့တာမျိုး ဒါမှမဟုတ် အဲဒီရဲ့ မြေပုံကို ပေးခဲ့တာမျိုး ရှိလား”
အန်းထုံက ခေါင်းခါပြသည်။
“မရှိပါဘူးစီနီယာ၊ အဖေ ပြန်ရောက်လာတဲ့အချိန်မှာ မိစ္ဆာချီက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ပြီး သေလုမျောပါး ဖြစ်နေခဲ့ပါပြီ။ ဂူဗိမာန်နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မပြောနိုင်ခဲ့ပါဘူး”
စုန့်ဝမ် အနည်းငယ် စိတ်ပျက်သွားမိသည်။
သို့သော်လည်း ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အန်းယင်က စကားစလာခဲ့သည်။
“မဟုတ်ဘူး... အကြမ်းဖျင်းဆွဲထားတဲ့ ပုံကြမ်းတစ်ခုတော့ ရှိပါတယ်။ ကျွန်မ အဖေ့အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရင်းနဲ့ အဲဒါကို မြင်တွေ့ခဲ့တာပါ”
အန်းထုံ သူ့ညီမဖြစ်သူကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ သူမ ဤအကြောင်းကို လုံးဝ မသိရှိခဲ့ချေ။
“အဲဒီပုံကြမ်းက ဘယ်မှာလဲ”
စုန့်ဝမ်က ချက်ချင်း မေးလိုက်သည်။
“တခြားအသုံးအဆောင်ပစ္စည်းတွေနဲ့အတူ မီးရှို့လိုက်ပါပြီ။ ဒါပေမဲ့ ကျွန်မ အဲဒါကို မှတ်မိနေပါတယ်”
စုန့်ဝမ်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ စက္ကူနှင့် စုတ်တံကို ထုတ်ပေးလိုက်သည်။
“ငါ့အတွက် ဆွဲပေးပါ”
အန်းယင်က စက္ကူနှင့် စုတ်တံကို လှမ်းယူလိုက်သည်။ စားပွဲကုလားထိုင်မရှိသော ဗလာကျင်းနေသည့် ဂူဗိမာန်အတွင်းကို ကြည့်လိုက်ပြီးနောက် အခြားရွေးချယ်စရာမရှိဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ရေးဆွဲလိုက်တော့သည်။ သူတို့၏ ဖခင်သည် ဂူဗိမာန်တစ်ခုလုံးကို အပြည့်အဝ စူးစမ်းနိုင်ခဲ့ခြင်း ရှိပုံမရချေ။ အန်းယင် ဆွဲလိုက်သော ပုံကြမ်းမှာ အလွန်ရိုးရှင်းပြီး မျဉ်းကြောင်းအနည်းငယ်သာ ပါဝင်သောကြောင့် ဖြစ်သည်။ ၎င်းတွင် ဂူဗိမာန်၏ လမ်းအစိတ်အပိုင်းအချို့နှင့် ဘယ်ဘက်ခြမ်းရှိ ဘေးဘက်အခန်းနှစ်ခန်းကိုသာ ပြသထားပြီး အဓိက အခန်းမဆောင်နှင့် ပတ်သက်၍မူ မည်သည့်အချက်အလက်မျှ မရှိချေ။ သူတို့၏ ဖခင်သည် အဓိက အခန်းမဆောင်ထဲသို့ မဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်နိုင်သလို၊ ဝင်ရောက်ရန် ကြိုးစားစဥ် အတွင်းရှိ ကွေ့ယွမ်ချီနှင့် ကြုံတွေ့ရပြီးနောက် ဆုတ်ခွာခဲ့ရခြင်းလည်း ဖြစ်နိုင်သည်။
