အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း (၈၇) မြစ်ကိုဖြတ်ကျော်လာသည့် နဂါး
ကင်းလှည့်အဖွဲ့ခေါင်းဆောင်က ရှန်းဝမ်စန်းကို အံ့အားသင့်ရိပ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိပေသည်။ ရှန်းဝမ်စန်း၏ ဤကဲ့သို့သော လုပ်ရပ်မျိုးကို သူ လုံးဝ နားမလည်နိုင်တော့ပေ ။ ဒါက ဝမ်နန်မြို့ရှိ မိသားစုကြီးများကို လုံးဝ မျက်စိထဲ ထည့်မထားသည့် သဘောပင် ဖြစ်ပေသည်။
ဝမ်ရှင်းတယ်က ယခုအခါ မျက်လုံးများ အုံ့မှိုင်းနေပြီး မည်သည့်စကားမျှ မဆိုသေးဘဲ ငြိမ်သက်နေခဲ့သည်။
ဝမ်မိသားစု၏ တာဝန်ခံ ဖြစ်ပုံရသော အသက်လတ်ပိုင်း အမျိုးသားကမူ ရှေ့သို့ တစ်လှမ်း ထွက်လာပြီး ပြော လိုက်သည်။ "ဆိုင်ရှင်... ကျွန်တော်တို့က ဆိုင်ရှင်ရဲ့ဆိုင်ကို လာပြီး အားပေးတာပါ"
"အို... ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်" ရှန်းဝမ်စန်းက ဂရုမစိုက်ဟန် အမူအရာဖြင့် ပြန် ပြောလိုက်ပြီးနောက် စကားကို လွှဲလိုက်ပြန်သည်။ "ဒီလိုဆိုမှတော့... မင်းတို့ ဘေးနားကို နည်းနည်းလောက် ဖယ်ပေးကြပါဦး၊ ကျွန်တော့်ရဲ့ ဖောက်သည်တွေ တန်းစီနေတာကို လာပြီး မနှောင့်ယှက်ပါနဲ့"
"မင်း..." ဝမ်ရှင်းတယ်က ယခုအခါ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ ဝမ်နန်မြို့တစ်ခုလုံးတွင် သူ့ကို ဤမျှအထိ မျက်နှာပျက်အောင် မည်သူတစ်ဦးတစ်ယောက်မျှ မလုပ်ဖူးခဲ့ပေ ။
ရှန်းဝမ်စန်းက ဝမ်ရှင်းတယ်၏ စိတ်ထဲ၌ မည်သို့တွေးတောနေသည်ကို လုံးဝ အရေးမစိုက်ဘဲ မောင်းထုတ်ခြင်း ခံလိုက်ရသော လူအနည်းငယ်ဘက်သို့ ပြန် လှည့်ကြည့်လိုက်သည်။
"လာကြ... လာကြ၊ မင်းတို့ ဒီဘက်ကို လာခဲ့ကြ၊ ငါ အခုပဲ ဆိုင်ဖွင့်ပြီး အရောင်းအဝယ် လုပ်တော့မှာ၊ နေရာတကာ လျှောက်မပြေးနေကြနဲ့တော့"
မောင်းထုတ်ခံလိုက်ရသော လူအနည်းငယ်က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး ဝမ်ရှင်းတယ်၏ ဖုံးကွယ်ထား၍ မရသော အုံ့မှိုင်းသည့် မျက်လုံးများကိုလည်း မြင်တွေ့လိုက်ရပြန်သည်။
၎င်းတို့ စိတ်ထဲ၌ သက်ပြင်းတစ်ချက် တိတ်တဆိတ် ချလိုက်မိကြပြီး လှည့်ပြန်သွားရန် ပြင်ဆင်လိုက်ကြတော့သည်။
တော်ပါပြီ။
ပစ္စည်းကတော့ အချိန်မရွေး ဝယ်ယူလို့ရနိုင်သော်လည်း တကယ်လို့ ၎င်းတို့သာ ယခုအခါ မူလနေရာသို့ ပြန်လည် သွား ရပ်လိုက်ပါက သေချာပေါက် ဝမ်ရှင်းတယ်ကို ရန်ငြိုးဖွဲ့မိသွားပေလိမ့်မည်။ ၎င်းတို့က သေချာစွာ တွေးတောပြီးနောက် ဤကိစ္စကို လက်လျှော့ရန်သာ ဆုံးဖြတ်လိုက်ကြသည်။
၎င်းတို့ လှည့်ပြန်သွားရန် ပြင်လိုက်သည့် အချိန်တွင်ပင် ရှန်းဝမ်စန်း၏ အသံကို ရုတ်တရက် ပြန် ကြားလိုက်ရပြန်သည်။
"အဖွဲ့ခေါင်းဆောင်... ဒီလူအနည်းငယ်က ကျွန်တော့်ဆိုင်တံခါးဝမှာ ရပ်နေပြီး ကျွန်တော့်ရဲ့ အရောင်းအဝယ်ကို နှောင့်ယှက်နေကြတယ်၊ မင်းတို့အနေနဲ့ ဝင်ပြီး ရှင်းလင်းပေးသင့်တယ် မဟုတ်လား"
ရှန်းဝမ်စန်းက ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ ကင်းလှည့်အဖွဲ့ခေါင်းဆောင်က သူ့ကို ကြောင်ငေးစွာဖြင့် စိုက်ကြည့်နေမိပြီး စိတ်ထဲ၌ ဆွံ့အသွားခဲ့ရသည်။
ဒါက သူ ဝင်ရောက် စွက်ဖက်ပြီး ရှင်းလင်းနိုင်တဲ့ ကိစ္စမျိုး ဟုတ်လို့လား။
ဝမ်ရှင်းတယ်ကမူ ယခုအခါ လုံးဝ သည်းမခံနိုင်တော့ပေ ။ "မင်း ဒါက ဘာသဘောလဲ"
