အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း (၈၉) မျှော်လင့်မထားသည့် ငြိမ်သက်ခြင်း
လက်ဖက်ရည်ဆိုင်ပိုင်ရှင်က မြို့သခင်အိမ်တော်မှ အဖွဲ့ ရောက်ရှိလာသည်ကို မြင်သောအခါ သူ တစ်ခုခု အမှားလုပ်ထားမိပြီလားဟု ထင်မှတ်ကာ အလျင်အမြန်ပင် ထွက်၍ ကြိုဆိုလိုက်တော့သည်။
"မြို့သခင်မင်း... ဒါက ဘာကိစ္စများ ရှိလို့လဲ ခင်ဗျာ"
"အင်း... ဘာမှမရှိပါဘူး၊ နည်းနည်း အာခေါင်ခြောက်လို့ လက်ဖက်ရည် လာသောက်တာပါ" မြို့သခင်က ပြောပြီးနောက် နေရာတစ်ခုတွင် တိုက်ရိုက် ဝင်ထိုင်လိုက်သည်။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကလည်း မြို့သခင်က တကယ်ပဲ လက်ဖက်ရည်လာသောက်ခြင်း ဟုတ်မဟုတ် မသိသော်လည်း မြို့သခင် ဝင်ထိုင်သွားပြီဖြစ်ရာ သူလည်း တိတ်တဆိတ်ပင် လက်ဖက်ရည်တစ်အိုး သွား ယူပေးလိုက်ရုံသာ ရှိတော့သည်။
မြို့သခင်က သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီးနောက် သူ့၏ ဘေးနားတွင် မတ်တပ်ရပ်နေကြသော ကင်းလှည့်အဖွဲ့ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းတို့လည်း ထိုင်ပြီး သောက်ကြပါဦးလား"
ကင်းလှည့်အဖွဲ့ဝင်များမှာ စိတ်ထဲ၌ ထိတ်လန့်သွားကြပြီး အလျင်အမြန်ပင် ခေါင်းခါယမ်းကာ မလိုကြောင်း ငြင်းဆိုလိုက်ကြသည်။
"ဒါဆိုရင်လည်း မင်းတို့ ဒီမှာ ရပ်မနေကြနဲ့တော့၊ သွားပြီး ကင်းလှည့်ကြချေ"
ကင်းလှည့်အဖွဲ့ခေါင်းဆောင်သည် မြို့သခင်က ယခုလောလောဆယ် ပြန်မည့် အရိပ်အယောင်မရှိကြောင်း သိရှိသလို ၎င်းတို့အား အမြင်ကတ်နေသည်ကိုလည်း ရိပ်မိသဖြင့် မြို့သခင်အား နှုတ်ဆက်ကာ ကင်းလှည့်အဖွဲ့ကို ဦးဆောင်၍ အခြားနေရာသို့ ထွက်ခွာသွားခဲ့တော့သည်။
ကင်းလှည့်အဖွဲ့ဝင်များအားလုံး ထွက်ခွာသွားပြီးနောက် မြို့သခင်က လက်ထဲမှ လက်ဖက်ရည်ခွက်ကို မကာ အနည်းငယ် မြည်းစမ်းကြည့်လိုက်သည်။
သူ့၏ မျက်မှောင်က အနည်းငယ် ကြုတ်သွားပြီးနောက် လက်ဖက်ရည်ခွက်အတွင်းရှိ ရေကို ကြည့်ကာ ခေါင်းခါလျက် ပြုံးလိုက်မိသည်။ ၎င်းနောက် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ပြန်တင်ကာ အကြည့်များကို အနန္တ ကုန်စုံဆိုင်ထံသို့ ပို့လွှတ်ရင်း စိတ်ထဲ၌ သေချာစွာ တွေးတောနေခဲ့သည်။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ကင်းလှည့်အဖွဲ့များ ထွက်ခွာသွားပြီး မြို့သခင်တစ်ဦးတည်းသာ ကျန်ရှိတော့သည်ကို မြင်သောအခါ စိတ်ထဲ၌ များစွာ သက်သာရာရသွားခဲ့သည်။
ကြည့်ရသည်မှာ သူ မည်သည့်အမှားမျှ ပြုလုပ်မိခြင်း မရှိပေ ။
သို့သော်လည်း ကင်းလှည့်အဖွဲ့ဝင်များ ထွက်ခွာသွားသော်လည်း မြို့သခင်တစ်ဦးတည်း ထိုင်နေခဲ့သဖြင့် သူ၏ လက်ဖက်ရည်ဆိုင်အတွင်းသို့ မည်သူတစ်ဦးတစ်ယောက်မျှ ထပ်မံ ဝင်ရောက်မလာရဲကြတော့ပေ ။
ယခုအခါ အနန္တ ကုန်စုံဆိုင်သို့ ပစ္စည်းလာဝယ်ချင်ကြသူများအားလုံးသည် မြို့သခင်က အနန္တ ကုန်စုံဆိုင် အပြင်ဘက်၌ စောင့်ဆိုင်းနေသည့်အပြင် သူ၏ လက်ထောက်အရာရှိကိုပါ လူတန်းကြီး၏ နောက်ဆုံးသို့ သွား တန်းစီခိုင်းထားကြောင်း သိရှိသွားကြပြီ ဖြစ်သည်။
ထို့ကြောင့် တန်းစီနေရာကို လုယူချင်ကြသူများထဲတွင် ယခုအခါ မည်သူမျှ မဆင်မခြင် လှုပ်ရှားရဲမည့် စိတ်ကူးမျိုး မရှိကြတော့ပေ ။
