← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅) လူတိုင်း၏ မြင့်မားသော အရည်အချင်း

​တစ်ချိန်တည်းမှာပင် ဝမ်နန်မြို့၏ မြို့သခင်အိမ်တော်၌ ဖြစ်ပေသည်။

​မြို့သခင်ကလည်း ဝမ်နန်မြို့၌ ငွေကြေးအင်အား အလွန်တောင့်တင်းသော ကုန်စုံဆိုင်တစ်ဆိုင် ပေါ်ပေါက်လာပြီး ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင်ပင် ကုန်ပစ္စည်းအားလုံးကို စျေးနှုန်းထက်ဝက်ဖြင့် ရောင်းချခဲ့ကြောင်း သတင်းကို ရရှိထားခဲ့ပြီ ဖြစ်ပေသည်။ အရေးကြီးဆုံးအချက်မှာ မနက်ဖြန်တွင် အုတ်မြစ်ချခြင်းဆေးလုံးကိုပါ ရောင်းချမည်ဟူသော သတင်းပင် ဖြစ်ပေသည်။

​ဤသို့သော ဆက်တိုက် ထွက်ပေါ်လာသည့် သတင်းများက ကျင့်ကြံခြင်း မြို့ကြီးတစ်မြို့မှ လာခဲ့သော သူ့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။

​"ပြန်ပို့လာတဲ့ သတင်းတွေ အားလုံးက အမှန်တွေချည်းပဲလား" မြို့သခင်က သတင်းယူဆောင်လာသော လက်ထောက်အရာရှိအား သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို သူလည်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။

​"အရှင်... သတင်းတွေအားလုံးက အမှန်တွေပါ၊ အောက်ခြေလူက ကိုယ်တိုင် သွားရောက် အတည်ပြုပြီးပါပြီ။ အဲဒီကုန်စုံဆိုင်မှာ ကုန်ပစ္စည်းတွေ ဝယ်ယူခဲ့ဖူးတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေဆီက သိရတာကတော့ အဲဒီကုန်စုံဆိုင်က ကြေညာထားပါတယ်တဲ့။ သူတို့ လိုအပ်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရှိနေသရွေ့ အားလုံးကို ရောင်းချပေးမှာဖြစ်ပြီး ကုန်ပစ္စည်းမှန်သမျှကိုလည်း အကုန် ပြန်ဝယ်ပေးတယ်လို့ ပြောပါတယ်။ အဆန်းပြားဆုံးကတော့ အဲဒီကုန်စုံဆိုင်က ရောင်းတဲ့ ဆေးလုံးတွေက အလယ်အလတ်အဆင့် အမျိုးအစားတွေကိုပဲ ရောင်းတာပါတဲ့။ အရှင်... သူတို့ မနက်ဖြန် ရောင်းမယ့် အုတ်မြစ်ချခြင်းဆေးလုံးကလည်း အလယ်အလတ်အဆင့် ဖြစ်နေမလား မသိဘူး။ သူတို့က အလယ်အလတ်အဆင့် ဆေးလုံးတွေကိုပဲ ရောင်းတယ်လို့ ကြေညာထားတာလေ။ တကယ်လို့ မနက်ဖြန်ကျရင် အလယ်အလတ်အဆင့် အုတ်မြစ်ချခြင်းဆေးလုံးကို ထုတ်မပြနိုင်ရင် နောင်ကျရင် ဝမ်နန်မြို့မှာ အရောင်းအဝယ်တောင် လုပ်လို့ရမှာ မဟုတ်တော့ဘူး။ အရောင်းအဝယ် အလုခံလိုက်ရတဲ့ ဆိုင်တွေက သူတို့ကို သေချာပေါက် ဖိနှိပ်ပြီး အသေသတ်ကြမှာပဲ"

​မြို့သခင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဟားဟား... အလယ်အလတ်အဆင့် အုတ်မြစ်ချခြင်းဆေးလုံး ဟုတ်လား။ မင်း အဲဒါက ဘယ်လို အဓိပ္ပာယ်လဲဆိုတာ သိရဲ့လား။ ဆေးလုံးအားလုံးထဲမှာ အဆင့်တက်ဆေးလုံးက အဆင့်အမြင့်ဆုံးနဲ့ ဖော်စပ်ရ အခက်ခဲဆုံးပဲ။ ဒုတိယအဆင့် ဆေးပညာရှင် တစ်ဦးက အဆင့်နိမ့် အုတ်မြစ်ချခြင်းဆေးလုံး တစ်လုံးကို ဖော်စပ်နိုင်ဖို့တောင် တော်တော်လေး ခက်ခဲလှပြီ၊ ပိုမိုမြင့်မားတဲ့ အဆင့် ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ ဆေးလုံးတွေကို အဆင့်လေးဆင့် ခွဲခြားထားတယ် ဆိုပေမဲ့ ဆေးလုံးရဲ့ အဆင့် ကို နောက်ထပ် အဆင့်တစ်ခု မြင့်တက်လာအောင် ပြုလုပ်ဖို့က ဘယ်လောက်အထိ အဆပေါင်းများစွာ ခက်ခဲသွားလဲဆိုတာ မင်းသိလား။ ဆေးပညာရှင် အများစုက တစ်သက်လုံးမှာ အလယ်အလတ်အဆင့် ဆေးလုံးအနည်းငယ်ကိုပဲ ဖော်စပ်နိုင်ကြတာ၊ ဒါကလည်း ကံကောင်းလို့ ဖြစ်ရတာမျိုးပဲ၊ အဆင့်မြင့်နဲ့ အထက် ဆေးလုံးတွေကိုတော့ တစ်သက်လုံး ဖော်စပ်နိုင်ဖို့ ခက်ခဲလိမ့်မယ်"

​မြို့သခင်က ကျင့်ကြံခြင်း မြို့ကြီးမှ လာသော ကျင့်ကြံ သူတစ်ဦး ဖြစ်သဖြင့် သူ၏ အမြင်ကတော့ သာမန်လူများထက် အများကြီး ပိုမို မြင့်မားသည်မှာ အမှန်ပင် ဖြစ်ပေသည်။

​လက်ထောက်အရာရှိကလည်း နားထောင်ရင်း ခေါင်းကို ဆက်တိုက် ညိတ်နေမိသည်။ သူသည်လည်း အနန္တ ကုန်စုံဆိုင်အပေါ် သံသယ ဝင်လာခဲ့သည်။ "အရှင်... အဲဒီလိုဆိုရင် အဲဒီကုန်စုံဆိုင်က အလယ်အလတ်အဆင့် ဆေးလုံးတွေပဲ ရောင်းတယ်လို့ ပြောတာက လူလိမ်တာပေါ့။ ဒါပေမဲ့ ဒီနေ့ ဆေးလုံးဝယ်ခဲ့တဲ့ လူတွေအားလုံးကတော့ သူတို့ဝယ်ခဲ့တဲ့ ဆေးလုံးတွေက တကယ်ပဲ အလယ်အလတ်အဆင့်တွေပါလို့ ပြောနေကြတယ်"

