← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း (၁၃၄) - ရင်းနှီးကျွမ်းဝင်သော အမူအရာ

မျက်တောင်တစ်ခတ်အတွင်းမှာတင် ဆယ်ရက်တာ အချိန်ကာလက ကုန်ဆုံးသွားခဲ့လေပြီ။ ကလေးငယ်များက ထူထူ၏ စောင့်ကြည့်မှုအောက်တွင် စားသောက်နေကြစဉ် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

ဒေါက်... ဒေါက်... ဒေါက်...

ကျူးလင်က ပစ္စည်းများကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး တံခါးဖွင့်ရန် လျှောက်သွားလိုက်သည်။

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်က သူမကို ဖက်လိုက်လေသည်။

သူမအနေဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ရင်းနှီးသော ရနံ့သင်းသင်းနှင့် နွေးထွေးမှုကို ခံစားလိုက်ရချေသည်။

ကျူးလင်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ပြောလိုက်သည်။

"ပြန်ရောက်လာပြီလား..."

ရှို့ဝူက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော လတ်ဆတ်သည့် ဝါးရနံ့သင်းသင်းကို အဝရှူရှိုက်လိုက်ပြီးနောက် စိတ်ကျေနပ်စွာ သက်ပြင်းချရင်း ပြောလိုက်သည်။

"ကိုယ် ပြန်လာပြီ..."

၎င်းတို့၏ နောက်ကွယ်တွင် ရပ်နေသော ကျီယန်က မျက်လုံးအဝိုင်းသား စောင်းကြည့်လိုက်ရင်း ပြောလိုက်သည်။

"လောင်ရှို့... မင်းတို့နှစ်ယောက် အခန်းတစ်ခန်းလောက် ရှာလိုက်ကြပါလား... လမ်းပိတ်ပြီး ဒီမှာ မတ်တတ်ရပ်မနေကြနဲ့လေ..."

ကျီယန်၏ စကားကို ကြားရသည့်အခါ ကျူးလင်၏ မျက်နှာလေးက ရှက်သွေးဖြာကာ နီရဲသွားပြီး ရှို့ဝူကို တွန်းထုတ်လိုက်လေသည်။ သူမက ဘေးသို့ ဖယ်ပေးလိုက်ရင်း ပြောလိုက်သည်။

"ဝင်ခဲ့ကြလေ..."

ကျီယန်က ဖိနပ်ကို ချွတ်လိုက်သည်နှင့် ရေချိုးခန်းသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ အလျင်အမြန် ရေချိုးလိုက်လေသည်။ ပိတ်ထားသော ရေချိုးခန်းတံခါးကို ကြည့်ရင်း ထန်ဝေ့က ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။

"ရှောင်လင်... ကျွန်တော် မင်းရဲ့ အိပ်ခန်းထဲက ရေချိုးခန်းကို သုံးလို့ရမလား... အခုချက်ချင်း ရေချိုးဖို့ တကယ်လိုအပ်နေလို့ပါ..."

ကျူးလင်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။

"အင်း... ကျွန်မ ရေချိုးခန်းထဲမှာ ရေဖြည့်ထားပြီးသားပါ... စိတ်အေးလက်အေး ရေချိုးနိုင်ပါတယ်..."

"ကျေးဇူးပါပဲ ရှောင်လင်..."

ထန်ဝေ့က သူမကို ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်ပြီးနောက် သူမ၏ အိပ်ခန်းဆီသို့ အပြေးအလွှား လျှောက်သွားလေသည်။

ရှို့ဝူက သူမကို ကြည့်ကာ စိတ်မကောင်းဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။

"ရှောင်လင်... ကိုယ်ကတော့ မင်းရဲ့ အိပ်ခန်းထဲကို တစ်ခါမှ မဝင်ဖူးသေးဘူး..."

သူ၏ စကားကို ကြားရသည့်အခါ ကျူးလင်က ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ရင်း ပြောလိုက်သည်။

"ရှင်လည်း ရေချိုးချင်တယ်ဆိုရင် ထန်ဝေ့ ထွက်လာပြီးမှ သွားချိုးလိုက်လေ..."