အနန္တ ကုန်စုံဆိုင်သို့ သွားရောက်ကာ အုတ်မြစ်ချခြင်းဆေးလုံး ဝယ်ယူရန် စောင့်ဆိုင်းနေကြသော မိသားစုကြီးများပင်လျှင် ဝမ်ရှင်းတယ်၏ ကိစ္စကို ကြားသိရပြီးနောက် ယခုအခါ မြို့သခင်ကိုယ်တိုင်ပါ အနန္တ ကုန်စုံဆိုင် အပြင်ဘက်၌ စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းတို့၏ တန်းစီနေရာ လုယူချင်သော စိတ်ကူးများအားလုံး ယခုအခါ လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီး လူလွှတ်ကာ လူတန်းကြီး၏ နောက်ဆုံး၌ လိမ္မာယဉ်ကျေးစွာဖြင့် သွား တန်းစီခိုင်းလိုက်ကြတော့သည်။
ဝမ်နန်မြို့၏ မြို့သခင်က ကုန်စုံဆိုင် အပြင်ဘက်၌ စောင့်ကြပ်ပေးနေသည့် ဤအခြင်းအရာကို ရှန်းဝမ်စန်း မသိသလို ချန်ကျီလည်း ထင်မှတ်မထားခဲ့မိပေ။
မူလက ချန်ကျီ၏ ခန့်မှန်းချက်အရ ဆိုလျှင် သေချာပေါက် မိသားစုတစ်ခုထက်မက ထွက်လာပြီး ပြဿနာရှာကြပေလိမ့်မည်။
ဤမိသားစုများ လာရဲသရွေ့ သူက တစ်ခုပြီးတစ်ခု မျက်နှာကို ရိုက်နှက် (ပညာပေး) သွားမည် ဖြစ်ပြီး သူ ပြင်ဆင်ထားသော ဝှက်ဖဲများစွာကိုပင် ထုတ်သုံးရခြင်း မရှိသေးပေ ။
နှမြောစရာကောင်းလှသည်မှာ ယခုအခါ ဝမ်နန်မြို့၏ မြို့သခင်က အနန္တ ကုန်စုံဆိုင် အပြင်ဘက်၌ ထိုင်နေခြင်းက ချန်ကျီအတွက် ဝိုင်းဝန်း အကာအကွယ်ပေးထားသကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်ပေသည်။
သို့သော်လည်း ဤအကာအကွယ်ပေးမှု၏ ရလဒ်က အလွန်ပင် ကောင်းမွန်လှသဖြင့် ချန်ကျီ မျှော်မှန်းထားသော အစီအစဉ်များအားလုံး လွဲချော်သွားခဲ့ရတော့သည်။
ချန်ကျီ၏ အိမ်တော်အတွင်း၌
နေ့စဉ်ပြုလုပ်နေကြဖြစ်သော နှစ်နာရီကြာ ကျင့်ကြံခြင်း ကို ပြီးဆုံးသွားခဲ့ပြီဖြစ်သော ချန်ကျီက ပက်လက်ကုလားထိုင် ပေါ်၌ အနားယူရင်း စိတ်ထဲ၌ သံသယ ဖြစ်နေမိသည်။
"ဒါက တစ်မနက်ခင်းလုံး ကုန်လွန်လုနီးပါး ဖြစ်နေပြီ၊ မိသားစု အင်အားစု တွေ လာပြီး ပြဿနာရှာတဲ့ အခါကျရင် ရှန်းဝမ်စန်းက ငါ့ကို ချက်ချင်း ဆက်သွယ်ပြီး ပွဲကြည့်ဖို့ ပြောရမှာ မဟုတ်ဘူးလား၊ ဘာလို့ အခုထိ ဘာသတင်း မရှိသေးတာလဲ။ ဒီမိသားစု အင်အားစုတွေက အဆိုးကို စွန့်ပြီး အကောင်းကို ပြုပြင်ပြောင်းလဲသွားကြတာလား။ ဒီလောက်အထိ စည်းကမ်းရှိသွားကြတာလား။ ဒါမှမဟုတ် အုတ်မြစ်ချခြင်းဆေးလုံးက ဒီမိသားစုတွေကို မဆွဲဆောင်နိုင်တာလား။ မဖြစ်နိုင်တာ။ ကြည့်ရတာ ရှန်းဝမ်စန်းနဲ့ ဆက်သွယ်ကြည့်ရမယ် ထင်တယ်"
ချန်ကျီ တွေး လိုက်ပြီးနောက် အသုံးမပြုခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော စိတ်ချင်းဆက်သွယ်၍ ကိုယ်ပွား ကို စကားပြောသည့် စွမ်းအားကို အသုံးပြုလိုက်သည်။
"ရှန်းဝမ်စန်း... မင်းဘက်က အခြေအနေ ဘယ်လိုလဲ"
"သခင်... ကျွန်တော့်ဘက်ကတော့ အားလုံး ပုံမှန်ပါပဲ၊ ဒါပေမဲ့ အဲဒီ မိသားစု အင်အားစုတွေကတော့ ရောက်မလာကြသေးဘူး။ ဆိုင်ဖွင့်စက ဝမ်ရှင်းတယ်လို့ ခေါ်တဲ့လူတစ်ယောက် လာပြီး တန်းစီနေရာ လုဖို့ လုပ်သေးတယ်၊ ဒါပေမဲ့ ကျွန်တော်က ကျင့်ကြံခြင်းအဆင့်ကို ထုတ်ပြလိုက်တော့ သူ တိုက်ရိုက်ပဲ ထွက်သွားခဲ့တယ်၊ အဲဒီနောက်ပိုင်း မိသားစု အင်အားစုတွေ လုံးဝ ရောက်မလာတော့ဘူး"
"ဒါဆိုရင် အုတ်မြစ်ချခြင်းဆေးလုံးကော ရောင်းလိုက်ရပြီလား"
"လောလောဆယ်တော့ မရောင်းရသေးပါဘူး"
"ကောင်းပြီ... ဒါဆိုရင် မင်း ဆက်လုပ်ထားလိုက်ဦး၊ အခြေအနေရှိရင် အချိန်မရွေး ငါ့ကို ဆက်သွယ်ပါ"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက ရှန်းဝမ်စန်းနှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
"ဒါက နည်းနည်းတော့ ထူးဆန်းနေပြီ၊ အဲဒီမိသားစုတွေက ဘာအခြေအနေလဲ"