ထိုပုံကြမ်းမှနေ၍ သတင်းအချက်အလက် အများအပြား မရရှိနိုင်သော်လည်း စုန့်ဝမ်အနေဖြင့်မူ ဤဂူဗိမာန်သည် သူ့အတွက် အန္တရာယ်ကြီးမားလှမည်မဟုတ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးပင် အဓိက အခန်းမဆောင်အနီးသို့ ချဉ်းကပ်နိုင်ခဲ့သည်ဖြစ်ရာ ၎င်းက မည်မျှအထိ အန္တရာယ်ရှိနိုင်ပါမည်နည်း။
စုန့်ဝမ်သည် ပုံကြမ်းကို မှတ်သားပြီးနောက် အပိုင်းပိုင်းအစစ ဖြစ်အောင် စုတ်ဖြဲလိုက်သည်။
“ဒီကိစ္စကို ဘယ်သူ့ကိုမှ ဖွင့်ဟမပြောရဘူး”
“စိတ်ချပါ... စီနီယာကသာ ကျွန်မတို့ကို မောင်းမထုတ်သရွေ့ တစ်သက်လုံး ဒီကျွန်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိပါဘူး။ ဒီကိစ္စက တခြားလူတစ်ယောက်ဆီကို လုံးဝ ရောက်သွားမှာ မဟုတ်ပါဘူး”
အန်းထုံက အာမခံလိုက်သည်။
“ကောင်းပြီ”
စုန့်ဝမ်သည် ဂူဗိမာန်၏ ထောင့်တစ်နေရာသို့ လျှောက်လှမ်းသွားပြီးနောက် ကြယ်စုတန်းအစီအရင်ကို ထုတ်ယူကာ ကောင်းကင်ယံရှိ ကြယ်တာရာများ၏ တည်နေရာကို သေချာစွာ တွက်ချက်လျက် အစီအမံကို စတင်တည်ဆောက်လိုက်သည်။
နှစ်နာရီခန့် ကြာမြင့်ပြီးနောက် ညမှောင်ရီ ပျိုးစပြုလာခဲ့သည်။ ထိုအချိန်တွင် ကျောက်စိမ်းပြားပေါ်မှနေ၍ စူးရှတောက်ပလှသော ငွေရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံဆီသို့ ပျ့တက်သွားသည်။ ၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် ထိုအလင်းတန်းမှာ တဖြည်းဖြည်း အားနည်းသွားခဲ့သော်လည်း လုံးဝ ကွယ်ပျောက်သွားခြင်း မရှိဘဲ ကောင်းကင်ယံတွင် မှေးမှိန်စွာ မြင်တွေ့နေရဆဲ ဖြစ်သည်။ ပြင်ပလူများအနေဖြင့် ဤအလင်းတန်းကို မြင်တွေ့ပါက ဤကျွန်းတွင် ပိုင်ရှင်ရှိနေပြီဖြစ်ကြောင်း သိရှိကြမည်ဖြစ်ပြီး စည်းကမ်းမဲ့ ချဉ်းကပ်ဝံ့ကြမည် မဟုတ်ချေ။
“ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်လုံး ဒီဂူဗိမာန်မှာ နေထိုင်ရမယ်။ ကျွန်းပေါ်မှာရှိတဲ့ ငှက်တွေ၊ သားရဲတွေ ဒါမှမဟုတ် ဝိညာဥ်ဆေးဖက်ဝင်အပင်တွေကို မင်းတို့ စိတ်ကြိုက် ယူဆောင်နိုင်တယ်။ မင်းတို့ ကိုယ်ပိုင် စိုက်ပျိုးဖို့အတွက် ဝိညာဥ်ဥယျာဉ်တစ်ခုကိုလည်း တည်ဆောက်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းတို့ရဲ့ နေ့စဉ်ဘဝနဲ့ ကျင့်ကြံခြင်းကိစ္စတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်းကနေ ကိုယ့်သဘောနဲ့ကိုယ် လွတ်လွတ်လပ်လပ် ထွက်ခွာခွင့်တော့ မရှိဘူး”
