← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉) - ဝိညာဉ်ကျောက်တုံးနှင့် ဆင်တူခြင်း

အသက်လတ်ပိုင်းအမျိုးသမီး ထွက်ခွာသွားပြီးနောက် လူငယ်သည် သူယူဆောင်လာသော ပလတ်စတစ်အိတ်ကို စားပွဲရှည်ပေါ်သို့ အလျင်အမြန်တင်လိုက်ရင်း ပြောလိုက်လေသည်။

"ကျွန်တော်လည်း ဒီသတ္တုရိုင်းတွေကို သစ်သီးနဲ့ လဲချင်လို့ပါ..."

ကျီယန်က ပလတ်စတစ်အိတ်ကို ဖွင့်ကာ ဝါကျင်ကျင်သတ္တုရိုင်းတစ်တုံးကို ထုတ်ယူလိုက်၏။ သူသည် ဤကဲ့သို့သော သတ္တုရိုင်းမျိုးကို တစ်ခါမျှမမြင်ဖူးသဖြင့် တန်ဖိုးရှိမရှိကို မသိချေ။

သူက ထိုဝါကျင်ကျင်သတ္တုရိုင်းကို စစ်ဆေးနေဆဲတွင်ပင် ကျူးလင်က သူ၏လက်ထဲမှ သတ္တုရိုင်းကို လှမ်းယူလိုက်ပြန်လေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမသည် ဝါကျင်ကျင်သတ္တုရိုင်းကို ပလတ်စတစ်အိတ်ထဲသို့ ပြန်ထည့်လိုက်ရင်း ပြောလိုက်၏။

"ထန်ဝေ့... သူ့ကို သတ္တုရိုင်းချိန်ပေးလိုက်ဦး..."

"ကောင်းပါပြီ..."

ထန်ဝေ့က ပြန်လည်ဖြေကြားရင်း ပလတ်စတစ်အိတ်ကို ယူကာ အလေးအသေးစားလေးဖြင့် ချိန်တွယ်လိုက်လေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် လူငယ်ကို ကြည့်ကာ ပြောလိုက်ချေသည်။

"သတ္တုရိုင်း စုစုပေါင်း သုံးကီလိုဂရမ် ရှိတယ်..."

သတ္တုရိုင်း၏ စုစုပေါင်းအလေးချိန်ကို သိရှိသွားပြီးနောက် ကျီယန်သည် လူငယ်ကို ကြည့်ကာ မေးလိုက်၏။

"မင်း ဘာသစ်သီး လိုချင်လဲ..."

လူငယ်သည် တစ်ဆယ့်ငါးကီလိုဂရမ်ကျော် လေးသော ဖရဲသီးအကြီးကြီးကို ညွှန်ပြရင်း ပြောလိုက်လေသည်။

"ကျွန်တော် အဲဒါကို လိုချင်တယ်..."

လူငယ်ညွှန်ပြသော ဖရဲသီးကြီးကို ကြည့်ရင်း ကျီယန်နှင့် ထန်ဝေ့တို့သည် ကျူးလင်ကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြ၏။ ကျူးလင်သည် မျက်လုံးကိုပင် ပင့်မကြည့်ဘဲ ပြောလိုက်ချေသည်။

"ဝါကျင်ကျင်သတ္တုရိုင်းနဲ့ မည်းနက်နေတဲ့ သတ္တုရိုင်းရဲ့ တန်ဖိုးက အတူတူပဲ..."

သူမ၏ စကားကို ကြားလိုက်ရသည်နှင့် လူငယ်သည် ဒေါသတကြီး ပြောလိုက်လေသည်။

"ခင်ဗျားက သတ္တုရိုင်းရဲ့ တန်ဖိုးကို ဆုံးဖြတ်ရအောင် ဘာမို့လို့လဲ... ဟိုအဒေါ်ကြီးကျတော့ သတ္တုရိုင်းအနည်းငယ်နဲ့ ဖရဲသီးအကြီးကြီး ရနိုင်ပြီး ကျွန်တော်ကျတော့ ဘာလို့မရရတာလဲ... ကျွန်တော့်မှာရှိတဲ့ သတ္တုရိုင်းက သူမထက်တောင် ပိုများသေးတယ်..."

