အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁) - အတူတူ အိပ်ချင်လို့လား
ကုတင်ပေါ်တွင် အိပ်ပျော်နေသော ယုန်လေးသည် ကျူးလင်၏ ထိတ်လန့်တကြား အော်ဟစ်သံကြောင့် နိုးလာခဲ့လေသည်။ ထူထူသည် လျင်မြန်စွာ ခုန်ထလိုက်ပြီး မေးလိုက်သည်။
"သခင်မလေး... ဘယ်မှာလဲ... ဘာဖြစ်လို့လဲ..."
ထူထူ၏ အမေးကို ကြားလိုက်ရသဖြင့် ကျူးလင်က ပျာပျာသလဲ ပြောလိုက်သည်။
"ငါ ဧည့်ခန်းထဲမှာ... မြန်မြန်လာပြီး ကယ်ပါဦး..."
ထူထူသည် ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် အိပ်ခန်းထဲမှ ပြေးထွက်လာခဲ့လေသည်။
ထူထူတစ်ယောက် ဘာမှမပြောနိုင်ခင်မှာပင် သူ၏ သခင်မလေးသည် ရှို့ဝူ၏ ပေါင်ပေါ်တွင် မျက်နှာနီရဲလျက် ထိုင်နေပြီး ၎င်းတို့၏ ခန္ဓာကိုယ်နှစ်ခုမှာလည်း ရင်းနှီးစွာ ထိကပ်နေသည်ကို မြင်လိုက်ရချေသည်။
ထူထူသည် ဘာမှမပြောနိုင်ဘဲ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားရလေသည်။
ယုန်လေးသည် မျက်လုံးကို အပေါ်သို့ ပင့်တင်လိုက်ပြီး အိပ်ခန်းထဲသို့ ပြန်လှည့်ဝင်ရင်း ပြောလိုက်သည်။
"သခင်မလေးပဲ နွေဦးအိပ်မက်ကို ပျော်ပျော်ကြီး ခံစားလိုက်ပါ... ကျွန်တော့်ရဲ့ ချိုမြိန်တဲ့ အိပ်မက်ထဲကနေ ဘာလို့ လာနှိုးရတာလဲ... ကျွန်တော် ပြန်အိပ်တော့မယ်..."
ကျူးလင်သည် သူမ၏ ယုန်လေး ပြောသွားသော စကားကြောင့် ကြောင်အသွားရလေသည်။ သူမအနေဖြင့် ထူထူကို မတားဆီးနိုင်ခင်မှာပင် ရှို့ဝူက သူမ အိပ်ခန်းထဲသို့ လှမ်းကြည့်နေသည်ကို သတိပြုမိသွားခဲ့သည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကွေးညွတ်သွားပြီး မေးလိုက်သည်။
"ရှောင်လင်... အတူတူ အိပ်ချင်လို့လား..."
ထိုသို့သော တုန်လှုပ်ဖွယ် အမေးကို ကြားလိုက်ရသဖြင့် ကျူးလင်သည် သတိပြန်ဝင်လာခဲ့သည်။
သူမသည် ခါးကို ဖက်ထားသော သူ့လက်မောင်းထဲမှ ရုန်းထွက်ကာ လျင်မြန်စွာ မတ်တတ်ရပ်လိုက်လေသည်။ ကျူးလင်သည် သူ့ကို ကြည့်ရန်ပင် မဝံ့ရဲတော့ဘဲ ပျာပျာသလဲ ပြောလိုက်သည်။
"ကျွန်မ သွားအိပ်တော့မယ်..."
ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူမသည် အိပ်ခန်းထဲသို့ ပြေးဝင်သွားခဲ့လေသည်။
သူမသည် တံခါးကို ပိတ်ကာ ရိုးရှင်းသော လက်သင်္ကေတတစ်ခုကို ပြုလုပ်ပြီး အိပ်ခန်းပတ်ပတ်လည်တွင် အတားအဆီးတစ်ခုကို တည်ဆောက်လိုက်သည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်တွင်မှ သူမသည် ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချနိုင်တော့သည်။
ထူထူသည် ကုတင်ပေါ်တွင် ထိုင်ကာ သူမကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရင်း မေးလိုက်သည်။
"သခင်မလေး... ဘာလုပ်နေတာလဲ..."
ကျူးလင်သည် သူမ၏ ယုန်လေးဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
"အတားအဆီး လုပ်နေတာ..."
ထူထူသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဘာအတွက်လဲ..."
ကျူးလင်သည် ကုတင်ဆီသို့ လျှောက်သွားကာ လှဲချလိုက်ပြီး မျက်လုံးများကို မှိတ်လျက် ပြောလိုက်သည်။
"ငါ အိပ်နေတုန်း ဘယ်သူမှ ခိုးဝင်မလာနိုင်အောင်လို့လေ..."
