← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅) - သူက ထင်သလောက် ကြောက်ဖို့မကောင်းပါဘူး

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ကျူးလင်သည် ရှို့ဝူ၏ နူးညံ့သော ဆံပင်များကို ပွတ်သပ်ကြည့်လိုက်ရာ ခြောက်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း အာရုံခံမိလိုက်လေသည်။

ကျူးလင်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ခြောက်သွားပြီ... နောက်တစ်ခါကျရင် ဆံပင်ကို သေချာခြောက်အောင် သုတ်ဦး... မဟုတ်ရင် အအေးမိလိမ့်မယ်... လူသားတွေက သိပ်ပြီး နုနယ်လွန်းတာမို့ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ရမယ်..."

သူမ၏ စိုးရိမ်တကြီး ပြောဆိုသံကို ကြားရသောအခါ ရှို့ဝူက ပြုံးလိုက်ပြီး လိမ္မာသိတတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အင်း..."

သူမက ရှို့ဝူထံမှ အကြည့်လွှဲလိုက်သောအခါ ကျီယန်၊ ထန်ဝေ့နှင့် ကလေးငယ်များက သူတို့နှစ်ဦးကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။ သူမသည် မိမိပါးပြင်ကို ပြန်လည်ထိတွေ့ကြည့်ရင်း သံသယစိတ်ဖြင့် မေးလိုက်သည်။

"ကျွန်မမျက်နှာမှာ တစ်ခုခု ပေနေလို့လား..."

သူမ မေးလိုက်သည့်အခါ ထန်ဝေ့နှင့် ကျီယန်တို့နှစ်ဦးလုံးက တစ်ပြိုင်နက်တည်း ခေါင်းခါပြလိုက်ကြချေသည်။ ကလေးငယ်များမှာမူ ရှို့ဝူကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေကြဆဲ ဖြစ်ပေသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်း ကျူးလင်ကသာ သူတို့ကို စောင့်ရှောက်ပေးခဲ့သဖြင့် ကလေးများအားလုံးက သူမကို သူတို့၏ အစ်မကြီးတစ်ဦးကဲ့သို့လည်းကောင်း၊ မိသားစုဝင်တစ်ဦးကဲ့သို့လည်းကောင်း သတ်မှတ်ထားကြလေသည်။

ယခုအခါ ကျူးလင်က ရှို့ဝူကိုပါ ဂရုတစိုက် ပြုစုပေးနေသည်ကို မြင်တွေ့ရသောအခါ သူတို့သည် ရှို့ဝူကို အကြာကြီး စိုက်ကြည့်နေမိကြ၏။

ဤကြောက်မက်ဖွယ်ကောင်းသော အစ်ကိုကြီးသည်လည်း သူတို့အစ်မကြီး၏ မိသားစုဝင်တစ်ဦး ဖြစ်ရပေမည်။ ထိုသို့တွေးမိလိုက်သည်နှင့် သူတို့သည် ဤအစ်ကိုကြီးအား ယခင်ကလောက် မကြောက်တော့သလို ခံစားလိုက်ရချေသည်။

ကျူးလင်၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာပေးကို မြင်သောအခါ ရှို့ဝူက ခပ်တိုးတိုး ရယ်မောလိုက်ပြီး မေးလိုက်သည်။

"ရှောင်လင်... စောစောက ဘာတွေ တွေးနေတာလဲ..."

သူ့မေးခွန်းကို ကြားရသောအခါ ကျူးလင်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ကျီယန် ပြောတာတော့ စခန်းက သာမန်လူတွေနဲ့ စွမ်းအားရှင်တွေဆီကနေ သတ္တုရိုင်းအသစ်တွေကို ဝယ်ယူနေတယ်ဆိုပဲ...”

“ကျွန်မတို့ရဲ့ ကိုယ်ပိုင်စခန်း တည်ဆောက်ရေးကို အမြန်ဆုံး ပြီးစီးချင်တယ်ဆိုရင် ကျွန်မတို့လည်း ကုန်ကြမ်းပစ္စည်းတွေကို ဝယ်ယူဖို့ လိုအပ်လိမ့်မယ်လို့ ထင်တယ်..."

ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့က အာရုံစိုက် နားထောင်နေကြသည်ကို မြင်သောအခါ သူမက ဆက်လက်ပြောပြလိုက်သည်။

"စခန်းက ပေးတဲ့ဈေးက သိပ်ပြီး နည်းလွန်းတာမို့ ကျွန်မတို့ဘက်က ဈေးလေး နည်းနည်း ပိုပေးလိုက်မယ်ဆိုရင် အဲဒီလူတွေက စခန်းကို မရောင်းဘဲ ကျွန်မတို့ဆီကိုပဲ လာရောင်းကြလိမ့်မယ်...”

“ကျွန်မတို့ လုပ်ရမှာက ဆိုင်ခန်းလေးတစ်ခုဖွင့်ပြီး သူတို့လာရောင်းမယ့် သတ္တုရိုင်းတွေကို စောင့်ဝယ်ဖို့ပဲ... ဒါဆိုရင် ကျွန်မတို့အတွက် အချိန်ရော လူပါ အများကြီး သက်သာသွားလိမ့်မယ်..."

ရှို့ဝူက သူမ၏ စကားများကို စဉ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"ဒါဆိုရင် မင်း အဆောင်လက်ဖွဲ့တွေ ဖန်တီးဖို့အတွက် ငါတို့ ကုန်ကြမ်းပစ္စည်းတွေ ပိုပြီး စုဆောင်းပေးရမယ်..."

ထိုသို့ပြောပြီးနောက် သူက ကျီယန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"လောင်ယန်... ရှောင်လင်အတွက် ငါတို့ စုဆောင်းထားတဲ့ ပစ္စည်းတွေကို ထုတ်ပေးလိုက်ပါဦး..."

ကျီယန်က ခေါင်းညိတ်လိုက်ပြီးနောက် သန္ဓေပြောင်းသားရဲ၏ သွေးပုလင်း အလုံးနှစ်ဆယ်ကျော်နှင့် အဆောင်စက္ကူဘူးအချို့ကို ထုတ်ပေးလိုက်လေသည်။

ထူထပ်လှသော ဝိညာဉ်စွမ်းအင်များ ဖြာထွက်နေသည့် သွေးများကို ကြည့်ရင်း ကျူးလင်၏ မျက်ဝန်းများ တောက်ပသွားခဲ့ပေသည်။

သူမသည် သွေးများ၏ ဝိညာဉ်စွမ်းအင်များ လွင့်ပြယ်မသွားစေရန်အတွက် သွေးပုလင်းများနှင့် စက္ကူများကို သိုလှောင်အိတ်ထဲသို့ အလျင်အမြန် ထည့်သွင်းသိမ်းဆည်းလိုက်ချေသည်။

သူမသည် အချိုသာဆုံး ပြုံးပြကာ ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့ကို ကြည့်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ခဏနေရင် ကျွန်မ အဆောင်လက်ဖွဲ့တွေ အများကြီး ထပ်ပြီး ဖန်တီးလိုက်မယ်..."

သူမ ပျော်ရွှင်စွာ ပြုံးနေသည်ကို မြင်ရသောအခါ ရှို့ဝူက လက်လှမ်း၍ သူမ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

"ခန္ဓာကိုယ်ကို သိပ်ပြီး ပင်ပန်းမခံပါနဲ့... မင်း တစ်ခုခု လိုအပ်တာရှိရင် ကိုယ့်ကိုသာ ပြော... ကိုယ် အားလုံး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးမယ်..."