​"ဒါက..." မြို့သခင်လည်း ခေတ္တမျှ သူ့စကားနှင့်သူ တစ်ကိုယ်တည်း အနေခက်သွားခဲ့ပြီး စိတ်ထဲ၌လည်း သံသယများ ဖြစ်ပေါ်လာခဲ့သည်။

​တကယ်ပဲ သူ မြို့ကြီးကနေ ထွက်လာတာ ကြာသွားလို့ အပြင်က ကမ္ဘာကြီးက အပြောင်းအလဲ မြန်လွန်းနေပြီး သူ မသိလိုက်တာလား။

​ထို့ပြင် ဤအနန္တ ကုန်စုံဆိုင်အကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ ၊ ၎င်းက မည်သို့သော အင်အားစုမျိုး ဖြစ်နေသလဲဆိုသည်ကို သူ အလွန် သိချင်မိသည်။

​လက်ထောက်အရာရှိက မြို့သခင် ခေတ္တမျှ စကားမဆိုနိုင် ဖြစ်နေသည်ကို မြင်သောအခါ သူ စကားမှားသွားသည်ကို ချက်ချင်း သတိပြုမိသွားပြီး နောက်ထပ် အကြောင်းအရာတစ်ခုကို အမြန် ပြောင်းလဲကာ ပြော လိုက်သည်။

​"အရှင်... ဒီအနန္တ ကုန်စုံဆိုင်ရဲ့ နောက်ခံအကြောင်းကိုလည်း ကျွန်တော်တို့ ဘာသတင်းမှ စုံစမ်းလို့ မရသေးပါဘူး။ သိရသလောက်ကတော့ ဒီဆိုင်ကို လွန်ခဲ့တဲ့ ရက်ပိုင်းကမှ နယ်ဝေးလူတစ်ယောက်က ဝယ်ယူသွားတာပါ၊ ရက်ပိုင်းအတွင်းမှာပဲ သူက ရုတ်တရက်ကြီး ဆိုင်ဖွင့်လိုက်တာ၊ ဘာအရိပ်အယောင်မှ မရှိခဲ့ဘူး။ အရှင်... အခု ဒီကုန်စုံဆိုင်ရဲ့ တိုးတက်မှု အခြေအနေအရဆိုရင် ကျွန်တော်တို့ မြို့သခင်အိမ်တော်က နောက်ကျရင် ဒီကုန်စုံဆိုင်အပေါ် ဘယ်လို သဘောထားမျိုး ထားရှိသင့်လဲ"

​မြို့သခင်က ခေတ္တမျှ တွက်ချက်လိုက်ပြီး "ဒီဆိုင်ကို သူတို့ တကယ် ဝယ်လိုက်တာလို့ သေချာလား"

​"သေချာပါတယ်၊ ကျွန်တော်တို့ အိမ်ခြံမြေ အရောင်းအဝယ်ရုံးမှာ မှတ်တမ်းတွေကို သွားစစ်ပြီးပါပြီ၊ တကယ်ပဲ ရောင်းချထားတာပါ" လက်ထောက်အရာရှိက အသေအချာ ပြောလိုက်သည်။

​"ဒါဆိုရင် ဒီဆိုင်ရဲ့ စီမံခ ကို ကောက်ပြီးပြီလား"

​"မရသေးပါဘူး၊ ဆိုင်က ခုမှ ဖွင့်ခါစမို့လို့ ကင်းလှည့်အဖွဲ့က သွားဖို့ အချိန်မရသေးတာပါ"

​မြို့သခင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး "မနက်ဖြန်ကျရင် ငါ မင်းတို့နဲ့အတူ ကင်းလှည့်လိုက်ခဲ့မယ်"

​"အာ... အရှင်၊ အဲဒီလိုလုပ်တာ မကောင်းပါဘူး၊ ဂုဏ်သိက္ခာ ကျဆင်းစေပါတယ်"

​"ဂုဏ်သိက္ခာတွေ ဘာတွေလဲ၊ ငါလည်း အုတ်မြစ်ချခြင်းအဆင့် တစ်ယောက်ပဲလေ၊ ဒီဝမ်နန်မြို့ကို စေလွှတ်ခံရတာကလည်း အတင်းအကျပ် ခိုင်းစေခံရတာပဲ။ ထပ်ပြီးတော့ တခြား အုတ်မြစ်ချခြင်းအဆင့်တွေတောင် ဆိုင်ဖွင့်ပြီး ဆိုင်ရှင် လုပ်နိုင်သေးတာပဲ၊ ငါ ကင်းလှည့်တာ ဘာလို့ မရရမှာလဲ"

​မြို့သခင် ပြောပြီးနောက် လက်ထောက်အရာရှိက တစ်ခုခု ထပ်ပြောချင်နေသည်ကို မြင်သဖြင့် ထပ်မံ ပြော လိုက်သည်။ "ရပြီ၊ ငါ ဆုံးဖြတ်ပြီးပြီ၊ မင်း မင်းအလုပ် မင်းသွားလုပ်တော့။ ဒီအနန္တ ကုန်စုံဆိုင်အပေါ် ထားရှိတဲ့ သဘောထားကိုတော့ ဒီအတိုင်းပဲ ထားလိုက်၊ ဘာမှ ခွဲခြားဆက်ဆံတာမျိုး မလုပ်နဲ့၊ မင်းတို့ တာဝန် မင်းတို့ ကျေပွန်အောင် လုပ်ရင် ရပြီ"

​"ဟုတ်ကဲ့" လက်ထောက်အရာရှိလည်း တခြားနည်းလမ်း မရှိသဖြင့် လက်သီးဆုပ် အရိုအသေပေးကာ ဆုတ်ခွာသွားခဲ့တော့သည်။

​လက်ထောက်အရာရှိ ထွက်ခွာသွားပြီးနောက် မြို့သခင်က ခေတ္တမျှ စဉ်းစားမိသည်။ "ဒီအနန္တ ကုန်စုံဆိုင်ကတော့ စိတ်ဝင်စားဖို့ကောင်းသားပဲ၊ ပစ္စည်းမှန်သမျှ အကုန်ရောင်းတာ ဟုတ်လား။ ငါ လိုအပ်တဲ့ ပစ္စည်းကိုရော ရောင်းမလား မသိဘူး။ ဟူး... ဘယ်အချိန်မှ ရွှေအူတိုင် အဆင့် ကို တက်လှမ်းနိုင်မလဲ၊ တကယ်လို့ ရွှေအူတိုင် အဆင့်တက်ဆေးလုံး တစ်လုံး ရှိရင် ကောင်းမှာပဲ၊ ဒီလို ဆင်းရဲတဲ့ မြို့ကနေ စောစောစီးစီး ထွက်သွားချင်လှပြီ"