အန်းထုံသည် စုန့်ဝမ်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ စုန့်ဝမ်က သူတို့အား ဤမျှအထိ ကျယ်ပြန့်သော လွတ်လပ်ခွင့်နှင့် ခွင့်ပြုချက်များကို ပေးအပ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
“စီနီယာ... စီနီယာက ဒီဂူဗိမာန်မှာ နေထိုင်မှာ မဟုတ်ဘူးလားဟင်”
“ငါက တခြား ဂူဗိမာန်တစ်ခုကို ထပ်ပြီး တည်ဆောက်မှာပါ၊ ဒါပေမဲ့ ဘယ်နေရာမှာလဲဆိုတာကိုတော့ မင်းတို့ သိစရာမလိုပါဘူး။ မင်းတို့ လုပ်ဆောင်ရမယ့် တစ်ခုတည်းသောအရာက ကြယ်စုတန်းအစီအရင်ကို စောင့်ကြပ်ဖို့ပဲ။ တကယ်လို့ တစ်ယောက်ယောက်က သတင်းစကား ပေးပို့လာခဲ့ရင် ငါ့ကို အချိန်မီ အကြောင်းကြားရမယ်”
ထိုသို့ပြောကြားရင်း သတင်းပို့ကျောက်စိမ်းပြားတစ်ခုကို အန်းထုံထံ ပစ်ပေးလိုက်သည်။
“တကယ်လို့ စီနီယာက ကျွန်းပေါ်မှာ မရှိတဲ့အချိန် ဆက်သွယ်လို့ မရရင် ဘယ်လိုလုပ်ရမလဲ”
အန်းထုံက ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး သေချာစေရန် ထပ်မေးလာသည်။
“ဒါဆိုရင် ငါ လက်ခံရရှိတဲ့အထိ သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားအလိုက် သတင်းစကားကို ထပ်ခါတလဲလဲ ပေးပို့ရမယ်”
“နားလည်ပါပြီ စီနီယာ”
စုန့်ဝမ်က ခေါင်းညိတ်ပြလိုက်ပြီး ဂူဗိမာန်မှ လှည့်ပြန်ထွက်ခွာခဲ့တော့သည်။ ထို့နောက် ကျွန်း၏ ကောင်းကင်ယံထက်သို့ ပျံသန်းသွားခဲ့ပြီး နောက်ထပ် ဂူဗိမာန်တစ်ခု တည်ဆောက်ရန် သင့်တော်မည့် နေရာကို ရှာဖွေပါတော့သည်။
ကျောက်ဆောင်ကမ်းပါးပေါ်ရှိ ဂူဗိမာန်မှာ အလွန်တရာ ထင်ရှားလွန်းလှသည်။ အကယ်၍ တစ်နေ့တွင် အင်အားကြီးမားသော ရန်သူကို ဆွပေးမိပါက ရန်သူသည် ထိုဂူကို တစ်ချက်ကြည့်ရုံမျှဖြင့် ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။ အန်းထုံတို့ ညီအစ်မ ရှိနေခြင်းက ရန်သူ၏ အာရုံစိုက်မှုကို လွှဲပြောင်းပေးနိုင်ပြီး စုန့်ဝမ်အတွက် ထွက်ပြေးတိမ်းရှောင်ရန် အချိန်အနည်းငယ် ရရှိစေမည် ဖြစ်သည်။
ကောင်းကင်ယံအထက်မှနေ၍ အချိန်အတော်ကြာ လေ့လာကြည့်ရှုပြီးနောက် စုန့်ဝမ် ပင်လယ်ရေအောက်ထဲသို့ ငုပ်လျှိုးဝင်ရောက်သွားခဲ့သည်။
