အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆) တွေဝေသွားသော နည်းပြဆရာမ
မကြာမီမှာပင် ရှန်ကျွင်းက ဖုန်းပြန်ခေါ်လာခဲ့သည်။
မန်နေဂျာ ဝေ့တာယဲ့ ၏ အခြေအနေမှာ သိပ်မဆိုးရွားချေ။ သူသည် ဒဏ်ကြေးငွေ ပေးဆောင်ရန်သာ လိုအပ်ပြီး လုပ်ထုံးလုပ်နည်းများ ပြီးစီးပါက အိမ်ပြန်နိုင်မည် ဖြစ်ပေ၏။
ချန်ဖုန်းသည် ထိုသတင်းကို ဖခင်ဖြစ်သူအား ပြောပြလိုက်သည်။
သူ လုပ်ပေးသင့်သည်ထက် ပို၍ပင် လုပ်ပေးခဲ့ပြီး ဖြစ်၏။ ဒဏ်ကြေးအတွက် သူ တစ်ပြားတစ်ချပ်မျှ ပေးမည် မဟုတ်သလို ဖခင်ဖြစ်သူကိုလည်း မကူညီရန် သူ ပြောခဲ့သည်။
အဒေါ်နှင့် ဦးလေးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ရပ်များအတွက် အကျိုးဆက်များကို ၎င်းတို့ကိုယ်တိုင် ခံယူသင့်ပေ၏။
စစ်ဝေ့ နည်းပညာကုမ္ပဏီနှင့် ပတ်သက်၍မူ ဤတစ်ကြိမ်တွင် ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရလေသည်။
မန်နေဂျာခုံး နှင့် ညွှန်ကြားရေးမှူးစွန်း တို့အပေါ် ချမှတ်မည့် ပြစ်ဒဏ်များကို ချန်ဖုန်း မသိရှိသလို ဂရုလည်း မစိုက်ခဲ့ချေ။
သို့သော် စစ်ဝေ့ နည်းပညာကုမ္ပဏီ၏ ဆုံးရှုံးမှုများမှာ ယွမ်သန်း ၂၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရပေသည်။
အထွေထွေမန်နေဂျာ မာထျန်ကျူး မည်မျှပင် ဒေါသထွက်နေစေကာမူ သူ၏ ဒေါသများကို မျိုသိပ်ထားရုံသာ တတ်နိုင်ပေ၏။
တစ်ချိန်တည်းမှာပင်… ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ၏ လူကြိုက်များမှုမှာ ဆက်လက်မြင့်တက်နေပြီး ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံလိုသော ရင်းနှီးမြှုပ်နှံမှုလောကမှ စီးပွားရေးပိုင်ရှင် အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် ချန်ဖုန်းက ၎င်းတို့အားလုံးကို ငြင်းပယ်ခဲ့ပေ၏။
ယခု သူ့ထံတွင် ငွေကြေး လိုအပ်ချက် မရှိတော့ဘဲ ကိုယ်တိုင် ရင်းနှီးမြှုပ်နှံရန် အလွယ်တကူ တတ်နိုင်နေပြီ ဖြစ်လေသည်။ ဒါတင် ဘယ်ကမလဲ... ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီသည် အဆင့်မြင့် နည်းပညာ ထုတ်ကုန်များတွင် ဆက်လက်ရင်းနှီးမြှုပ်နှံနေသဖြင့် ၎င်း၏ ဈေးကွက်တန်ဖိုးမှာ သိသိသာသာ မြင့်တက်လာနေပေ၏။
ဤကုမ္ပဏီသည် အလွန် အမြတ်အစွန်းများသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း အရူးတစ်ယောက်ပင် မြင်နိုင်ပေသည်။
ငါက ဘာလို့ ရှယ်ယာတွေကို တခြားသူဆီ အလကားပေးရမှာလဲ...
ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ၏ ရှယ်ယာရှင်များအား ယခင်က ခွဲဝေပေးထားသော ရှယ်ယာအချို့ကို ပြန်လည်ရယူသင့်၊ မသင့်ကိုပင် သူ စဉ်းစားနေခဲ့၏။
ချန်ဖုန်း နေ့လယ်စာစားပြီးနောက် စာကြည့်ခန်းသို့ သွားရောက်ကာ သားဖောက်စက်ထဲရှိ ဥများကို နောက်ထပ် တစ်ကြိမ် သွားရောက်ကြည့်ရှုလိုက်သည်။
ယခုတစ်ချိန်တွင်တော့ ပထမဆုံး အချိန်ကနှင့် အနည်းငယ် ကွာခြားနေကြောင်း သူ ခံစားသိရှိနိုင်ပေ၏။ အလင်းရောင်နှင့် ထိုးကြည့်လိုက်သောအခါ သွေးကြောများနှင့် ပိုက်ကွန်ကဲ့သို့သော ပုံစံများကို အတွင်းဘက်၌ မြင်တွေ့ရလေသည်။
နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ အောင်မြင်စွာ ပေါက်လာသင့်တယ်...
သူ အလွန် ဝမ်းသာနေခဲ့၏။
ထိုအချိန်၌ နည်းပြဆရာမက ဖုန်းခေါ်ဆိုလာခဲ့သည်။
"ချန်ဖုန်း... နင် အတန်းလစ်ပြန်ပြီ မဟုတ်လား... နင် အတန်းမတက်တာ နှစ်ရက်ရှိနေပြီလေ... နင် သာမန်အတန်းတွေကို မတက်တာ ငါ ဂရုမစိုက်ပေမဲ့ စာမေးပွဲက နီးနေပြီ..."
"ဒီရက်ပိုင်းအတွင်းမှာ နင့်ရဲ့ အဓိက အတန်းတွေကို သေချာပေါက် တက်ရမယ်... နင် စာမေးပွဲကျလို့ လုံးဝ မဖြစ်ဘူး ကြားလား..."
ချန်ဖုန်းမှာလည်း ပြောစရာစကား ပျောက်ဆုံးသွားရပေသည်။ ပြီးခဲ့သော တစ်ခေါက်ကတည်းက ဤလှပသော နည်းပြဆရာမသည် သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေပုံရသည်။
"ဆရာမကျင်း... ကျွန်တော် အခု အလုပ်သင်ဆင်းနေလို့ပါ... ဒီမှာ လိုင်းက သိပ်မကောင်းဘူး... ဆရာမ ခုနက ဘာပြောလိုက်တာလဲ... ဟလို... ကျွန်တော် မကြားရဘူး..."
"ဟန်ဆောင်မနေနဲ့..."
နည်းပြဆရာမက လျှော့မပေးဘဲ အော်ဟစ်လိုက်၏။
"အခုချက်ချင်း ကျောင်းကို လာခဲ့စမ်း..."
ချန်ဖုန်းက သူ၏ နားရွက်ကို ကုတ်လိုက်သည်။
"ဟင်... ဆရာမက ကျွန်တော်နဲ့ လမ်းခွဲတော့မလို့လား..."
နည်းပြဆရာမကလည်း ဖုန်း၏ အခြားတစ်ဖက်မှ ချန်ဖုန်းမှာ လိုင်းတကယ်မကောင်းခြင်း ဟုတ်၊ မဟုတ် တွေးတောကာ ခဏတာ ရပ်တန့်သွား၏။
ထို့နောက် သူမက စမ်းသပ်သည့်အနေဖြင့် ပြောလိုက်သည်။
"ဒီနေ့ ရာသီဥတု ကောင်းတယ်နော်..."
ချန်ဖုန်းက သေချာ မကြားရသကဲ့သို့ ဆက်လက် ဟန်ဆောင်လိုက်သည်။
"ဘာ... ဆရာမ မနက်စာ စားမဝလို့လား..."
ဟင်...
နည်းပြဆရာမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
"ကောင်းပြီလေ... မင်း ကျောင်းကို လာစရာ မလိုတော့ဘူး..."
"ဟုတ်ကဲ့..."
"နင်... နင်...ချန်ဖုန်း... နင် တကယ်ပဲ ငါ့ကို လိမ်ခဲ့တာပဲ... လိုင်းမကောင်းဘူးဆိုတာ အကုန်လုံး အလိမ်အညာတွေချည်းပဲ..."
နည်းပြဆရာမမှာ အလွန်အမင်း ဒေါသထွက်သွားပြီး သူမ၏ အဆုတ်များပင် ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရသည်။
သူမ စမ်းသပ်ကြည့်ရုံသာ ရှိသေးပေ၏။ ဤမျှ မြန်မြန်ဆန်ဆန် သိသာသွားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။ တကယ်ကို လည်တဲ့ကောင်ပဲ...