​ထိုအချိန်တွင် အလားတူ ကိစ္စများက ဝမ်နန်မြို့ရှိ မိသားစု အသီးသီးတွင် ဖြစ်ပွားနေခဲ့ပြီး အချို့က ငြင်းခုံနေကြပြီး အချို့က ဆဲဆိုနေကြသော်လည်း နောက်ဆုံးတွင်တော့ လမ်းကြောင်းတစ်ခုတည်းသို့သာ ရောက်ရှိသွားခဲ့ကြသည်။

​အရာအားလုံးကို မနက်ဖြန်ကျမှ အနန္တ ကုန်စုံဆိုင်သို့ သွားရောက်ပြီး အုတ်မြစ်ချခြင်းဆေးလုံးကို အမှန်တကယ် ဝယ်ယူနိုင်မနိုင် ကြည့်ပြီးမှပဲ ဆုံးဖြတ်ကြတော့မည် ဖြစ်ပေသည်။

​ဤညက ဤကဲ့သို့ပင် တည်ငြိမ်စွာဖြင့် ကုန်ဆုံးသွားခဲ့သည်။

​သို့သော်လည်း မနက်ဖြန်တွင် ဝမ်နန်မြို့ကြီး တစ်ခုလုံး တည်ငြိမ်နေမည် မဟုတ်သည်မှာ သေချာလှပေသည်။

​နောက်တစ်နေ့ နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည်က ကမ္ဘာပေါ်သို့ ဖြာကျလာခဲ့ပြီး တစ်ချိန်တည်းမှာပင် ဝမ်နန်မြို့ကြီး တစ်ခုလုံး ကို လင်းထိန်သွားစေခဲ့သည်။

​လေပြည်ညင်းက ဝမ်နန်မြို့၏ လမ်းမများပေါ်သို့ အသာအယာ တိုက်ခတ်သွားပြီး ထိုအလျင်အမြန် သွားလာနေကြသော ခရီးသည်များကို ဖြတ်သန်းသွားခဲ့သည်။

​ခရီးသွားလာနေသူတိုင်းက အလွန် အလျင်အမြန် သွားလာနေကြပြီး တခြားလူများ၏ နောက်တွင် ကျန်ရစ်ခဲ့မည်ကို အလွန် စိုးရိမ်နေကြသဖြင့် အစွမ်းကုန် အပြေးအလွှား သွားနေကြခြင်း ဖြစ်ပေသည်။

​အချို့သော ကျင့်ကြံသူများမှာမူ တခြားလူများထက် တစ်လှမ်း စောနိုင်ရန်အတွက် လှုပ်ရှားမှု ကျင့်စဉ် များကိုပင် အသုံးပြုနေကြပြီ ဖြစ်ပေသည်။

​ဤလူများ အားလုံးက အနန္တ ကုန်စုံဆိုင် တံခါးမဖွင့်လှစ်မီကပင် သွားရောက် တန်းစီရန်အတွက် လာရောက်ကြသော ကျင့်ကြံသူများ ဖြစ်ကြပေသည်။

​၎င်းတို့အနက် အချို့သော လူများမှာ မနေ့က ကန့်သတ်ချက်ဖြင့် ရောင်းချသော စျေးနှုန်းထက်ဝက် ကုန်ပစ္စည်းများကို မဝယ်ယူလိုက်ရသဖြင့် စောစောစီးစီး လာရောက် မတန်းစီမိသည်ကို အလွန် နောင်တရနေကြသူများ ဖြစ်ကြပြီး ယနေ့တွင်မူ မည်သို့ပင်ဖြစ်စေ ရှေ့ဆုံးကနေ ရအောင် တန်းစီမည်ဟု ဆုံးဖြတ်ထားကြသည်။

​နောက်ထပ် အချို့သော လူများမှာမူ ချီသန့်စင်ခြင်းအဆင့် နှောင်း ပိုင်းသို့ ရောက်ရှိနေသော ကျင့်ကြံသူများ ဖြစ်ကြပြီး ၎င်းတို့သည်လည်း နောင်တွင် သူတို့ဘာသာ အုတ်မြစ်ချခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် အုတ်မြစ်ချခြင်းဆေးလုံးတစ်လုံး ကြိုတင် ပြင်ဆင်ထားချင်ကြခြင်း ဖြစ်ပေသည်။

​၎င်းတို့ စိတ်ထဲ၌ သိရှိကြသည်မှာ တကယ်လို့ စောစောစီးစီး လာရောက် မတန်းစီဘဲ အုတ်မြစ်ချခြင်းဆေးလုံးကို မဝယ်ယူနိုင်ပါက ၎င်းတို့က ထိုမိသားစု အင်အားစုများကို သေချာပေါက် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ ။

​ဒါက ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သဖြင့် ၎င်းတို့က သူတို့၏ စွမ်းဆောင်ရည် မှန်သမျှကို အစွမ်းကုန် ထုတ်သုံးကာ အနန္တ ကုန်စုံဆိုင် တံခါးဝသို့ စောစောစီးစီး သွားရောက် တန်းစီနေကြခြင်း ဖြစ်ပေသည်။

​သို့သော်လည်း ဤလူများ အနန္တ ကုန်စုံဆိုင် တံခါးဝသို့ မရောက်ရှိသေးမီ အချိန်မှာပင် လုံးဝ အံ့အားသင့်သွားခဲ့ကြရသည်။

​"ဘာလို့ ဒီလောက်အထိ ရှည်လျားတဲ့ လူတန်းကြီး ရှိနေရတာလဲ။ ငါ လာတာ မစောသေးဘူးလား"

​၎င်းတို့ လာတာ မစောခြင်း မဟုတ်ပေ ၊ ဤလူတန်းကြီးထဲ၌ တန်းစီနေကြသော လူများမှာ မနေ့ညကတည်းက လာရောက် တန်းစီနေကြခြင်း ဖြစ်ပေသည်။

​သန်းခေါင်ယံအချိန်၌ ထိုမျှ များပြားလှသော ကျင့်ကြံသူများက အပြင်ဘက်၌ အိမ်မပြန်ဘဲ ရှိနေကြသဖြင့် မြို့သခင်အိမ်တော်၏ ကင်းလှည့်အဖွဲ့ကို သေချာပေါက် လှုပ်ခတ်သွားစေခဲ့သည်။

​ကင်းလှည့်အဖွဲ့က ကင်းလှည့်ရမည့် တာဝန်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စနစ်တကျ ရှိစေရန် ထိန်းသိမ်းဖို့အတွက် လူအင်အား ပိုမို စေလွှတ်ခဲ့ရသည်။

