← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆) - ပြန်လည်ဆုံတွေ့ခြင်း

ကျူးလင် ပြောလိုက်သည်ကို ကြားရသောအခါ မုန့်ကျယ်လန်နှင့် ဝမ်နတို့၏ မျက်ဝန်းများမှာ တောက်ပသွားကြလေသည်။

ပြီးခဲ့သည့် တာဝန်မှ ပြန်လာပြီးနောက် ကျိုးယွီယန်နှင့် ဟန်ရှင်းယွဲ့တို့သည် သူတို့ကို ချန်ထားခဲ့ကာ တာဝန်သစ်တစ်ခုသို့ ထွက်ခွာသွားခဲ့ကြသဖြင့် သူတို့သည် ရိက္ခာ သို့မဟုတ် ပံ့ပိုးမှုအမှတ်များနှင့် လဲလှယ်ရန်အတွက် သတ္တုရိုင်းများကိုသာ တူးဖော်နေခဲ့ရရှာပေသည်။

အကယ်၍ ကျူးလင်က သတ္တုရိုင်းများကို စခန်းကပေးသည့် ဈေးထက် နှစ်ဆပေး၍ ဝယ်ယူရန် အမှန်တကယ် ဆန္ဒရှိပါက သူတို့အနေဖြင့် သတ္တုရိုင်းများကို သူမထံသို့သာ လုံးဝရောင်းချကြပေလိမ့်မည်။

ထို့ပြင် ကျူးလင်၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများမှာ ဈေးကွက်ထဲရှိ အခြား ဟင်းသီးဟင်းရွက် သို့မဟုတ် သစ်သီးဝလံများထက် ဈေးချိူ၍ ပိုမိုအရသာရှိလှပေသည်။

မုန့်ကျယ်လန်သည် စိတ်ပြန်လည်စုစည်းမိသွားပြီးနောက် ပြီးခဲ့သည့်တာဝန်မှ ရရှိသော ဆုလာဘ်ကို ကျူးလင်ထံသို့ ပေးအပ်ရန် ကျန်ရှိနေသေးသည်ကို သတိရသွားလေသည်။

သူမသည် ကျောပိုးအိတ်ကို အလျင်အမြန် ဖွင့်လိုက်ပြီး ပလတ်စတစ်အိတ်အသေးလေးတစ်အိတ်ကို ထုတ်ယူကာ ကျူးလင်ထံသို့ ကမ်းပေးရင်း ပြောလိုက်သည်။

"အစ်မကျူးလင်... ဒါက ပြီးခဲ့တဲ့ တာဝန်တုန်းက အစ်မရဲ့ ဆုလာဘ်ဝေစုပါ..."

ကျူးလင်သည် ထိုပလတ်စတစ်အိတ်အသေးလေးကို လှမ်းယူလိုက်ရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

သူမသည် ပလတ်စတစ်အိတ်လေးကို သိမ်းဆည်းလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒါဆို ကျွန်မတို့ အရင်သွားနှင့်တော့မယ်..."

မုန့်ကျယ်လန်က ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"ကျွန်မနဲ့ နနလည်း ခဏနေရင် အစ်မရဲ့ ဆိုင်ခန်းဆီကို လာခဲ့ပါ့မယ်... နောက်မှ တွေ့ကြတာပေါ့ အစ်မကျူးလင်..."

နှုတ်ဆက်စကား ပြောကြားပြီးနောက် ကျူးလင်နှင့် အခြားသူများသည် ဈေးကွက်ဆီသို့ ထွက်ခွာသွားကြပြီး မုန့်ကျယ်လန်နှင့် ဝမ်နတို့မှာမူ လွန်ခဲ့သော ရက်အနည်းငယ်က စုဆောင်းထားခဲ့သည့် သတ္တုရိုင်းများကို ယူဆောင်ရန် တိုက်ခန်းဆီသို့ ပြန်သွားကြလေသည်။

ကျူးလင်၊ ရှို့ဝူ၊ ထန်ဝေ့နှင့် ကျီယန်တို့သည် တိုက်ခန်းအဆောက်အအုံအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာကြချိန်တွင် လမ်းမပေါ်၌ သွားလာနေသူ အနည်းငယ်မျှသာ ရှိပေသည်။