ဒီကောင်... သူက သူမ၏ အတန်းထဲတွင် စည်းကမ်းအမဲ့ဆုံး ကျောင်းသား ဖြစ်ပေလိမ့်မည်။
‘လခွီးပဲ... ငါ အရမ်း လောသွားတာပဲ…’
ချန်ဖုန်းသည် သူ၏ မျက်နှာကို ဖုံးအုပ်ခြင်းမှလွဲ၍ မတတ်နိုင်တော့ချေ။
ဒီနည်းပြဆရာမက အလွယ်တကူ လှည့်စားလို့ရတဲ့သူ မဟုတ်ဘူးပဲ…
"ချန်ဖုန်း... တခြားသူတွေကို ငါ ဂရုမစိုက်ပေမဲ့ နင်ကတော့ အတန်းတွေကို သေချာ တက်ရမယ်... အထူးသဖြင့် စာမေးပွဲတွေပေါ့... နင်က ကျောင်းမှာ အဲဒီကိစ္စနဲ့ နာမည်ကြီးနေတာ..."
"ပြီးတော့ နင်က လူမှုကွန်ရက်ပေါ်မှာ မကြာခဏဆိုသလို ရေပန်းစားနေတာဆိုတော့ အခု နင်က နင့်ကိုယ်နင် ကိုယ်စားပြုရုံသာ မကတော့ဘူး..."
"ကျောင်းရဲ့ ဂုဏ်သတင်းကိုပါ ကိုယ်စားပြုနေတာ... တကယ်လို့ နင်သာ စာမေးပွဲကျသွားရင် တခြားသူတွေက ပေ့ဟူတက္ကသိုလ် ကို ဘယ်လို ထင်သွားကြမလဲ..."
"ဆရာမ... ကျွန်တော့်မျက်နှာက အဲဒီလောက် မကြီးပါဘူးနော်..."
ချန်ဖုန်းသည် မှန်ထဲတွင် အလျင်အမြန် ကြည့်ရှုလိုက်၏။
ကျောင်းရဲ့ ဂုဏ်သတင်းကို ကိုယ်စားပြုနိုင်လောက်တဲ့အထိ ငါက ဘယ်အချိန်ကများ လွှမ်းမိုးမှုရှိလာတာလဲ...
ဘုရားရေ...
အကြိမ်အနည်းငယ်လောက် ရေပန်းစားရုံလေးနဲ့ ဒီလောက်တောင် ချဲ့ကားပြောရတာလား…
"ကောင်းပြီ... နင့်မျက်နှာ ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး... အခုချက်ချင်း ကျောင်းကို ပြန်လာခဲ့..."
နည်းပြဆရာမက ဖုန်းကို ဆောင့်ချလိုက်သည်။ တစ်ဖက်လူအား ထပ်မံကန့်ကွက်ခွင့် လုံးဝ မပေးတော့ချေ။
ထိုအချိန်၌ ဆရာတစ်ဦး လျှောက်လာပြီး ပြုံးလျက် ပြောဆိုလိုက်၏။
"ဆရာမကျင်း... ကျောင်းသားတွေနဲ့ စိတ်တိုနေပြန်ပြီလား... ဒီခေတ် ကျောင်းသားတွေက လှည့်ကွက်တွေ အရမ်းများတာ..."
အတန်းမတက်ချင်သော အချို့သူများသည် အလုပ်သင် စာချုပ်အတုကိုပင် ဖန်တီးလာတတ်ကြသည်။ ၎င်းတို့က အလုပ်သင်ရှာတွေ့သွားပြီဖြစ်၍ အတန်းလာတက်ရန် မလိုအပ်တော့ကြောင်း ပြောဆိုကြသော်လည်း တကယ်တမ်းတွင်မူ ၎င်းတို့သည် မည်သည့်အလုပ်မျှ မရှာတွေ့ခဲ့ကြချေ။
"ဟုတ်တယ် မဟုတ်လား..."
နည်းပြဆရာမ ကျင်းထျန် က သက်ပြင်းချလိုက်သည်။
"အခုခေတ် ကျောင်းသားတွေက ထိန်းရပိုပို ခက်လာတယ်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မ ကျောင်းတက်တုန်းကဆို အခုထက် အများကြီး ပိုပြီး လိမ္မာကြတယ်..."
