အခန်း ၂၇၆
Vol. 24 Ch. 276
အခန်း (၂၇၆) ကျင်းတူးမြို့က စူးမိသားစု
သူ၏ အရှေ့ရှိ ဤလူများကို ကြည့်ရင်း ထိပ်တန်းသူလျှိုဖြစ်သော ရီမုသည် လူရွှင်တော်တစ်ဦးကဲ့သို့ ခံစားလိုက်ရပေ၏။
၎င်းသည် ဧကရာဇ်၏ အဝတ်သစ်များကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေပြီး အရာအားလုံးက အများပြည်သူ၏ မျက်စိရှေ့တွင် ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်လေသည်။
"ကျစ်..."
"ငါ ဘယ်မှာရှိနေလဲဆိုတာ မင်းတို့ ဘယ်လို သိတာလဲ..."
ရီမုသည် ရူးသွပ်လုမတတ် အော်ဟစ်လိုက်တော့၏။
"မင်းတို့ တရုတ်လူမျိုးတွေက လုံးဝ သတ္တိမရှိကြဘူး..."
"မင်းတို့ သိတာက နောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့ ယုတ်မာတဲ့ လှည့်ကွက်တွေပဲ..."
"တကယ်လို့ သူရဲကောင်းတွေလို တစ်ယောက်ချင်း ယှဉ်တိုက်ရမယ်ဆိုရင် မင်းတို့ ရဲပါ့မလား..."
ရီမုသည် လီဟူနှင့် အခြားသူများအား ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
"ညီကိုရာ... မင်းက ရှုံးနိမ့်မှုကို လက်ခံဖို့တောင် သတ္တိမရှိတာပဲ..."
“မင်းက သနားစရာကောင်းလောက်အောင် ရှုံးနိမ့်သွားပြီ...
ဒီလိုအချိန်မှာတောင် အော်ဟစ်နေသေးတယ်...
အဲဒီလို လုပ်လိုက်ရုံနဲ့ မင်းကိုယ်မင်း သူရဲကောင်းတစ်ယောက် ဖြစ်သွားပြီလို့ ထင်နေတာလား...”လီဟူက အထင်သေးသော လေသံဖြင့် ပြောလိုက်၏။
ဤစကားသည် ရီမု၏ နာကျင်နေသော နေရာကို တိုက်ရိုက် ထိမှန်သွားစေပြီး ဒဏ်ရာကို ဆားသိပ်လိုက်သကဲ့သို့ ရှိချေသည်။
"စုယွမ်... ပြောစမ်း... သတင်းကို ဘယ်သူက ပေါက်ကြားသွားစေတာလဲ..."
ရီမုက စုယွမ်ကို စူးရဲစွာ စိုက်ကြည့်ကာ တောင်းဆိုလိုက်လေ၏။
စုယွမ်က သူ၏ ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။
"မင်း သိဖို့ လိုသေးလို့လား... ဒီလူက မင်း အယုံကြည်ရဆုံးသူပဲ... သူ့နာမည်ကိုတော့ ငါ မသိဘူး..."
စုယွမ်က ဖြည်းညင်းစွာ ပြောလိုက်သော်လည်း အမှန်တကယ်တွင် ရီမု၏ ကျော်ကြားမှုနှင့် အဆက်အသွယ်များအကြောင်းကို သူ လုံးလုံးလျားလျား မသိရှိခဲ့သဖြင့် အကြောင်းအရာများကို ဖန်တီး၍ ပြောဆိုလိုက်ခြင်းသာ ဖြစ်ပေ၏။
ဤလူသည် အဖမ်းခံရမည် ဖြစ်သော်လည်း နှစ်အနည်းငယ်ကြာလျှင် ပြန်လည်ရောက်ရှိသွားဦးမည်သာ ဖြစ်လေသည်။
သူက ဂျပန်တွင် ဆူပူအုံကြွမှုများ ဖြစ်စေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုနေရာ၌ အဆက်အသွယ်အချို့ ရှိနေခြင်းက အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။
"အား..."
"သူပဲ ဖြစ်ရမယ်..."
ရီမုသည် နာကျင်စွာဖြင့် မြေပြင်ကို ထုနှက်လိုက်လေတော့၏။
"သူ့ကို ခေါ်သွားကြ..."
အဖွဲ့ခေါင်းဆောင်ဝမ်က ထိုနေရာ၌ပင် အမိန့်ပေးလိုက်ရာ ထိပ်တန်းသူလျှိုဖြစ်သော ရီမုအား ခေါ်ဆောင်သွားရန် လက်ထိပ်များနှင့် ခြေကျင်းများကို ဆက်တိုက် ခတ်လိုက်ကြတော့သည်။
"ဂျပန်နိုင်ငံ... မင်းတို့က တကယ်ကို သတ္တိကောင်းတာပဲ... မင်းတို့က အရမ်း လွန်လွန်းတယ်..."