ကျူးလင် ပြန်လည်မဖြေကြားမီမှာပင် ရှို့ဝူက လူငယ်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

"မင်း သတ္တုရိုင်း မလဲချင်ရင်လည်း ထွက်သွားလိုက်..."

ရှို့ဝူ၏ အေးစက်လှသော အကြည့်ဒဏ်ကြောင့် လူငယ်၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားရပေသည်။

သူ၏ ဝါကျင်ကျင်သတ္တုရိုင်းကို လက်ခံမည့်သူမှာ သူတို့သာ ရှိသည်ကို တွေးမိပြီး လူငယ်သည် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။

"ကောင်းပြီ... ကျွန်တော်လဲမယ်..."

သူ ပြောပြီးနောက် ကျီယန်သည် တည်ငြိမ်စွာဖြင့် လိမ္မော်သီး သုံးလုံးကို ကမ်းပေးရင်း ပြောလိုက်ချေသည်။

"ဒီလိမ္မော်သီး သုံးလုံးက ခြောက်ရာဂရမ်ကျော် လေးတယ်... ဒါကိုယူပြီး ထွက်သွားတော့..."

လူငယ်သည် မကျေမနပ် ဖြစ်နေသော်လည်း လိမ္မော်သီး သုံးလုံးကိုယူကာ စကားတစ်ခွန်းမျှပင် မပြောရဲဘဲ ထွက်ခွာသွားလေသည်။ လူငယ် ထွက်သွားပြီးနောက် ရှို့ဝူသည် ကျူးလင်ကို ကြည့်ကာ မေးလိုက်၏။

"ရှောင်လင်... မင်း ဘာလို့ အဲဒီသတ္တုရိုင်းတွေကို လက်ခံလိုက်တာလဲ... အဲဒါတွေရဲ့ တန်ဖိုးကို မင်း သိလို့လား..."

ကျူးလင်က ခေါင်းညိတ်ပြရင်း ပြောလိုက်ချေသည်။

"ရေခဲပြာရောင် သတ္တုရိုင်းထဲမှာ ထူထပ်တဲ့ ရေခဲဓာတ် ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေပြီး ဝါကျင်ကျင်သတ္တုရိုင်းထဲမှာတော့ အားနည်းတဲ့ သတ္တုဓာတ် ဝိညာဉ်စွမ်းအင်ပဲ ပါဝင်နေတယ်... ဒါကြောင့်မို့လို့ သတ္တုရိုင်းနှစ်မျိုးရဲ့ တန်ဖိုးက ကွာသွားတာပဲ..."

သူမ၏ စကားကို ကြားရသောအခါ ၎င်းတို့ သုံးဦးစလုံး၏ မျက်ဝန်းများ တောက်ပသွားကြ၏။ ရှို့ဝူသည် ရေခဲပြာရောင် သတ္တုရိုင်းတစ်တုံးကို ယူလိုက်ရင်း ပြောလိုက်လေသည်။

"ဒီသတ္တုရိုင်းတွေထဲမှာ မတူညီတဲ့ ဓာတ်သဘာဝ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတယ်ဆိုရင် ငါတို့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် ဒီသတ္တုရိုင်းတွေထဲက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူလို့ ရနိုင်မလားမသိဘူး..."

သူ၏ စကားကို ကြားပြီးနောက် ကျူးလင်က ပြောလိုက်ချေသည်။

"ဒီသတ္တုရိုင်းတွေက ပုံဆောင်ခဲအမြုတေတွေနဲ့ မတူဘူး... ကျွန်မတို့ ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက် စုပ်ယူလို့ မရနိုင်ဘူး..."

