← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇) - ဆိုင်ခန်းဖွင့်ခြင်း

ရှို့ဝူနှင့်အတူ ဆိုင်ခန်းကို ဦးစွာပြင်ဆင်ပြီးစီးသွားသော ထန်ဝေ့က ရန်ယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျား ပြန်ပြီး သတ္တုရိုင်းတွေ သွားယူလို့ရတယ်... ခင်ဗျားပြန်မလာခင်အထိ ကျွန်တော်တို့ ခင်ဗျားရဲ့ဆိုင်ခန်းကို ကူညီစောင့်ရှောက်ပေးထားပါ့မယ်..."

ရန်ယွမ်သည်လည်း ပျဉ်ပြားပေါ်တွင် ဈေးနှုန်းစာရင်းကို ရေးသားထားပြီးဖြစ်သဖြင့် တစ်စုံတစ်ဦးက သူ၏ကုန်ပစ္စည်းများကို ဝယ်ယူလိုသော်လည်း ဈေးနှုန်းကို မသိရှိမည်ကို စိုးရိမ်ပူပန်ခြင်း မရှိချေ။

သို့သော် သူသည် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရုံသာရှိသေးသည့် ဤလူများကို အပြည့်အဝ မယုံကြည်နိုင်သေးခြင်းသာ ဖြစ်ပေသည်။

ကျီယန်သည် ရန်ယွမ်၏ မျက်နှာအမူအရာကို ကြည့်ရုံမျှဖြင့် သူတွေးတောနေသည်ကို ရိပ်မိလိုက်သော်လည်း မည်သည့်စကားမျှ မဆိုခဲ့ပေ။

သူတို့အပေါ် မယုံကြည်ခြင်းမှာ သဘာဝကျလှပေသည်...

အဘယ်ကြောင့်ဆိုသော် ကမ္ဘာပျက်ကပ်လွန်ကာလ၏ ပထမဆုံးသော အခြေခံစည်းကမ်းမှာ မိမိကိုယ်ကိုယ်မှတစ်ပါး မည်သူ့ကိုမျှ မယုံကြည်ရန် ဖြစ်သောကြောင့်ပင်။

ခေတ္တမျှ တွေးတောပြီးနောက် ရန်ယွမ်သည် သူ၏ပစ္စည်းများကို စတင်သိမ်းဆည်းလိုက်လေသည်။ သူသည် ကျောပိုးအိတ်ကို လွယ်ပိုးရင်း ကျီယန်ကို ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် သတ္တုရိုင်းတွေ သွားယူလိုက်ဦးမယ်... ကျွန်တော်ပြန်မလာခင်အထိ ဒီနေရာလေးကို ကူညီပြီး စောင့်ပေးထားနိုင်မလား..."

ရန်ယွမ်သည် သူ၏ကုန်ပစ္စည်းများကို ကူညီရောင်းချပေးရန် မတောင်းဆိုဘဲ ဤနေရာကိုသာ စောင့်ရှောက်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။ သူ၏တောင်းဆိုမှုကို ကြားရသောအခါ ကျီယန်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ကောင်းပါပြီ..."

"ကျေးဇူးပဲ..."

ထိုသို့ပြောပြီးနောက် ရန်ယွမ်သည် ကျောပိုးအိတ်ကို လွယ်ကာ ထွက်ခွာသွားလေသည်။

ကျီယန်သည် သူ၏ကျောပြင်ကို ခေတ္တမျှ စဉ်းစားတွေးတောစွာ ကြည့်နေပြီးမှ အခြားသူများအား အစားအစာနှင့် ရေများကို စီစဉ်နေရာချရာတွင် ကူညီပေးရန် သွားလိုက်တော့သည်။

သူတို့ ဆိုင်ခန်းပြင်ဆင်ပြီးစီး၍ မကြာမီမှာပင် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် သူတို့၏ဆိုင်ခန်းသို့ ရောက်ရှိလာခဲ့ချေသည်။

ထိုအသက်လတ်ပိုင်း အမျိုးသမီးသည် စားပွဲရှည်ပေါ်တွင် သပ်ရပ်စွာ စီထားသော ရိက္ခာနှင့် ရေများကို ကြည့်ကာ တံတွေးကို အသာမြိုချလိုက်မိသည်။