"ဒါနဲ့ ဆရာမကျင်း က သူတို့ထက် အများကြီး အသက်ကြီးတာမှ မဟုတ်တာ..."
ဆရာဖြစ်သူက ဖျော့တော့စွာ ပြုံးလိုက်၏။
နည်းပြဆရာမ ကျင်းထျန် မဖြေကြားနိုင်မီမှာပင် တစ်စုံတစ်ရာကို သတိရသွားသည့်အလား သူ၏ နဖူးကို ရုတ်တရက် ရိုက်လိုက်သည်။
"ကြည့်စမ်း... အရေးကြီးတဲ့ ကိစ္စကိုတောင် ငါ မေ့နေတယ်... ကျောင်းအုပ်ဝူ က ဆရာမကို အခုလေးတင် လာခေါ်ခိုင်းတာ... မြန်မြန်သွားကြည့်လိုက်ဦး..."
"ဟင်..."
နည်းပြဆရာမ ကျင်းထျန် သည် သူမ လုပ်နေသောအရာကို အလျင်အမြန် ချထားလိုက်ပြီး ပြောလိုက်၏။
"ကောင်းပါပြီ... ကျွန်မ အရင်သွားကြည့်လိုက်ပါ့မယ်..."
သူမသည် ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ သွက်လက်စွာ လျှောက်သွားခဲ့သည်။
ရုံးခန်းအတွင်း၌ ကျောင်းအုပ်ဝူ အပြင် အခြား ကျောင်းအုပ်ချုပ်ရေးမှူး အချို့လည်း ရှိနေပေ၏။
"ကျောင်းအုပ်ဝူ၊ ညွှန်ကြားရေးမှူးဝမ်..."
နည်းပြဆရာမ ကျင်းထျန် က အတိုချုပ် နှုတ်ဆက်လိုက်သည်။
"ထိုင်ပါ..."
ကျောင်းအုပ်ဝူက ခေါင်းညိတ်ပြကာ မေးမြန်းလိုက်၏။
"ဆရာမကျင်း... ဆရာမ နည်းပြလုပ်လာတာ သုံးလေးနှစ်ရှိပြီနော်... ဆရာမ အတန်းထဲက ချန်ဖုန်း ရဲ့ အခြေအနေ ဘယ်လိုရှိလဲ..."
နည်းပြဆရာမ ကျင်းထျန် ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
ဘာဖြစ်လို့လဲ... ဒီကောင်လေး ပြဿနာ ထပ်ရှာပြန်ပြီလား...
စစ်ဘက်ဆိုင်ရာဌာနမှ ဝန်ထမ်းများ ကျောင်းသို့ လာရောက်ခဲ့သည့် အချိန်မှစ၍ နည်းပြဆရာမ ကျင်းထျန် သည် ချန်ဖုန်းအား အထူး ဂရုစိုက် စောင့်ကြည့်နေခဲ့၏။
တစ်ဖက်လူက ပြဿနာ ထပ်ရှာမည်ကို ၎င်းတို့ စိုးရိမ်နေကြခြင်း ဖြစ်ပေသည်။
သို့သော် ချန်ဖုန်းမှာ အများအားဖြင့် ကျောင်းတွင် မရှိတတ်ချေ။ ထို့ကြောင့် သူမ ဂရုစိုက်ချင်လျှင်ပင် မတတ်နိုင်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဝေပေါ်(weibo) ၏ ရေပန်းစားသော ခေါင်းစဉ်များတွင် ချန်ဖုန်းနှင့် ပတ်သက်သော သတင်းများကို မကြာခဏ မြင်တွေ့နေရလေ၏။
"ကျောင်းအုပ်ကြီး... ချန်ဖုန်း က တစ်ခါတလေ နည်းနည်း အားမကိုးရပေမဲ့ အတန်းထဲမှာ သူ့ရဲ့ အလုံးစုံ စွမ်းဆောင်ရည်က တော်တော်လေး ကောင်းပါတယ်... အထူးသဖြင့် မကြာသေးမီ နှစ်တွေအတွင်းမှာ သူ့ရဲ့ ဘာသာရပ်အားလုံး အမှတ်တွေက တိုးတက်လာပါတယ်..."