ထိုလူများသည် သူတို့ကို မြင်တွေ့ရသောအခါ တီးတိုးတိုး ပြောဆိုကြရင်း ၎င်းတို့လေးဦးကို မကြာခဏ လှမ်းကြည့်နေကြလေသည်။

ထိုသူတို့၏ အကြည့်များကို အာရုံခံမိသဖြင့် ကျူးလင်သည် လှည့်၍ ကြည့်လိုက်မိသည်။ ဆယ်မိနစ်ကျော်ခန့် လမ်းလျှောက်ပြီးနောက် သူတို့လေးဦး၏ ဘေးမှ ဖြတ်သန်းသွားကြသော လူအများအပြားမှာ သူတို့ကို ပို၍ စိုက်ကြည့်လာကြသည်ကို သူမ သတိပြုမိလာလေသည်။

သူမ၏ ဘေးတွင် လမ်းလျှောက်နေသော ရှို့ဝူသည် သူမ၏ လှုပ်ရှားမှုအသေးအဖွဲလေးကို သတိပြုမိသွားပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

ကျူးလင်သည် သူ၏အနီးသို့ ကပ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။

"ရှို့ဝူ... ဟိုလူတွေ ကျွန်မတို့ကို ကြည့်နေတဲ့ အကြည့်တွေက တစ်မျိုးကြီး ဖြစ်နေတာကို ရှင် သတိထားမိလား..."

ရှို့ဝူက သူမကို ပြုံးပြလိုက်ရင်း စနောက်သည့်လေသံဖြင့် ပြောလိုက်သည်။

"မင်းက သိပ်ပြီး လှလွန်းနေလို့ ဖြစ်လိမ့်မယ်..."

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထန်ဝေ့သည် တစ်ကိုယ်လုံး တုန်တက်သွားပြီး ပြောလိုက်သည်။

"လောင်ရှို့... မင်းရဲ့ စကားတွေက ဒီလောက်တောင် ရင်တုန်စရာကောင်းလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး..."

ထိုစကားကို ကြားရသောအခါ ကျီယန်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း ပြောလိုက်သည်။

"မွေးရာပါ စိတ်ခံစားမှု ချို့ယွင်းချက်ရှိတဲ့ လောင်ရှို့လိုလူမျိုးက နောက်ဆုံးတော့ သူ့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြတတ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...”

“ဒါက ကောင်းတဲ့အရာလို့ ငါ ထင်တယ်... ပြီးတော့ လောင်ရှို့ကို ကုသပေးခဲ့တဲ့အတွက် ရှောင်လင်ကိုလည်း ကျေးဇူးတင်ရမယ်..."

ထန်ဝေ့က ခေါင်းညိတ်ထောက်ခံလိုက်ပြီးနောက် ကျူးလင်ကို ကြည့်ကာ ရိုးသားစွာ ပြောလိုက်သည်။

"ရှောင်လင်... ကျေးဇူးတင်ပါတယ်..."

ကျူးလင်သည် ၎င်းတို့က သူမကို အဘယ်ကြောင့် ရုတ်တရက် ကျေးဇူးတင်နေကြသည်ကို နားမလည်သဖြင့် ဇဝေဇဝါဖြစ်နေသော မျက်ဝန်းများဖြင့်သာ ကြည့်နေမိလေသည်။

ရှို့ဝူသည် ထန်ဝေ့နှင့် ကျီယန်တို့၏ စကားဝိုင်းကို ကြားရသောအခါ ပြုံးလိုက်မိသည်။ သူ၏ သူငယ်ချင်းများအဖြစ် ဆက်လက်ရပ်တည်ရန် သူတို့အတွက် မည်မျှအထိ စိတ်ပျက်စရာကောင်းပြီး ခက်ခဲခဲ့ရမည်ကို သူ ကောင်းစွာ သိရှိပေသည်။

၎င်းတို့သုံးဦးအကြားရှိ သံယောဇဉ်ချစ်ကြည်မှုတစ်ခုတည်းအတွက်နှင့်ပင် ရှို့ဝူသည် သူတို့နှစ်ဦးနှင့်အတူ အဆုံးသတ်အထိ လွတ်လပ်စွာ နေထိုင်သွားနိုင်စေရန်အတွက် တိုက်ပွဲဝင်ပေးရန် ဆန္ဒရှိပေသည်။

