← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀) ရင်သားသေးတာကို ငါ မကြိုက်ဘူး

"သောက်ကျိုးနည်း..."

ချန်ဖုန်း လုံးလုံးလျားလျား မှင်တက်သွားခဲ့၏။

နေပါဦး...ငါ အရင်ဆုံး ခေါင်းထဲမှာ ရှင်းအောင် စဉ်းစားကြည့်ပါရစေဦး...

ကျောင်းရဲ့အလှလေး လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဝူထုံ က တကယ်တော့ ကျောင်းအုပ်ဝူ ရဲ့ သမီးတဲ့လား... ဒီအကြောင်းကို အရင်က ဘယ်သူမှ မပြောခဲ့ကြဘူးလေ...

ဒီကိစ္စကို သိတဲ့သူ သိပ်များများစားစား မရှိလောက်ဘူးထင်တယ်...

အခုကျတော့...

ဒီကျောင်းအုပ်ဝူ က သူ့သမီးနဲ့ ပိုပြီး စကားပြောဖို့တောင် ငါ့ကို အကြံပေးနေသေးတယ်ပေါ့လေ...

ငါတို့က ဘာအကြောင်း ပြောရမှာလဲ...

ခံစားချက်တွေအကြောင်း ပြောရမှာလား...

ခင်ဗျားက ကိုယ့်သမီးကိုယ် ပြန်ရောင်းစားနေတာပဲ…

ချန်ဖုန်းသည် ကျောင်းအုပ်ဝူအား တွေဝေနေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ရာ တစ်ဖက်လူက သူ့ကို တဟားဟား ရယ်မောကာ အထပ်ထပ်အခါခါ ပြောဆိုနေသည်ကို မြင်တွေ့လိုက်ရ၏။

"ချန်ဖုန်း... မင်း ပြန်ရောက်တဲ့အခါ ဒီကိစ္စကို သေချာ စဉ်းစားပေးလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်... ကျောင်းက မင်းအပေါ် မျှော်လင့်ချက် အကြီးကြီး ထားထားတာပါ..."

"စကားမစပ်... ငါ့သမီးကလည်း သုတေသနနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ထဲမှာ ရှိတယ်လေ... ဒါပေမဲ့ သူက ပရော်ဖက်ဆာရဲ့ လက်ထောက် သက်သက်ပါပဲ..."

"ကဲ... ထုံအာ... ချန်ဖုန်း ကို အပြင်လိုက်ပို့ပေးလိုက်ဦး..."

ချန်ဖုန်းသည် ဝူထုံအား နောက်တစ်ကြိမ် ကြည့်လိုက်သည်။

သူမ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး အနည်းငယ် အေးစက်နေပုံရကာ သူစိမ်းများ မချဉ်းကပ်သင့်ဘူးဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေပေ၏။

၎င်းတို့နှစ်ဦး ရုံးခန်းထဲမှ ထွက်လာပြီးနောက်…

ဝူထုံက ရုတ်တရက် ရပ်တန့်သွားပြီး အေးစက်စွာ ပြောဆိုလိုက်သည်။

"ချန်ဖုန်း... ငါ့အဖေက နင့်ကို ဒီလောက်တောင် အထင်ကြီးအောင် နင် ဘယ်လို မှော်ဆေးတွေများ တိုက်လိုက်လဲဆိုတာ ငါ မသိဘူး..."

"ဒါပေမဲ့ နင့်ကို ကျောင်းရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ထဲကို ငါ အဝင်မခံချင်ဘူး... နားလည်လား..."

စကားပြောနေစဉ်မှာပင်…

သူမက ချန်ဖုန်းကို ရုတ်တရက် မော့ကြည့်လိုက်သည်။

"ဘာအဓိပ္ပာယ်လဲ..."

ချန်ဖုန်းမှာ လုံးလုံးလျားလျား တွေဝေသွားခဲ့သည်။

အဲဒါက ဘာလဲ...

ငါ နင့်ကို ဘာမှ စော်ကားထားတာ မရှိပါဘူး…

"စကားလုံးအတိုင်း တိုက်ရိုက်အဓိပ္ပာယ်ပဲ..."

ဝူထုံက နှာခေါင်းရှုံ့လိုက်၏။

"ဒီရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ နင်က ကျောင်းမှာ တော်တော်လေး နာမည်ကြီးနေတာပဲ... နင် ချမ်းသာတယ်ဆိုတာ ငါ သိတယ်... မိန်းကလေး လိုက်ဗ်လွှင့်သူတွေကို အမြဲတမ်း ပွိုင့်တွေ ပေးနေတာလေ..."