သူမ၏ စကားကို ကြားပြီးနောက် ရှို့ဝူမှာ ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားရလေသည်။

သူ ဆိုလိုသည်က ထိုအဓိပ္ပာယ် မဟုတ်ပေ။

သူမက တကယ်ပဲ နားမလည်သည်လော... သို့မဟုတ် နားမလည်ချင်ယောင် ဆောင်နေသည်လော...

သူ၏ ဆွံ့အသွားသော အမူအရာကို မြင်ရသည့်အခါ ကျူးလင်က မျက်ခုံးလေးကို အနည်းငယ် ပင့်လိုက်ရင်း မေးလိုက်သည်။

"ဘာလို့ ကျွန်မကို အဲဒီလို ကြည့်နေတာလဲ..."

ရှို့ဝူက သက်ပြင်းကို မချိတင်ကဲ ချလိုက်ရင်း ခေါင်းခါပြကာ ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး..."

ထိုသို့ပြောပြီးနောက် သူက ဟောင်းနွမ်းနေသော ဆိုဖာဆီသို့ လျှောက်သွားကာ မျက်လုံးများကို မှိတ်လျက် ထိုင်နေလိုက်လေသည်။

လွန်ခဲ့သော ဆယ်ရက်အတွင်း သူသည် အနားယူရန် သို့မဟုတ် အိပ်စက်ရန် အချိန်မရှိသလောက်ပင် ဖြစ်ခဲ့ရ၏။ မျက်လုံးများကို မှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။

သူက ဟောင်းနွမ်းနေသော ဆိုဖာပေါ်တွင် အိပ်ပျော်သွားသည်ကို မြင်ရသည့်အခါ ကျူးလင်က ဝိညာဉ်လက်ဖက်ရည်ကြမ်း တစ်အိုး ဖျော်ရန်အတွက် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

သူမက လင်ဗန်းကို ကိုင်လျက် မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင် ကျီယန်နှင့် ထန်ဝေ့တို့က နူးညံ့သော ကော်ဇောပေါ်တွင် ထိုင်နေကြပြီဖြစ်ပြီး ရှို့ဝူကမူ ရေချိုးရန်အတွက် စောစောကမှ ထွက်သွားခဲ့ချေသည်။

သူမက လက်ဖက်ရည် သုံးခွက်ကို ငှဲ့ပေးလိုက်ရင်း မေးလိုက်သည်။

"ရှင်တို့ ရိက္ခာတွေ လုံလုံလောက်လောက် စုဆောင်းနိုင်ခဲ့ကြရဲ့လား..."

ကျီယန်က ခွက်ကို လှမ်းယူကာ ဝိညာဉ်လက်ဖက်ရည်ကြမ်းကို တစ်ငုံ သောက်လိုက်ပြီးနောက် စိတ်ရွှင်လန်းသွားကာ ပြုံးလျက် ပြောလိုက်သည်။

"အင်း... စုဆောင်းနိုင်ခဲ့ပါတယ်... ကျွန်တော်တို့ တံတိုင်းဆောက်ဖို့အတွက် သတ္တုရိုင်းအသစ်တွေကိုလည်း သွားရောက်စုဆောင်းခဲ့ကြသေးတယ်...”

“စစ်တပ်စခန်းကလည်း စခန်းရဲ့ အပြင်ဘက်တံတိုင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် သာမန်လူတွေနဲ့ သဘာဝလွန်စွမ်းအားရှင်တွေဆီကနေ သတ္တုရိုင်းအသစ်တွေကို အများကြီး ဝယ်ယူနေတယ်လို့ ကြားတယ်...”

“သတ္တုရိုင်းအသစ်က စွမ်းရည်တွေကို ပျက်ပြယ်စေနိုင်စွမ်းရှိပြီးတော့ တန်စတင်နီးပါး ခံနိုင်ရည်ရှိတယ်…”

“နောက်နှစ်နည်းနည်းကြာလာရင် ဒီသတ္တုရိုင်းအသစ်ရဲ့ တန်ဖိုးနဲ့ လိုအပ်ချက်က အများကြီး မြင့်တက်လာလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်..."