ရှို့ဝူ၏ ရင်းနှီးလွန်းသော အပြုအမူကြောင့် ကျူးလင်တစ်ယောက် ရှက်ရွံ့ကာ စိတ်လှုပ်ရှားနေစဉ် ထန်ဝေ့က သူ၏လက်ပတ်နာရီကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။

"အခုမှ မနက် ခုနစ်နာရီပဲ ရှိသေးတာ... ငါတို့ မနက်စာစားပြီးတာနဲ့ သတ္တုရိုင်းတွေ ဝယ်ဖို့ ဆိုင်ခန်း သွားဖွင့်ကြမလား..."

ကျီယန်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"အပြင်မှာ သိပ်ပူတာပဲ... ဒီလောက် ပူပြင်းတဲ့ ရာသီဥတုမျိုးမှာ လူတွေ အပြင်ထွက်ကြမယ်မထင်ဘူး..."

ထန်ဝေ့က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"ငါတို့က စခန်းထက် ပိုကောင်းတဲ့ ဈေးနှုန်းပေးနိုင်သရွေ့ အဲဒီလူတွေက သတ္တုရိုင်းတွေ လာရောင်းကြမှာပဲ..."

“ပြီး‌တော့ ငါတို့လည်း အလုပ်သမားတွေ ငှားရဦးမယ်... လူရွေးမှားပြီး မငှားမိအောင် သူတို့ကို မငှားခင် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်းတာက ပိုပြီး ကောင်းလိမ့်မယ်..."

ထိုသို့ပြောပြီးနောက် ကျီယန်က မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။

"ဒါဆိုရင် အရင်ဆုံး စားကြရအောင်... ငါ အရမ်းဗိုက်ဆာနေပြီ..."

ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူက မီးဖိုချောင်ဆီသို့ လျှောက်သွားလေသည်။

သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ အားလုံး ကုန်သွားပြီဟု ကျီယန် ပြောခဲ့သည်ကို ကျူးလင် သတိရသွားသဖြင့် သူမသည်လည်း မတ်တတ်ရပ်ကာ မီးဖိုချောင်ဆီသို့ လိုက်သွားခဲ့ပေသည်။

ကျီယန်က သူမ ဝင်လာသည်ကို မြင်သောအခါ မေးလိုက်လေသည်။

"ရှောင်လင်... ဘာလို့ ဝင်လာတာလဲ... ဟင်းချက်တဲ့အခါ ထွက်တဲ့ ဆီပူငွေ့တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်... ဧည့်ခန်းထဲမှာပဲ သွားစောင့်နေပါ... ဟင်းချက်တာကို ငါနဲ့ လောင်ရှို့ကိုပဲ လွှဲထားလိုက်..."

ကျူးလင်က မီးဖိုချောင်ထဲသို့ ဝင်လာပြီး သိုလှောင်အိတ်ထဲမှ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အဓိကရိက္ခာ အမြောက်အမြားကို ထုတ်ပေးလိုက်ရင်း ပြောလိုက်သည်။

"ကျီယန်... ရှင်တို့ သုံးယောက် နောက်တစ်ခါ အပြင်ကို အကြာကြီး ထွက်သွားရတဲ့အခါ သုံးဖို့အတွက် အစားအစာတွေကို ပိုပြီး သိမ်းဆည်းထားတာ ပိုကောင်းလိမ့်မယ်..."

ကျီယန်က စားပွဲပေါ်ရှိ အစားအစာများကို တစ်ချက်ကြည့်ကာ သူမကို ပြုံးပြလိုက်ပေသည်။

"ဒါဆိုရင်တော့ ငါ အားမနာတော့ဘူးနော်... ကျေးဇူးအများကြီးတင်ပါတယ် ရှောင်လင်..."