တစ်ပြိုင်နက်တည်းတွင် ဝမ်ရှင်းတယ်၏ အုတ်မြစ်ချခြင်းအဆင့် ၄ ရှိသော ကျင့်ကြံခြင်း အော်ရာ များက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ပြီး ဝိညာဉ်စွမ်းအား ဖိအားများက ရှန်းဝမ်စန်းထံသို့ လွှမ်းမိုး အုပ်မိုးသွားခဲ့သည်။
ဤသည်ကို မြင်လျှင် ရှန်းဝမ်စန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အုတ်မြစ်ချခြင်းအဆင့် ၇ ၏ ကျင့်ကြံခြင်း အဆင့်ကို အနည်းငယ်မျှ ချန်လှပ်ထားခြင်း မရှိဘဲ ထုတ်ပြလိုက်တော့သည်။
သူက ဝမ်ရှင်းတယ်ထံမှ တိုးဝင်လာသော ဖိအားများအားလုံးကို အရှေ့တည့်တည့်သို့ တိုက်ရိုက် ပြန်လည် တွန်းဖယ်ပစ်လိုက်သည်။
"အုတ်မြစ်ချခြင်းအဆင့် နှောင်းပိုင်းလား..." ဝမ်ရှင်းတယ်က စိတ်ထဲ၌ ထိတ်လန့်အံ့အားသင့်သွားခဲ့ရပြီး ခြေလှမ်းအနည်းငယ်မျှ နောက်သို့ ယိုင်တိယိုင်တိုင်ဖြင့် ဆုတ်ခွာသွားခဲ့ရသည်။
"ဝေးဝေးကို သွားစမ်း၊ ငါ့ရဲ့ အရောင်းအဝယ်ကို လာပြီး မနှောင့်ယှက်နဲ့" ရှန်းဝမ်စန်းက ဘာမျက်နှာမျှ ထောက်ထားခြင်းမရှိဘဲ ပြတ်သားစွာ ပြော လိုက်သည်။
ဝမ်ရှင်းတယ်၏ စိတ်ထဲ၌ ယခုအခါ အံ့အားသင့်တုန်လှုပ်မှုများသာ ကျန်ရှိတော့သည်။ မူလက အော်ရာ ဖြင့် ဖိနှိပ်ရန် ကြံရွယ်ခဲ့သော်လည်း ယခုအခါ ရှန်းဝမ်စန်း၏ တကယ့်ကျင့်ကြံခြင်း အဆင့်ကို သိရှိသွားပြီးနောက် စိတ်ထဲ၌ အနည်းငယ် ကြောက်ရွံ့ထိတ်လန့်လာခဲ့သည်။
စောစောက ရှန်းဝမ်စန်းသည် လက်ရပ်ထားခဲ့၍သာ ဖြစ်ပေသည်၊ မဟုတ်ပါက သူသည် ခြေလှမ်းနှစ်လှမ်းမျှ နောက်ဆုတ်သွားရုံဖြင့် ပြီးဆုံးသွားမည် မဟုတ်ပေ ။
"ဆိုင်ရှင်... ကျွန်တော်က အုတ်မြစ်ချခြင်းအဆင့်တက်ဆေးလုံး အနည်းငယ် လာ ဝယ်ယူချင်ရုံတင်ပါ၊ မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်" ဝမ်ရှင်းတယ်က သူ၏ ဂုဏ်သိက္ခာများ ကျဆင်းသွားခဲ့ရပြီ ဖြစ်ကြောင်း သိသော်လည်း ဤအချိန်တွင်မူ သည်းခံရမည် ဖြစ်ကြောင်း နားလည်ထားပေသည်။
"ပစ္စည်းဝယ်ချင်ရင် နောက်ကို သွားပြီး တန်းစီပါ" ရှန်းဝမ်စန်း၏ မျက်နှာအမူအရာက အေးစက်လှပြီး ဝမ်ရှင်းတယ်အား အနည်းငယ်မျှပင် မျက်နှာသာ မပေးပေ ။
ဝမ်ရှင်းတယ်က ယခုအခါ မျက်နှာထားစရာ မရှိအောင် ဖြစ်သွားခဲ့ရသော်လည်း ထပ်မံ၍ ဒေါသထွက်ရန် မဝံ့ရဲတော့ပေ ။
ရှန်းဝမ်စန်း၏ ကျင့်ကြံခြင်းအဆင့်က သူ့ထက် မြင့်မားနေသည်ကိုတင် မကဘဲ လက်ရှိတွင် ရှန်းဝမ်စန်း၏ နောက်ခံ ကို မည်သူမျှ သေချာမသိရှိကြသဖြင့် သူလည်း မဆင်မခြင် လှုပ်ရှားရန် မဝံ့ရဲပေ ။
ထို့ပြင် သူကလည်း အုတ်မြစ်ချခြင်းအဆင့်တက်ဆေးလုံးကို ဝယ်ယူလိုနေသဖြင့် ယခုအချိန်က ရှန်းဝမ်စန်းနှင့် ပြဿနာ ဖြစ်ရမည့် အချိန်မဟုတ်သည်မှာ သေချာလှပေသည်။
ဝမ်ရှင်းတယ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး တိုက်ရိုက်ပင် လှည့်ထွက်သွားခဲ့တော့သည်၊ ဤနေရာ၌ ဆက် ရပ်နေပါက ပို၍ပင် မျက်နှာပျက်စရာ ဖြစ်လာပေလိမ့်မည်။
ဝမ်ရှင်းတယ်နှင့်အတူ လိုက်ပါလာကြသော လူအနည်းငယ်မှာမူ လုံးဝ မှင်တက်သွားခဲ့ကြရသည်။
မိသားစုခေါင်းဆောင်က... ကြောက်သွားတာလား။
"ဘာလဲ... မင်းတို့ သခင်တောင် ထွက်သွားပြီပဲ၊ အမြန် လိုက်မသွားကြသေးဘူးလား" ရှန်းဝမ်စန်းက နောက်ပြောင်သော လေသံဖြင့် ပြော လိုက်သည်။
ဝမ်ရှင်းတယ်၏ လက်အောက်ငယ်သား အနည်းငယ်လည်း ထိုအခါမှ သတိပြန်ဝင်လာကြပြီး ဝမ်ရှင်းတယ် ထွက်ခွာသွားသော လမ်းကြောင်းသို့ အလျင်အမြန်ပင် ပြေးလိုက်သွားကြတော့သည်။