ချန်ကျီက သူ မျှော်မှန်းထားသော အစီအစဉ်များထဲတွင် မည်သည့်နေရာ၌ အမှားအယွင်း ရှိသွားသနည်းဟု စိတ်ထဲ၌ သံသယ ဖြစ်နေမိသည်။
ထိုအချိန်တွင် ဘေးနားရှိ ကျောက်လင်းအာကလည်း ချန်ကျီ၏ ပုံမှန်မဟုတ်မှုကို ရိပ်မိသွားပြီး မေးလိုက်သည်။ "သခင်... ဘာဖြစ်လို့လဲ "
ချန်ကျီက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပြောလိုက်သည်။ "မျှော်မှန်းထားတဲ့အတိုင်း လာပြီး ပြဿနာရှာမယ့် မိသားစုတွေက လုံးဝ ရောက်မလာကြဘူး၊ တကယ်ကို ထူးဆန်းလွန်းတယ်"
"သခင်... အဲဒီမိသားစုတွေ ရောက်မလာတာက အကောင်းကိစ္စ မဟုတ်ဘူးလား "
"ဒါကို မင်း မသိသေးပါဘူး၊ အဲဒီမိသားစုတွေ တကယ်ပဲ ရောက်မလာကြဘူး ဆိုရင် ဒီအုတ်မြစ်ချခြင်းဆေးလုံးက သူတို့အတွက် ကြီးမားတဲ့ ဆွဲဆောင်မှု မရှိဘူးဆိုတာကို ပြနေတာပဲ"
"ဒါပေမဲ့ ဒါက ဘာပြဿနာ ရှိလို့လဲ ၊ အဲဒီမိသားစုတွေက အုတ်မြစ်ချခြင်းဆေးလုံး မလိုအပ်ရင်တောင် ချီသန့်စင်ခြင်းအဆင့် နှောင်းပိုင်းမှာရှိတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေက လိုအပ်တာပဲလေ၊ အုတ်မြစ်ချခြင်းဆေးလုံးက သေချာပေါက် ရောင်းထွက်မှာပါ"
"မင်းပြောတာလည်း မှန်ပါတယ်၊ အုတ်မြစ်ချခြင်းဆေးလုံးက သေချာပေါက် ရောင်းထွက်မှာပါ၊ ဒါပေမဲ့ ဒီအုတ်မြစ်ချခြင်းဆေးလုံးက နောက်ဆုံးမှာ ဘယ်လိုစျေးနှုန်းမျိုးနဲ့ ရောင်းထွက်သွားမလဲဆိုတာ မသိရသေးလို့ပါ"
ကျောက်လင်းအာက ရုတ်တရက် ရယ်မောလိုက်ပြီး ပြော လိုက်သည်။ "ဟီးဟီး... ဘာပဲဖြစ်ဖြစ် သခင်ကတော့ သေချာပေါက် အရှုံးမရှိဘူးဆိုတာ ကျွန်မ သိပါတယ်"
"ဟားဟား... ဒါကတော့ ဟုတ်တာပေါ့"
အနန္တ ကုန်စုံဆိုင်အတွင်း
ချန်ကျီက ရှန်းဝမ်စန်းအား မေးမြန်းပြီးနောက် ရှန်းဝမ်စန်းကိုယ်တိုင်လည်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်၊ ယနေ့က တကယ်ပဲ မျှော်မှန်းထားသည်နှင့် တူညီမှု မရှိပေ ။
မူလက အုတ်မြစ်ချခြင်းဆေးလုံးကို လုယူဝယ်ယူကြမည့် မြင်ကွင်းမျိုး ပေါ်ပေါက်လာလိမ့်မည်ဟု မျှော်မှန်းထားခဲ့သော်လည်း ပေါ်ပေါက်မလာခဲ့ပေ ။
သို့သော်လည်း တော်သေးသည်ဟု ဆိုရမည်၊ ယနေ့တွင် ပထမ အဆင့် ဆေးလုံးများကိုသာ ရောင်းချရသော်လည်း ၎င်းအပြင် ပြန်လည် ဝယ်ယူရရှိသော ပစ္စည်းများကြောင့် ရရှိသော ဝိညာဉ်ကျောက်တုံး ပမာဏက မနေ့က ရရှိသည်ထက် များစွာ ပိုမိုများပြားနေခဲ့ပြီ ဖြစ်ပေသည်။
တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးက သူ ဝယ်ယူထားသော ပစ္စည်းများကို စိတ်ကျေနပ်စွာဖြင့် ပိုက်လျက် အနန္တ ကုန်စုံဆိုင်အပြင်သို့ လှမ်းထွက်သွားခဲ့ပြီးနောက် နောက်ထပ် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး ဝင်ရောက်လာခဲ့ပြန်သည်။
ဤကျင့်ကြံသူ ဝင်ရောက်လာသည့် အခါတွင် ရှန်းဝမ်စန်းက သူ့ကို မျက်လုံးအနည်းငယ် ပို၍ ကြည့်မိသွားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းအဆင့် ၁၀ အထွတ်အထိပ် အဆင့် ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
တစ်မနက်ခင်းလုံး စောင့်ဆိုင်းနေခဲ့ရသော လူက နောက်ဆုံးတွင်တော့ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပေသည်။
ရှန်းဝမ်စန်းက အတွင်းသို့ လှမ်းဝင်လာသော အသက်လတ်ပိုင်း အမျိုးသားပုံစံရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။ "မင်း ဘာဝယ်ချင်လို့လဲ"