"Douyin က အစ်ကိုဖုန်း ဆိုတာ နင် မဟုတ်လား... နင်က တစ်ပတ်အတွင်းမှာတင် လူမှုကွန်ရက်ပေါ်မှာ အကြိမ်တော်တော်များများ ရေပန်းစားနေခဲ့တာလေ..."

"ပြီးတော့ နင်နဲ့ ရှန်ယန်းယန်း နဲ့က ဆက်ဆံရေးကောင်းတယ်ဆိုတာရော၊ ရှောင်မန်ချီ နဲ့ မရှင်းမလင်း ဆက်ဆံရေး ရှိတယ်ဆိုတာကိုပါ ငါ သိတယ်... နင်က ပုံမှန် ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသား နှာဘူးကောင်ပဲ..."

"နင့်လို နှာဘူးကောင်က သုတေသနနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ထဲကို ဝင်လာပြီးရင် ကျောင်းအတွက် တစ်ခုခု စွမ်းဆောင်ပေးနိုင်မယ်လို့ နင် ထင်နေတာလား..."

"ကျောင်းရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး ပရောဂျက်တွေဆိုတာ ပရော်ဖက်ဆာတွေရဲ့ ကြိုးစားပမ်းစား လုပ်ဆောင်ထားတဲ့ ရလဒ်တွေပဲ... အဲဒါတွေကို နင့်ကို လာဖျက်ဆီးခွင့် မပေးနိုင်ဘူး..."

"အခု နားလည်ပြီလား..."

"ငါ..."

“နင် ဘာပြောချင်တယ်ဆိုတာ ငါ သိတယ်…”

ဝူထုံက သူ့ကို တိုက်ရိုက် ဖြတ်ပြောလိုက်၏။

"ဟုတ်တယ်... နင့်ကို အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တာ ငါ့အဖေပဲ... သူက နင့်အကြောင်းကို အမြဲတမ်း ချီးကျူးနေပြီး ငါတို့နှစ်ယောက်ကိုတောင် သဘောတူအောင် လုပ်ပေးချင်နေသေးတာ..."

ထိုအကြောင်းကို ပြောရလျှင်...

ချန်ဖုန်းအား ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်ကာ သူမက ပြောဆိုလိုက်သည်။

"နင့်အပေါ်မှာ ငါ စိတ်ခံစားချက်မှ မရှိဘူး... ငါ ပြောချင်တာက ငါတို့က မသင့်တော်ဘူးဆိုတာပဲ... ငါ့အဖေရဲ့ ခံစားချက်တွေက သူ့ဘာသာ စိတ်ကူးယဉ်နေတာ သက်သက်ပဲ..."

"နင် နားလည်မှုလွဲနေတာပါ..."

ချန်ဖုန်းမှာ မကျေမနပ်ဖြစ်ကာ မညည်းတွားဘဲ မနေနိုင်တော့ချေ။

"ပထမအချက်အနေနဲ့... ငါ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ဒီပိုက်ဆံတွေကို ငါ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ ရှာထားတာ... ချမ်းသာရင် နှာဘူးကောင် ဖြစ်ရမယ်လို့ နင့်ကို ဘယ်သူက ပြောလဲ..."

"ပြီးတော့ ကျောင်းအတွက် ငါ မစွမ်းဆောင်ပေးနိုင်ဘူးလို့ ဘယ်သူက ပြောလဲ... နင်က ငါ့ကို အဖွဲ့ထဲ အဝင်မခံဘူးဆိုပေမဲ့ ငါကတော့ ဝင်မှာပဲကွ..."

"နင်..."

ဝူထုံ ဒေါသထွက်ကာ ခြေဆောင့်လိုက်၏။

သူမ ယခုလေးတင် ပြောခဲ့သော စကားများမှာ အနည်းငယ် လွန်ကဲသွားကြောင်း သူမ ဝန်ခံပါသည်။

သို့သော် ကျောင်း၏ သုတေသနနှင့် ဖွံ့ဖြိုးရေး ပရောဂျက်များမှာ အလွန် တင်းကျပ်သော ကိစ္စရပ်များ ဖြစ်ပေသည်။ မည်သူ့ကိုမဆို အလွယ်တကူ ဝင်ရောက်ခွင့် ပြု၍ မရနိုင်ချေ။