ဒါက အုတ်မြစ်ချခြင်းအဆင့် နှောင်းပိုင်းရှိသော ကျွမ်းကျင်သူကြီးတစ်ဦး ဖြစ်ပေရာ ၎င်းတို့အနေဖြင့် ဤနေရာ၌ တစ်ယောက်တည်း ဆက် မနေရဲကြပေ ။
ဝမ်ရှင်းတယ် ထွက်ခွာသွားပြီးနောက် ရှန်းဝမ်စန်းက မောင်းထုတ်ခံလိုက်ရသော လူအနည်းငယ်ဘက်သို့ ပြန်လည် လက်လှမ်းပြလိုက်သည်။
"အမြန်လာပြီး တန်းစီကြတော့၊ အခုပဲ ဆိုင်ဖွင့်ပြီး အရောင်းအဝယ် လုပ်တော့မှာ၊ မင်းတို့က ဒီနေ့ အနန္တ ကုန်စုံဆိုင်ရဲ့ ပထမဆုံး ဖောက်သည်တွေပဲ"
ရှန်းဝမ်စန်းက ပြောပြီးနောက် ဆိုင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး အရောင်းအဝယ် ပြုလုပ်ရန် ပြင်ဆင်လိုက်တော့သည်။
ရှန်းဝမ်စန်း၏ ဤကဲ့သို့သော လုပ်ရပ်များက နေရာရှိ လူတိုင်းကို လုံးဝ မှင်တက်သွားစေခဲ့သည်။
"ဒီအနန္တ ကုန်စုံဆိုင်ရဲ့ ဆိုင်ရှင်က ရူးသွားပြီလား၊ ဝမ်နန်မြို့ရဲ့ မိသားစု အင်အားစုတွေကို ဒီလောက် အထိ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရဲတယ်ပေါ့"
"သူ့ရဲ့ ခွန်အားက သန်မာ တယ် ဆိုရင်တောင် ဝမ်မိသားစု လိုမျိုး ဒေသခံအင်အားစု ကလည်း အလွယ်တကူ အနုိင်ကျင့် လို့ရတဲ့ အရာမျိုး မဟုတ်ဘူးလေ"
ဝေဖန်ဆွေးနွေးသံများက အရပ်ရပ်မှ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း မကြာမီမှာပင် ၎င်းတို့အားလုံးက ချက်ချင်းပင် အဖြေကို တွေးမိသွားကြသည်။
ရှန်းဝမ်စန်းသည် ဤကဲ့သို့ ပြုလုပ်ရဲခြင်းက သေချာပေါက် ဤခွန်အားမျိုး ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
ခွန်အားကြီးမားသော နဂါးပင်လျှင် ဒေသခံမြွေကို မနှိမ်နင်းနိုင်ဟူသော ပုံပြင်များသာ ရှိသည်ဟု မည်သူပြောသနည်း၊ မြစ်ကို ဖြတ်ကျော်လာသည့် နဂါးများ၏ ပုံပြင်များကလည်း မနည်းလှပေ ။
စောစောက မောင်းထုတ်ခြင်း ခံလိုက်ရသော လူအနည်းငယ်ကမူ ဝမ်ရှင်းတယ် ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရပြီးနောက် ထိုအခါမှသာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လူတန်းကြီး၏ အရှေ့ဆုံးသို့ ပြန် လျှောက်လာခဲ့ကြသည်။
စောစောကတည်းက ၎င်းတို့ တန်းစီခဲ့သော နေရာမှာ ဤအတိုင်း လွတ်နေခဲ့ပြီး ၎င်းတို့ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သကဲ့သို့ ဖြစ်နေသည်။
အနောက်၌ တန်းစီနေကြသော လူများကလည်း အရှေ့ဘက်နေရာ လွတ်နေသည်ကို မြင်သော်လည်း ၎င်းတို့၏ နေရာကို လုယူရန် အရှေ့သို့ တိုးကပ်လာခြင်းမျိုး မရှိပေ ။
ထင်ရှားလှသည်မှာ စောစောက ရှန်းဝမ်စန်း ပြုလုပ်ခဲ့သော လုပ်ရပ်များက လူတိုင်းအား စနစ်တကျ ရှိမှုနှင့် စည်းကမ်းကို သဘောပေါက်နားလည်စေရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့ပြင် ရှန်းဝမ်စန်း ခုနက ထုတ်ဖော်ပြသခဲ့သော ခွန်အားကလည်း ၎င်းတို့အား စည်းကမ်းဖောက်ဖျက်လိုစိတ် အနည်းငယ်မျှပင် မရှိစေရန် တားဆီးပေးလိုက်သကဲ့သို့ ဖြစ်ပေသည်။
မောင်းထုတ်ခံလိုက်ရသော လူအနည်းငယ်က ယခုအခါ ၎င်းတို့၏ မူလ တန်းစီနေရာသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သော်လည်း စိတ်ထဲ၌ အနည်းငယ်တော့ တုန်လှုပ်နေဆဲ ဖြစ်ပေသည်။
လူတိုင်းက အနန္တ ကုန်စုံဆိုင် တံခါးဝတွင် ရပ်နေဆဲဖြစ်သော ကင်းလှည့်အဖွဲ့ထံသို့ လှည့် ကြည့်လိုက်ကြပြီး ကင်းလှည့်အဖွဲ့ထံမှ အဖြေတစ်ခုခုကို ရရှိလိုနေကြပုံရသည်။