အုတ်မြစ်ချခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အရှေ့တွင်မူ ချီသန့်စင်ခြင်းအဆင့် အထွတ်အထိပ် ဖြစ်နေသည့်တိုင်အောင် ဂုဏ်ယူဝံ့ကြွားစရာ များစွာ မရှိပေ ။
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက အလွန်ပင် ရိုသေစွာဖြင့် ပြော လိုက်သည်။ "ကျွန်တော် အုတ်မြစ်ချခြင်းဆေးလုံး တစ်လုံး ဝယ်ချင်လို့ပါ"
ရှန်းဝမ်စန်း စိတ်ထဲ၌ ဝမ်းသာသွားခဲ့ရသည်၊ နောက်ဆုံးတော့ စောင့်ရကျိုး နပ်ခဲ့ပြီ ဖြစ်ပေသည်။
သို့သော်လည်း ရှန်းဝမ်စန်းက အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီး ခေတ္တမျှ မည်သို့သော စျေးနှုန်းကို ပြောရမည်နည်းဟု မသိဖြစ်သွားခဲ့ရသည်။
မူလက ချန်ကျီနှင့် တိုင်ပင်ထားခဲ့သည်မှာ ဤမိသားစုများကို အရင်ဆုံး ဂုတ်သွေးစုပ် (စျေးကြီးကြီးရောင်း) ပြီးမှသာ စျေးနှုန်းကို ပြန်လည် နှိမ့်ချရန် ဖြစ်ပေသည်။
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက ရှန်းဝမ်စန်း၏ မျက်နှာထက်၌ ခက်ခဲနေသောအမူအရာကို မြင်သောအခါ မေးလိုက်သည်။ "ဆိုင်ရှင်... အုတ်မြစ်ချခြင်းဆေးလုံးက ရောင်းကုန်သွားပြီလား "
သူက ယခုအချိန်တွင် အနန္တ ကုန်စုံဆိုင်အတွင်းသို့ ဝင်ရောက်လာခြင်းက အနည်းငယ် နောက်ကျနေပြီ ဖြစ်ကြောင်း သိရှိသည်၊ အနန္တ ကုန်စုံဆိုင် တံခါးဖွင့်ထားခဲ့သည်မှာ တစ်မနက်ခင်းလုံး ရှိနေပြီဖြစ်ရာ အုတ်မြစ်ချခြင်းဆေးလုံးများ ရောင်းကုန်သွားခဲ့သည် ဆိုလျှင်တောင် အကျိုးအကြောင်း သင့်လျော်လှပေသည်။
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက စိတ်ထဲ၌ နှမြောတသ ဖြစ်နေသည့် အချိန်တွင်ပင် သူ့အား အလွန်အမင်း ဝမ်းသာသွားစေမည့် သတင်းကို ရုတ်တရက် ပြန် ကြားလိုက်ရပြန်သည်။
"ရောင်းမကုန်သေးပါဘူး၊ မင်းက ဒီနေ့ အုတ်မြစ်ချခြင်းဆေးလုံးကို ပထမဆုံး လာဝယ်တဲ့လူပဲ"
"တကယ်လား " အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက ဝမ်းသာအားရ ပြော လိုက်သည်။
"တကယ်ပေါ့"
"ဒါဆိုရင် ဆိုင်ရှင်... စောစောက ဘာဖြစ်လို့လဲ "
ကျွန်တော့်ကို နောက်နေတာလား။
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက နောက်ဆုံး စကားကို ထုတ်မပြောရဲဘဲ စိတ်ထဲ၌သာ ရေရွတ်ရဲပေသည်။
"ဘာမှမဖြစ်ပါဘူး၊ စောစောက အာရုံနည်းနည်း လွင့်သွားလို့ပါ" ရှန်းဝမ်စန်းက မဟုတ်မမှန် တစ်ခွန်း ပြောလိုက်ပြီးနောက် ဆက်ပြော လိုက်သည်။ "အုတ်မြစ်ချခြင်းဆေးလုံးတစ်လုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ကျပါတယ်"
အခန်း (၉၀) မင်းတို့ဆိုင်ရဲ့ စည်းမျဉ်း က မကောင်းဘူး
ရှန်းဝမ်စန်းက နောက်ဆုံးတွင်တော့ ချန်ကျီနှင့် ကြိုတင်တိုင်ပင်ထားခဲ့သော စျေးနှုန်းအတိုင်းသာ ပြောရန် ဆုံးဖြတ်လိုက်တော့သည်။
ဤစျေးနှုန်းကို ကြားလိုက်ရသည့် အခါတွင် အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက မထိန်းနိုင်ဘဲ အံ့အားသင့်စွာဖြင့် အော်ဟစ်မိလိုက်တော့သည်။
"ဒါက အလယ်အလတ်အဆင့် အုတ်မြစ်ချခြင်းဆေးလုံးလား"
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူ၏ အော်ဟစ်သံကို ကြားရသောအခါ ရှန်းဝမ်စန်းက သူပြောလိုက်သော စျေးနှုန်းက အလွန်အမင်း မြင့်နေသဖြင့် တစ်ဖက်လူကို ထိတ်လန့်သွားစေခဲ့သည်ဟု ထင်မှတ်မိလိုက်သည်။
သို့သော်လည်း သူက ခေါင်းညိတ်ပြလိုက်ပြီးနောက် အုတ်မြစ်ချခြင်းဆေးလုံး ထည့်ထားသော ကျောက်စိမ်းပုလင်းကို ကောင်တာပေါ်သို့ တင်ပေးလိုက်သည်။