​ထိုမျှ များပြားလှသော ကျင့်ကြံသူများ တစ်နေရာတည်းတွင် စုဝေးနေကြသဖြင့် ၎င်းတို့လည်း ပြဿနာ ဖြစ်ပွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်ပေသည်။

​မြို့သခင်အိမ်တော်ကလည်း ညဘက်တွင် လမ်းမပေါ်၌ မရပ်ရဟူသော တားမြစ်မိန့်ကို ထုတ်ပြန်ထားခြင်း မရှိပေ ။

​ကင်းလှည့်အဖွဲ့ကလည်း ထိုနေရာ၌ ဆက်ရှိနေပြီး ကြိုတင်ကာ လာရောက် တန်းစီနေကြသော ကျင့်ကြံသူများကို စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

​ကင်းလှည့်အဖွဲ့၏ ထိုနေရာ၌ ရှိနေမှုကြောင့် ဤမျှ စောစီးစွာ လာရောက် တန်းစီနေကြသော ကျင့်ကြံသူ လူတန်းကြီးအတွင်း၌ ကြား ဖြတ်တန်းစီခြင်းမျိုး မရှိခဲ့သည့်အပြင် အနည်းငယ်မျှသော ငြင်းခုံမှုနှင့် ပွတ်တိုက်မှုလေးပင် မရှိခဲ့ပေ ။

​ကင်းလှည့်အဖွဲ့၏ ထိုနေရာ၌ ရှိနေပေးမှုက ဝမ်နန်မြို့ရှိ ကျင့်ကြံသူ အားလုံး၏ အရည်အချင်းကို မသိမသာ မြင့်တက်သွားစေခဲ့သည်။

ကြား ​ဖြတ် တန်းစီခြင်း မရှိ၊ ငြင်းခုံခြင်း မရှိ၊ ထပ်ပြီးတော့ ရန်ဖြစ်ကြသူများလည်း မရှိပေ ။

​စောစော လာသူက ရှေ့က တန်းစီပြီး နောက်မှ လာသူကတော့ သက်ပြင်းတစ်ချက်သာ ချလိုက်နိုင်ကာ သူတို့ တွက်ချက်မှု မှားယွင်းသွားခဲ့ကြောင်း လက်ခံပြီး လူတန်းကြီး၏ နောက်ဆုံးသို့ သွားရောက်ကာ လိမ္မာယဉ်ကျေးစွာဖြင့် တန်းစီလိုက်ကြရုံသာ ရှိတော့သည်။

​တန်းစီနေကြသော ကျင့်ကြံသူတိုင်းက ရှေ့နှင့်နောက်တွင် ရပ်နေကြသော ကျင့်ကြံသူများနှင့် အနည်းငယ်မျှသော အကွာအဝေးတစ်ခုကို သိသိသာသာ ချန်ထားကြသည်။

​ဤသို့ ပြုလုပ်ခြင်းက တခြားကြောင့် မဟုတ်ပေ ၊ ယခုအခါ ၎င်းတို့ လူတိုင်း၏ ကိုယ်ပေါ်တွင် သူတို့၏ ပိုင်ဆိုင်မှု အားလုံးကို ယူဆောင်လာခဲ့ကြသောကြောင့် ဖြစ်ပေသည်။

​အမှန်တော့ ၎င်းတို့ အားလုံးက အနန္တ ကုန်စုံဆိုင်က တစ်ရက်တည်းသာ ဖွင့်လှစ်မည် မဟုတ်ကြောင်း သိကြသော်လည်း သူတို့၏ ဝိညာဉ်ကျောက်တုံး အားလုံးကို ယနေ့တွင်ပင် အကုန် သုံးစွဲပစ်ချင်ကြပြီး မနက်ဖြန်အထိ လုံးဝ မစောင့်ဆိုင်းချင်ကြပေ ။

​ကျင့်ကြံခြင်း အရင်းအမြစ်များကို စောစောစီးစီး ဝယ်ယူနိုင်မှသာ စောစောစီးစီး ခွန်အားကို မြင့်တက်လာစေနိုင်မည် ဖြစ်ပေသည်။

​ကျင့်ကြံခြင်း လမ်းခရီးဆိုသည်မှာ တစ်ယောက်ကိုတစ်ယောက် အမှီလိုက်ရင်း ရေဆန်ကို လှော်ခတ်ရင်း အစဉ်မပြတ် ရုန်းကန်လှုပ်ရှားနေရခြင်း ဖြစ်ရာ တစ်လှမ်း နောက်ကျပါက ခြေလှမ်းတိုင်း နောက်ကျကျန်ရစ်ခဲ့မည် ဖြစ်ပေသည်။

​ဤအမှန်တရားများကို ၎င်းတို့ တကယ်ကို ကောင်းကောင်းကြီး နားလည်ထားကြသည်၊ ၎င်းတို့ အားလုံးက တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြပြီး ပါရမီ အရည်အချင်းက ထိုမျှသာ ရှိသဖြင့် ကျင့်ကြံခြင်းအဆင့် ပိုမို မြင့်မားချင်ပါက သူတို့၏ ကြိုးစားအားထုတ်မှုအပေါ်၌သာ အပြည့်အဝ အမှီပြုကြရုံသာ ရှိတော့သည်။

အခန်း (၈၆) ပစ္စည်းဝယ်လျှင် တန်းစီပါ

​အနန္တ ကုန်စုံဆိုင် တံခါးဝတွင် တန်းစီနေသည့် လူဦးရေမှာ တဖြည်းဖြည်း ပိုမို များပြားလာခဲ့ပြီး လမ်းအစ မှ လမ်းအဆုံး အထိပင် ရောက်ရှိလုနီးပါး ဖြစ်နေတော့သည်။

​ဤသို့ ဖြစ်နေသည့်တိုင်အောင် အဆက်မပြတ် ရောက်ရှိလာကြသော ကျင့်ကြံသူများစွာ ရှိနေဆဲပင် ဖြစ်ပေသည်။

​တန်းစီနေကြသူများမှာ အတော်ကြာအောင် မတ်တပ်ရပ် စောင့်ဆိုင်းနေခဲ့ကြရသော်လည်း အနန္တ ကုန်စုံဆိုင်ကမူ တံခါးဖွင့်မည့် အရိပ်အယောင် လုံးဝ မရှိသေးပေ ။

​ထိုအချိန်တွင် အနန္တ ကုန်စုံဆိုင်အတွင်းရှိ ရှန်းဝမ်စန်းက တံခါးဝ၌ လူများ လာရောက် တန်းစီနေကြပြီဖြစ်ကြောင်း ကြိုတင် သိရှိထားခဲ့ပြီး ဖြစ်ပေသည်။

​သို့သော်လည်း သူက ဆိုင်ဖွင့်၍ အရောင်းအဝယ် ပြုလုပ်ရန် နှောင့်နှေးနေဆဲ ဖြစ်ပြီး ဆိုင်အတွင်းရှိ ကုန်ပစ္စည်းစင်များပေါ်တွင် ပစ္စည်းများကိုသာ စနစ်တကျ လိုက်လံ စီစဉ်နေခဲ့သည်။