သူ၏ စကားကို ကြားရသည့်အခါ ကျူးလင်က မျက်ခုံးလေးကို အနည်းငယ် ပင့်လိုက်ရင်း မေးလိုက်သည်။

"စခန်းက သူတို့ဆီကနေ သတ္တုရိုင်းတွေကို ဘယ်လောက်နှုန်းနဲ့ ဝယ်ယူနေတာလဲ..."

ကျီယန်က ခေတ္တမျှ စဉ်းစားလိုက်ရင်း ပြောလိုက်သည်။

"ကျွန်တော် နောက်ဆုံးအကြိမ် သွားရောက်စုံစမ်းခဲ့တဲ့ ဈေးနှုန်းအရဆိုရင် သတ္တုရိုင်းအသစ် တစ်ကီလိုဂရမ်ကို ပံ့ပိုးမှုအမှတ် နှစ်မှတ် ဒါမှမဟုတ် အစားအစာဂရမ် တစ်ရာနဲ့ လဲလှယ်နိုင်တယ်...”

“တကယ်လို့ ရေနဲ့ လဲလှယ်မယ်ဆိုရင်တော့ သတ္တုရိုင်းအသစ် တစ်ကီလိုဂရမ်ကို ရေ တစ်ရာမီလီလီတာနဲ့ လဲလှယ်ပေးတယ်..."

ကျီယန်၏ အဖြေကို ကြားပြီးနောက် ကျူးလင်က ထပ်မံမေးမြန်းလိုက်သည်။

"အဲဒီသတ္တုရိုင်းတွေကို တူးဖော်ရတာ ခက်ခဲလား..."

ကျီယန်က ခေါင်းခါပြရင်း ပြောလိုက်သည်။

"သဘာဝလွန်စွမ်းအားရှင်တွေအတွက်တော့ သတ္တုရိုင်းတူးဖော်ရတာက ပုံမှန်အလုပ်လုပ်သလောက်ပဲ ရှိပါတယ်...”

“ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အခြားလူတွေထက် ပိုပြီး ခွန်အားတွေ ရှိကြတယ်လေ... အဲဒါအပြင် သဘာဝလွန်စွမ်းအားရှင်တွေက သတ္တုရိုင်းတွေကို တူးဖော်ဖို့အတွက် သူတို့ရဲ့ စွမ်းရည်တွေကိုလည်း အသုံးပြုနိုင်ကြသေးတယ်..."

"ဒါဆို စွမ်းရည်မရှိတဲ့ သာမန်လူတွေအတွက်ကျတော့ကော..."

ကျူးလင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ကျီယန်က ခေါင်းခါပြရင်း ပြောလိုက်သည်။

"သာမန်လူတွေအတွက်တော့ သတ္တုရိုင်းတွေကို ခွဲထုတ်ဖို့ လိုအပ်တဲ့ ခွန်အားကြောင့် သတ္တုရိုင်းတူးဖော်ရတာက အရမ်းခက်ခဲပါတယ်...”

“တကယ်လို့ သဘာဝလွန်စွမ်းအားရှင်တွေက နေ့တိုင်း သတ္တုရိုင်း ဆယ်ကီလိုဂရမ်ကနေ နှစ်ဆယ်ကီလိုဂရမ်အထိ တူးဖော်နိုင်မယ်ဆိုရင် သာမန်လူတွေကတော့ တစ်နေ့ကို အများဆုံးမှ ကီလိုဂရမ်ဝက်ကနေ တစ်ကီလိုဂရမ်အထိပဲ တူးဖော်နိုင်ကြတာ..."

ကျီယန်၏ အဖြေကို ကြားပြီးနောက် ကျူးလင်က နက်နက်နဲနဲ တွေးတောနေမိလေသည်။

ရှို့ဝူက စိုစွတ်နေသော ဆံပင်များနှင့် ဆပ်ပြာနံ့သင်းသင်းလေးကို သယ်ဆောင်လျက် အိပ်ခန်းထဲမှ ထွက်လာချိန်တွင် ကျီယန်နှင့် ထန်ဝေ့တို့က ကလေးများနှင့် ဆော့ကစားနေကြသည်ကို မြင်လိုက်ရပြီး ကျူးလင်ကမူ အတွေးကမ္ဘာထဲတွင် နစ်မြုပ်နေချေသည်။

သူက သူမ၏ ဘေးတွင် ဝင်ထိုင်လိုက်ရင်း မေးလိုက်သည်။

"ဘာတွေ တွေးနေတာလဲ..."