ကင်းလှည့်အဖွဲ့ခေါင်းဆောင်က ရှန်းဝမ်စန်း၏ အကျိုးအကြောင်း မရှိဘဲ ခွန်အားပြမှုကို မြင်တွေ့ခဲ့ရပြီးနောက် စိတ်ထဲ၌လည်း ရှန်းဝမ်စန်းအပေါ် အမြင်တစ်မျိုး ပြောင်းလဲသွားခဲ့ရသည်။
ကင်းလှည့်အဖွဲ့ခေါင်းဆောင်သည် အရေအတွက်များပြားလှသော ကျင့်ကြံသူများက သူ့ထံသို့ စုံစမ်းမေးမြန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်ကို မြင်သောအခါ သူက အနည်းငယ် မျှော်လင့်ချက်ပေးသကဲ့သို့ ခေါင်းညိတ်ပြလိုက်ပြီး ဤတန်းစီနေသော ကျင့်ကြံသူများကို စိတ်အေးလက်အေး ရှိစေရန် အမူအရာ ပြုလုပ်ပေးလိုက်သည်။
ပထမဆုံး တန်းစီနေသူက လူတိုင်း၏ မျှော်လင့်ချက် ပြည့်နှက်နေသော မျက်လုံးများအောက်တွင် အနန္တ ကုန်စုံဆိုင်အတွင်းသို့ လှမ်းဝင်သွားခဲ့တော့သည်။
ကင်းလှည့်အဖွဲ့ကလည်း ဤအချိန်တွင် ဘေးနားသို့ ဆုတ်ခွာပေးလိုက်သည်။
"အဖွဲ့ခေါင်းဆောင်... ဒီအနန္တ ကုန်စုံဆိုင်ရဲ့ ဆိုင်ရှင်က ဒီလောက်အထိ သန်မာ တာလား၊ ဝမ်မိသားစုခေါင်းဆောင်ကိုတောင် ပြတ်ပြတ်သားသား ထိပ်တိုက်ရင်ဆိုင်ရဲတယ်နော်"
"ဟားဟား...သန်မာ တဲ့ ခွန်အားအရှေ့မှာတော့ အရာအားလုံးက ပြဿနာ မဟုတ် ဘူး"
ကင်းလှည့်အဖွဲ့ခေါင်းဆောင်က ပြောပြီးနောက် မျက်လုံးများက အလိုအလျောက်ပင် အနန္တ ကုန်စုံဆိုင်အတွင်းသို့ ကြည့်မိသွားခဲ့ပြီး ထိုမျက်လုံးများထဲ၌ မျှော်လင့်တောင့်တမှုတစ်မျိုး ကိန်းအောင်းနေပုံရသည်။
ဝမ်ရှင်းတယ်က အနန္တ ကုန်စုံဆိုင်၌ အရှက်ရကာ အရေးနိမ့်သွားခဲ့ရသည့် သတင်းက မကြာမီမှာပင် ဝမ်နန်မြို့တစ်ခုလုံးရှိ မိသားစုကြီးများအားလုံးထံသို့ ပျံ့နှံ့သွားခဲ့တော့သည်။
မိသားစုအသီးသီး၏ တုံ့ပြန်မှုများတွင် အချို့က ရှန်းဝမ်စန်းက အကောင်းအဆိုးကို မခွဲခြားတတ်သူဟု ပြောကြပြီး အချို့ကမူ ဘေးနားမှနေ၍ အေးစက်စွာဖြင့် စောင့်ကြည့်နေကြသည်။
ဤမိသားစုကြီးများက ရှန်းဝမ်စန်းသည် ယနေ့တွင် အုတ်မြစ်ချခြင်းအဆင့်တက်ဆေးလုံးများကို ရောင်းချမည်ဟု ပြောထားကြောင်း သိရှိကြသော်လည်း အုတ်မြစ်ချခြင်းအဆင့်တက်ဆေးလုံးကို တစ်စုံတစ်ယောက်က အမှန်တကယ် ဝယ်ယူသွားသည်ကို မျက်မြင်မတွေ့ရသေးမီအချိန်အထိ ၎င်းတို့အနေဖြင့်လည်း မဆင်မခြင် လှုပ်ရှားကြမည် မဟုတ်ပေ ။
စျေးနှုန်းစုံစမ်းခြင်းကဲ့သို့သော ကိစ္စမျိုးကိုတော့ အခြားလူများကိုသာ လုပ်ခိုင်းလိုက်တာ ပိုကောင်းလိမ့်မည်။
၎င်းတို့အားလုံးက ဆက်လက်၍ အခြေအနေကို စောင့်ကြည့်သော သဘောထားကိုသာ ထိန်းသိမ်းထားကြသည်။
ထိုအချိန်တွင် အနန္တ ကုန်စုံဆိုင်အတွင်း၌
လူတန်းကြီး၏ အရှေ့ဆုံးတွင် ပထမဆုံး တန်းစီနေသော ကျင့်ကြံသူ လူငယ်လေးက ဝင်ရောက်လာခဲ့ရာ ရှန်းဝမ်စန်းက သူ့ကို ပြုံးရွှင်သော မျက်နှာဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ကျင့်ကြံသူ လူငယ်လေးက လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။ "ဆိုင်ရှင်ကို ကျေးဇူးတင်ပါတယ်"
"အင်း... ပြောပါဦး၊ မင်း ဘာဝယ်ချင်လို့လဲ" ရှန်းဝမ်စန်းက တည်ငြိမ်အေးဆေးစွာဖြင့် မေးလိုက်သည်။
"ကျွန်တော်က ချီစုစည်းဆေးလုံး အနည်းငယ်ပဲ ဝယ်ချင်တာပါ"
"ကောင်းပြီ၊ ချီစုစည်းဆေးလုံး တစ်လုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆ တုံးပဲ၊ မင်း ဘယ်လောက် ဝယ်မှာလဲ"
"ကျွန်တော် ၁၀ လုံးပဲ ဝယ်ပါ့မယ်"