ရိက္ခာနှင့် ရေများကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် စားပွဲရှည်၏ နောက်ကွယ်တွင် ထိုင်နေကြသော အလွန်ကြည့်ကောင်းသည့် လူလေးဦးကို သူမ သတိပြုမိသွားလေသည်။

ကျီယန်၏ ခန့်ညားသော မျက်နှာပေါ်ရှိ ဖော်ရွေသော အပြုံးကို မြင်ရသောအခါ သူမသည် အနီးသို့ တိုးကပ်သွားပြီး မေးမြန်းလိုက်သည်။

"အားနာပါတယ်ရှင်... ဒီအစားအစာနဲ့ ရေတွေကို ဘယ်လိုရောင်းတာလဲဟင်..."

ကျီယန်သည် ကုလားထိုင်မှ ထရပ်လိုက်ပြီး စီးပွားရေးဆန်သော အပြုံးဖြင့် ပြောလိုက်သည်။

"ဒီအစားအစာနဲ့ ရေတွေကို ရောင်းချဖို့ မဟုတ်ပါဘူးခင်ဗျာ... ဒါပေမဲ့ အသစ်တွေ့ရှိထားတဲ့ သတ္တုရိုင်းတွေနဲ့တော့ အစားအစာ ဒါမှမဟုတ် ရေကို လဲလှယ်နိုင်ပါတယ်..."

ထိုသို့ပြောပြီးနောက် သူသည် ဆိုင်းဘုတ်ဖြူကို ညွှန်ပြကာ ပြောလိုက်သည်။

"ဒါကတော့ လဲလှယ်ရမယ့် ဈေးနှုန်းစာရင်းပါ..."

အသက်လတ်ပိုင်း အမျိုးသမီးသည် ဈေးနှုန်းစာရင်းကို စက္ကန့်အနည်းငယ်မျှ ကြည့်ရှုပြီးနောက် ကျီယန်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"မောင်ရင်တို့က ဘယ်လိုသတ္တုရိုင်းမျိုးကို လိုချင်တာလဲဟင်... ဘယ်လိုသတ္တုရိုင်းမျိုးမဆို လက်ခံတာလား..."

ကမ္ဘာပျက်ကပ် စတင်ကတည်းက အသစ်တွေ့ရှိသော သတ္တုရိုင်းအမျိုးအစားမှာ တစ်မျိုးထက်မက ရှိခဲ့သဖြင့် ကျီယန်သည် ဈေးနှုန်းစာရင်းတွင် မည်သည့်အမျိုးအစားကို လိုချင်သည်ဟု အတိအကျ ဖော်ပြမထားခဲ့ပေ။

သူသည် ဆုံးဖြတ်ချက်မချမီ အခြားသူများ မည်သည့်သတ္တုရိုင်းမျိုးကို ရှာဖွေတွေ့ရှိထားသည်ကို ဦးစွာကြည့်ရှုလိုခြင်း ဖြစ်သည်။

ဤအသက်လတ်ပိုင်း အမျိုးသမီး၏ စကားကို ထောက်ချင့်ရလျှင် သူမသည် မည်းနက်နေသော သတ္တုရိုင်းအပြင် အခြားသော သတ္တုရိုင်းအသစ်အချို့ကိုလည်း ရှာဖွေတွေ့ရှိထားပုံရပေသည်။

ကျီယန်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ဘယ်လိုသတ္တုရိုင်းမျိုးမဆို လက်ခံပါတယ်ခင်ဗျာ...”

“ဒါပေမဲ့ သတ္တုရိုင်းတွေကို ကျွန်တော်တို့ အရင်ဆုံး စစ်ဆေးရပါမယ်...”

“တကယ်လို့ သတ္တုရိုင်းရဲ့ အရည်အသွေးက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ မကိုက်ညီရင်တော့ လက်ခံနိုင်မှာ မဟုတ်ပါဘူး..."

သူ၏စကားကို ကြားရသောအခါ အသက်လတ်ပိုင်း အမျိုးသမီး၏ မှုန်ရီနေသော မျက်ဝန်းများသည် တောက်ပသွားလေသည်။ သူမသည် ခေါင်းညိတ်ကာ မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် မေးမြန်းလိုက်သည်။

"မောင်ရင်တို့ဆိုင်က ဘယ်လောက်ကြာကြာ ဖွင့်ထားမှာလဲ..."