သူမ၏ ဘေးမှ ဆပ်ပြာနံ့သင်းသင်းလေးကို ရရှိလိုက်ပြီး ဘေးနားရှိ ဟောင်းနွမ်းနေသော ဆိုဖာကြီး နိမ့်ဆင်းသွားသည်ကို ခံစားလိုက်ရသဖြင့် ကျူးလင်က မော့ကြည့်လိုက်ရာ ရှို့ဝူက သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

သူ့ဆံပင်များက စိုစွတ်နေဆဲဖြစ်သည်ကို မြင်ရသည့်အခါ သူမက သိုလှောင်အိတ်ထဲမှ ဂွမ်းသုတ်ပဝါတစ်ထည်ကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။

"ရှင် ဆံပင်ကို သေချာခြောက်အောင် သုတ်ရမယ်လေ... အအေးမိသွားရင် ဘယ်လိုလုပ်မလဲ..."

ထိုသို့ပြောပြီးနောက် သူမက ဂွမ်းသုတ်ပဝါကို သူ့ထံသို့ ကမ်းပေးလိုက်သည်။ ရှို့ဝူက သူမ၏လက်ထဲမှ ဂွမ်းသုတ်ပဝါကို လှမ်းမယူဘဲ ခေါင်းကို အနည်းငယ် ငုံ့လိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"မင်းပဲ ကိုယ့်ကို ဆံပင်သုတ်ပေးလေ..."

ကျူးလင်က တွေးလိုက်မိသည်။

'သူကလည်း ဟိုကလေးတွေလိုပဲ ဖြစ်မှာပါ...'

ထို့ကြောင့် သူမက ဘာမှမပြောဘဲ သူ၏ ဆံပင်များကို ညင်သာစွာ သုတ်ပေးလိုက်လေသည်။

ကျူးလင်က ရှို့ဝူ၏ ဆံပင်များကို ဂရုတစိုက် သုတ်ပေးနေသည်ကို မြင်ရသည့်အခါ ကျီယန်နှင့် ထန်ဝေ့တို့က သူတို့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြ၏။

သူမ၏ မျက်ဝန်းများက အလွန်ပင် နူးညံ့နေပြီး နှုတ်ခမ်းထောင့်စွန်းတွင် ပြုံးယောင်သန်းနေသည့် အရိပ်အယောင်ပင် ရှိနေချေသည်။

ရှို့ဝူအနေဖြင့် အရှက်မရှိ ပြုမူတတ်ခြင်းက ဆန်းသစ်သည့် အရာမဟုတ်သော်လည်း ကျူးလင်က သူ့ကို ကူညီရန် အမှန်တကယ် သဘောတူလိုက်ခြင်းက တကယ့်ကို တုန်လှုပ်စရာ ကောင်းလှပေသည်။

အလွန်ရင်းနှီးသော သူငယ်ချင်းများပင်လျှင် တစ်ဦးနှင့်တစ်ဦး ဆံပင်သုတ်ပေးလေ့ မရှိကြချေ။

ဇနီးမောင်နှံ သို့မဟုတ် မိသားစုဝင်များသာလျှင် တစ်ဦးအပေါ်တစ်ဦး ဤကဲ့သို့သော ရင်းနှီးကျွမ်းဝင်သည့် အမူအရာမျိုးကို ပြုမူတတ်ကြခြင်း ဖြစ်ပေသည်။

ကျီယန်နှင့် ထန်ဝေ့တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း တွေးလိုက်မိကြသည်။

'သူတို့နှစ်ယောက်က တရားဝင် ချစ်သူတွေ ဖြစ်သွားကြပြီလား...'

All Chapters