"ဒါကတော့ ချီစုစည်းဆေးလုံး ၁၀ လုံးပဲ၊ မင်း တစ်ချက် စစ်ဆေးကြည့်လိုက်ဦး၊ အားလုံးပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆၀ ကျပါတယ်" ရှန်းဝမ်စန်းက ပြောရင်း ကျောက်စိမ်းပုလင်းတစ်လုံးကို ကောင်တာပေါ်သို့ တင်ပေးလိုက်တော့သည်။
အခန်း (၈၈) အရှင်... အရှင် ကိုယ်တိုင် သွားတန်းစီတာက ဂုဏ်သိက္ခာ ကျဆင်းစေပါတယ်
ကျင့်ကြံခြင်း လူငယ်လေးက တုန်လှုပ်ခြောက်ခြားစွာဖြင့် ကျောက်စိမ်းပုလင်းကို ကောက်ကိုင်လိုက်သည်။ သူသည် မနေ့ကတည်းက အနန္တ ကုန်စုံဆိုင်၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃ တုံးဖြင့် အလယ်အလတ်အဆင့် ချီစုစည်းဆေးလုံး တစ်လုံး ဝယ်ယူနိုင်ကြောင်း သိကတည်းက သူ၏ ပိုင်ဆိုင်မှု အားလုံးကို ယူဆောင်ကာ အပြေးအလွှား လာခဲ့ခြင်း ဖြစ်ပေသည်။
နှမြောစရာကောင်းလှသည်မှာ ထိုအချိန်က အနန္တ ကုန်စုံဆိုင်၏ ချီစုစည်းဆေးလုံးများမှာ ရောင်းချပြီးသွားခဲ့ပြီ ဖြစ်သဖြင့် စျေးနှုန်းထက်ဝက် ကုန်ပစ္စည်းများကို သူ မဝယ်ယူလိုက်ရဘဲ အလွန်ပင် နောင်တရနေခဲ့မိသည်။
သူ အိမ်သို့ ပြန်ရောက်ပြီးနောက် စိတ်ထဲ၌ သေချာစွာ တွက်ချက်ကြည့်လိုက်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆ တုံးဖြင့် အလယ်အလတ်အဆင့် ချီစုစည်းဆေးလုံး တစ်လုံး ဝယ်ယူရခြင်းကလည်း အလွန်အမင်း အမြတ်ထွက်နေဆဲ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့် သူက ကုတင်ပေါ်မှ ချက်ချင်း ထကာ အိမ်မှနေ၍ အနန္တ ကုန်စုံဆိုင် တံခါးဝသို့ ချက်ချင်း ပြန်လည် ပြေးလာခဲ့တော့သည်။
ဒါက အနန္တ ကုန်စုံဆိုင် နောက်တစ်နေ့ တံခါးပြန်ဖွင့်သည့် အခါတွင် ပထမဆုံးအကြိမ် ဝင်ရောက်ပြီး ချီစုစည်းဆေးလုံးကို ဝယ်ယူနိုင်ရန်အတွက် ဖြစ်ပေသည်။
ယခုအခါ သူက သူ အမြဲတစေ လိုချင်တောင့်တနေခဲ့သော ချီစုစည်းဆေးလုံးကို လက်ထဲ၌ ကိုင်ထားရပြီ ဖြစ်ရာ တုန်လှုပ်စွာဖြင့် ကျောက်စိမ်းပုလင်း အဖုံးကို ဖွင့်လိုက်ပြီး အတွင်းရှိ ချီစုစည်းဆေးလုံးကို သွန်ကြည့်လိုက်သည်။
အမှန်ပင် အနန္တ ကုန်စုံဆိုင်က သူ့ကို လိမ်လည်ခြင်း မရှိပေ ၊ တကယ်ပဲ အလယ်အလတ်အဆင့် အရည်အသွေးရှိသော ချီစုစည်းဆေးလုံး ဖြစ်နေပေသည်။
သူက ချီစုစည်းဆေးလုံးများအားလုံးကို ကျောက်စိမ်းပုလင်းအတွင်းသို့ ချက်ချင်း ပြန်လည် ထည့်လိုက်ပြီး ကောင်တာပေါ်သို့ ပြန်တင်ကာ တုန်လှုပ်စွာဖြင့် ပြော လိုက်သည်။ "ဆိုင်ရှင်... ကျွန်တော် ယူလာတဲ့ ဝိညာဉ်ကျောက်တုံးက နည်းနည်း လိုနေလို့ပါ၊ ကျွန်တော့်ဆီမှာ တခြား ပစ္စည်းအချို့ ရှိသေးတယ်၊ ဆိုင်ရှင် ဒီမှာ ပြန်ဝယ်ပေးပါသလား"
"ထုတ်ပြလိုက်လေ၊ ကြည့်ရအောင်"
"ဟုတ်ကဲ့ပါ" ကျင့်ကြံခြင်း လူငယ်လေးက ဝမ်းသာအားရ ဖြစ်သွားပြီး ပစ္စည်းများကို ချက်ချင်း ထုတ်ပြလိုက်သည်။
ရှန်းဝမ်စန်းက တစ်ခုချင်းစီကို လိုက် ကြည့်လိုက်ရာ အားလုံးက မိစ္ဆာသားရဲ အစိတ်အပိုင်းများ ဖြစ်သဖြင့် ၎င်းနောက် စျေးနှုန်းတစ်ခုကို ပြောလိုက်သည်။ "အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀ ပဲ"
ကျင့်ကြံခြင်း လူငယ်လေးက စိတ်ထဲ၌ ဝမ်းသာသွားခဲ့ပြီး ကြိုတင် ပြင်ဆင်ထားသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀ ကို ချက်ချင်း ထပ်မံ ထုတ်ပေးလိုက်သည်။
သူက ဝိညာဉ်ကျောက်တုံးများကို ကောင်တာပေါ်သို့ တင်ပေးလိုက်ပြီးနောက် ရှန်းဝမ်စန်းအား ကျေးဇူးတင် စကားဆိုကာ အလယ်အလတ်အဆင့် ချီစုစည်းဆေးလုံးကို ရင်ခွင်ထဲ၌ ပိုက်လျက် အနန္တ ကုန်စုံဆိုင်မှ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့တော့သည်။