မိမိ၏ အသက်ကို စတေးရမည်ဖြစ်စေကာမူ သူ နောက်ဆုတ်မည်မဟုတ်ပေ။

၎င်းတို့သည် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုရင်းနှင့်ပင် ဈေးကွက်နယ်မြေသို့ ရောက်ရှိလာခဲ့ကြလေသည်။

ဆိုင်ခန်းဖွင့်ရန်အတွက် သင့်တော်သော နေရာကောင်းတစ်ခုကို ရှာဖွေရင်း ဈေးကွက်အတွင်း လှည့်ပတ်ကြည့်ရှုနေကြစဉ် ဆိုင်ခန်းများပေါ်တွင် ခင်းကျင်းပြသထားသော ပစ္စည်းများက ကျူးလင်၏ အာရုံကို ဆွဲဆောင်သွားခဲ့ပေသည်။

သာမန်လူသုံးကုန်ပစ္စည်းများ၊ အစားအစာ၊ ရေနှင့် နေ့စဉ်သုံးပစ္စည်းများကိုသာ အဓိကထား ရောင်းချကြသော ညဈေးမှ ကုန်သည်များနှင့်မတူဘဲ နေ့ခင်းဘက်ဈေးမှ ကုန်သည်များမှာမူ အသစ်တွေ့ရှိထားသော ပစ္စည်းများကို အများဆုံး ရောင်းချကြလေသည်။

၎င်းတို့ထဲတွင် သန္ဓေပြောင်းသားရဲများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အသစ်တွေ့ရှိထားသော သတ္တုရိုင်းများ၊ ပုံဆောင်ခဲအမြုတေများနှင့် ကျူးလင် တစ်ခါမျှ မမြင်ဖူးသေးသော အခြားအရာများစွာ ပါဝင်ပေသည်။

လူတစ်ယောက်သည် သူမနှင့် တိုက်မိလုနီးပါး ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ ရှို့ဝူသည် သူမကို မိမိအနီးသို့ အလျင်အမြန် ဆွဲယူလိုက်လေသည်။

သူမသည် စူးစမ်းလိုစိတ်အပြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေဆဲဖြစ်သည်ကို မြင်တွေ့ရသဖြင့် သူသည် သူမ၏လက်ကို ဆုပ်ကိုင်ကာ သူမအရှေ့မှ ဦးဆောင်လမ်းလျှောက်ရင်း အခြားသူများ သူမကို မတိုက်မိစေရန် ကာကွယ်ပေးထားလိုက်တော့သည်။

၎င်းတို့သည် ဆယ်မိနစ်ကျော်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက် ထန်ဝေ့က သန္ဓေပြောင်းသားရဲ အစိတ်အပိုင်းများ ရောင်းချနေသည့် ဆိုင်ခန်းတစ်ခု၏ ဘေးရှိ နေရာလွတ်တစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ဟိုနေရာလေးက ကြည့်ရတာ အဆင်ပြေပုံရတယ်..."

ကျူးလင်သည် ထိုဆိုင်ခန်းပိုင်ရှင်ကို မြင်လိုက်ရသောအခါ မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိရင်း တွေးလိုက်မိသည်။

'ဒီကမ္ဘာကြီးက တကယ်ကို သိပ်ကျဉ်းလွန်းတာပဲ... ငါ တစ်ခုခုကို ရောင်းဖို့ ဒါမှမဟုတ် ဝယ်ဖို့ အပြင်ထွက်တိုင်း သူ့ကို အမြဲတမ်း ဆုံနေတာပဲ...'

ရှို့ဝူသည် ကျူးလင်က ထိုဆိုင်ခန်းပိုင်ရှင်ကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားပြီး မေးလိုက်သည်။

"ရှောင်လင်... မင်း သူ့ကို သိလို့လား..."