"ကျွန်တော်တို့ လိုအပ်တဲ့ သတ္တုရိုင်းပမာဏ ပြည့်သွားရင်တော့ ဆိုင်ပိတ်ပါလိမ့်မယ်..."

ကျီယန်က ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလိုက်သည်။

သူ၏အဖြေကို ရရှိပြီးနောက် အသက်လတ်ပိုင်း အမျိုးသမီးသည် ရုတ်တရက် ပျာယာခတ်သွားလေသည်။

ကျီယန်တို့ မထွက်ခွာမီ သူမနှင့် သူမ၏ခင်ပွန်း စုဆောင်းထားသော သတ္တုရိုင်းများကို အမြန်ဆုံး သွားရောက်ယူဆောင်ရန် လိုအပ်ပေသည်။

သူမ၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာကို ကြည့်ကာ ကျီယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"တကယ်လို့ ကျွန်တော့်ဆီ လာရောင်းချင်တဲ့ သတ္တုရိုင်းတွေရှိရင် ယူလာခဲ့လို့ ရပါတယ်ခင်ဗျာ... ကျွန်တော်တို့ဆိုင်က အနည်းဆုံး တစ်နာရီလောက်တော့ ဆက်ဖွင့်ထားဦးမှာပါ..."

အသက်လတ်ပိုင်း အမျိုးသမီးသည် အလျင်အမြန် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ဒါဆိုရင် အဒေါ် သတ္တုရိုင်းတွေကို အမြန်ဆုံး သွားယူလိုက်ပါ့မယ်..."

ထိုစကားကို ချန်ထားခဲ့ပြီးနောက် အသက်လတ်ပိုင်း အမျိုးသမီးသည် အလွန်အမင်း စိုးရိမ်ပူပန်စွာဖြင့် အလျင်အမြန် ထွက်ခွာသွားလေသည်။

သူမသည် အပြင်ဘက်အလွှာရှိရာသို့ သုတ်ခြေတင် ပြန်ပြေးတော့သည်။ ဟောင်းနွမ်းနေသော ကတ္တရာစေးပိတ်စဖြင့် ပြုလုပ်ထားသည့် သူမ၏ ရိုးရှင်းသော တဲအိမ်လေးဆီသို့ တစ်လမ်းလုံး အပြေးအလွှား သွားခဲ့ချေသည်။

အဝတ်စုတ်များဖြင့် ပြုလုပ်ထားသော လိုက်ကာကို ဖွင့်လိုက်သောအခါ အသက်လတ်ပိုင်း အမျိုးသမီးသည် သူမ၏ခင်ပွန်းဖြစ်သူမှာ မျက်နှာတစ်ခုလုံး နီရဲလျက် အိပ်ပျော်နေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

သူမသည် ခင်ပွန်းဖြစ်သူ၏ အခြေအနေကို အလျင်အမြန် စစ်ဆေးကြည့်ရာ ကိုယ်ပူချိန် အလွန်မြင့်မားနေဆဲဖြစ်ကြောင်း သိရှိလိုက်ရလေသည်။

သူမသည် ခင်ပွန်းဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ယောကျာ်း... ကျွန်မကို ခဏလောက် စောင့်ပါဦးနော်... ကျွန်မ သတ္တုရိုင်းတွေ သွားရောင်းပြီး ဆေးဝယ်ခဲ့ပါ့မယ်..."

ထိုသို့ပြောပြီးနောက် သူမသည် သူတို့တွင် ကျန်ရှိနေသော ရေအနည်းငယ်ကို ခင်ပွန်းဖြစ်သူအား တိုက်ကျွေးလိုက်သည်။

ထိုရေတစ်ငုံစာလေးမှာ ခင်ပွန်းဖြစ်သူ၏ နှုတ်ခမ်းများကိုသာ စိုစွတ်စေနိုင်သော်လည်း သူသည် သတိမရှိဘဲ အလိုအလျောက် မျိုချလိုက်မိလေသည်။

အသက်လတ်ပိုင်း အမျိုးသမီးသည် ခင်ပွန်းဖြစ်သူကို အဝတ်စုတ်စောင်ဖြင့် လွှမ်းခြုံပေးခဲ့ပြီး ပလတ်စတစ်အိတ်အသေးလေးတစ်လုံးကို ကိုင်ဆောင်ကာ တဲအိမ်ထဲမှ ထွက်ခွာလာခဲ့တော့သည်။

အိမ်နီးနားချင်းတစ်ဦးသည် သူမ သတ္တုရိုင်းများကို သယ်ဆောင်လျက် စိုးရိမ်ပူပန်သော မျက်နှာပေးဖြင့် သွားနေသည်ကို မြင်တွေ့ရသဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"အဒေါ်... ဘယ်ကို ဒီလောက်တောင် အလောတကြီး သွားနေတာလဲဟင်..."