ကောင်တာပေါ်ရှိ ကျောက်စိမ်းပုလင်းကို ကြည့်ကာ အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက တုန်ရင်နေသော လက်များဖြင့် ကောက်ကိုင်လိုက်သည်။
သူက ကျောက်စိမ်းပုလင်း အဖုံးကို ဖွင့်ပြီး အတွင်းရှိ အုတ်မြစ်ချခြင်းဆေးလုံးကို သွန်ကာ တစ်ချက် ကြည့်လိုက်သည်။
အမှန်ပင် ဆေးလုံးထက်၌ ဖျော့တော့သော ရွှေရောင်ချည်မျှင်ကဲ့သို့ ဆေးအဆီအနှစ် အစင်းကြောင်းတစ်ကြောင်း ရှိနေပေသည်။
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက အုတ်မြစ်ချခြင်းဆေးလုံးကို ကျောက်စိမ်းပုလင်းအတွင်းသို့ ချက်ချင်း ထည့်လိုက်သည်။
သူက ဝိညာဉ်ကျောက်တုံးများ ထုတ်ယူကာ ငွေချေရန် ပြင်နေစဉ်မှာပင် ရုတ်တရက် ထပ် ပြောလိုက်ပြန်သည်။ "ဆိုင်ရှင်... ချီစုစည်းဆေးလုံး ၂၀၊ ရှောင်ဟန်ဆေးလုံး ၁၀ လုံး ၊ ထျန်းယွမ်ဆေးလုံး ၁၀ လုံး၊ ကျီလင်ဆေးလုံး ၁၀ လုံးနဲ့ ဟွမ်ရှန်ဆေးလုံး ၁၀ လုံးပါ ထပ်ပေးပါ"
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက ပထမ အဆင့် ဆေးလုံးအမြောက်အမြားကို တစ်ဆက်တည်း ပြောလိုက်တော့သည်။
မည်သို့မျှ ပြုလုပ်၍ မရပေ ၊ သူ၏ သိုလှောင်အိတ်အတွင်း၌ ပြင်ဆင်လာသော ဝိညာဉ်ကျောက်တုံး ပမာဏက အပိုအလျှံ ရှိနေသောကြောင့် ဖြစ်ပေသည်။
ဤဆေးလုံးများကို ဝယ်ယူခြင်းအားဖြင့် အုတ်မြစ်ချခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် လုံလောက်သော ပြင်ဆင်မှုများကို အပြည့်အဝ ပြုလုပ်နိုင်ပေလိမ့်မည်။
ယခုအခါ ရှန်းဝမ်စန်းဘက်က တုံ့ဆိုင်းသွားခဲ့ရပြီ ဖြစ်သည်။ "ကြည့်ရတာ အုတ်မြစ်ချခြင်းဆေးလုံးကို စျေးသက်သက်သာသာနဲ့ ရောင်းလိုက်မိပြီ ထင်တယ်"
သို့သော်လည်း ရှန်းဝမ်စန်းက စျေးနှုန်းကို ချက်ချင်း ပြောင်းလဲရန်တော့ မပြောခဲ့ပေ ။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ဖြင့် အုတ်မြစ်ချခြင်းဆေးလုံး တစ်လုံး ရောင်းချခြင်းက ချန်ကျီ သေချာစွာ စဉ်းစားတွက်ချက်ပြီးနောက် သတ်မှတ်ထားသော အမြင့်ဆုံးစျေး ဖြစ်ပြီး မူလက ဤစျေးနှုန်းဖြင့် ၎င်းမိသားစုကြီးများကို ရောင်းချရန် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။
အမှတ် ၃၀၀ ပေးရသော အုတ်မြစ်ချခြင်းဆေးလုံးတစ်လုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ဖြင့် ရောင်းချရခြင်းက များစွာ အမြတ်ထွက်နေခဲ့ပြီ ဖြစ်သည်။
"ချီစုစည်းဆေးလုံး ၂၀ အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၂၀၊ ရှောင်ဟန် ဆေးလုံး ၁၀ လုံးအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၅၀၊ ထျန်းယွမ်ဆေးလုံး ၁၀ လုံးအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၊ ကျီလင်ဆေးလုံး ၁၀ လုံးအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၅၀၊ ဟွမ်ရှန်ဆေးလုံး ၁၀ လုံးအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ ကျသင့်ပါတယ်"
"အားလုံးပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၂၂၀ ကျသင့်ပြီး အုတ်မြစ်ချခြင်းဆေးလုံးရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ နဲ့ ပေါင်းရင် အားလုံးပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၂၂၀ ကျပါတယ်"