‘ဟူးးး…ငါ့အဖေ ဘာတွေ တွေးနေလဲဆိုတာ ငါ တကယ်ကို နားမလည်တော့ဘူး…’

"ဒါ့အပြင်... ငါတို့နှစ်ယောက်ကို သဘောတူအောင် လုပ်ပေးချင်နေတာက နင့်အဖေလေ... ငါကတော့ အဲဒီအပေါ်မှာ စိတ်ဝင်စားမှု နည်းနည်းလေးမှ မရှိဘူး...ပီးတော့ ရင်သားသေးတဲ့ မိန်းကလေးကိုလည်း ငါ မကြိုက်ပါဘူး..."

ဤသို့ပြောပြီးနောက် ချန်ဖုန်းသည် မောက်မာသော မျက်မှာဘေးဖြင့် ထိုနေရာမှ ဖြည်းညင်းစွာ ထွက်ခွာသွားလေ၏။

"နင်... နင်... နင်... ဘယ်သူက ရင်သားသေးနေလို့လဲ..."

ဝူထုံ ခဏတာ မှင်တက်သွားပြီးနောက် ချက်ချင်းပင် ဘာဖြစ်သွားသည်ကို သဘောပေါက်သွားတော့သည်။

သူမ ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မလိုတောင် ဖြစ်သွားတယ်…

တကယ်တမ်းတွင်လည်း သူမ ရင်သားသေးငယ်ပေသည်။

ဤသည်မှာ သူမ အမြဲတမ်း ဂရုစိုက်ခဲ့သော အရာတစ်ခုဖြစ်ပြီး တစ်စုံတစ်ယောက်က သူမ၏ မျက်နှာရှေ့တွင် ဤအကြောင်းကို ထုတ်ပြောလာချိန်၌ သူမ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

ထိုအချိန်၌

ချန်ဖုန်းက နောက်သို့လှည့်ကာ တိုးတိတ်သော အသံဖြင့် မေးမြန်းလိုက်၏။

"တကယ်တော့... ငါလည်း မေးချင်နေတာ... နင်က... နင့်အဖေရဲ့ သွေးသားအရင်း သမီး အစစ်ရော ဟုတ်ရဲ့လား..."

"ဘာအဓိပ္ပာယ်လဲ..."

ဝူထုံ အနည်းငယ် မှင်တက်သွားသည်။

"စကားလုံးအတိုင်း တိုက်ရိုက်အဓိပ္ပာယ်ပဲ..."

ချန်ဖုန်းက သူမ၏စကားဖြင့်ပင် ပြန်လည်ဖြေကြားလိုက်၏။

သူလည်း အလွန် သိချင်နေခဲ့သည်။ ဆွဲဆောင်မှု လုံးဝမရှိသော ကျောင်းအုပ်ဝူတွင် ကျောင်းရဲ့အလှလေး ဖြစ်သော သမီးတစ်ယောက် မည်သို့ ရှိနိုင်မည်နည်း။

ဖြစ်နိုင်တာက သူမက သူမရဲ့ အမေဆီကနေ အမွေဆက်ခံလာတာများလား…

မလှမ်းမကမ်းတွင်…အတန်းဖော် တစ်စုသည် ၎င်းတို့နှစ်ဦး စကားပြောနေသည်ကို အဝေးမှ ကြည့်နေကြပြီး အံ့အားသင့်လွန်းသဖြင့် ၎င်းတို့၏ မေးရိုးများပင် မြေပြင်သို့ ကျလုနီးပါး ဖြစ်နေကြပေသည်။

သူတို့က ဘာတွေ ပြောနေကြသည်ကို မကြားရသော်လည်း သူတို့၏ မျက်နှာအမူအရာများကိုမူ မြင်တွေ့နိုင်လေ၏။

"ချီးပဲ... ချန်ဖုန်း က ကျောင်းရဲ့အလှလေး ဝူထုံ ကို ထပ်ချိတ်သွားပြန်ပြီလား..."

"ဒါ မဖြစ်နိုင်ပါဘူး... သူက ခုနလေးတင် စာသင်ခန်းထဲမှာ ရှန်ယန်းယန်း ရော ရှောင်မန်ချီ နဲ့ပါ အတူတူ ရှိနေတာလေ... ဘယ်လိုလုပ် ရုတ်တရက်ကြီး ဝူထုံ နဲ့ သွားချိတ်နေရတာလဲ..."