​သူက အရောင်းအဝယ် မလုပ်ချင်၍ မဟုတ်ပေ ၊ ချန်ကျီက သူ့ကို အလွန်အမင်း စောစောစီးစီး ဆိုင်ဖွင့်ရန် မလိုအပ်ကြောင်း၊ ဇာတ်လိုက်များ မရောက်ရှိသေးသဖြင့် ယခု ခေတ္တမျှ စောင့်ဆိုင်းရန် အလျင်မလိုကြောင်း ပြောထားခဲ့သောကြောင့် ဖြစ်ပေသည်။

​အနန္တ ကုန်စုံဆိုင် အပြင်ဘက်၌

​လူတန်းကြီး၏ အရှေ့ဆုံးတွင် ရပ်၍ တန်းစီနေကြသော လူအနည်းငယ်မှာ ရုတ်တရက် တစ်စုံတစ်ယောက်၏ တွန်းဖယ်ခြင်းကို ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

​တွန်းဖယ်ခံလိုက်ရသော လူအနည်းငယ်က မည်သူက ဤမျှ အရည်အချင်း ရှိရဲသနည်းဟု ချက်ချင်းပင် လှည့်၍ ဆဲဆိုရန် ပြုလုပ်လိုက်ကြသည်။

​သို့သော်လည်း ၎င်းတို့ လှည့်ကြည့်လိုက်ပြီး သူတို့အား တွန်းဖယ်ခဲ့သူကို မြင်လိုက်ရသည့် အခါတွင်မူ ဆဲဆိုတော့မည့် စကားလုံးများမှာ လည်ချောင်းဝ၌တင် အတင်းအကျပ် ပြန်လည် မြိုချလိုက်ရတော့သည်။

​လူမိုက်များကဲ့သို့ ရုပ်သွင်ရှိသော လူတစ်ဒါဇင်ကျော်က ၎င်းတို့ကို ခက်ထန် ရက်စက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြခြင်း ဖြစ်ပေသည်။

​"မင်းတို့ ဘာလုပ်မလို့လဲ"

​တွန်းဖယ်ခံလိုက်ရသူများက စိတ်ထဲ၌ မကျေမနပ် ဖြစ်နေဆဲ ဖြစ်သော်လည်း ရှေ့မှောက်ရှိ အခြေအနေက မည်သို့ဖြစ်သည်ကို ၎င်းတို့ စိတ်ထဲ၌ ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ကြပြီ ဖြစ်ရာ စကားပြောသံများပင် အနည်းငယ် ကြောက်ရွံ့တုန်ရင်နေခဲ့သည်။

​၎င်းတို့သည် မနေ့ညကတည်းက အိပ်စက်ခြင်းမရှိဘဲ ဤနေရာ၌ စောစောစီးစီး လာရောက် တန်းစီနေခဲ့ကြခြင်း ဖြစ်ပေရာ ယခုအခါ တစ်စုံတစ်ယောက်က ၎င်းတို့၏ နေရာကို လုယူရန် ပြုလုပ်လာသဖြင့် စိတ်ထဲ၌ မခံမရပ်နိုင် ဖြစ်နေကြသည်မှာ သဘာဝပင် ဖြစ်ပေသည်။

​၎င်းတို့၏ နောက်ကွယ်ရှိ ထိခိုက်မှု မရှိသေးသော လူများကို ပြန်လည် ကြည့်လိုက်သည့် အခါတွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းတို့အတွက် မကျေမနပ် ပြောပေးခြင်း မရှိကြဘဲ သူတို့နှင့် မသက်ဆိုင်သကဲ့သို့ အမူအရာများဖြင့် ဤကိစ္စအတွင်းသို့ လုံးဝ ပါဝင်ပတ်သက်လိုခြင်း မရှိကြပေ ။

​တွန်းဖယ်ခံလိုက်ရသူများ စိတ်ထဲ၌ သိသွားကြသည်မှာ ဤလူများက ၎င်းတို့၏ တန်းစီနေရာကို လုယူကာ ၎င်းတို့အား လူတန်းကြီး၏ နောက်ဆုံးသို့ သွားရောက်၍ အသစ်တစ်ဖန် ပြန်လည် တန်းစီခိုင်းနေခြင်း ဖြစ်ပေသည်။

​"ဘာကြည့်နေတာလဲ၊ ငါတို့ မိသားစုခေါင်းဆောင် လာတာကို မမြင်ဘူးလား၊ လမ်းဖယ်ပေးရမှန်း မသိဘူးလား"

​ထိုလူက ပြောပြီးနောက် ဆန်းပြားလှပသော ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် ၅၀ ဝန်းကျင်ခန့် ရှိသော ဝတုတ်တုတ် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက လူမိုက်တစ်ဒါဇင်ကျော်၏ နောက်မှ ထွက်လာခဲ့သည်၊ ဤလူကား ဝမ်မိသားစု၏ မိသားစုခေါင်းဆောင် ဝမ်ရှင်းတယ် ပင် ဖြစ်ပေသည်။

​တွန်းဖယ်ခံလိုက်ရသော ကျင့်ကြံသူ အနည်းငယ်က ဝမ်ရှင်းတယ် ထွက်လာသည်ကို မြင်လိုက်ရသည့် အခါတွင် မျက်နှာအမူအရာများက ချက်ချင်း ပျက်ယွင်းသွားခဲ့ရသည်။

​ဝမ်ရှင်းတယ် ကိုယ်တိုင်က အုတ်မြစ်ချခြင်းအဆင့် အလယ်အလတ်ပိုင်းတွင် ရှိသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အပြင် ဝမ်မိသားစုကလည်း ဝမ်နန်မြို့၌ အင်အားကြီးမားသော မိသားစုကြီးတစ်ခု ဖြစ်ပေသည်။

​၎င်းတို့ စိတ်ထဲ၌ ချက်ချင်း သိလိုက်သည်မှာ ၎င်းတို့အနေဖြင့် ဝမ်မိသားစုကို မည်သို့မျှ အနိုင်ယူနိုင်မည် မဟုတ်သဖြင့် ယခုအခါ ဤနစ်နာမှုကိုသာ အသာတကြည် အောင့်အီးသည်းခံလိုက်ရုံသာ ရှိတော့သည်။

​တွန်းဖယ်ခံလိုက်ရသော လူအနည်းငယ်က စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားရန် ပြင်ဆင်လိုက်ပြီး လူတန်းကြီး၏ နောက်ဆုံးသို့ သွားရောက် တန်းစီရန် ပြုလုပ်လိုက်ကြသည်။