အနန္တ ကုန်စုံဆိုင် တံခါးဖွင့်ပြီးနောက် ပထမဆုံး ဝင်ရောက်လာသော ကျင့်ကြံသူမှ ယခုအချိန်အထိ ဆိုလျှင် တိတိကျကျ နှစ်နာရီခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်ပေသည်။
ဤနှစ်နာရီအတွင်း အနန္တ ကုန်စုံဆိုင်သို့ ဝင်ရောက်ကာ ကုန်ပစ္စည်းများ ဝယ်ယူနေကြသော ကျင့်ကြံသူများမှာ မပြတ်မကွက် ရှိနေခဲ့သည်။
သို့သော်လည်း အနန္တ ကုန်စုံဆိုင် အပြင်ဘက်၌ တန်းစီနေကြသော ကျင့်ကြံသူ ဦးရေမှာမူ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီ ဖြစ်ရာ မူလကဲ့သို့ လမ်းအစမှ လမ်းအဆုံးအထိ ရှည်လျားစွာ တန်းစီနေခြင်းမျိုး မရှိတော့ပေ ။
အမှန်တော့ ဝမ်နန်မြို့၌ ရှိနေကြသော ကျင့်ကြံသူများမှာ အဓိကအားဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူများသာ ဖြစ်ကြပြီး ၎င်းတို့၏ ကိုယ်ပေါ်ရှိ ဝိညာဉ်ကျောက်တုံး ပမာဏက ထိုမျှသာ ရှိသဖြင့် ဝယ်ယူနိုင်စွမ်းမှာလည်း အနန္တ ကုန်စုံဆိုင်သို့ တစ်ခေါက် ဝင်ရောက် ဝယ်ယူနိုင်ရုံမျှသာ ကန့်သတ်ချက် ရှိပေသည်။
ရှန်းဝမ်စန်းအား အနည်းငယ် သံသယ ဖြစ်မိစေသည်မှာ ဤနှစ်နာရီအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ဆိုင်ထဲသို့ ဝင်ရောက်လာပြီး အုတ်မြစ်ချခြင်းဆေးလုံး ဝယ်ယူမည်ဟု မပြောကြခြင်းပင် ဖြစ်ပေသည်။
ရှန်းဝမ်စန်း စိတ်ထဲ၌ သံသယ ဖြစ်မိသော်လည်း အသစ် ဝင်ရောက်လာသော ဖောက်သည်များကို ဆက်လက် ဧည့်ခံရန် နှောင့်နှေးခြင်း မရှိပေ ။
အနန္တ ကုန်စုံဆိုင်ဘက်တွင် စနစ်တကျဖြင့် ကုန်ပစ္စည်းများကို ရောင်းချနေခဲ့ပြီး မည်သူမျှ လာရောက် ပြဿနာရှာခြင်းမျိုးလည်း မရှိခဲ့ပေ ။
ရှန်းဝမ်စန်း မသိရှိသည်မှာမူ တစ်စုံတစ်ယောက်က အနန္တ ကုန်စုံဆိုင်သို့ လာရောက် ပြဿနာရှာချင်သည် ဆိုလျှင်တောင် ယခုအချိန်တွင် ပြုလုပ်၍ မရနိုင်ခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် အနန္တ ကုန်စုံဆိုင် တံခါးဖွင့်ပြီး မကြာမီမှာပင် ဝမ်နန်မြို့၏ မြို့သခင်ကိုယ်တိုင် အနန္တ ကုန်စုံဆိုင် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သောကြောင့် ဖြစ်ပေသည်။
မြို့သခင်က မြို့သခင်အိမ်တော်မှ ထွက်လာပြီးနောက် ခြံရံလျက် ပါလာသော အဖွဲ့တစ်ဖွဲ့နှင့်အတူ လမ်းမပေါ်၌ အေးအေးလူလူ လျှောက်လှမ်းလာခဲ့သည်။
သူက ဤအဖွဲ့နှင့်အတူ ကင်းလှည့်နေသကဲ့သို့ လမ်းအစမှ လမ်းအဆုံးအထိ လျှောက်လှမ်းလာပြီး ရံဖန်ရံခါ လူများကို နှုတ်ဆက်လိုက်သေးသည်။
မြို့သခင်က လမ်းပေါ်၌ တန်းစီနေကြသော လူများကို မြင်တွေ့ရသည့် အခါတွင် စိတ်ထဲ၌ မချီးကျူးဘဲ မနေနိုင်တော့ပေ ။
"ဝမ်နန်မြို့က ဘယ်တုန်းက ဒီလောက်အထိ စည်ကားဖူးလို့လဲ၊ ဆိုင်တစ်ဆိုင်မှာ ပစ္စည်းဝယ်ဖို့အတွက် ဒီလောက် ရှည်လျားတဲ့ လူတန်းကြီး တန်းစီနေကြတာ တစ်ခါမှ မမြင်ဖူးဘူး"
လမ်းပေါ်၌ တန်းစီနေကြသော လူများကလည်း မြို့သခင်က အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ လမ်းပေါ်၌ လျှောက်လှမ်းလာသည်ကို မြင်တွေ့ရသည့် အခါတွင် စိတ်ထဲ၌ သံသယ ဖြစ်မိကြသည်။
အမြဲတမ်းလိုလို လူမြင်ကွင်းသို့ ထွက်လေ့မရှိသော မြို့သခင်က ဘာလို့ ရုတ်တရက်ကြီး ထွက်လာရသနည်း၊ ထို့ပြင် အဖွဲ့တစ်ဖွဲ့ကိုပါ ခြံရံလျက် ခေါ်ဆောင်လာခဲ့သေးသည်။
