← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂) - ရှင် အခုထိ လက်မလျှော့သေးဘူးလား

ထန်ဝေ့၏ စကားကို ကြားရသောအခါ ကျူးလင်က ခေါင်းလေးကို အသာစောင်းကာ ဇဝေဇဝါဖြစ်စွာဖြင့် မေးလိုက်လေသည်။

“ကျွန်မဆီမှာ အစားအစာအဖြစ် စိုက်ပျိုးလို့ရတဲ့ မျိုးစေ့တွေ အလုံအလောက် ရှိတယ်...”

“ပြီးတော့ ရေဓာတ်အဆောင်လက်ဖွဲ့ကို သုံးပြီးတော့လည်း ရေကို ဖန်တီးနိုင်တယ်လေ... ဘာလို့ တခြားလူတွေဆီကနေ ဝယ်နေရဦးမှာလဲ..."

သူမ၏ မေးခွန်းကို ကြားသောအခါ ထန်ဝေ့က ပြုံးပြရင်း ပြောလိုက်၏။

"ငါတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မင်းရဲ့ပစ္စည်းတွေကို အလကား မသုံးချင်ဘူးလေ...”

“အဲဒီအစားအစာတွေနဲ့ ရေတွေက မင်းပိုင်တာတွေပဲ... ငါတို့က မင်းဆီကနေ အလကားမယူနိုင်ဘူးလေ...”

“ဒီကိစ္စမှာ လောင်ရှို့နဲ့ လောင်ယန်တို့လည်း ငါ့အမြင်ကို သဘောတူကြတယ်..."

ကျူးလင်က သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် မျက်မှောင်လေး အနည်းငယ်ကြုတ်ကာ ပြောလိုက်၏။

"ဒါပေမဲ့ ကျွန်မကလည်း ရှင်တို့အဖွဲ့ဝင်တစ်ယောက်ပဲလေ... အဖွဲ့ရဲ့ ကိစ္စရပ်တွေမှာ ကျွန်မ ကူညီပေးတာက သဘာဝကျပါတယ် မဟုတ်ဘူးလား..."

သူမ၏ စကားကြောင့် ထန်ဝေ့မှာ အနည်းငယ် အံ့အားသင့်သွားရပေသည်။

သူသည် သူမကို သူငယ်ချင်းတစ်ဦးအဖြစ် အမြဲသတ်မှတ်ထားသော်လည်း သူမသည် ၎င်းတို့နှင့်အတူ ခေတ္တခဏသာ နေထိုင်ခြင်းဖြစ်သည်ဟု ယူဆထားခဲ့သည်။

ထို့ကြောင့် ရေရှည်စီမံကိန်းများ ဆွဲသည့်အခါတိုင်း သူမကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိချေ။

သူ၏ အမူအရာကို ကြည့်ကာ ကျူးလင်က မျက်မှောင်လေး အနည်းငယ်ကြုတ်၍ မေးလိုက်လေသည်။

"ရှင်က ကျွန်မကို အဖွဲ့ဝင်တစ်ယောက်လို့ မသတ်မှတ်ဘူးလား... ကျွန်မတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား..."

သူမ၏ စိတ်ပျက်သွားသော မျက်နှာပေးကို မြင်သောအခါ ထန်ဝေ့မှာ ဘာလုပ်ရမှန်း မသိဖြစ်သွားရသည်။

သူ စကားမပြောနိုင်ခင်မှာပင် ဧည့်ခန်းထဲမှ ရှို့ဝူ၏ အနည်းငယ် အက်ရှရှရှိလှသော အသံ ထွက်ပေါ်လာခဲ့လေသည်။

ရှို့ဝူက သမ်းဝေရင်း ပျင်းရိပျင်းတွဲ ပြောလိုက်၏။

"ဘယ်သူက အဲဒီလိုပြောရဲတာလဲ... ကိုယ် သူ့ကို ရိုက်ပစ်မယ်..."

ကျူးလင် မော့ကြည့်လိုက်သောအခါ သူက ကုလားထိုင်တစ်လုံးကို ဆွဲယူ၍ သူမဘေးတွင် ဝင်ထိုင်လိုက်သည်ကို မြင်လိုက်ရပေသည်။

အနည်းငယ် ရှုပ်ပွနေသော ဆံပင်များနှင့် အိပ်ချင်မူးတူး ဖြစ်နေသော သူ၏ မျက်နှာမှာ ဆွဲဆောင်မှုရှိနေသလို တစ်ပြိုင်နက်တည်းမှာပင် ချစ်စရာလည်း ကောင်းနေပေသည်။

ထန်ဝေ့က သူမကို ကြည့်ကာ မေးလိုက်လေသည်။

"ရှောင်လင်... မင်းမျက်နှာက ဘာလို့ ရုတ်တရက်ကြီး နီရဲသွားရတာလဲ... နေလို့မကောင်းလို့လား..."

ထန်ဝေ့၏ မေးခွန်းကြောင့် ကျူးလင်က အသာအယာ ချောင်းဆိုးလိုက်ပြီး ပူနွေးနေသော ပါးပြင်ကို အအေးခံရန် လက်ဖြင့် အသာအယာ ထိတွေ့လိုက်သည်။ သူမသည် လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ကျွန်မ ဘာမှမဖြစ်ပါဘူး..."