​၎င်းတို့၏ နောက်၌ ကပ်လျက် တန်းစီနေခဲ့ကြသော လူများကမူ သူတို့၏ နေရာကို ဖယ်ပေးကြမည် မဟုတ်သည်မှာ သေချာလှပေသည်။

ထိုအချိန်တွင် မြို့သခင်အိမ်တော်၏ ကင်းလှည့်အဖွဲ့က ရုတ်တရက် ရောက်ရှိလာခဲ့သည်။

​"မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ"

​ဝမ်ရှင်းတယ်က ကင်းလှည့်အဖွဲ့ခေါင်းဆောင်ကို တစ်ချက် ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုသော လေသံဖြင့် ပြော လိုက်သည်။ "ဘာမှ မလုပ်ပါဘူး၊ ငါတို့ ဒီမှာ လာပြီး တန်းစီနေရုံတင်ပါ"

​ကင်းလှည့်အဖွဲ့ခေါင်းဆောင်က ဝမ်ရှင်းတယ်၏ ဤကဲ့သို့သော အမူအရာကို မြင်လိုက်ရပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားရန် ပြင်ဆင်နေကြသော ကျင့်ကြံသူ အနည်းငယ်ကို ကြည့်လိုက်သည့် အခါတွင် မည်သို့သော ကိစ္စ ဖြစ်ပွားခဲ့သည်ကို မသိဘဲ မနေနိုင်တော့ပေ ။

​ကင်းလှည့်အဖွဲ့ခေါင်းဆောင်လည်း ခေတ္တမျှ ဆွံ့အ သွားခဲ့ရသည်၊ တခြားကြောင့် မဟုတ်ဘဲ ခွန်အားချင်း ကွာခြားချက်က ထင်ရှားလွန်းနေသောကြောင့် ဖြစ်ပေသည်။

​သူက ချီသန့်စင်ခြင်းအဆင့်ရှိသော ကင်းလှည့်အဖွဲ့ခေါင်းဆောင် တစ်ဦးသာ ဖြစ်သဖြင့် ဝမ်မိသားစုကဲ့သို့သော အင်အားစုအပေါ် မည်သို့မျှ မတတ်နိုင်ပေ ၊ ထို့ပြင် ယခုအခါ တိုက်ခိုက်မှုမျိုးလည်း ဖြစ်ပွားခြင်း မရှိသေးသဖြင့် သူ ဝင်ရောက် စွက်ဖက်ရန်လည်း မလွယ်ကူလှပေ ။

​တန်းစီနေကြသော ကျင့်ကြံသူများက မြို့သခင်အိမ်တော်၏ ကင်းလှည့်အဖွဲ့ ရောက်ရှိလာသည့်တိုင်အောင် ဝမ်ရှင်းတယ်အပေါ် ဆက်ဆံသည့် သဘောထားက ဤကဲ့သို့သာ ဖြစ်နေသည်ကို မြင်လိုက်ရသည့် အခါတွင် ဖြစ်ပေသည်။

​လူအများအပြား၏ စိတ်ထဲ၌ မကျေမနပ် ဒေါသဖြစ်ပွားမှုများ စတင်လာခဲ့ပြီး တန်းစီနေသည့် လူတန်းကြီးက တဖြည်းဖြည်း ဆူညံပွက်လောရိုက်လာခဲ့တော့သည်။

​အဘယ်ကြောင့်ဆိုသော် ၎င်းတို့ စိုးရိမ်မိသည်မှာ ယခုအခါ ဝမ်မိသားစု တစ်ခုတည်း လာရောက်ရုံဖြင့်ပင် အရှေ့ဆုံးက တန်းစီနေသူများကို မောင်းထုတ်ပစ်လိုက်ပြီ ဖြစ်ပေသည်။

​တကယ်လို့ ဝမ်နန်မြို့ရှိ တခြားသော မိသားစုကြီးများအားလုံးသာ ရောက်ရှိလာပါက အရှေ့ဘက်တွင် တန်းစီနေကြသော ၎င်းတို့အားလုံးမှာ မောင်းထုတ်ခြင်း ခံကြရမည် မဟုတ်ပါလား။

​ဒါဆိုရင် ၎င်းတို့ ပင်ပင်ပန်းပန်းဖြင့် စောစောစီးစီး လာရောက် တန်းစီခဲ့ကြသည့် အဓိပ္ပာယ်က ဘယ်မှာ ရှိတော့မည်နည်း။

​ကင်းလှည့်အဖွဲ့ခေါင်းဆောင်လည်း စိတ်ပျက်လက်ပျက် ဖြစ်သွားရပြီး အော်ဟစ်လိုက်သည်။ "တန်းစီရင်လည်း သေချာ တန်းစီကြ၊ ဘာလို့ ဆူညံနေကြတာလဲ"

​ပြောပြီးနောက် သူက လက်အောက်ငယ်သားများအား သတင်း သွား ပို့ရန် တိတ်တဆိတ် အရိပ်အယောင် ပြလိုက်သည်။

​တကယ်လို့ မြို့သခင် သာ ဤနေရာ၌ ရှိနေပါက ဤဝမ်ရှင်းတယ်က ဤမျှအထိ ရဲတင်းဝံ့ရဲမည် မဟုတ်သည်မှာ သေချာလှပေသည်။

​ထို့ပြင် အခင်းဖြစ်ပွားရာ နေရာက အခြေအနေမှာ အနည်းငယ် ထိန်းချုပ်ရ ခက်ခဲနေပြီကဲ့သို့ ဖြစ်နေသဖြင့် မည်သို့ပင်ဖြစ်စေ မြို့သခင် ထံ သွားရောက် သတင်းပို့ရမည် ဖြစ်ပေသည်။

​ထိုအချိန်တွင် ဆိုင်အတွင်း၌ ပစ္စည်းများ စီစဉ်နေသော ရှန်းဝမ်စန်းက အပြင်ဘက်မှ ရုတ်တရက် ဆူညံပွက်လောရိုက်နေသော အသံများကို ကြားလိုက်ရသည်။

​ရှန်းဝမ်စန်း စိတ်ထဲ၌ သံသယများဖြင့် အပြင်ဘက်တွင် မည်သည့်ကိစ္စ ဖြစ်ပွားနေသနည်းဟု ကြည့်ရန် တံခါးကို ဖွင့်လိုက်သည်။

​သူက အနန္တ ကုန်စုံဆိုင် အပြင်ဘက်၌ လူများစွာ လာရောက် တန်းစီနေကြကြောင်း ကြိုတင် သိရှိထားသော်လည်း ယခုကဲ့သို့ ဆူညံသော အသံမျိုး ထွက်ပေါ်လာခြင်းက ပထမဆုံးအကြိမ် ဖြစ်ပေသည်။

​ရှန်းဝမ်စန်းက ဆိုင်တံခါးမကြီးကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ စိတ်ထဲ၌ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အနည်းငယ်မျှတော့ သံသယ ဖြစ်မိသွားသည်။