ထို့ပြင် မြို့သခင် လျှောက်လှမ်းလာသော လမ်းကြောင်းကို ကြည့်ရသည်မှာလည်း အနန္တ ကုန်စုံဆိုင်ဘက်သို့ လာနေပုံရပေသည်။
၎င်းတို့ စိတ်ထဲ၌ မြို့သခင် အနန္တ ကုန်စုံဆိုင်သို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို အမျိုးမျိုး ခန့်မှန်းနေကြသည်။
မြို့သခင်က အနန္တ ကုန်စုံဆိုင် အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့သော်လည်း တိုက်ရိုက် ဝင်ရောက်ခြင်း မရှိဘဲ အနန္တ ကုန်စုံဆိုင် တံခါးဝ၌သာ ရပ်တန့်၍ စောင့်ကြည့်နေခဲ့သည်။
"အရှင်... ဘာလို့ အထဲကို ဝင်မသွားတာလဲ " မြို့သခင်နှင့်အတူ လိုက်ပါလာသော လက်ထောက်အရာရှိက သံသယဖြစ်စွာဖြင့် မေးလိုက်သည်။
မြို့သခင်ကမူ တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဒီလူတွေအားလုံး တန်းစီနေကြတာကို မင်း မမြင်ဘူးလား၊ ငါက မြို့သခင် ဖြစ်ပါလျက်နဲ့ ဒီအတိုင်း ဝင်သွားရင် ဂုဏ်သိက္ခာ ကျ ရာ ရောက်မှာပေါ့"
ဝမ်ရှင်းတယ်က ရှန်းဝမ်စန်းထံတွင် မူလက ရဲတင်းခဲ့သော်လည်း နောက်ဆုံး၌ ပိတ်ပင်ခြင်း ခံလိုက်ရသည့် ကိစ္စရပ်ကို ကင်းလှည့်အဖွဲ့ထံမှ သတင်းကို သူ ကြိုတင် ရရှိထားခဲ့ပြီး ဖြစ်ပေသည်။
ဤသတင်းကို ကြားရသည့် အခါတွင် သူလည်း စိတ်ထဲ၌ လက်ခုပ်တီး၍ ချီးကျူးမိခဲ့သည်။
သူသည်လည်း ရှန်းဝမ်စန်း ပြုလုပ်လိုက်သည်မှာ မှန်ကန်ကြောင်း ခံစားမိသည်၊ ဝမ်နန်မြို့ရှိ ဤမိသားစု အင်အားစုများက တကယ်ပဲ အလွန်အမင်း ရဲတင်းလွန်းနေကြသည်။
သူကလည်း စောစောစီးစီး ၎င်းတို့အား သေချာပေါက် နှိမ်နင်းချင်ခဲ့သော်လည်း နှမြောစရာကောင်းလှသည်မှာ ထိုမျှ ခွန်အားမရှိခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခါ ရှန်းဝမ်စန်းက ဤကဲ့သို့ တန်းစီရမည့် စည်းကမ်းကို သတ်မှတ်ထားခဲ့ပြီ ဖြစ်ရာ သူကလည်း စည်းကမ်းဖျက်မည့် ကိစ္စမျိုးကို သွားလုပ်ရန် မသင့်တော်ပေ ။
"အရှင်... ကျွန်တော်တို့က စီမံခ လာကောက်တာ မဟုတ်ဘူးလား၊ ဝင်သွားရင်တောင် ဘယ်သူမှ ဘာမှ ပြောရဲမှာ မဟုတ်ပါဘူး"
မြို့သခင်က လက်ထောက်အရာရှိ၏ စကားကို ကြားလိုက်ရသည့် အခါတွင် သူ့ကို တစ်ချက် စွေ့ကြည့်လိုက်ပြီး မကျေမနပ် လေသံဖြင့် ပြော လိုက်သည်။ "မင်း ဘယ်မြို့သခင်က ကိုယ်တိုင် ထွက်ပြီး စီမံခ ကောက်တာ မြင်ဖူးလဲ"
"ဒါပေမဲ့... အရှင်၊ ကျွန်တော်တို့လည်း ဒီအတိုင်း အပြင်မှာပဲ အမြဲတမ်း ရပ်မနေနိုင်ဘူးလေ" လက်ထောက်အရာရှိက ပြောပြီးနောက် တန်းစီနေကြသော လူများဘက်သို့ လှည့် ကြည့်လိုက်သည်။
မြို့သခင်ကလည်း ထိုတန်းစီနေကြသူများကို သတိပြုမိလိုက်သည်၊ ယခုအခါ အားလုံးက သံသယ ဖြစ်နေသော မျက်လုံးများဖြင့် ၎င်းတို့အား စိုက်ကြည့်နေကြသဖြင့် သူလည်း အနည်းငယ် အနေခက်သလို ခံစားလိုက်ရသည်။
"ဒီအတိုင်း ရပ်နေလို့တော့ မဖြစ်ဘူး"
"ဒါဆိုရင် အရှင်... ကျွန်တော်တို့ အထဲကို ဝင်ကြမလား"
မြို့သခင်ကမူ ခေါင်းခါယမ်းလိုက်ပြီး "သူတို့ရဲ့ စည်းကမ်းအတိုင်းပဲ လုပ်ကြတာပေါ့"
"?" လက်ထောက်အရာရှိ၏ မျက်နှာထက်၌ သံသယများ ပြည့်နှက်သွားခဲ့ရသည်။
"လူတိုင်း တန်းစီနေကြတာကို မင်း မမြင်ဘူးလား"
"အရှင်... ဒါပေမဲ့ အရှင် ကိုယ်တိုင် သွားတန်းစီတာက အရမ်းကို ဂုဏ်သိက္ခာ ကျဆင်းစေတာ မဟုတ်ဘူးလား "
မြို့သခင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ဒါဆိုရင် မင်းက ဒီမှာပဲ ကြောင်တောင်တောင်နဲ့ ရပ်နေတော့မလို့လား"
"အာ..."