ဤစျေးနှုန်းကို ကြားရသောအခါ အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက စိတ်ထဲ၌ အလွန်အမင်း စျေးသက်သာလှသည်ဟု ရေရွတ်လိုက်မိပြီး မျက်နှာထက်၌လည်း ဝမ်းသာရိပ်များ ပြည့်နှက်ကာ မသိမသာ ပြုံးမိလိုက်သည်။ ဤအရာများအားလုံးက အလယ်အလတ်အဆင့် ဆေးလုံးများ ဖြစ်ကြပေသည် မဟုတ်ပါလား။
ရှန်းဝမ်စန်းကမူ အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူ၏ မျက်နှာအမူအရာကို အကဲခတ်မိလိုက်သည်၊ ဤအမူအရာက အနန္တ ကုန်စုံဆိုင်အတွင်းသို့ ဝင်ရောက်လာကြသော တစ်ကိုယ်တော် ကျင့်ကြံသူတိုင်း၏ အမူအရာနှင့် ထပ်တူကျလှပေသည်။
ရှန်းဝမ်စန်းက သူ လိုချင်သော ဆေးလုံးများအားလုံးကို ကောင်တာပေါ်သို့ တင်ပေးလိုက်သည်ကို ကြည့်ကာ အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက တစ်ခုချင်းစီကို သေချာစွာ စစ်ဆေးကြည့်လိုက်ရာ အားလုံးက အလယ်အလတ်အဆင့် ဆေးလုံးများ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သူက နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး မြို့များစွာသို့ လှည့်ပတ် သွားလာဖူးသော်လည်း ဤမျှအထိ စိတ်ကောင်းစေတနာရှိသော ဆိုင်မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပေသည်။
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက တုံ့ဆိုင်းခြင်းမရှိဘဲ သူ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဝိညာဉ်ကျောက်တုံးများကို သိုလှောင်အိတ်အတွင်းမှ ထုတ်ယူကာ အားလုံးပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၂၂၀ ကို ကောင်တာပေါ်သို့ တင်ပေးလိုက်သည်။
သူက ကျောက်စိမ်းပုလင်းများကို စိတ်ကျေနပ်စွာဖြင့် သိုလှောင်အိတ်အတွင်းသို့ အကုန်လုံး သိမ်းဆည်းလိုက်တော့သည်။
တကယ်တော့ သူ၏ သိုလှောင်အိတ်အတွင်း၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရာဂဏန်းအချို့ ကျန်ရှိနေသေးပေသည်။
သို့သော်လည်း လောလောဆယ်တွင် အခြားဆေးလုံးများ ထပ်မံ ဝယ်ယူရန် မလိုအပ်သေးပေ ၊ ဤဆေးလုံးများကတင် သူ၏အတွက် လုံလောက်နေပြီ ဖြစ်သည်။
သူ အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင်မှ ဤဝိညာဉ်ကျောက်တုံးများဖြင့် ဒုတိယ အဆင့် ဆေးလုံးများကို လာ ဝယ်ရန် မျှော်လင့်ထားခြင်း ဖြစ်ပေသည်။
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက ဆေးလုံးများကို သိမ်းဆည်းပြီးနောက် ရှန်းဝမ်စန်းအား အနည်းငယ် အရိုအသေပေး ကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"
ရှန်းဝမ်စန်းကလည်း ထုံးစံအတိုင်း ကိုယ်ကို အနည်းငယ် စောင်းကာ ဤအရိုအသေပေးမှု ကို ရှောင်လိုက်သည်။
"နောက်တစ်ခေါက်လည်း လာရောက် အားပေးဖို့ ဖိတ်ခေါ်ပါတယ်"
"သေချာပေါက် လာခဲ့ပါ့မယ်" အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
၎င်းနောက်တွင် အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက အနန္တ ကုန်စုံဆိုင်မှ စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားခဲ့တော့သည်၊ ခုနတင်ကပဲ သူက သူ့ဘဝ၏ အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ခြင်း ဖြစ်ပေသည်။
ထိုအရာကတော့... သူက နောင်တွင် ဝမ်နန်မြို့၌သာ အခြေချ နေထိုင်တော့မည် ဖြစ်ပြီး ထိုကဲ့သို့ အခြေကျမှုမရှိဘဲ လွင့်မျောနေသော ဘဝမျိုးကို ဆက်လက် ဖြတ်သန်းတော့မည် မဟုတ်ပေ ။