​ဘာလို့ ဤမျှ စောစီးစွာဖြင့် ဤမျှ များပြားလှသော လူများက အပြင်ဘက်တွင် တန်းစီနေကြရသနည်း။

​ထို့ပြင် မနေ့က ကျင့်ကြံသူ အများအပြား လာရောက် ဝယ်ယူခဲ့ကြပြီးပြီ မဟုတ်ပါလား၊ ၎င်းတို့ထံတွင် သုံးစွဲရန် ဝိညာဉ်ကျောက်တုံးများ ကျန်ရှိနေသေးသလော။

​ရှန်းဝမ်စန်း စိတ်ထဲ၌ တန်းစီနေသူ အရေအတွက်က မျှော်မှန်းထားသည်ထက် ကျော်လွန်နေသဖြင့် သံသယ ဖြစ်မိသော်လည်း ယခုအခါ ဆိုင်တံခါးဝရှိ မျက်လုံးပေါင်းများစွာက သူ့ကို စိုက်ကြည့်နေကြပြီ ဖြစ်ပေသည်။

​ရှန်းဝမ်စန်းက ယခုအချိန်သည် ဤအရာများကို လျှောက်တွေးနေရမည့် အချိန်မဟုတ်ကြောင်း သိရှိသဖြင့် ချက်ချင်းပင် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး တံခါးဝ၌ စုဝေးနေကြသော လူအုပ်ကြီးနှင့် ဘေးနားတွင် ရပ်နေသော ကင်းလှည့်အဖွဲ့ကို ပြန်လည် ကြည့်လိုက်သည်။

​ရှန်းဝမ်စန်းက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိပြီး မေးလိုက်သည်။ "မင်းတို့ ဘာလုပ်နေကြတာလဲ"

​ထိုအချိန်တွင် ချက်ချင်းပင် အသက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးက ပြုံးရွှင်သော မျက်နှာဖြင့် အနားသို့ တိုးကပ်လာပြီး ပြော လိုက်သည်။ "ဆိုင်ရှင်ခင်ဗျာ မင်္ဂလာပါ၊ ဒီပုဂ္ဂိုလ်ကတော့ ကျွန်တော်တို့ ဝမ်မိသားစုရဲ့ မိသားစုခေါင်းဆောင်ပါ၊ ဆိုင်ရှင်ရဲ့ ဆိုင်ကို အားပေးဖို့အတွက် အထူးတလည် ကြွရောက်လာတာပါ"

​ထိုအမျိုးသားက ပြောပြီးနောက် သူတို့၏ မိသားစုခေါင်းဆောင်ကို ရိုသေစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။

​ရှန်းဝမ်စန်းက ထိုအမျိုးသား မိတ်ဆက်ပေးသော ဝမ်မိသားစုခေါင်းဆောင်ကို ကြည့်လိုက်ရာ ဆန်းပြားလှပသော ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် ၅၀ ဝန်းကျင်ခန့်ရှိကာ ဂုဏ်သရေရှိသော ရုပ်သွင်ရှိသည့် ဝတုတ်တုတ် အသက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။

​ရှန်းဝမ်စန်းက သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပါ တစ်ချက် ကြည့်လိုက်ရာ အုတ်မြစ်ချခြင်းအဆင့် ၄ မျှသာ ရှိသဖြင့် အလွန်အမင်း မြင့်မားသည်ဟု မဆိုနိုင်သလို အလွန်အမင်း နိမ့်ကျသည်ဟုလည်း မဆိုနိုင်ပေ ။

​ရှန်းဝမ်စန်းက စိတ်ထဲ၌ တွေးတောလိုက်မိသည်။ "ဒါက သခင် ပြောခဲ့တဲ့... စောင့်ဆိုင်းရမည့် ဇာတ်လိုက်တွေလား"

​သို့သော်လည်း ရှန်းဝမ်စန်းက ဤဝမ်မိသားစုဝင်များကို လုံးဝ ဂရုမစိုက်ဘဲ ကင်းလှည့်အဖွဲ့ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ "လူကြီးမင်းတို့... မင်းတို့ကရော"

​ကင်းလှည့်အဖွဲ့ခေါင်းဆောင်က မတတ်သာဘဲ ပြော လိုက်သည်။ "မင်းတို့ ဆိုင်တံခါးဝမှာ တန်းစီနေတဲ့လူတွေက များလွန်းနေလို့ မြို့သခင်က ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားမှာ စိုးရိမ်တာကြောင့် ကျွန်တော်တို့ကို ဒီမှာ စနစ်တကျ ရှိစေဖို့ ထိန်းသိမ်းခိုင်းထားတာပါ"

​ရှန်းဝမ်စန်းက ကင်းလှည့်အဖွဲ့ခေါင်းဆောင်၏ စကားကို ကြားလိုက်ရသည့် အခါတွင် မျက်နှာထက်၌ ချက်ချင်းပင် အပြုံးများ တွဲခိုသွားခဲ့သည်။

​"တကယ်ကို အားနာစရာပဲ ၊ ကျွန်တော်လည်း ဒီလောက် များပြားလှတယ့် လူတွေ လာရောက် တန်းစီကြလိမ့်မယ်လို့ မထင်မှတ်ထားခဲ့မိဘူး၊ မြို့သခင်အိမ်တော်ကိုပါ လှုပ်ခတ်သွားစေခဲ့ပြီပဲ။ ကျွန်တော့်ကိုယ်စား မြို့သခင်ကို နှုတ်ဆက်ပေးပါဦးခင်ဗျာ၊ မင်းတို့ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"

​ရှန်းဝမ်စန်းက ပြောပြီးနောက် ကင်းလှည့်အဖွဲ့ခေါင်းဆောင်အား လက်သီးဆုပ် အရိုအသေပေးလိုက်သည်။

​ကင်းလှည့်အဖွဲ့ခေါင်းဆောင်က ရှန်းဝမ်စန်း၏ ဤကဲ့သို့သော အမူအရာကို မြင်လိုက်ရသည့် အခါတွင် အနည်းငယ်မျှပင် ဂုဏ်ယူမဆုံး ဖြစ်သွားခဲ့ရသည်။

​သူက မြို့သခင်အိမ်တော်၌ အမှုထမ်းနေသူ ဖြစ်သော်လည်း တစ်ဖက်လူက အုတ်မြစ်ချခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူကမူ ချီသန့်စင်ခြင်းအဆင့်မျှသာ ဖြစ်ပေသည်။

​တစ်ဖက်လူက သူ့အပေါ် ဤမျှအထိ ယဉ်ကျေးပျူငှာစွာ ဆက်ဆံလိမ့်မည်ဟု သူ မည်သို့မျှ မထင်မှတ်ထားခဲ့မိပေ ၊ ယခင်က ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမှ မရှိဖူးခဲ့ပေ ။