အဖွဲ့ခေါင်းဆောင်ဝမ်က ဒေါသတကြီး ပြောလိုက်လေ၏။
"ဟုတ်တယ်... သူတို့က တရုတ်နိုင်ငံရဲ့ နယ်မြေပေါ်မှာ ဒါကို ပေါ်ပေါ်ထင်ထင် လုပ်နေကြတာ..."
စုယွမ်က ဖြည့်စွက်ပြောဆိုလိုက်သည်။
"အထဲမှာ လူအများကြီး ရှိသေးတယ်..."
ထို့နောက် လူစုသည် အခန်းထဲသို့ ဝင်သွားကြပြီး မြေပြင်ပေါ်၌ လဲကျနေသော လီအာလုံကို မြင်တွေ့လိုက်ရပေ၏။
"ဒီမှာလည်း အတူတူပဲ... သူတို့ကို ဖမ်းလိုက်..."
အဖွဲ့ခေါင်းဆောင်ဝမ်က အမိန့်ပေးလိုက်လေသည်။
ချက်ချင်းပင် မီးစိမ်းနဂါးဂိုဏ်းဝင် အားလုံး အဖမ်းခံလိုက်ရတော့၏။
ထိုအချိန်တွင် အခန်းတွင်းမှ ဆီးနံ့ ပြင်းပြင်းတစ်ခု ရုတ်တရက် လွင့်ပျံ့လာခဲ့ပေသည်။ လူတိုင်း မျက်မှောင်ကြုတ်သွားကြပြီးနောက် မြေပြင်ပေါ်ရှိ ရေစီးကြောင်းတစ်ခုနောက်သို့ လိုက်ကာ စားပွဲအောက်သို့ ကြည့်ရှုလိုက်ကြလေ၏။
သေချာပေါက်ပင် ထိုအောက်၌ တစ်စုံတစ်ခုက တုန်ရီနေခဲ့ပေသည်။
"ချီးး..."
"ဒီမှာ နောက်တစ်ယောက် ပုန်းနေသေးတယ်..."
လီဟူက ရှေ့သို့ လှမ်းသွားကာ စားပွဲကို ကန်ထုတ်လိုက်လေ၏။
ဟန်ပုရှင်း၏ ကြောက်ရွံ့တုန်လှုပ်နေမှုသည် လူတိုင်း၏ မျက်စိရှေ့တွင် အပြည့်အဝ ပေါ်လွင်နေတော့သည်။
"ဥက္ကဋ္ဌစု... ကျွန်တော် ဝန်ခံပါတယ်... ကျွန်တော် ဝန်ခံပါတယ်..."
"ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး... ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး..."
"ကျွန်တော်က ခင်ဗျားကို ခြောက်လှန့်ချင်ရုံ သက်သက်ပါ... ဒီလီအာလုံကသာ ခင်ဗျားကို လုပ်ကြံချင်နေခဲ့တာပါ..."
"ကျွန်တော်က အဲဒီလို တကယ် မစဉ်းစားခဲ့ပါဘူး... အကုန်လုံးက လီအာလုံကြောင့်ပါ..."
"ဥက္ကဋ္ဌစု... ကျွန်တော် မှားသွားပါတယ်... ကျွန်တော် မှားသွားပါတယ်..."
"ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို လွှတ်ပေးလို့ ရမလား... ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို လွှတ်ပေးပါနော်..."
"ခင်ဗျားက ကျွန်တော့်ကုမ္ပဏီကို ဒေဝါလီခံရအောင် လုပ်ပြီး ကျွန်တော့်မိသားစုကိုလည်း ဖျက်ဆီးခဲ့ပြီးပြီပဲ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆက်မနှိပ်စက်ပါနဲ့တော့..."
"ဥက္ကဋ္ဌစု... ကျေးဇူးပြုပြီး သနားညှာတာပါဦး... သနားညှာတာပါဦး..."
ဟန်ပုရှင်းသည် တုန်ရီလျက် တောင်းပန်လိုက်လေ၏။
"မင်း ဘာတွေပြောနေတာလဲ... အဲဒီကိစ္စတွေသာ မဖြစ်ခဲ့ရင် မင်းရဲ့ ကုမ္ပဏီက ဒေဝါလီခံရပါ့မလား... မင်း စိုက်တဲ့အပင် မင်း ရိတ်သိမ်းရတာလေ... ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး..."