နည်းပြဆရာမ ကျင်းထျန် ၏ ဦးနှောက်သည် လျှပ်စီးလက်သကဲ့သို့ အလုပ်လုပ်နေခဲ့၏။
ချန်ဖုန်းအတွက် ကောင်းမွန်တဲ့ စကားလုံးကို ရှာတွေ့ဖို့ သူမ အပြင်းအထန် ကြိုးစားနေရတယ်...
ဒါပေမဲ့ အချိန်အတော်ကြာ စဉ်းစားပြီးတဲ့နောက်မှာတော့... ဘယ်လို စကားလုံးတွေ သုံးရမလဲဆိုတာတောင် သူမ မသိတော့ဘူး…
မည်သို့ပင်ဆိုစေကာမူ ထိုကောင်လေး၏ အမှတ်များမှာ အလွန်ဆိုးရွားလွန်းလှပြီး ဘာသာရပ်တိုင်းတွင် အမှတ် ၆၀ ကိုပင် သီသီလေး ရခဲ့ခြင်း ဖြစ်ပေသည်။
အချို့ဆိုလျှင် ၅၈ မှတ်သာ ရခဲ့သော်လည်း စိတ်ထားကောင်းသော စာမေးပွဲစစ်ဆေးသူက တိုက်ရိုက် အမှတ် ၆၀ ပေးလိုက်ခြင်း ဖြစ်၏။
သူက အတန်းထဲမှာ အောက်ဆုံးအဆင့်လောက်ပဲ ရှိတာလေ…
"အဟမ်း... သူ ဘယ်ဘာသာမှ မကျဖူးဘူးဆိုတော့ သူ့အမှတ်တွေက... တော်တော်လေး ကောင်းပါတယ်..."
အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် နည်းပြဆရာမ ကျင်းထျန် သည် "ဘာသာရပ်တစ်ခုမှ မကျဖူးသေးဘူး" ဆိုသည့် စကားဖြင့်သာ ဖော်ပြနိုင်တော့၏။
ဤစကားကို ပြောချိန်တွင် သူမ၏ မျက်နှာသည် နီရဲသွားခဲ့သည်။ ယခင်ကဆိုလျှင် ထိုစကားများကို ပြောဆိုရဲမည် မဟုတ်ချေ။
သို့သော်… ကျောင်းအုပ်ဝူက ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး သူ၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေလျက် ပြောဆိုလိုက်သည်။
"မဆိုးဘူး... မဆိုးဘူး... ငါတို့ကျောင်းမှာ မဟာဘွဲ့ တိုက်ရိုက်တက်ရောက်ခွင့် တစ်နေရာ ကျန်သေးတယ်... ချန်ဖုန်း နဲ့ဆို ဘယ်လိုလဲ..."
"ဘာ..."
နည်းပြဆရာမ ကျင်းထျန် သည် လုံးလုံးလျားလျား တွေဝေသွားတော့၏။
ထို့နောက် သူမ ထိုနေရာတွင် မှင်တက်သွားလေသည်။
ကျောင်းအုပ်ဝူ ဘာပြောလိုက်တာလဲ...
ငါပဲ နားကြားမှား နေတာများလား…
ဤတက္ကသိုလ်တွင် မဟာဘွဲ့ တိုက်ရိုက်တက်ရောက်ခွင့်အတွက် လိုအပ်ချက်များမှာ အလွန် တင်းကျပ်လှပေသည်။ ၎င်းတို့၏ ပညာရေး စွမ်းဆောင်ရည်မှာ ထူးချွန်ပြောင်မြောက်ရုံသာမက ၎င်းတို့၏ အလုံးစုံ အရည်အသွေးများမှာလည်း အလွန် ကောင်းမွန်နေရမည် ဖြစ်၏။
ချန်ဖုန်း၏ အမှတ်များမှာ တစ်ကျောင်းလုံးတွင်သာမက သူ၏ အတန်းထဲတွင်ပါ အဆိုးရွားဆုံး စာရင်းတွင် ပါဝင်နေပေသည်။
အဲဒါက ဘယ်လိုလုပ် ကောင်းတာလဲ...
ကျောင်းအုပ်ကြီး... ရှင် ဒီကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှု လွဲနေတာလား...
ကျွန်မထင်တာကတော့…