ရှို့ဝူက မေးစေ့ကို လက်ဝါးဖြင့် ထောက်ကာ သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် တိုးတိုးလေး ရယ်မောကာ အက်ရှရှအသံဖြင့် မေးလိုက်လေသည်။

"ရှောင်လင်... မင်း မနေ့ညက ငါ့အကြောင်း အိပ်မက်မက်လို့လား..."

ဆွဲဆောင်မှုရှိသော အသံဖြင့် ထိုသို့မေးလိုက်သည်ကို ကြားရသောအခါ ကျူးလင်မှာ လက်ဖက်ရည် သီးသွားရတော့သည်။

"အဟွတ်... အဟွတ်..."

သူမ ချောင်းဆိုးနေစဉ်အတွင်း ရှို့ဝူက ကျောပြင်ကို ညင်သာစွာ ပုတ်ပေးရင်း မေးလိုက်လေသည်။

"အဆင်ပြေရဲ့လား... ဖြည်းဖြည်းသောက်ပါ... ဘယ်သူမှ လုမသောက်ပါဘူး..."

ကျူးလင်မှာ ချောင်းဆိုးနေဆဲဖြစ်သဖြင့် ခေါင်းသာ ညိတ်ပြနိုင်တော့ပေသည်။ ကျူးလင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ထန်ဝေ့ကမူ ၎င်းတို့နှစ်ဦးကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။

၎င်းတို့နှစ်ဦးကြားရှိ လေထုမှာ အနည်းငယ် ပတ်သက်မှုရှိနေသည်ကို ခံစားမိသဖြင့် သူက မေးစေ့ကို ပွတ်သပ်ရင်း တစ်ခုခုကို တွေးတောနေသလို ကြည့်နေတော့သည်။

ကျူးလင် ချောင်းဆိုးရပ်သွားပြီးနောက် ရှို့ဝူက ထန်ဝေ့ကို ကြည့်ကာ ပြောလိုက်၏။

"အလုပ်သမားတွေကို လုပ်ခပေးဖို့အတွက် ရှောင်လင်ရဲ့ အစားအစာတွေနဲ့ ရေကိုပဲ သုံးကြရအောင်..."

သူ့စကားကို ကြားရသောအခါ ထန်ဝေ့က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း မေးလိုက်လေသည်။

"လောင်ရှို့... မင်း မနေ့ညကပဲ ရှောင်လင်ကို ဒီကိစ္စတွေနဲ့ မရှုပ်စေချင်ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား... ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ..."

ရှို့ဝူက ကျူးလင်ကို ပြုံးလျက် လှည့်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ရှောင်လင်က ငါတို့အဖွဲ့ဝင်တစ်ယောက် ဖြစ်နေမှတော့ ငါတို့ကို ကူညီပေးတာက သဘာဝကျပါတယ်... ပြီးတော့..."

ထန်ဝေ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ပြီးတော့ ဘာဖြစ်လဲ..."

ရှို့ဝူက လက်ကို ဆန့်ထုတ်ကာ လက်ညှိုးဖြင့် ကျူးလင်၏ လက်ဝါးပြင်ကို အသာအယာ တို့ထိလိုက်ရင်း နှေးကွေးစွာ ပြောလိုက်၏။

"သူမက ငါ လက်ထပ်မယ့် မိန်းက‌လေးလေ... ငါတို့ရဲ့ သံယောဇဉ်ကို ပျိုးထောင်ပြီး အနာဂတ် အိမ်ဂေဟာကို အတူတူ တည်ဆောက်ဖို့ လိုအပ်တာပေါ့..."

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျူးလင်မှာ ထပ်မံ၍ သီးသွားရပြန်ပေသည်။

"အဟွတ်... အဟွတ်..."

ရှို့ဝူက သူမ၏ ကျောပြင်ကို ထပ်မံပုတ်ပေးရင်း မျက်မှောင်လေး အနည်းငယ်ကြုတ်ကာ ညင်သာစွာ ပြောလိုက်၏။

"ဖြည်းဖြည်းသောက်ပါလို့ ပြောထားရက်နဲ့... ဘာလို့ အခုထိ မြန်မြန်သောက်နေရတာလဲ..."

ကျူးလင်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ တွေးလိုက်မိပေသည်။

'ငါက မြန်မြန်သောက်လို့ သီးတာ ဟုတ်လို့လား... ရှင် လျှောက်ပြောနေတဲ့ စကားတွေကြောင့် သီးရတာ မဟုတ်ဘူးလား...'