စုယွမ်က အေးစက်စွာ ပြောလိုက်သည်။
"စုယွမ်..."
"မင်း ဘာ အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ..."
"တကယ်လို့ မင်းသာ အဲဒါကို မဖော်ထုတ်ခဲ့ရင် အများပြည်သူက အဲဒီအကြောင်းကို သိနိုင်ပါ့မလား..."
"ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကို ဖော်ထုတ်ဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ... ငါက နည်းနည်းလေး ခိုးလုပ်ခဲ့ရုံပါ... ဒါက သေးငယ်တဲ့ အပြစ်လေးတစ်ခုကို မင်းက ဒီလောက် ပြဿနာကြီးအောင် လုပ်နေတာ..."
"စုယွမ်... မင်းပဲ... ငါ့မိသားစုကို ဖျက်ဆီးခဲ့တာ မင်းပဲ... မင်းပဲ..."
ဟန်ပုရှင်းသည် ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"သူ့ကို ခေါ်သွားလိုက်..."
နောက်တစ်စက္ကန့်မှာပင် ဟန်ပုရှင်းအား လက်ထိပ်ခတ်ကာ ခေါ်ဆောင်သွားကြတော့သည်။
"ညီလေး... မင်းရဲ့ စီးပွားရေးက ပိုပိုပြီး ကြီးမားလာတာနဲ့အမျှ ရန်သူတွေကလည်း ပိုပိုများလာပြီ... နောင်ဆိုရင် မင်း ပိုပြီး သတိထားတာ ကောင်းမယ်..."
"တစ်ခုခုဖြစ်ရင် ငါ့ကို သေချာပေါက် ပြောနော်..."
အဖွဲ့ခေါင်းဆောင်ဝမ်က ပြောလိုက်လေ၏။
"ဟုတ်ကဲ့ပါ..."
စုယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဟူး... ငါ ဒီရက်ပိုင်း ပိုပိုပြီး အလုပ်များလာလို့ မင်းကို ထမင်းတစ်နပ်တောင် မကျွေးရသေးဘူး... အားတဲ့တစ်နေ့ တွေ့ကြတာပေါ့..."
"ငါ ဒီလူတွေကို အရေးပေါ် စစ်ဆေးမေးမြန်းရဦးမယ်... သည်းခံပေးပါဦး ညီလေးရာ..."
အဖွဲ့ခေါင်းဆောင်ဝမ်က အနည်းငယ် အပြစ်ရှိသကဲ့သို့ ပြောလိုက်လေ၏။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် စုယွမ်က သူ့အား အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့မှုအတွက် အလွန် ကျေးဇူးတင်နေခဲ့သော်လည်း သူကမူ စုယွမ်အား မည်သည့်နည်းနှင့်မျှ မကူညီနိုင်ခဲ့သည့်အပြင် ထမင်းတစ်နပ်ပင် မကျွေးနိုင်ခဲ့ချေ။
ကံကောင်းထောက်မစွာပင် စုယွမ်သည် ၎င်းကို ဂရုမစိုက်ခဲ့ပေ။
"ရပါတယ်ဗျာ... ကျွန်တော်တို့ စားဖြစ်ဖြစ် မစားဖြစ်ဖြစ် ဘယ်သူက ရှင်းရှင်း ကိစ္စမရှိပါဘူး..."
"အားတဲ့အချိန်ကျရင် ကျွန်တော့်အိမ်ကို ညစာလာစားလှည့်လေ..."
စုယွမ်က ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပြီလေ..."
အဖွဲ့ခေါင်းဆောင်ဝမ်သည် ပြုံးလိုက်ပြီး နှုတ်ဆက်ကာ သူ၏ ကားထဲသို့ ဝင်ရောက်၍ မောင်းနှင်ထွက်ခွာသွားတော့၏။
"ကျွန်တော်တို့လည်း ပြန်ကြရအောင်..."
စုယွမ်က သူ၏ ဘေးရှိ လူသုံးဦးအား ပြောလိုက်လေသည်။
ထို့နောက် သူတို့သည် ဗီလာဆီသို့ ဦးတည်ထွက်ခွာသွားကြတော့၏။
.
ကျင်းတူးမြို့။
စုမိသားစု ခြံဝင်း။
"Ar နည်းပညာကုမ္ပဏီ .....တခတ်တခါထွက်ပေါ်လာတဲ့မြင်းနက်တစ်ကောင်ပဲ..."
"စုယွမ်..."