သူမ၏ အဖြေကို ကြားရသောအခါ ထူထူသည် ဧည့်ခန်းထဲတွင် မြင်တွေ့ခဲ့ရသည်များကို ပြန်လည်သတိရသွားသည်။
ယုန်လေးသည် ပိတ်ထားသော တံခါးကို ခဏမျှ စိုက်ကြည့်နေပြီးနောက် သူ၏ သခင်မလေးဘက်သို့ ပြန်လှည့်ကြည့်ကာ တွေးလိုက်မိသည်။
'မိစ္ဆာနတ်ဘုရားက လူသားတစ်ယောက် ဖြစ်သွားတာတောင် ငါ့သခင်မလေးက သူ့ကို အနိုင်မယူနိုင်ဘူးထင်တယ်...'
ကျူးလင်သည် တဖြည်းဖြည်း စိတ်အေးချမ်းသွားပြီး အိပ်ပျော်သွားချိန်တွင် ဧည့်ခန်းထဲ၌ ထိုင်ကျန်ရစ်ခဲ့သော ရှို့ဝူမှာမူ လုံးဝ အိပ်မပျော်နိုင်ဘဲ အိပ်ခန်းတံခါးကိုသာ စိုက်ကြည့်နေမိသည်။
အချိန်အတော်ကြာပြီးနောက် သူသည် သက်ပြင်းချကာ ဆံပင်များကို ဖွလိုက်ပြီး တွေးလိုက်မိသည်။
'ဒါက ထူးဆန်းတဲ့ အသံကြောင့် မဟုတ်ဘူး... ငါ တကယ်ပဲ သူမကို သဘောကျနေလို့ပဲ...'
သူသည် နောက်ထပ်တစ်ကြိမ် သက်ပြင်းချကာ ဟောင်းနွမ်းနေသော ဆိုဖာပေါ်သို့ မှီချလိုက်ပြီး မျက်နှာကျက်ကို စိုက်ကြည့်နေမိသည်။
အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ ပထမဆုံး နေခြည်အလင်းတန်း ဖြာထွက်လာချိန်တွင် ရှို့ဝူသည် စိတ်ထဲမှ ရေရွတ်လိုက်သည်။
'ရှို့ဝူ... မင်း သူမကို သဘောကျနေတယ်ဆိုတာကို နောက်ဆုံးတော့ လက်ခံလိုက်ပြီပဲ... ဒါဆိုရင် သူမလည်း မင်းကို ပြန်သဘောကျလာအောင် အစွမ်းကုန် ကြိုးစားရမှာပေါ့...'
ထိုသို့ တွေးတောရင်း သူသည် မျက်လုံးများကို မှိတ်လိုက်ရာ ခဏအကြာတွင် အိပ်ပျော်သွားခဲ့လေသည်။
နှစ်နာရီခန့်ကြာပြီးနောက် ကျူးလင်သည် အိပ်ခန်းထဲမှ ထွက်လာချိန်တွင် ဟောင်းနွမ်းသော ဆိုဖာပေါ်၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရှို့ဝူကို မြင်လိုက်ရသည်။ သူ ဤကဲ့သို့ အိပ်ပျော်နေသည်ကို မြင်ရသဖြင့် သူမသည် သူ့အပေါ် သနားစိတ် ဝင်လာမိသည်။
ကျူးလင်သည် သက်ပြင်းချကာ အိပ်ခန်းထဲသို့ ပြန်ဝင်ပြီး စောင်တစ်ထည် ယူလာခဲ့သည်။ ရှို့ဝူကို စောင်ခြုံပေးပြီးနောက် သူမသည် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။
ထိုရင်းနှီးနေသော မျက်နှာကို ကြည့်ရင်း သူမသည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကျူးလင်... နင်ကတော့ ကိုယ့်ဒုက္ခကိုယ် ရှာနေတာပဲ..."
သူမ မီးဖိုချောင်ထဲသို့ လျှောက်သွားချိန်တွင် ရှို့ဝူသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဆင်မြန်းလျက် သူ့ကိုယ်ပေါ်ရှိ စောင်ကို ကြည့်လိုက်သည်။
သူသည် မီးဖိုချောင်ဘက်သို့ ခဏမျှ လှမ်းကြည့်ပြီးနောက် မျက်လုံးများကို ပြန်မှိတ်ကာ စိတ်ကျေနပ်စွာဖြင့် ပြန်လည်အိပ်စက်သွားခဲ့လေသည်။
တစ်နာရီခန့်ကြာပြီးနောက် ကျူးလင်သည် ကန်စွန်းဥများကို ဖုတ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ထန့်ဝေ့သည် တိုက်ခန်းတံခါး ဖွင့်ကာ ဝင်လာခဲ့သည်။
သူသည် ဧည့်ခန်းထဲတွင် အိပ်ပျော်နေသော ကလေးငယ်များနှင့် ကလေးငယ်သုံးယောက်အပြင် ရှို့ဝူကိုပါ တစ်ချက်ကြည့်လိုက်သည်။
မီးဖိုချောင်ထဲမှ အသံကြားရသဖြင့် သူသည် တတ်နိုင်သမျှ ခြေသံဖွဖွနင်းကာ မီးဖိုချောင်ဆီသို့ လျှောက်သွားလိုက်သည်။
အလုပ်ရှုပ်နေသော ကျူးလင်ကို နှုတ်မဆက်ရသေးခင်မှာပင် သူမသည် လှည့်ကြည့်ကာ မေးလိုက်သည်။
"မနေ့ညက ကောင်းကောင်းမအိပ်ရဘူးလား..."