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက အနန္တ ကုန်စုံဆိုင်မှ ထွက်လာခဲ့ပြီးနောက် ဝမ်နန်မြို့၏ အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာ နေရာသို့ ချက်ချင်း သွားရောက်ကာ ဤဝမ်နန်မြို့၌ နေအိမ်တစ်လုံး ဝယ်ယူရန် ပြင်ဆင်လိုက်တော့သည်။
သူက နောင်တွင် ဤဝမ်နန်မြို့၌သာ နေထိုင်သွားမည် ဖြစ်သည်၊ အပြင်ဘက်၌ နှစ်ပေါင်းများစွာ လွင့်မျောနေခဲ့ရခြင်းမှာ ကျင့်ကြံခြင်းအဆင့် ပိုမို မြင့်မားလာရန်နှင့် တည်ငြိမ်အေးချမ်းသော နေရာတစ်ခုကို ရှာဖွေနိုင်ရန်အတွက် မဟုတ်ပါလော။
ယခုအခါ ဤဝမ်နန်မြို့က အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်ပေသည်။
ကုန်စျေးနှုန်းကလည်း သက်သာလှပြီး ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး ကျင့်ကြံသူမှာလည်း အုတ်မြစ်ချခြင်းအဆင့်သာ ဖြစ်သဖြင့် အခြေခံအားဖြင့် အသက်အန္တရာယ်ကို စိုးရိမ်ရသော အကြောင်းများ မရှိပေ ။
မပြောနိုင်ပေ ၊ နောင်တွင် ချင်းယွမ်ဂိုဏ်းသို့ တစ်ခေါက် သွားရောက်ကာ အတွင်းစည်းတပည့်တစ်ဦးအဖြစ် ဝင် နိုင်ရင်လည်း ဝင်နိုင်ပေလိမ့်မည်။
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက ဤသို့ တွေးတောမိလိုက်ပြီးနောက် ရုတ်တရက် ခေါင်းခါယမ်းလိုက်ပြန်သည်။ "ချင်းယွမ်ဂိုဏ်းကို သွားပြီး ဘာလုပ်မှာလဲ၊ ချင်းယွမ်ဂိုဏ်းမှာ ဒီလောက်အထိ သက်သာတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရှိလို့လား။ အဲဒီကို သွားရင်လည်း အသက်နဲ့ ရင်းပြီး တိုက်ခိုက်မှသာ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ရရှိမှာပဲ၊ ဒီနေရာကပဲ အကောင်းဆုံးပဲ"
အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက လမ်းလျှောက်ရင်း တွေးတောနေခဲ့ရာ အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာ နေရာသို့ မသိမသာ ရောက်ရှိသွားခဲ့တော့သည်။
"မင်္ဂလာပါ ခင်ဗျာ၊ ဘာများ ကူညီပေးရမလဲ "
"ကျွန်တော် အိမ်တစ်လုံး ဝယ်ချင်လို့ပါ"
"ဟုတ်ကဲ့ပါ ခင်ဗျာ၊ စိတ်ဝင်စားတဲ့ ဧရိယာ ရှိပါသလား "
"အနန္တ ကုန်စုံဆိုင်နဲ့ အနီးဆုံး ဖြစ်လေ ပိုကောင်းလေပါပဲ"
"အနန္တ ကုန်စုံဆိုင်လား ခင်ဗျာ"
"ဟုတ်ပါတယ်... အနန္တ ကုန်စုံဆိုင်ပဲ"
"အဲဒီဧရိယာက အိမ်တွေက သာမန် သေမျိုး တွေပဲ နေထိုင်ကြတာမလို့ လူကြီးမင်းရဲ့ ဂုဏ်သိက္ခာနဲ့ မကိုက်ညီမှာ စိုးရိမ်မိပါတယ် "
"ဘာမှမဖြစ်ဘူး၊ အဲဒီဧရိယာပဲ၊ အနီးဆုံး ဖြစ်လေ ပိုကောင်းလေပဲ"
"ဟုတ်ကဲ့ပါ ခင်ဗျာ၊ ဒါဆိုရင် ဒီမြေပုံကို ကြည့်ပေးပါ၊ အဲဒီဧရိယာမှာ လက်ရှိ ရောင်းချနေတဲ့ နေအိမ်တွေကို အမှတ်အသား ပြုလုပ်ထားပါတယ်"
"အင်း... ဒါဆိုရင် ဒီနေရာပဲ ယူမယ်"
"ဒီအိမ်ရဲ့ စျေးနှုန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀ ကျသင့်ပါတယ် "
"ကောင်းပြီ... ဒီနေရာပဲ" အသက်လတ်ပိုင်း တစ်ကိုယ်တော် ကျင့်ကြံသူက ဤစျေးနှုန်းက အလွန်အမင်း မြင့်နေသလား ဆိုသည်ကို လုံးဝ တွေးတောခြင်း မရှိပေ ။
"ဒါဆိုရင် ကျွန်တော် လူကြီးမင်းကို အိမ်သွားကြည့်ဖို့ လိုက်ပို့ပေးပါ့မယ် "
"မလိုဘူး၊ ကျွန်တော့်ကို လုပ်ထုံးလုပ်နည်းတွေ တိုက်ရိုက် လုပ်ပေးလိုက်ရုံပဲ"
"ဘာလဲ... လုပ်ပေးလို့ မရဘူးလား"
"မဟုတ်ပါဘူး ... မဟုတ်ရပါဘူး၊ အခုပဲ ချက်ချင်း လုပ်ပေးပါ့မယ် ခင်ဗျာ"
"ကောင်းပြီ... ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀ ပဲ၊ အမြန်သွားလုပ်ပေးတော့"
"......"