သူမ၏ စိုက်ကြည့်ခြင်းကို ခံရသော်လည်း ရှို့ဝူက မသိချင်ယောင်ဆောင်ကာ သူမ၏ လက်ဝါးပြင်နှင့် လက်ချောင်းလေးများကို စိတ်ဝင်တစား ဆက်လက်ဆော့ကစားနေလေသည်။

သူ၏ တို့ထိမှုကြောင့် လက်ဝါးထဲတွင် ယားကျိကျိ ခံစားရသဖြင့် ကျူးလင်က လက်ကို ပြန်ရုပ်သိမ်းကာ စားပွဲအောက်တွင် ဝှက်ထားလိုက်တော့သည်။

၎င်းတို့နှစ်ဦး လူအများရှေ့တွင် ပေါ်ပေါ်ထင်ထင် ချစ်ကြည်နူးပြနေသည်ကို ကြည့်ကာ ထန်ဝေ့မှာ ဆွံ့အသွားရလေသည်။

သူက မျက်လုံးကို အသာဝှေ့ယမ်းလိုက်ရင်း မေးလိုက်လေသည်။

"မင်းတို့နှစ်ယောက် ငါ့ကို ခွေးစာကျွေးနေတာကို ရပ်လို့မရဘူးလား..."

သူ့စကားကို ကြားရသောအခါ ကျူးလင်က ခေါင်းမော့ကြည့်ကာ ဇဝေဇဝါဖြင့် ပြောလိုက်၏။

"ကျွန်မ ရှင့်ကို ခွေးစာ မကျွေးပါဘူး..."

သူမက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ထန်ဝေ့... ရှင် ခွေးစာ စားဖူးလို့လား..."

“မင်းက ငါ့ကို ခွေးလို့ ထင်နေတာလား...”

သူမ၏ စကားကြောင့် ရှို့ဝူမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ ထန်ဝေ့မှာမူ သူမ၏ စကားကြောင့် ထပ်မံ၍ ဆွံ့အသွားရပြန်ပေသည်။ သူက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ရင်း ပြောလိုက်၏။

"ခွေးစာအကြောင်းကို ဆက်မပြောကြရအောင်..."

စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် ထန်ဝေ့က ကျူးလင်ကို ကြည့်ကာ မေးလိုက်လေသည်။

"ရှောင်လင်... စခန်းတည်ဆောက်ဖို့အတွက် မင်း တကယ်ပဲ ပစ္စည်းတွေ ထုတ်ပေးချင်တာ သေချာရဲ့လား..."

ကျူးလင်က ခေါင်းညိတ်ပြကာ တည်ငြိမ်စွာ ပြောလိုက်၏။

“ကျွန်မတို့ရဲ့ အနာဂတ် လိုအပ်ချက်တွေအတွက် မျိုးစေ့တွေကို ပြင်ဆင်ထားပြီးသားပါ..."

“စခန်းတစ်ခု တည်ဆောက်ဖို့အတွက် လူအင်အား အများကြီး ငှားရမ်းဖို့နဲ့ ပစ္စည်းတွေ စုဆောင်းဖို့ လိုအပ်တော့ ဒီမျိုးစေ့တွေကို သုံးပြီး အစားအစာတွေ အများကြီး စိုက်ပျိုးနိုင်တယ်လေ..."

“ဗိုလ်ကြီးစုန့်ကလည်း သူတို့ဘက်က မျိုးစေ့တွေ ပိုရှာပေးပြီး အနာဂတ်မှာ ကျွန်မနဲ့ ဆက်လက်ပူးပေါင်းချင်တယ်လို့ ပြောထားတယ်..."

“သူတို့ရဲ့ ကူညီမှုနဲ့ဆိုရင် ကျွန်မတို့ကိုယ်တိုင် မျိုးစေ့တွေ လိုက်ရှာစရာမလိုဘဲ မျိုးစေ့တွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ရနိုင်တယ်လေ..."

သူမ၏ စကားကို ကြားရသောအခါ ရှို့ဝူက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

"အခု ငါတို့ လုပ်ရမှာက တံတိုင်းတွေ တည်ဆောက်ဖို့ သတ္တုရိုင်းတွေ သွားရောက်စုဆောင်းရမယ်... ပြီးတော့ အသားရဖို့အတွက် သန္ဓေပြောင်းသားရဲအချို့ကို အမဲလိုက်ရမယ်..."

ကျူးလင်၏ မျက်ဝန်းများမှာ တောက်ပသွားရပေသည်။ သူမက ရှို့ဝူကို ကြည့်ကာ မေးလိုက်လေသည်။

"ကျွန်မကို သန္ဓေပြောင်းသားရဲရဲ့ သွေးတွေ ပေးနိုင်မလား..."

သူမ၏ တောက်ပနေသော မျက်ဝန်းများကို ကြည့်ကာ သူက စနောက်လိုသော လေသံဖြင့် ပြောလိုက်၏။

"အရင်ဆုံး ငါ့ကို ယောက်ျားလို့ ခေါ်လိုက်လေ... ဒါဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်... နှလုံးသားနဲ့ ဝိညာဉ်အပါအဝင် အရာအားလုံးကို မင်းကို ပေးအပ်လိုက်မယ်..."

သူ၏ အရှက်မရှိသော စကားများကို ကြားရသောအခါ ကျူးလင်မှာ ဆွံ့အသွားရတော့သည်။

'ရှင် အခုထိ လက်မလျှော့သေးဘူးလား...'

All Chapters