လူအိုကြီးတစ်ဦးသည် ခြံဝင်းအတွင်းရှိ မဏ္ဍပ်တစ်ခုတွင် လက်ဖက်ရည် သောက်နေခဲ့၏။ ကျောက်ခဲစားပွဲပေါ်တွင် စုယွမ်၏ ပုံပါရှိသော သတင်းစာတစ်စောင် ရှိနေပေသည်။
"အဘိုးစု... ကျွန်တော် သေချာ စုံစမ်းပြီးပါပြီ..."
လူငယ်တစ်ဦးက လျှောက်လာရင်း အလျင်အမြန် ပြောလိုက်လေ၏။
"အိုး... ပြောစမ်းပါဦး... ဘာတွေ ဖြစ်နေတာလဲ..."
စူး ဟုအမည်ရသော အဘိုးအိုက မေးလိုက်သည်။
"စုယွမ်က ကျန်းချန်မြို့က စူးမိသားစုရွာကပါ... သူ့အဖေက စုဖူချန်ဖြစ်ပြီး သူ့အမေက ချန်ချွေ့ဖန်ပါ... သူ့အဖေ စုဖူချန်မှာ အစ်ကိုတစ်ယောက် ညီတစ်ယောက်နဲ့ ညီမတစ်ယောက် ရှိပါတယ်..."
"စူးကော်ချန်နဲ့ စူးကျွင်းချန်တို့ နှစ်ယောက်စလုံးက သာမန်လူတွေပါပဲ... သူ့ညီမ စူးမေ့လင်းကတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အသေးအဖွဲ ကိစ္စလေးတစ်ခုကြောင့် အိမ်ကနေ ထွက်ပြေးသွားခဲ့ပြီး အဲဒီကတည်းက သူ့သတင်း ဘာမှမကြားရတော့ပါဘူး..."
"စုယွမ်ရဲ့ အဘိုးနာမည်က စူးယွမ်ချောင်ပါ... သူက စစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့ပြီး သေနတ်ကိုင်ခဲ့ဖူးပါတယ်... တိုင်းပြည်ကို ပြန်ရောက်လာပြီးနောက် စူးမိသားစုရွာမှာပဲ နေထိုင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့ပါတယ်..."
"စုယွမ်က ဒီနှစ်မှ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာပါ... သူ ထီ ယွမ်သန်းသုံးဆယ် မပေါက်ခင်ကတော့ ဘာမှ မထူးခြားခဲ့ပါဘူး... အဲဒီအချိန်ကစပြီး သူ့ဘဝက ကံကောင်းခြင်း ခလုတ်တစ်ခုကို နှိပ်မိသွားသလိုပဲ ရပ်တန့်လို့ကို မရတော့တာပါ..."
"အခုဆိုရင် သူက Ar နည်းပညာကုမ္ပဏီရဲ့ သူဌေးကြီး ဖြစ်နေရုံတင်မကဘူး... ပိုပြီး အင်အားကြီးမားတဲ့ ယွန်းရှန် အရင်းအနှီးမြှုပ်နှံမှုဆိုတဲ့ ကုမ္ပဏီတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး နာမည်ကြီး ကုမ္ပဏီများစွာမှာလည်း ရှယ်ယာတွေ ပါဝင်နေပါတယ်..."
လူငယ်က ဖြည်းညင်းစွာ ပြောလိုက်လေ၏။
"အင်း... ထူးခြားတယ်လို့တော့ မထင်ရပါဘူး..."
"တစ်ခါတလေ လူတစ်ယောက် ကံကောင်းလာပြီဆိုရင် ရပ်တန့်လို့မရတော့ဘူးလေ..."
အဘိုးစုက ပြောလိုက်သည်။
"မင်းမှာ စုယွမ်ရဲ့အဖေ စုဖူချန်ရဲ့ ဓာတ်ပုံ ရှိလား..."
အဘိုးစုက ထပ်မံ မေးမြန်းလိုက်၏။
"ရှိပါတယ်... ဒါတွေက စုယွမ်နဲ့ စုဖူချန်ရဲ့ ကာလာဓာတ်ပုံတွေပါ..."
လူငယ်က ဓာတ်ပုံနှစ်ပုံကို ထုတ်ယူလိုက်လေသည်။
သက်ကြီးရွယ်အိုသည် စုယွမ်၏ ဓာတ်ပုံကို ဦးစွာ ကြည့်ရှုလိုက်ရာ သူ၏ ခံစားချက်များ ချက်ချင်းပင် လှုပ်ရှားသွားရပေ၏။
ထို့နောက် သူသည် စုဖူချန်၏ ဓာတ်ပုံကို အလျင်အမြန် ကောက်ယူလိုက်ချိန်တွင် ခဏတာမျှ သူ၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုများ ပြည့်နှက်သွားတော့သည်။