အခန်း ၁၃၈
Vol. 14 Ch. 138
အခန်း (၁၃၈) - ရေခဲပြာရောင် သတ္တုရိုင်း
ကျီယန် ဆိုင်စောစောပိတ်သွားမည်ကို စိုးရိမ်နေခဲ့သည့် အသက်လတ်ပိုင်းအမျိုးသမီးကဲ့သို့ အမှန်တကယ်တွင်မူ ယခုအချိန်အထိ သူတို့ထံသို့ သတ္တုရိုင်းလာရောက်ရောင်းချသူ တစ်ဦးတစ်ယောက်မျှ မရှိသေးချေ။
ဆိုင်သို့ လာရောက်ကြသူတိုင်းမှာ ရေ သို့မဟုတ် အစားအစာများကို ဝယ်ယူရန်အတွက်သာ လာကြခြင်း ဖြစ်ပေသည်။
ဝိညာဉ်စွမ်းအင်သန့်စင်ခြင်းအဆင့် အစောပိုင်းကို ကျော်ဖြတ်ရန်အတွက် ပုံဆောင်ခဲအမြုတေ အမြောက်အမြား လိုအပ်သဖြင့် ကျူးလင်သည် သတ္တုရိုင်းလာရောက်ရောင်းချမည့်သူများကို စောင့်ဆိုင်းရင်း အစားအစာနှင့် ရေများကို ရောင်းချရန် ဆုံးဖြတ်လိုက်လေသည်။
ဆိုင်ဖွင့်ပြီး နှစ်နာရီခန့်အကြာတွင် ရန်ယွမ်သည် ဝေ့ပိုင်နှင့် လျန်မင်တို့နှင့်အတူ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာချေပြီ။
သူတို့သုံးဦး ဆိုင်သို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသဖြင့် ထန်ဝေ့သည် နောက်ဆုံးတွင် ပြုံးရွှင်သွားတော့သည်။
ထန်ဝေ့က မတ်တတ်ရပ်လိုက်ပြီး ရန်ယွမ်ကို တောက်ပသော အပြုံးဖြင့် ဦးစွာနှုတ်ဆက်ကာ မေးလိုက်သည်။
"အစ်ကို... သတ္တုရိုင်းတွေ ယူလာခဲ့ရဲ့လား..."
ရန်ယွမ်က ခေါင်းညိတ်လိုက်ပြီး လေးလံသော အိတ်ကို မြေပြင်ပေါ်သို့ ချကာ ပြောလိုက်သည်။
"ကျွန်တော့်မှာရှိတဲ့ သတ္တုရိုင်းတွေအကုန် ယူလာခဲ့တယ်”
“ကျွန်တော့်သူငယ်ချင်းတွေကိုလည်း အတူတူ ခေါ်လာခဲ့တယ်..."
ကျီယန်က ၎င်းတို့သုံးဦးကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့ သတ္တုရိုင်းတွေကို အရင်စစ်ဆေးကြည့်လို့ရမလား..."
ရန်ယွမ်က အိတ်ကိုဖွင့်ပြီး မည်းနက်နေသော ဧရာမသတ္တုရိုင်းတစ်တုံးကို ထုတ်ယူရင်း ပြောလိုက်သည်။
"ရတာပေါ့..."
မည်းနက်နေသော သတ္တုရိုင်း၏ အရွယ်အစားနှင့် သန့်စင်မှုကို မြင်လိုက်ရချိန်တွင် ကျီယန်၏ မျက်ဝန်းများ တောက်ပသွားလေသည်။
မည်းနက်နေသော သတ္တုရိုင်းကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူဖြစ်သည့်အားလျော်စွာ ကျီယန်သည် စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက် ဤသတ္တုရိုင်းအကြောင်းကို အခြားသူများထက် ပိုမိုသိရှိထားသူ ဖြစ်ပေသည်။
သူသည် ရန်ယွမ်၏လက်ထဲမှ မည်းနက်နေသော သတ္တုရိုင်းကို လှမ်းယူကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။
ခဏအကြာတွင် ကျီယန်သည် မည်းနက်နေသော သတ္တုရိုင်းကို ရန်ယွမ်ထံသို့ ပြန်ပေးလိုက်ပြီး မေးလိုက်သည်။
"ဒီမည်းနက်နေတဲ့ သတ္တုရိုင်းကို ဘာနဲ့လဲလှယ်ချင်လဲ..."