ချန်ကျီ၏ အိမ်တော်အတွင်း
"လင်းအာ... ငါတို့ သတ်မှတ်ထားတဲ့ အုတ်မြစ်ချခြင်းဆေးလုံး စျေးနှုန်းက တကယ်ပဲ အလွန် နည်း နေသေးတာလား"
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်က နည်း နေသေးတာလား "
"ခုနတင် ရှန်းဝမ်စန်းက ငါ့ကို လှမ်းပြောတယ်၊ ပထမဆုံး အုတ်မြစ်ချခြင်းဆေးလုံးကို ရောင်းလိုက်ရပြီတဲ့၊ ထူးဆန်းတာက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးက ဝယ်သွားတာပဲ။ သူက ဝယ်ပြီးသွားတဲ့အခါမှာ အလွန်အမင်း စျေးသက်သာလှတယ်လို့ ထုတ်ပြောသွားသေးတယ်တဲ့"
"တကယ်လား သခင်။ ဒါပေမဲ့ အုတ်မြစ်ချခြင်းဆေးလုံးရဲ့ ရင်းရတဲ့ တန်ဖိုးက အမှတ် ၃၀၀ ပဲ ရှိတာလေ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ နဲ့ ရောင်းရရင် ကျွန်မတို့က အသားတင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၇၀၀ တောင် မြတ်တာလေ။ ဒါက ကိုယ်ပွားတစ်ယောက် သံနက်မိုင်းတွင်းထဲမှာ တစ်နေ့လုံး သွားတူးလို့ ရတဲ့ ဝင်ငွေထက်တောင် ပိုပြီး များသေးတယ်"
"ဟုတ်တယ်မလား၊ ဒီလိုကြည့်ရရင် အပြင်ဘက်က ဆိုင်တွေ ရောင်းချနေတဲ့ ဆေးလုံးတွေက ပိုပြီးတော့တောင် အမြတ်ထွက်ဦးမှာပဲ။ အဲဒီ ကုန်သည်အစုတ်တွေက တကယ်ပဲ အလွန်အမင်း အတ္တကြီးလွန်းကြတယ်၊ ငါတို့က ဘယ်လောက်တောင် စိတ်ကောင်းရှိလဲ ကြည့်ဦး"
"ဟိဟိ... သခင် ဘာပြောပြော ဟုတ်ပါတယ် "
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ကို တစ်ကိုယ်တော် ကျင့်ကြံသူတွေတောင် ဝယ်ယူချင်ကြတယ် ဆိုမှတော့ စျေးနှုန်းက ဒီထက် ပိုကြီးရင်တောင် အဲဒီ မိသားစုကြီးတွေက တုံ့ဆိုင်းနေကြမှာ မဟုတ်ဘူး။ ဒီမိသားစုတွေရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဂုတ်သွေးစုပ်ရတာ တကယ်ပဲ စိတ်ထဲ၌ မလုံမလဲ ဖြစ်စရာ နည်းနည်းတောင် မရှိဘူး"
"ဟားဟား..."
အနန္တ ကုန်စုံဆိုင်အတွင်း
ရှန်းဝမ်စန်းက ဖောက်သည်တိုင်းကို စိတ်အားထက်သန်စွာဖြင့် ဆက်လက် ဧည့်ခံနေဆဲ ဖြစ်ပြီး ဖောက်သည်တိုင်း စိတ်ကျေနပ်မှု ရှိစေရန်နှင့် ပစ္စည်းများ အပြည့်အဝ သယ်ဆောင်ကာ ပြန်လည် ထွက်ခွာနိုင်ရန် အာမခံပေးထားပေသည်။
ထိုအချိန်တွင် အနန္တ ကုန်စုံဆိုင်အတွင်းသို့ ချပ်ဝတ် ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦးနှင့် ခမ်းနားထည်ဝါသော ဝတ်စုံ ဝတ်ဆင်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦး လှမ်းဝင်လာခဲ့သည်။
အနန္တ ကုန်စုံဆိုင်အတွင်းသို့ လူနှစ်ဦး တစ်ပြိုင်နက်တည်း ဝင်ရောက်လာခြင်းက ပထမဆုံးအကြိမ် ဖြစ်သဖြင့် ရှန်းဝမ်စန်းက ၎င်းတို့နှစ်ဦးကို သံသယ ဖြစ်စွာဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ"
ချပ်ဝတ် ဝတ်ဆင်ထားသော စစ်သူကြီးက ကျယ်လောင်သော လေသံဖြင့် ပြော လိုက်သည်။ "ငါတို့က မြို့သခင်အိမ်တော်က၊ ဒီလူကြီးမင်းကတော့ ငါတို့ရဲ့ မြို့သခင်ပဲ"
"မြို့သခင်အိမ်တော် လား မြို့သခင်လား" ရှန်းဝမ်စန်း စိတ်ထဲ၌ သံသယ ဖြစ်မိသွားသည်၊ ဤအခြေအနေကို ကြည့်ရသည်မှာ ချန်ကျီထံသို့ သတင်းပို့ရမည် ထင်ပေသည်။
ရှန်းဝမ်စန်းက နှုတ်မှ ပြော လိုက်သည်။ "မြို့သခင် မင်္ဂလာပါ ၊ မြို့သခင် က ဘာကိစ္စများ ရှိလို့လဲ "
သူ၏ စိတ်ထဲမှနေ၍ ချန်ကျီအား ချက်ချင်း ဆက်သွယ်လိုက်သည်။ "သခင်... မြို့သခင် ရောက်လာပြီ"
"မြို့သခင်လား"
အနားယူနေသော ချန်ကျီက ရှန်းဝမ်စန်းထံမှ ဤသတင်းကို ကြားရသည့် အခါတွင် ချက်ချင်းပင် တွေး လိုက်ပြီး အသိစိတ်ကို ရှန်းဝမ်စန်း၏ ကိုယ်ပေါ်သို့ ပို့လွှတ်လိုက်သည်။
ချန်ကျီက မြို့သခင်နှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်သဖြင့် သေချာပေါက် လာ ကြည့်ရမည် ဖြစ်ပေသည်။
ချန်ကျီ၏ အသိစိတ်က ရှန်းဝမ်စန်း၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားသည့် အချိန်တွင်ပင် စစ်သူကြီးနှင့် မြို့သခင်တို့ လာရောက်ရသည့် အကြောင်းရင်းကို ပြောကြားနေသည်ကို အမိအရ ကြားလိုက်ရတော့သည်။
"မင်းတို့ဆိုင်ရဲ့ စည်းမျဉ်းက မကောင်းဘူး၊ အထဲကို ဝင်လာဖို့အတွက် သေချာပေါက် တန်းစီရသေးတယ်၊ မင်းတို့ဆိုင်ထဲ ဝင်ရတာ တကယ်ကို မလွယ်ကူလှဘူး၊ တစ်ခေါက် ဝင်ဖို့အတွက် ဒီလောက် အချိန်အကြာကြီး တန်းစီ စောင့်ရသေးတယ်"