သူက အစားအစာအားလုံးကို သူ၏ နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် ရှို့ဝူ၏ ကူညီပေးမှုဖြင့် သူတို့နှစ်ဦးသည် ရိုးရှင်းသော မနက်စာတစ်နပ်ကို ပြင်ဆင်လိုက်ကြလေသည်။

မနက်စာ စားပြီးနောက် သူတို့လေးဦးသည် တိုက်ခန်းမှ အတူတူ ထွက်ခွာခဲ့ကြပြီး ထူထူမှာမူ ကလေးများကို စောင့်ရှောက်ရန် အိမ်၌ ကျန်ရစ်ခဲ့ပေသည်။

ထူထူသည် ချစ်စရာကောင်းသော အသွင်အပြင် ရှိသဖြင့် ရက်ပိုင်းအတွင်းမှာပင် ကလေးများ၏ အချစ်တော် ဖြစ်လာခဲ့ချေသည်။

သူတို့ လှေကားထစ်များအတိုင်း ဆင်းလာကြစဉ် တိုက်ခန်းအဆောက်အအုံ၏ ဧည့်ခန်းမဆောင်တွင် မုန့်ကျယ်လန်နှင့် ဝမ်နတို့ကို ဆုံတွေ့လိုက်ရလေသည်။

သူတို့လေးဦးလုံး တစ်ပုံစံတည်းဖြစ်သော ရေခဲပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်ကို မြင်သောအခါ မုန့်ကျယ်လန်က ပြုံးလျက် နှုတ်ဆက်လိုက်ပေသည်။

"မင်္ဂလာနံနက်ခင်းပါ အစ်မကြီးကျူးလင်... အပြင်သွားမလို့လား..."

ယခင်က သူတို့ လမ်းခွဲခဲ့ကြစဉ်က အခြေအနေ သိပ်မကောင်းခဲ့သော်လည်း ကျူးလင်သည် မုန့်ကျယ်လန်အပေါ် ကောင်းမွန်သော အထင်အမြင် ရှိနေဆဲပင် ဖြစ်ပေသည်။ သူမက မုန့်ကျယ်လန်ကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"အင်း... ကျွန်မတို့ ဈေးကွက်နယ်မြေမှာ ဆိုင်ခန်းလေးတစ်ခု သွားဖွင့်မလို့..."

သူမ၏ စကားကို ကြားရသောအခါ မုန့်ကျယ်လန်မှာ အနည်းငယ် အံ့အားသင့်သွားရလေသည်။

အဘယ်ကြောင့်ဆိုသော် ကျူးလင်သည် ပုံမှန်အားဖြင့် ညဈေးတွင်သာ ဆိုင်ဖွင့်လေ့ရှိပြီး ယခုကဲ့သို့ နေ့ခင်းဘက် ဈေးကွက်နယ်မြေတွင် ဆိုင်ဖွင့်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့်ပင် ဖြစ်ပေသည်။

မုန့်ကျယ်လန်က ခဏမျှ ကြောင်အသွားပြီးနောက် မေးလိုက်လေသည်။

"အစ်မကြီးကျူးလင်... အစားအစာတွေနဲ့ ရေကိုပဲ ထပ်ပြီး ရောင်းမလို့လား..."

ထိုအရသာရှိလှသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို တွေးမိလိုက်ရင်း ဝမ်နသည် တံတွေးကို မသိမသာ မျိုချလိုက်မိပေသည်။

သူမသည် မျှော်လင့်ချက်အပြည့် ရှိနေသော မျက်ဝန်းများဖြင့် ကျူးလင်ကို စိုက်ကြည့်နေမိချေသည်။

ကျူးလင်သည် သူတို့၏ စိတ်အားထက်သန်မှုများကို သတိမပြုမိသဖြင့် ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။

"မဟုတ်ဘူး... ကျွန်မ သတ္တုရိုင်းအသစ်တွေကို ဝယ်ယူမလို့... ရှင်တို့ဆီမှာ သတ္တုရိုင်းတွေရှိပြီး ရောင်းချချင်တယ်ဆိုရင် ကျွန်မရဲ့ ဆိုင်ခန်းကို လာခဲ့လို့ရတယ်...”

“သတ္တုရိုင်း တစ်ကီလိုဂရမ်ကို အစားအစာ နှစ်ရာဂရမ် ဒါမှမဟုတ် ရေ နှစ်ရာမီလီလီတာနဲ့ လဲလှယ်ပေးမယ်..."

All Chapters