ရန်ယွမ်က စားပွဲရှည်ပေါ်ရှိ ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥနဲ့ ရေ လိုချင်ပါတယ်။ ကျွန်တော့်သတ္တုရိုင်းကို အရင်ချိန်တွယ်ပြီးတော့ အခုရွေးချယ်လိုက်တဲ့ ပစ္စည်းတွေကို တန်ဖိုးတူညီတဲ့ ပမာဏအတိုင်း ပေးပါ..."
ကျီယန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ... ခင်ဗျားရဲ့ သတ္တုရိုင်းကို ချိန်ခွင်ပေါ် တင်လိုက်ပါ..."
ထိုစကားကို ကြားရပြီးနောက် ရန်ယွမ်သည် လေးလံသော အိတ်ကို လက်တစ်ဖက်တည်းဖြင့် မလိုက်ပြီး ချိန်ခွင်ကြီးပေါ်သို့ တင်လိုက်လေသည်။
စက္ကန့်အနည်းငယ်အကြာတွင် ကျီယန်က ပြောလိုက်သည်။
"တစ်ရာ့နှစ်ဆယ် ကီလိုဂရမ် ရှိပါတယ်… ကျွန်တော် ခင်ဗျားကို ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥ ခြောက်ကီလိုဂရမ်စီနဲ့ ရေ ခြောက်လီတာ ပေးပါ့မယ်..."
ကျီယန် စကားပြောပြီးနောက် ထန်ဝေ့က ပြောင်းဖူး၊ ခရမ်းချဉ်သီးနှင့် ကန်စွန်းဥများကို ချိန်တွယ်ပေးလိုက်ပြီး ကျူးလင်ကမူ ဝေ့ပိုင် ပေးအပ်လာသော ရေသန့်ဘူးအလွတ်များထဲသို့ ရေများ ဖြည့်ပေးလိုက်လေသည်။
နှစ်မိနစ်ခန့်အတွင်းမှာပင် ၎င်းတို့သည် အရောင်းအဝယ်ကို အောင်မြင်စွာ အဆုံးသတ်လိုက်ကြပြီ ဖြစ်သည်။
ရန်ယွမ်သည် နှစ်ရက်စာ သတ္တုရိုင်းများဖြင့် အစားအစာနှင့် ရေ မည်မျှအထိ လဲလှယ်ရရှိသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် ဝေ့ပိုင်နှင့် လျန်မင်တို့သည်လည်း ၎င်းတို့၏ သတ္တုရိုင်းများကို အစားအစာ၊ ရေတို့နှင့် လျင်မြန်စွာ လဲလှယ်လိုက်ကြတော့သည်။
ငါးမိနစ်ခန့်အကြာတွင် ၎င်းတို့သုံးဦးသည် မနက်ဖြန်တွင် သတ္တုရိုင်းများ ထပ်မံယူဆောင်လာခဲ့မည်ဟု ပြောကြားကာ ထွက်ခွာသွားကြလေသည်။
အရောင်းအဝယ်တစ်ခုတည်းဖြင့် ၎င်းတို့သည် မည်းနက်နေသော သတ္တုရိုင်း ငါးရာ ကီလိုဂရမ်ကို စုဆောင်းမိသွားခဲ့သည်။
မည်းနက်နေသော သတ္တုရိုင်း ပမာဏမှာ အလွန်များပြားသည်ဟု ထင်ရသော်လည်း သန့်စင်ပြီးနောက်တွင်မူ သတ္တုစပ်အနည်းငယ် ပြုလုပ်ရန်အတွက်သာ ကျန်လောက်ပေလိမ့်မည်။
အပန်းဖြေစခန်းဧရိယာကို ဝန်းရံမည့် တံတိုင်းကြီး တည်ဆောက်ရန်အတွက် လိုအပ်သော မည်းနက်နေသည့် သတ္တုရိုင်းပမာဏမှာ အလွန်တရာ များပြားလှပေသည်။