"အာတွေ ဘာတွေ လုပ်မနေနဲ့၊ အမြန်သွားပြီး တန်းစီချေ"
လက်ထောက်အရာရှိက မြို့သခင်အား မယုံကြည်နိုင်လောက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ရာ မြို့သခင်ထံမှ သေချာလှသော မျက်လုံးများကို ပြန်လည် မြင်တွေ့လိုက်ရသည်။
လက်ထောက်အရာရှိက တုံ့ဆိုင်းနေဆဲ ဖြစ်သော်လည်း မြို့သခင်ကမူ သူ့ကို မခက်ခဲသော အမူအရာဖြင့် ပြန် စိုက်ကြည့်နေခဲ့သည်။
လက်ထောက်အရာရှိက သးသာ ယခုအခါ သွား မတန်းစီပါက သေချာပေါက် မြို့သခင်၏ အပြစ်ပေးခြင်းကို ခံရတော့မည် ဖြစ်ကြောင်း သိရှိသဖြင့် ချက်ချင်းပင် လူတန်းကြီး၏ နောက်ဆုံးသို့ တိတ်တဆိတ် လျှောက်လှမ်းသွားခဲ့တော့သည်။
လက်ထောက်အရာရှိက လူတန်းကြီး၏ နောက်ဆုံးသို့ လျှောက်လှမ်းသွားပြီး နောက်ဆုံးလူ၏ နောက်၌ တိတ်တဆိတ် ရပ်လိုက်သည်။
နောက်ဆုံးတွင် ရပ်နေသော လူက မြို့သခင်၏ လက်ထောက်အရာရှိက သူ၏ အနောက်၌ ရပ်နေသည်ကို မြင်လိုက်ရသည့် အခါတွင် မျက်နှာထက်၌ သံသယများ ပြည့်နှက်သွားခဲ့ပြီး စိတ်ထဲ၌လည်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
နောက်ဆုံးတွင်တော့ သူက မဝံ့မရဲဖြင့် လှည့်ကြည့်ကာ ပြော လိုက်သည်။ "လက်ထောက်ဝူ... လူကြီးမင်းကလည်း လာပြီး တန်းစီတာလား "
လက်ထောက်ဝူက လက်ရှိတွင် စိတ်ထဲ၌ မသက်မသာ ဖြစ်နေသဖြင့် စိတ်မရှည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး အရှေ့ရှိ လူကို စကားဆက်မပြောချင်ပေ ။
"ဒါဆိုရင်... လူကြီးမင်း ကျွန်တော့်ရဲ့ အရှေ့မှာ လာရပ်ပါလား "
လူတန်းကြီး၏ နောက်ဆုံးတွင် ရပ်နေသော ထိုလူက အနည်းငယ် နေရခက်သလို ခံစားနေရသည်၊ မြို့သခင်အိမ်တော်မှ လူက သူ၏ အနောက်၌ အမြဲတမ်း ရပ်နေသဖြင့် သူက သူ့ကိုယ်သူ တစ်ခုခု မှားယွင်းစွာ ပြုလုပ်မိ၍ စောင့်ကြည့်ခြင်း ခံနေရသကဲ့သို့ ခံစားနေရခြင်း ဖြစ်ပေသည်။
လက်ထောက်ဝူက သူ့အရှေ့တွင် ရပ်နေသော လူ၏ စကားကို ကြားလိုက်ရသည့် အခါတွင် မကျေမနပ်ဖြင့် ပြောလိုက်သည်။ "မလိုဘူး"
ပြောပြီးနောက် လက်ထောက်အရာရှိက ဤအတိုင်း တိတ်တဆိတ် ရပ်နေခဲ့ပြီး မည်သူ့ကိုမျှ စကားမပြော ချင်တော့ပေ ။
မြို့သခင်က လက်ထောက်အရာရှိ လူတန်းကြီး၏ နောက်သို့ သွား တန်းစီသည်ကို မြင်တွေ့ပြီးနောက် သူကိုယ်တိုင်လည်း တံခါးဝ၌ ဤအတိုင်း ရပ်နေရခြင်းက အနည်းငယ် မလွတ်လပ်သလို ခံစားလိုက်ရသည်။
မြို့သခင်က ပတ်ဝန်းကျင်ကို လှည့် ကြည့်လိုက်ရာ အနန္တ ကုန်စုံဆိုင်၏ မျက်စောင်းထိုး မလှမ်းမကမ်း နေရာတစ်ခုတွင် ရိုးရှင်းသော လက်ဖက်ရည်ဆိုင်လေးတစ်ခု ဖွင့်လှစ်ထားသည်ကို မြင်တွေ့လိုက်ရသည်။
ဤလက်ဖက်ရည်ဆိုင်လေးကို ကြည့်ရသည်မှာ ဖွင့်လှစ်ထားခဲ့သည်မှာ မကြာသေးသည့် အရိပ်အယောင် ရှိပေသည်။
"ဒီလက်ဖက်ရည်ဆိုင်ရဲ့ ဆိုင်ရှင်ကတော့ ဦးနှောက် တော်တော်ကောင်းတာပဲ၊ အရောင်းအဝယ် လုပ်တတ်တဲ့လူပဲ"
မြို့သခင်က တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး တခြားလူများက သူ့အား စိုက်ကြည့်နေကြသော မျက်လုံးများကို လျစ်လျူရှုကာ ကျန်ရှိနေသော ကင်းလှည့်အဖွဲ့ကို ဦးဆောင်၍ လက်ဖက်ရည်ဆိုင်ဘက်သို့ လျှောက်လှမ်းသွားခဲ့တော့သည်။