သူ၏ မေးခွန်းကို ကြားရသောအခါ ကျူးလင်သည် ထိုအမျိုးသားထံမှ အကြည့်ကို လွှဲလိုက်ပြီး ရှို့ဝူကို ခေါင်းညိတ်ပြလိုက်လေသည်။ သူမက အဖြေအဖြစ် ခေါင်းညိတ်ပြသည်ကို မြင်တွေ့ရသဖြင့် ရှို့ဝူသည် ထိုအမျိုးသားကို တစ်ဖန် ပြန်လည်ကြည့်ရှုလိုက်ပေသည်။

လွတ်နေသော နေရာတစ်ခုတည်းသာ ကျန်ရှိတော့သဖြင့် ၎င်းတို့သည် ထိုနေရာ၌ပင် ဆိုင်ခန်းဖွင့်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

ကျီယန်က စားပွဲရှည်တစ်လုံးနှင့် အဖြူရောင်စာရေးဘုတ်ပြားတစ်ခုကို ထုတ်ယူလိုက်ချိန်တွင် ဘေးချင်းကပ် ဆိုင်ခန်းပိုင်ရှင်ဖြစ်သူသည် ကျူးလင်ကို မြင်တွေ့သွားခဲ့လေသည်။

ရန်ယွမ်သည် ခေါင်းညိတ်၍ နှုတ်ဆက်လိုက်ပြီးနောက် ပြောလိုက်သည်။

"ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီပဲ... မင်းလည်း ဒီကို ပစ္စည်းလာရောင်းတာလား..."

ကျူးလင်က ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။

"ကျွန်မတို့က အသစ်တွေ့ရှိထားတဲ့ သတ္တုရိုင်းတွေကို လာဝယ်တာပါ..."

သူမ၏ စကားကို ကြားရသောအခါ ရန်ယွမ်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း မေးလိုက်သည်။

"မင်းတို့က ဘယ်လောက်ဈေးပေးမှာလဲ..."

သူမ ပြန်မဖြေနိုင်မီမှာပင် ကျီယန်သည် အဖြူရောင်စာရေးဘုတ်ပြားကို စားပွဲရှည်၏ ဘေးတွင် ချထားလိုက်လေသည်။ သူသည် ရန်ယွမ်ကို ပြုံးလျက် ကြည့်လိုက်ပြီး စာရေးဘုတ်ပြားကို ခပ်ဖွဖွ အနည်းငယ် ခေါက်ပြရင်း ပြောလိုက်သည်။

"ဒါက ကျွန်တော်တို့ပေးတဲ့ ဈေးနှုန်းပါ..."

ရန်ယွမ်သည် စာရေးဘုတ်ပြားပေါ်ရှိ ဈေးနှုန်းစာရင်းကို ကြည့်ရှုလိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

"မင်းတို့က စခန်းကပေးတဲ့ ဈေးထက် နှစ်ဆတောင် တကယ်ပေးမှာလား... ဒါဆို သတ္တုရိုင်းတွေနဲ့ လဲလှယ်ဖို့အတွက် အစားအစာ အမျိုးအစားကို ကျွန်တော်ကိုယ်တိုင် ရွေးချယ်လို့ရမလား..."

ကျူးလင်က ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"ကျွန်မတို့က ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အဓိကရိက္ခာ အစားအစာ အမျိုးအစားတချို့ကို ပြင်ဆင်ထားပါတယ်... တကယ်လို့ ရှင် လိုချင်တယ်ဆိုရင် သတ္တုရိုင်းတွေကို ရေနဲ့လည်း လဲလှယ်နိုင်ပါတယ်..."

ရန်ယွမ်၏ စဉ်းစားတွေးတောနေသော အမူအရာကို ကြည့်ရှုရင်း ကျီယန်က မေးလိုက်သည်။

"အစ်ကိုကြီး... မင်းမှာ ရောင်းဖို့ သတ္တုရိုင်းတွေ ရှိလို့လား... မင်းမှာ ရှိသလောက် အကုန်လုံးကို ကျွန်တော်တို့ ဝယ်ယူပါ့မယ်..."

သူ၏ စကားကို ကြားရသောအခါ ရန်ယွမ်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ကျွန်တော် သတ္တုရိုင်းတွေကို ရောင်းချင်တာတော့ အမှန်ပဲ... ဒါပေမဲ့ အိမ်ကို ပြန်ပြီး သွားယူရဦးမယ်..."

All Chapters