မည်းနက်နေသော သတ္တုရိုင်းသက်သက်ဖြင့်သာ တံတိုင်းကြီး တည်ဆောက်ရန် ၎င်းတို့၏ အစီအစဉ်မှာ အလွန်ကြီးမားလှသော ရည်မှန်းချက်တစ်ခု ဖြစ်ချေသည်။
ရန်ယွမ်၊ ဝေ့ပိုင်နှင့် လျန်မင်တို့ ထွက်ခွာသွားပြီး မကြာမီမှာပင် သက်လတ်ပိုင်းအမျိုးသမီးသည် လူငယ်တစ်ဦးနှင့်အတူ ရောက်ရှိလာခဲ့သည်။
သူတို့ ရှိနေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် သက်လတ်ပိုင်းအမျိုးသမီးသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတော့သည်။
ကျီယန်သည် သူမ ရောက်လာသည်ကို မြင်သောအခါ ယဉ်ကျေးပျူငှာစွာ ပြုံး၍ နှုတ်ဆက်ကာ မေးလိုက်သည်။
"အဒေါ်... သတ္တုရိုင်းတွေ ယူလာခဲ့ရဲ့လား..."
သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး ပလတ်စတစ်အိတ်အသေးလေးကို စားပွဲရှည်ပေါ်သို့ တင်လိုက်သည်။
ကျီယန်က ပလတ်စတစ်အိတ်ကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ရေခဲပြာရောင် သတ္တုရိုင်းအချို့ကို တွေ့လိုက်ရလေသည်။
ကျီယန်က ရေခဲပြာရောင် သတ္တုရိုင်းအသေးလေးတစ်တုံးကို ထုတ်ယူလိုက်သည့် ထိုအခိုက်အတန့်မှာပင် ကျူးလင်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ့လက်ထဲမှ သတ္တုရိုင်းကို စိုက်ကြည့်လိုက်တော့သည်။
သူမ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ကျီယန်မှာ လန့်ဖျတ်သွားရသည်။ သူက သူမကို ကြည့်ကာ ရင်ဘတ်ကို ပွတ်ရင်း မေးလိုက်သည်။
"ရှောင်လင်... ဘာဖြစ်လို့လဲ..."
ကျူးလင်သည် သူ၏မေးခွန်းကို ပြန်မဖြေဘဲ သူ၏လက်ထဲမှ သတ္တုရိုင်းကို လှမ်းယူလိုက်သည်။ သူမသည် ထိုသတ္တုရိုင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သက်လတ်ပိုင်းအမျိုးသမီးကို ကြည့်ကာ မေးလိုက်သည်။
"အဒေါ်... ဒီလိုသတ္တုရိုင်းမျိုး နောက်ထပ် ရှိသေးလား..."
သက်လတ်ပိုင်းအမျိုးသမီးသည် ကျူးလင်၏ မေးခွန်းကို ကြားရသောအခါ အံ့အားသင့်စွာဖြင့် သူမကို ကြည့်လိုက်မိသည်။ စက္ကန့်အနည်းငယ်အကြာတွင် သက်လတ်ပိုင်းအမျိုးသမီးသည် သတိပြန်ဝင်လာပြီး အလျင်အမြန် ပြောလိုက်သည်။
"လောလောဆယ်တော့ ဒီလောက်ပဲ ရှိပါသေးတယ်… ဒါပေမဲ့ မနက်ဖြန်ကျရင် နောက်ထပ် ရှာပေးနိုင်ပါတယ်..."
သက်လတ်ပိုင်းအမျိုးသမီး၏ စကားကို ကြားရပြီးနောက် ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အဒေါ်... ဒီအထဲက ကြိုက်တာကို ရွေးချယ်နိုင်ပါတယ်..."