"ဘာလို့ မဖြစ်နိုင်ရမှာလဲ... ဝူထုံ ရဲ့ ရှက်သွေးဖြာနေတဲ့ မျက်နှာအမူအရာကို ကြည့်လိုက်စမ်း... သေချာပေါက် တစ်ခုခု ဖြစ်နေတာပဲ..."

"ပြီးပြီ... ပြီးသွားပြီ... ကျောင်းရဲ့အလှလေး လေးယောက်ထဲက သုံးယောက်ကတော့ ကျရှုံးသွားပြီ... နောက်ဆုံးတစ်ယောက်ကရော လွတ်မြောက်နိုင်ပါဦးမလား..."

"ချန်ဖုန်း ဆိုတဲ့ ခွေးကောင်... သူက တကယ့် လူယုတ်မာပဲ..."

"ဟုတ်တယ်... အခုကစပြီး သူက ငါတို့ ကျောင်းသားတွေ အကုန်လုံးရဲ့ ဘုံရန်သူပဲ..."

လူအုပ်ကြီးမှာ အလွန်အမင်း မကျေမနပ် ဖြစ်နေကြ၏။

၎င်းတို့ အလွန် ဒေါသထွက်နေကြပြီး ဤမျှ အရှက်မရှိသော သူမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

ကောင်မလေးတွေကို လိုက်ချင်ရင်လည်း လိုက်လေ...

မင်းကို အကုန်လုံး လိုက်သိမ်းပိုက်ခိုင်းထားလို့လား…

ချန်ဖုန်းသည် ဤလူများ ဘာတွေးနေသည်ကို မသိခဲ့ချေ။ ယခုအခါတွင် သူသည် ဗီလာတစ်လုံးကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ ကျောင်းအဆောင်သို့ ရှားရှားပါးပါးသာ ပြန်လာလေ့ရှိသဖြင့် သူ၏ အဆောင်ဆီသို့ ဦးတည်သွားနေခြင်း ဖြစ်၏။

အဝတ်အစား အနည်းငယ်ကိုသာ ဒီမှာ ထားခဲ့ပြီး ခရီးဆောင်အိတ် တချို့ကိုတော့ အိမ်ပြန်ယူသွားလို့ ရပါတယ်...

ဝူထုံ ယခုလေးတင် ပြောခဲ့သောအရာများနှင့် ပတ်သက်၍မူ သူ တကယ်ပင် စိတ်ထဲ မထားခဲ့ချေ။

အကယ်၍ စနစ်က သူ့ကို သက်ဆိုင်ရာ စွမ်းရည်များကို ဆုချီးမြှင့်နိုင်မည်ဆိုပါက သူသည် ကျောင်း၏ ပရိုဂရမ်တွင် ပါဝင်ကောင်း ပါဝင်လာနိုင်ပေသည်။

ဒါပေမဲ့ တကယ်လို့ ရွေးယူလို့ မရဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲအောင် လုပ်နေစရာ မလိုပါဘူး…

အဆောင်အတွင်း၌။

အခြားသူများ အတန်းတက်နေကြဆဲအချိန်တွင် ချန်ဖုန်းသည် ယခုအခါ ကျောင်းအုပ်ကြီး၏ ကျောထောက်နောက်ခံ ရှိနေပြီဖြစ်ရာ နည်းပြဆရာမက သူ့ကို ပြဿနာရှာမည်ကို မကြောက်တော့သလို စာသင်ခန်းသို့ သွားရန်လည်း ပျင်းရိနေခဲ့ပေ၏။

မည်သို့ပင်ဆိုစေကာမူ သူသည် ရှန်ယန်းယန်း နှင့် ရှောင်မန်ချီ တို့နှင့် ပတ်သက်သော ပြဿနာများကို မဖြေရှင်းရသေးချေ။

စာမေးပွဲကျဖို့ ဆိုတာကတော့...

မဖြစ်နိုင်ဘူးလေ…

သူသည် စနစ်၏ စွမ်းရည်မျက်နှာပြင်တွင် "ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ" စွမ်းရည်ကို တိုက်ရိုက် ရွေးယူလိုက်လေ၏။

တက္ကသိုလ် သင်ရိုးညွှန်းတမ်းများမှာ နှိုင်းယှဉ်ချက်အားဖြင့် လွယ်ကူလှပြီး ၎င်းတို့ကို ပေါ့ပေါ့ပါးပါး လေ့လာရုံဖြင့် သူ စာမေးပွဲကျမည် မဟုတ်ချေ။

ဒါ့အပြင်... သူ့ဆီမှာ လှည့်စားလို့ရတဲ့ ကုဒ်တွေ ရှိနေသေးတယ်လေ...