စုန့်ဝမ်အနေဖြင့် ဤကျွန်းတွင် အချိန်အတော်ကြာ နေထိုင်ရန် စီစဉ်ထားသည်ဖြစ်ရာ ပတ်ဝန်းကျင်ကို သေချာစွာ သိရှိထားရန် လိုအပ်သည်။ ၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် စုန့်ဝမ် ရေပြင်ထက်သို့ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ဂူဗိမာန်သစ်အတွက် အကောင်းဆုံးနေရာကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ကျွန်း၏ အနောက်ဘက်ခြမ်း ဖြစ်ပြီး အန်းထုံတို့ ညီအစ်မရှိရာ ဂူဗိမာန်၏ နောက်ကျောဘက်တည့်တည့်လည်း ဖြစ်သည်။
ဂူ၏ အဝင်ဝမှာ ကမ်းပါးခြေရင်းတွင် ရှိပြီး လှိုင်းတံပိုးများ ရိုက်ခတ်နေသော ကျောက်ဆောင်များကြားတွင် မထင်မရှား တည်ရှိနေသည်။ စုန့်ဝမ်သည် သုံးနာရီခန့် အချိန်ယူ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးတွင် ဂူဗိမ္မာန်ကို ထုဆစ်ပြီးစီးသွားခဲ့သည်။ အဝင်ဝမှာ သေးငယ်ပြီး လူတစ်ယောက်စာသာ ဝင်ဆံ့နိုင်ကာ၊ မြင့်မားလှသော ကျောက်ဆောင်များနှင့် ရိုက်ခတ်နေသော လှိုင်းလုံးများကြောင့် ဖုံးကွယ်ထားပြီးသား ဖြစ်နေသည်။ အဝင်လမ်းကြောင်းမှာ ကျဉ်းမြောင်းပြီး အပေါ်ဘက်သို့ ခပ်စောင်းစောင်း ထောင်တက်သွားသည်။ အကွာအဝေး အနည်းငယ် ဖြတ်သန်းပြီးနောက်တွင်မူ အချင်းတစ်မိုင်ခန့် ရှိသော ကျယ်ဝန်းလှသည့် ဂူကြီးတစ်ခု ရှိနေသည်။ ရန်သူများ၏ ပိတ်ဆို့ဖမ်းဆီးခြင်းကို မခံရစေရန်အတွက် စုန့်ဝမ်သည် ဂူအတွင်း၌ နောက်ထပ် ထွက်ပေါက်နှစ်ခုကို ထပ်မံပြုလုပ်ခဲ့သည်။
တစ်ခုမှာ နက်ရှိုင်းလှသော ပင်လယ်အောက်ခြေသို့ ဆင်းသွားပြီး အခြားတစ်ခုမှာမူ တောင်ထိပ်ဆီသို့ တိုက်ရိုက်ဦးတည်ထားသော လမ်းကြောင်း ဖြစ်သည်။ လမ်းကြောင်းနှစ်ခုလုံးကို အပြည့်အဝ ဖွင့်လှစ်ထားခြင်း မရှိသေးချေ။ တစ်ခုချင်းစီတွင် တူးဖော်ရန် ဆယ်ပေခန့်စီရှိသော ကျောက်သားထုများ ကျန်ရှိနေသေးသည်။ သို့မှသာ ထွက်ပေါက်ကို အခြားသူများ သတိပြုမိခြင်းမှ ရှောင်လွှဲနိုင်မည် ဖြစ်သည်။
ဂူဗိမာန်မှာ ပုံသဏ္ဌာန် ပေါ်လာခဲ့ပြီဖြစ်ရာ ဝိညာဥ်စွမ်းအင် တိုးမြင့်လာစေရန်အတွက် ဝိညာဥ်စွမ်းအင်ကြောများနှင့် ချိတ်ဆက်ရန် လိုအပ်သည်။ ဝိညာဥ်စွမ်းအင်ကြောများ၏ လမ်းကြောင်းကို သေချာစွာ တွက်ချက်ပြီးနောက် စုန့်ဝမ်သည် အပြာရောင်အလံငယ်လေးခုနှင့် ကြေးမုံပြင်ကဲ့သို့သော အဝိုင်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမှာ တတိယအဆင့် ဝိညာဥ်စါမ်းအင်စုစည်းခြင်းအစီအရင် ဖြစ်သည်။ ကျိယင်ကျွန်းမှာ ကောင်းကင်အဆင့်ကျွန်း ဖြစ်သဖြင့် မူလတည်းက ဝိညာဥ်စွမ်းအင် ကြွယ်ဝပြီး ဖြစ်သည်။ ထို့ကြောင့် ရှုပ်ထွေးလှသော အကြီးစားအစီအရင်ကို တည်ဆောက်ရန် မလိုအပ်ချေ။ ဤအစီအရင်ကို သားရဲသခင်ဂိုဏ်းတွင် ရှိနေစဥ်ကတည်းက ရရှိခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်ချိန် အသုံးဝင်သည်ကို တွေးမိသဖြင့် ၎င်းကို ရောင်းချခြင်းမပြုဘဲ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