သက်လတ်ပိုင်းအမျိုးသမီးသည် ကျူးလင်၏ စကားကို ကြားလိုက်ရချိန်တွင် သူမ၏ ဝမ်းသာအားရဖြစ်မှုကို မထိန်းချုပ်နိုင်တော့ချေ။ သူမသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဖရဲသီးကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
"ကျွန်မ အဲဒီဖရဲသီးကို ယူလို့ရမလားဟင်..."
သက်လတ်ပိုင်းအမျိုးသမီး၏ မေးခွန်းကို ကြားရသောအခါ ကျူးလင်သည် ဆယ်ကီလိုဂရမ်ကျော် လေးလံသော ဖရဲသီးကို ကြည့်လိုက်သည်။
သူမက ဘာစကားမျှမပြောဘဲ ဖရဲသီးကိုသာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သက်လတ်ပိုင်းအမျိုးသမီးသည် ဖရဲသီးကို လှီးပေးရန် တောင်းဆိုမိပါက ကျူးလင်က သူမ၏ သတ္တုရိုင်းကို လက်ခံရန် ငြင်းပယ်သွားမည်ကို စိုးရိမ်ပူပန်သွားမိတော့သည်။
သက်လတ်ပိုင်းအမျိုးသမီးက လိမ္မော်သီးတစ်လုံးကို ပြောင်းလဲရွေးချယ်ရန် မပြင်ဆင်နိုင်မီမှာပင် ကျူးလင်သည် ဖရဲသီးကို မကာ သက်လတ်ပိုင်းအမျိုးသမီးထံသို့ ကမ်းပေးလိုက်လေသည်။ တစ်ပြိုင်နက်တည်းမှာပင် သူမက ပြောလိုက်သည်။
"အဒေါ်... နောက်ထပ် သတ္တုရိုင်းတွေ ရှိရင်လည်း ကျွန်မကိုပဲ အရင်ဆုံး လာရောင်းပေးပါနော်..."
သက်လတ်ပိုင်းအမျိုးသမီးသည် ဖရဲသီးကြီးကို ပွေ့ပိုက်ထားရင်း သူမ ကြားလိုက်ရသည့် စကားကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
သက်လတ်ပိုင်းအမျိုးသမီးသည် ကျူးလင်ကို ငေးငိုင်စွာ စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူမ၏ဘေးရှိ လူငယ်က သူမ၏လက်မောင်းကို ညင်သာစွာပုတ်၍ ပြောလိုက်သည်။
"အဒေါ်... အဒေါ့်ယောကျ်ားအတွက် ဆေးသွားဝယ်ရမယ်လို့ ပြောထားတယ် မဟုတ်လား... ဘာလို့ ဒီမှာ ငေးငိုင်ပြီး ရပ်နေရတာလဲ..."
လူငယ်၏ မေးခွန်းကို ကြားရပြီးနောက် သက်လတ်ပိုင်းအမျိုးသမီးသည် သတိပြန်ဝင်လာခဲ့သည်။ သူမသည် ဖရဲသီးကြီးကို တင်းကျပ်စွာ ပွေ့ပိုက်ထားရင်း ကျူးလင်ကို ဦးညွှတ်ကာ အလေးအနက် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး... ဒီကျေးဇူးကို ကျွန်မ သေချာပေါက် ပြန်ဆပ်ပါ့မယ်..."
ကျူးလင်သည် သက်လတ်ပိုင်းအမျိုးသမီး၏ မျက်ဝန်းထောင့်မှ စီးကျလာသော မျက်ရည်စများကို ခဏမျှ ကြည့်လိုက်ပြီးနောက် တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
"ကျေးဇူးဆပ်ဖို့ မလိုပါဘူး... အခု ရှင်ရရှိတဲ့အရာက ရှင့်ရဲ့ကြိုးစားအားထုတ်မှုကြောင့် ရရှိလာတာပဲလေ..."
ထိုစကားကို ကြားရသောအခါ သက်လတ်ပိုင်းအမျိုးသမီးသည် ကျူးလင်ကို ထပ်မံ၍ ဦးညွှတ်လိုက်ပြီးနောက် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။