"ဒါဆိုရင် အထဲက ဝိညာဉ်စွမ်းအင်ကို မစုပ်ယူနိုင်မှတော့ ဒီသတ္တုရိုင်းတွေက ဘာအသုံးဝင်မှာလဲ..."

ထန်ဝေ့က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်လေသည်။

သူ၏ စိတ်ပျက်နေသော အမူအရာကို ကြည့်ကာ ကျူးလင်က သာယာစွာ ပြုံးလိုက်ရင်း ပြောလိုက်၏။

"ကျွန်မက ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက် စုပ်ယူလို့ မရဘူးလို့ပဲ ပြောတာပါ..."

“ဒီသတ္တုရိုင်းတွေထဲကဒီသတ္တုရိုင်းတွေထဲက ဝိညာဉ်စွမ်းအင်ကို လုံးဝ စုပ်ယူလို့ မရဘူးလို့ မပြောခဲ့ပါဘူး..."

“ပြီး‌တော့ ကျွန်မက ဒီသတ္တုရိုင်းတွေကို သုံးပြီး ဝင်္ကပါချပ်ပြားတွေလည်း သွန်းလုပ်နိုင်သေးတယ်... ဝင်္ကပါချပ်ပြားရှိရင် ရှင်တို့ သုံးယောက်လုံး တိုက်ပွဲထဲမှာ မန္တန်အစီအရင်တွေကို အသုံးပြုနိုင်လိမ့်မယ်..."

သူမ၏ စကား ဆုံးသွားသည်နှင့် ကျီယန်၏ မျက်လုံးများ တောက်ပသွားကာ မေးလိုက်ချေသည်။

"ရှောင်လင်... မင်းဆီမှာ ဒီသတ္တုရိုင်းတွေထဲက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်မယ့် နည်းလမ်း ရှိလို့လား..."

ကျူးလင်က ခေါင်းညိတ်ပြကာ ပြုံးလျက် ပြောလိုက်လေသည်။

"အင်း... ဒီသတ္တုရိုင်းတွေက ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆင်တူတယ်... ကျွန်မတို့ လိုအပ်တာက ဝိညာဉ်စွမ်းအင် စုစည်းတဲ့ အစီအရင်တစ်ခုပဲ..."

သူမ၏ စကားကို ကြားရသောအခါ ထန်ဝေ့သည် စိတ်လှုပ်ရှားသွားရင်း ပြောလိုက်၏။

"ဒါဆိုရင် ဒီနေ့ သတ္တုရိုင်းတွေ အများကြီး ထပ်ရဖို့ မျှော်လင့်ရတာပဲ..."

ထန်ဝေ့၏ စကား ဆုံးသွားသည်နှင့် စစ်သားအချို့ကို ဦးဆောင်ကာ လျှောက်လှမ်းလာသော ထန်ပိုင်ကို ၎င်းတို့ မြင်တွေ့လိုက်ရပေသည်။

သူ၏ တည်ကြည်လေးနက်သော မျက်နှာပေးကို ကြည့်ခြင်းအားဖြင့် စခန်းသည် ၎င်းတို့ သတ္တုရိုင်းများ ဝယ်ယူနေသည့် သတင်းကို ကြားသိသွားပုံရပေသည်။

"မင်္ဂလာနံနက်ခင်းပါ ဗိုလ်ကြီးထန်... ဘာကိစ္စများ ရှိလို့ ဒီကို ကြွလှမ်းလာတာလဲ..."

ကျီယန်က လုပ်ငန်းခွင်သုံး အပြုံးမျိုးဖြင့် မေးလိုက်လေသည်။

စားပွဲရှည်ပေါ်တွင် တင်ထားသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အဓိကရိက္ခာများကို မြင်လိုက်ရသောအခါ ထန်ပိုင်၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွား၏။ သူသည် ကျီယန်ကို ကြည့်ကာ ပြောလိုက်ချေသည်။

"မင်္ဂလာနံနက်ခင်းပါ အစ်ကိုကျီ... ကျုပ်က ပစ္စည်းတချို့ လာဝယ်ရင်း လမ်းကြုံလို့ ခင်ဗျားတို့ရဲ့ ဆိုင်ခန်းကို လာကြည့်တာပါ..."