အစီအရင် အသက်ဝင်လာသည်နှင့် ချက်ချင်းပင် ကျိယင်ကျွန်းတစ်ခုလုံးမှာ အသာအယာ တုန်ခါလာသည်။ ကြမ်းပြင်ပေါ်ရှိ သဲများနှင့် ကျောက်ခဲများမှာ နေရာရွေ့လျားသွားခဲ့ကြပြီး၊ ကမ္ဘာမြေကြီး၏ နက်ရှိုင်းလှသော အောက်ခြေတွင် မမြင်နိုင်သော စွမ်းအားတစ်ခု လှုပ်ရှားနေသကဲ့သို့ ပင်လယ်ပြင်ကြီးမှာလည်း လှိုင်းထန်လာခဲ့သည်။
“ဝုန်း...”
နက်ရှိုင်းလှသော ကမ္ဘာမြေကြီး၏ အောက်ခြေမှနေ၍ နက်ရှိုင်းသောအသံတစ်သံ ပဲ့တင်ထပ်သွားခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ”
အန်းယင်က အစ်မဖြစ်သူကို လှည့်ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် မေးလိုက်သည်။
အန်းထုံက ခေါင်းခါပြလိုက်သည်။ သူမ၏ မျက်ခုံးများမှာ တွန့်ချိုးနေခဲ့ပြီး မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“ဟယ်... ဂူထဲက ဝိညာဥ်စွမ်းအင် သိပ်သည်းဆတွေက လျော့နည်းသွားနေပြီ”
အန်းယင်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
အန်းထုံက အခြေအနေကို ရိပ်စားမိသွားသည်။
“ဒါက စီနီယာ လုပ်တာ ဖြစ်လိမ့်မယ်”
“စီနီယာက ဘာလုပ်နေတာလဲဟင်၊ သူက ဘာဖြစ်လို့ ငါတို့နဲ့ ဂူတစ်ခုတည်းမှာ အတူတူမနေတာလဲ”
“စီနီယာ့ရဲ့ အကြံအစည်တွေကို ခန့်မှန်းဖို့ မကြိုးစားပါနဲ့၊ ငါတို့က သူ့အမိန့်တွေကို နာခံဖို့ပဲ လိုတယ်။ သူက ငါတို့အတွက် နေထိုင်စရာ နေရာတစ်ခု ပေးထားတာတင်ပဲ ကျေးဇူးတင်စရာ ဖြစ်နေပါပြီ”
အန်းယင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
“ကျင့်ကြံခြင်းလောကထဲမှာ စိတ်သဘောထားပြည့်ဝတဲ့ စီနီယာတွေ ရှိနေလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး”
ထိုညီအစ်မနှစ်ဦး သတိမထားမိခဲ့သည်မှာ၊ ဂူ၏ ထောင့်တစ်နေရာရှိ ကျောက်သားအက်ကြောင်းကြားတွင် သေးငယ်သော ပိုးကောင်လေးတစ်ကောင် ပုန်းကွယ်နေခဲ့ပြီး သူတို့ကို တချိန်လုံး စူးစိုက်ကြည့်ရှုနေခဲ့ခြင်းပင်။