အသက်လတ်ပိုင်း အမျိုးသမီးသည် ထိုလူငယ်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ့ခင်ပွန်းအတွက် ဆေးဝယ်ဖို့ ဒီသတ္တုရိုင်းတွေကို သွားရောင်းမလို့ပါ..."

သူမ၏စကားကို ကြားရသောအခါ လူငယ်သည် ပလတ်စတစ်အိတ်အသေးလေးထဲရှိ သတ္တုရိုင်းများကို ကြည့်လိုက်သည်။ သူသည် ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

"အဒေါ်... စခန်းက မည်းနက်နေတဲ့ သတ္တုရိုင်းကိုပဲ လက်ခံတာလေ..."

အသက်လတ်ပိုင်း အမျိုးသမီးသည် ပလတ်စတစ်အိတ်အသေးလေးထဲရှိ အပြာရောင်သတ္တုရိုင်းများကို ကြည့်ကာ လက်များကို တင်းတင်းဆုပ်လိုက်မိသည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ပြောလိုက်သည်။

"ငါ ဒီသတ္တုရိုင်းတွေကို စခန်းကို ရောင်းမှာ မဟုတ်ဘူး..."

လူငယ်သည် သူမကို သနားကရုဏာသက်စွာ ကြည့်ရင်း မေးမြန်းလိုက်သည်။

"ဒါဆိုရင် အဒေါ်က ဘယ်မှာသွားရောင်းမလို့လဲ..."

“ဈေးထဲမှာ ဆိုင်ခန်းသွားဖွင့်မလို့လား...”

“အဒေါ်... ကျွန်တော် အဒေါ့်ရဲ့ စိတ်ဓာတ်ကို မချိုးနှိမ်ချင်ပါဘူး... ဒါပေမဲ့ အဒေါ့်ရဲ့ သတ္တုရိုင်းတွေကို ဘယ်သူမှ ဝယ်မှာမဟုတ်ဘူးနော်..."

သူ၏စကားကို ကြားရသောအခါ အသက်လတ်ပိုင်း အမျိုးသမီးသည် မျက်လုံးများကို ပင့်ကြည့်ကာ ပြောလိုက်သည်။

"ငါ့သတ္တုရိုင်းတွေကို ဝယ်မယ့်သူရှိတယ်... ငါ အခုပဲ သူ့ဆီ သွားတော့မလို့..."

ထိုသို့ပြောပြီးနောက် အသက်လတ်ပိုင်း အမျိုးသမီးသည် နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားလေရာ လူငယ်သည် သူမ၏ကျောပြင်ကို စဉ်းစားတွေးတောစွာဖြင့် ငေးကြည့်ကျန်ရစ်ခဲ့သည်။

အသက်လတ်ပိုင်း အမျိုးသမီး ပြောသွားသော စကားကို စဉ်းစားပြီးနောက် သူသည် သူ၏တဲအိမ်လေးထဲသို့ အလျင်အမြန် ဝင်သွားတော့သည်။

စက္ကန့်အနည်းငယ်အကြာတွင် သူသည် ပလတ်စတစ်အိတ်တစ်လုံးကို ကိုင်ဆောင်လျက် ပြန်ထွက်လာခဲ့သည်။

အသက်လတ်ပိုင်း အမျိုးသမီးမှာ အတော်ပင် ဝေးကွာသွားပြီဖြစ်သည်ကို မြင်ရသောအခါ လူငယ်သည် သူမ၏နောက်သို့ အပြေးအလွှား လိုက်လံဆွဲကိုင်ရင်း အော်ဟစ်လိုက်သည်။

"အဒေါ်... ကျွန်တော့်ကို စောင့်ပါဦး... အတူတူသွားကြရအောင်..."

All Chapters