အဆောင်ခန်းထဲတွင် ပစ္စည်းများများစားစား မရှိဘဲ အဝတ်အစားများနှင့် နေ့စဉ်သုံး ပစ္စည်းအချို့သာ ရှိပေသည်။

ချန်ဖုန်းသည် အသုံးဝင်သော ပစ္စည်းများကို သူ၏ ခရီးဆောင်အိတ်ထဲသို့ ထည့်ကာ ကားပါကင်တွင် ရပ်ထားသော လမ်ဘော်ဂီနီ၏ ကားနောက်ဖုံးထဲသို့ ထည့်လိုက်၏။

ထိုစဉ်မှာပင်…

ယွင်ထင် နှင့် ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် မှ ရှယ်ယာရှင် တစ်စုသည် အလျင်အမြန် ပြေးလာကြသည်။

၎င်းတို့၏ မျက်နှာများတွင် ကြီးမားသော စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေပေ၏။

ချန်ဖုန်းကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က သူ့ကို အလျင်အမြန် ဝိုင်းရံကာ အော်ဟစ်လိုက်ကြသည်။

"ချန်လေး... နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ..."

"ဘာဖြစ်လို့လဲ..."

ချန်ဖုန်းမှာလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဤရှယ်ယာရှင်များသည် ပုံမှန်ဆိုလျှင် ပေါ်လာလေ့ မရှိကြချေ။

ယွင်ထင် က သူမ၏ ရင်ဘတ်ကို ကော့ကာ ကူကယ်ရာမဲ့သော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။

"ရှယ်ယာရှင်တွေကိုပဲ နင့်ကို ပြောပြခိုင်းလိုက်ပါတော့... သူတို့က နင်နဲ့ တွေ့ရမယ်လို့ အတင်းပြောနေကြတာ... ငါလည်း ဘာမှမတတ်နိုင်ဘူးလေ..."

ထိုအချိန်၌ မန်နေဂျာချုပ်ရှောင် က အလျင်အမြန် ပြောဆိုလိုက်သည်။

"ချန်လေး... ဒီလိုပါ... ငါ့ဆီမှာ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ ရှယ်ယာ အတော်များများ ရှိတယ်... အဲဒီထဲက တချို့ကို မင်းကို ပေးချင်လို့ပါ..."

"ဟုတ်တယ် ဟုတ်တယ်... ငါလည်း မင်းကို တချို့ ပေးချင်လို့..."

"ချန်လေး... ငါတို့ ဒီကိစ္စကို အချိန်အတော်ကြာ စဉ်းစားခဲ့တယ်... ဒီရှယ်ယာတွေ အကုန်လုံးက မင်း ခွဲဝေပေးထားတာလေ... ငါထင်တာတော့ မင်းက အသိအမှတ်ပြုမှု အများဆုံး ရထိုက်ပြီး ရှယ်ယာတွေ ပိုများများ ရသင့်တယ်..."

လူတိုင်း၏ တုံ့ပြန်မှုများကို မြင်တွေ့ရချိန်တွင် ချန်ဖုန်းသည်လည်း လုံးလုံးလျားလျား တွေဝေသွားတော့၏။

ဘာတွေဖြစ်နေတာလဲ...

ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ သည် ယခုအခါ လှုပ်ခတ်မှု အများအပြား ဖန်တီးနေပြီး ၎င်း၏ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ပါဝင်သော စမတ်လက်ပတ်နာရီများမှာ မယုံနိုင်လောက်အောင် လူကြိုက်များလှပေသည်။

ထုတ်လုပ်ရေးလိုင်းလည်း စတင်လည်ပတ်နေပြီ ဖြစ်၏။

ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ အချိန်တိုအတွင်း အဆပေါင်းများစွာ မြင့်တက်သွားခဲ့ပြီး ယခုအခါ ၎င်းတို့က ထိုင်ပြီး ငွေကောက်ခံရုံသာ ရှိတော့ပေသည်။

ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ဤရှယ်ယာရှင်များက ပျော်ရွှင်နေသင့်ပေသည်။

ဘာလို့ သူတို့က အခုကျမှ ငါ့ကို ပိုက်ဆံလာပေးနေရတာလဲ…

All Chapters