စုန့်ဝမ်သည် ဂူဗိမာန်အသစ်ကို တည်ဆောက်ပြီးစီးသွားသည့်အခါ ကျွန်း၏ အစွန်းပိုင်းကို စောင့်ကြည့်နေသော ကူပိုးကောင်ဆီမှ သတင်းစကားတစ်ခု လက်ခံရရှိခဲ့သည်။ ဖုန်ကွမ်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ စုန့်ဝမ်လည်း ချက်ချင်း ထွက်တွေ့လိုက်သည်။
ဖုန်ကွမ်း ကျွန်းပေါ်သို့ ခြေချမိသည်နှင့် လာရင်းကိစ္စကို အလောတကြီး မေးလာသည်။
“စီနီယာ... ကျွန်တော့်ရဲ့ အစေခံအမျိုးသမီးနှစ်ယောက် ကျွန်တော် သတ်မှတ်ပေးထားတဲ့ ကျွန်းကို မသွားကြဘူးခင်ဗျာ။ သူတို့ စီနီယာ့ရဲ့ ကျွန်းပေါ်မှာ ရှိနေသေးလားဆိုတာ သိပါရစေ”
“သူတို့က တော်တော်လေး ပါးနပ်တာကို တွေ့လို့ ဒီနေရာမှာပဲ ထားဖို့ ဆုံးဖြတ်လိုက်ပြီ။ မိတ်ဆွေဖုန်အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူးနော်”
“ကျွန်တော် ဘယ်လိုလုပ်ပြီး ကန့်ကွက်ဝံ့ပါ့မလဲခင်ဗျာ။ စီနီယာရဲ့ မျက်နှာသာပေးမှုကို ရရှိတာက သူတို့အတွက် ဂုဏ်ယူစရာပါပဲ”
ဖုန်ကွမ်းက အလျင်အမြန်ပင် အရိုအသေပြုပြီး ပြန်ဖြေလိုက်သည်။
စုန့်ဝမ်က ပြုံးလိုက်သည်။
“လူကြီးလူကောင်းတစ်ယောက်က သူတစ်ပါးရဲ့ ပိုင်ဆိုင်မှုကို မတရား မယူဘူး။ ဈေးနှုန်းကို ပြောပါ၊ ငါ အဲဒါကို မင်းဆီကနေ ဝယ်ယူပါ့မယ်”
“စီနီယာက တကယ်ပဲ ကြင်နာလွန်းပါတယ်။ ကျွန်တော် စီနီယာ့ရဲ့ ဝိညာဥ်ကျောက်တုံးတွေကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ”
စုန့်ဝမ်က အသာအယာ ပြုံးလိုက်သည်။ တစ်ဖက်လူက တော်တော်လေး ပါးနပ်လှပေသည်။
“ဒါဆိုလည်း မင်းကို အခက်တွေ့အောင် မလုပ်တော့ဘူး”
“နားလည်ပေးတဲ့အတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ထိုမိန်းမနှစ်ယောက်ကို မျက်နှာသာပေးရန် သူ့အား မသတ်ခြင်းကပင် ကျေးဇူးတင်ရမည်ဖြစ်ကြောင်း ဖုန်ကွမ်း နားလည်သည်။
“ငါ သူတို့ကို သတင်းစကား ပို့ထားပြီးပြီ၊ မကြာခင် ဒီကို ရောက်လာလိမ့်မယ်။ သူတို့အပေါ်မှာ ထားရှိထားတဲ့ စည်းတံဆိပ်တွေကို ဖယ်ရှားပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ စီနီယာ”
ဖုန်ကွမ်း အရိုအသေပြု ဖြေကြားပြီး မော့ကြည့်လိုက်သည့်အခါ စုန့်ဝမ်မှာ မည်သည့် အရိပ်အယောင်မျှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဖုန်ကွမ်း၏ မျက်နှာအမူအရာမှာ အနည်းငယ် စိတ်ပျက်သွားသည်။ မေးမြန်းလိုသည့် အရာအချို့ ရှိနေသော်လည်း အခွင့်အရေး မရရှိခဲ့သည့်အပြင် အစေခံအမျိုးသမီးများအား လက်လွှတ်လိုက်ရခြင်းပင်။
...