ထန်ဝေ့သည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်ခုံးနှစ်ခုကြားကို နှိပ်ရင်း ပြောလိုက်သည်။
"ကျွန်တော်နဲ့ လောင်ယန် မနေ့ညက သတင်းအချက်အလက်တချို့ သွားစုံစမ်းနေလို့ပါ..."
သူ၏ ပင်ပန်းနွမ်းနယ်ပြီး အနည်းငယ် ဖြူလျော်နေသော မျက်နှာကို ကြည့်ကာ ကျူးလင်သည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ လက်ဖက်ရည်အိုးအစုံနှင့် ဝိညာဉ်လက်ဖက်ခြောက်ဘူးတစ်ဘူးကို ထုတ်ယူလိုက်သည်။
သူမသည် ဝိညာဉ်လက်ဖက်ရည်တစ်အိုးကို ဖျော်ပြီး ထမင်းစားပွဲဆီသို့ ယူဆောင်လာခဲ့လေသည်။
ထန်ဝေ့အတွက် ဝိညာဉ်လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း သူမက မေးလိုက်သည်။
"မနေ့ညက ရှင်တို့နှစ်ယောက် ဘာသတင်းတွေရခဲ့လဲ..."
ထန်ဝေ့သည် လက်ဖက်ရည်အတွက် ကျေးဇူးတင်စကားပြောကာ တစ်ငုံ သောက်လိုက်သည်။ သူ၏ ခေါင်းကိုက်ဝေဒနာမှာ များစွာ သက်သာသွားသဖြင့် စိတ်သက်သာရာရသွားပုံပေါ်သည်။ သူသည် ပြုံးလျက် မေးလိုက်သည်။
"လောင်ရှို့က ကျွန်တော်တို့ ကိုယ်ပိုင်စခန်းတစ်ခု တည်ဆောက်ချင်တယ်လို့ ပြောထားတယ်မလား..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ရာ ထန်ဝေ့က ဆက်ပြောလိုက်သည်။
"ကိုယ်ပိုင်စခန်းတစ်ခု ဆောက်ဖို့ဆိုရင် ကုန်ကြမ်းတွေနဲ့ လုပ်အား အများကြီး လိုအပ်တယ်ဆိုတာ မင်းလည်း သိတာပဲ..."
“မနေ့ညက ကျွန်တော်နဲ့ လောင်ယန် စုံစမ်းကြည့်တော့ အလုပ်ကြမ်းလုပ်ဖို့ ဆန္ဒရှိတဲ့သူ အများစုက သာမန်လူတွေ ဖြစ်နေကြတယ်... သူတို့က ပုံဆောင်ခဲအမြုတေကို မလိုချင်ကြဘူး... လုပ်အားခအဖြစ် အစားအစာနဲ့ ရေကိုပဲ လိုချင်ကြတာ..."
သူ၏ စကားကို ကြားရသောအခါ ကျူးလင်က ခေါင်းညိတ်လျက် ပြောလိုက်သည်။
"ဒါက ကောင်းတဲ့အချက်ပဲလေ... ဘာလို့ ဒီလောက် စိတ်ညစ်နေတဲ့ မျက်နှာပေး ဖြစ်နေရတာလဲ..."
ထန်ဝေ့သည် သူမကို ကြည့်ကာ ပြောလိုက်သည်။
“သူတို့ လိုချင်တာက ပုံဆောင်ခဲအမြုတေဆိုရင် ပိုကောင်းတာပေါ့..”
“ကျွန်တော်တို့ အပြင်ထွက်ပြီး ဖုတ်ကောင်တွေ ဒါမှမဟုတ် သန္ဓေပြောင်းသတ္တဝါတွေကို တိုက်ရိုက် သတ်ပစ်လိုက်ရုံပဲလေ..."
“ဒါပေမဲ့ သူတို့က အစားအစာနဲ့ ရေကို လိုချင်နေတော့ ကျွန်တော်တို့က တခြားသူတွေဆီကနေ ပြန်ဝယ်ရတော့မယ်..."
ထို့နောက် သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆက်ပြောလိုက်သည်။
"ဒီလူတွေကို ငှားဖို့အတွက် လုံလောက်တဲ့ အစားအစာနဲ့ ရေကို စုဆောင်းရမှာဆိုတော့ အချိန်ပိုကြာသွားလိမ့်မယ်..."
“ပြီးတော့ တံတိုင်းဆောက်ဖို့ ကုန်ကြမ်းတွေကို ရှာရဦးမယ်... မဆောက်ခင် နေရာကိုလည်း သွားစစ်ဆေးရဦးမယ်...”
“ဆောင်းရာသီမရောက်ခင် ကျွန်တော်တို့ ကိုယ်ပိုင်စခန်းထဲကို ပြောင်းရွှေ့နိုင်ပါ့မလားတောင် မသေချာဘူး..."