​ကင်းလှည့်အဖွဲ့ခေါင်းဆောင်က အလျင်အမြန်ပင် လက်သီးဆုပ် ပြန်လည် အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။ "ဆိုင်ရှင်... ဒီလောက် အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ဒါက ကျွန်တော်တို့ရဲ့ တာဝန် ပါပဲ။ ဆိုင်ရှင်ရဲ့ စေတနာကိုတော့ ကျွန်တော် သေချာပေါက် မြို့သခင်ထံ သတင်းပို့တင်ပြပေးပါ့မယ်"

​"ကောင်းပါပြီ၊ ဒါဆိုရင် ကျေးဇူးတင်ပါတယ်" ရှန်းဝမ်စန်း၏ မျက်နှာထက်၌ အပြုံးများ အစဉ်မပြတ် ရှိနေခဲ့ပြီး အလွန်ပင် ရိုးသားဖြူစင်လှကာ ဟန်ဆောင်မှု အနည်းငယ်မျှပင် မရှိပေ ။

​ယခုအခါ ရှန်းဝမ်စန်း ပြုလုပ်နေသမျှ အရာအားလုံးကို ဝမ်မိသားစုခေါင်းဆောင် ဝမ်ရှင်းတယ်က မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။

​ဒါက ဘယ်လို အဓိပ္ပာယ်လဲ၊ ၎င်းတို့ ဝမ်မိသားစုကို လုံးဝ အရေးမစိုက်သည့် သဘောလား။

​ဝမ်ရှင်းတယ် က စိတ်ထဲ၌ အလွန်အမင်း မကျေမနပ် ဖြစ်သွားခဲ့ရသော်လည်း သူ ယခုအကြိမ် လာရောက်သည့် ရည်ရွယ်ချက်ကို သိရှိထားသဖြင့် ယခုအချိန်သည် ဒေါသထွက်ရမည့် အချိန်မဟုတ်သေးကြောင်း နားလည်ထားသည်။

​ထိုအချိန်တွင် ရှန်းဝမ်စန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။ "ဟေး... မင်းတို့ တန်းစီနေတာ ကို ဘာလို့ ထွက်သွားကြတာလဲ"

​လူတန်းကြီး၏ အရှေ့ဆုံးတွင် အစောဆုံး တန်းစီနေခဲ့ကြပြီး ဝမ်ရှင်းတယ်၏ မောင်းထုတ်ခြင်းကို ခံလိုက်ရသော လူအနည်းငယ်မှာ ကင်းလှည့်အဖွဲ့၏ ဝမ်ရှင်းတယ်အပေါ် ဆက်ဆံသည့် သဘောထားကို မြင်လိုက်ရပြီးနောက် စိတ်ပျက်အားလျော့နေခဲ့ကြပြီ ဖြစ်ပေသည်။

​မြို့သခင်အိမ်တော်၏ ကင်းလှည့်အဖွဲ့ကပင် ဤမိသားစုကြီးများကို မည်သို့မျှ မတတ်နိုင်ပါက မည်သူက ၎င်းတို့အား ကာကွယ်ပေးပြီး တရားမျှတမှု ဖော်ဆောင်ပေးနိုင်တော့မည်နည်း။

​၎င်းတို့က ယခုအခါ လူတန်းကြီး၏ နောက်ဆုံးသို့ သွားရောက် တန်းစီရန် ပြင်နေကြခြင်း ဖြစ်ပြီး အနန္တ ကုန်စုံဆိုင် တံခါးမပိတ်မီ သူတို့ လိုအပ်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို ဝင်ရောက် ဝယ်ယူနိုင်ရန်သာ ကြိုးပမ်းတော့မည် ဖြစ်ပေသည်။

​သို့သော်လည်း ထိုအချိန်တွင် အနန္တ ကုန်စုံဆိုင်၏ ဆိုင်ရှင်က ၎င်းတို့အား ရုတ်တရက် လှမ်း၍ ခေါ်လိုက်သဖြင့် ၎င်းတို့အားလုံးက မှင်တက်စွာဖြင့် လှည့်ကြည့်လိုက်ကြပြီး ရှန်းဝမ်စန်းက ၎င်းတို့ကို ခေါ်နေခြင်း ဟုတ်မဟုတ် သံသယ ဖြစ်နေကြသည်။

​"ဟုတ်တယ်၊ မင်းတို့ကို ပြောတာ၊ မနေ့ညကတည်းက အခုထိ တန်းစီနေခဲ့ကြတာ မဟုတ်လား၊ အခုကျမှ ဘာလို့ ရုတ်တရက်ကြီး မတန်းစီတော့တာလဲ" ရှန်းဝမ်စန်းက သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

​မောင်းထုတ်ခံလိုက်ရသော လူအနည်းငယ်က ယခုအခါ သေချာသွားခဲ့ပြီ ဖြစ်သည်၊ ရှန်းဝမ်စန်းက ၎င်းတို့ကို အမှန်တကယ် ခေါ်နေခြင်း ဖြစ်ပေသည်။

​၎င်းတို့က သူတို့၏ နေရာကို လုယူခဲ့သော ဝမ်ရှင်းတယ်ကို ပြန် ကြည့်လိုက်ရာ ဝမ်ရှင်းတယ်၏ မျက်နှာအမူအရာက အလွန်ပင် အုံ့မှိုင်းနေပြီး ဒေါသပေါက်ကွဲတော့မည့် အသွင် ရှိနေသည်ကို မြင်လိုက်ရသည်။

​၎င်းတို့လည်း ယခုအခါ ရှန်းဝမ်စန်းကို မည်သို့ ပြန် ဖြေရမည်ကို မသိတော့ဘဲ ထစ်ထစ်ငေါ့ငေါ့ဖြင့် အတော်ကြာအောင် စကားတစ်ခွန်းမျှ မဆိုနိုင် ဖြစ်နေကြသည်။

​ ထိုအချိန်တွင် ရှန်းဝမ်စန်းက ဝမ်ရှင်းတယ် ဘက်သို့ လှည့်ကြည့်လိုက်ပြီး တည်ငြိမ်အေးဆေးစွာဖြင့် ပြော လိုက်သည်။

​"မင်းတို့လည်း ပစ္စည်းလာဝယ်တာ မဟုတ်လား။ ပစ္စည်းဝယ်ချင်ရင် နောက်ကို သွားပြီး တန်းစီပါ"

​ရှန်းဝမ်စန်း၏ စကားတစ်ခွန်းက နေရာရှိ လူတိုင်း၏ ဦးနှောက်အတွင်း၌ ပွက်လောရိုက်သွားသကဲ့သို့ ပြင်းထန်သော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့တော့သည်။

​ဤအနန္တ ကုန်စုံဆိုင်၏ ဆိုင်ရှင်က ရူးသွပ်သွားပြီလား။

All Chapters