သူ၏ စကားကို ကြားရသောအခါ ထန်ဝေ့သည် ထန်ပိုင်ကို ကွယ်ရာတွင် မျက်စောင်းထိုးလိုက်မိ၏။ သူ ပြောသည်ကို ယုံကြည်မည့်သူမှာ လူအ သာ ဖြစ်ပေလိမ့်မည်။

ထန်ပိုင်သည် စခန်းထက် ပိုမိုမြင့်မားသော ဈေးနှုန်းဖြင့် သတ္တုရိုင်းများကို ဝယ်ယူနေသောကြောင့် ၎င်းတို့၏ ဆိုင်ခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်ကို ထိုနေရာရှိ လူတိုင်း သိကြပေသည်။

အထက်ပိုင်းမှ လူများသည် သူတို့၏ လုပ်ဆောင်ချက်က စခန်း၏ သတ္တုရိုင်းဝယ်ယူရေး လုပ်ငန်းကို ထိခိုက်မည်ကို စိုးရိမ်ကာ အလွန် ပူပန်နေကြသည်မှာ သေချာလှပေသည်။

ကျီယန်သည် ထန်ပိုင်၏ စကားကို ကြားရသောအခါ ပြုံးရုံသာ ပြုံးနေလိုက်၏။ ထန်ပိုင် စကားမပြောရသေးမီမှာပင် ဝမ်န၏ အံ့ဩတကြီး အော်ဟစ်သံကို ကြားလိုက်ရလေသည်။

"မုန့်မုန့်... ကြည့်လိုက်ဦး... ဒီမှာလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေ အများကြီးပဲ..."

မုန့်ကျယ်လန်နှင့် ဝမ်နတို့သည် ထန်ပိုင် ရှိနေသည်ကို မြင်သောအခါ သူ့ကို ခေါင်းညိတ် နှုတ်ဆက်လိုက်ကြ၏။ ထို့နောက် မုန့်ကျယ်လန်သည် ကျူးလင်ကို ကြည့်ကာ ပြောလိုက်ချေသည်။

"အစ်မကျူးလင်... ကျွန်မတို့ သတ္တုရိုင်းတွေ ယူလာခဲ့တယ်... သတ္တုရိုင်းတွေကို အရင်ဆုံး စစ်ဆေးကြည့်ချင်လား..."

ကျူးလင်က ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။

"အင်း... ကျွန်မ သတ္တုရိုင်းတွေကို အရင်ဆုံး ကြည့်ချင်ပါတယ်..."

ကျူးလင်၏ စကား ဆုံးသွားပြီးနောက် မုန့်ကျယ်လန်နှင့် ဝမ်နတို့သည် သူတို့၏ အိတ်ကို စားပွဲရှည်ပေါ်သို့ တင်လိုက်ကြ၏။

ကျူးလင်နှင့် ကျီယန်တို့သည် အိတ်ထဲသို့ ကြည့်လိုက်ကြရာ အိတ်အတွင်း၌ မတူညီသော သတ္တုရိုင်း အမြောက်အမြားကို မြင်တွေ့လိုက်ရလေသည်။

မုန့်ကျယ်လန်သည် သူမ၏ ခေါင်းကို ကုတ်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ချေသည်။

"ကျွန်မတို့လည်း ဘယ်လိုသတ္တုရိုင်းမျိုးက အစားအစာနဲ့ လဲလှယ်လို့ ရမလဲဆိုတာ မသိတာနဲ့ ရှိသမျှ အကုန်ယူလာခဲ့တာ..."

ကျီယန်သည် ကျူးလင်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်လေသည်။

"ရှောင်လင်... ဒီသတ္တုရိုင်းတွေထဲမှာ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေလား..."

All Chapters