အခန်း ၉၂၁
Vol. 88 Ch. 921
အခန်း (၉၂၁) - ရွှေပုစဉ်းရင်ကွဲကူ မွေးဖွားလာခြင်း၊ သေသူကိုရှင်စေပြီး အရိုးကိုအသားတက်စေခြင်းနှင့် မသေမျိုးခန္ဓာ (၁)
ထိုနှစ်ရှစ်ဆယ်အတွင်း ကျိုးစွေ့သည်လည်း အအားမနေခဲ့သည်မှာ ထင်ရှားပေသည်။
သူ၏ကျင့်ကြံမှုအဆင့်ကို အဆက်မပြတ်တိုးတက်စေရန်နှင့် အင်မော်တယ်ကျင့်ကြံခြင်းအတတ်ပညာများကို မြှင့်တင်ရန်အပြင် ဝိညာဉ်ဆေးပင်များကိုလည်း စိုက်ပျိုးပျိုးထောင်ခဲ့၏။
အရင်က ရရှိခဲ့သော မသေမျိုးမြက်ပင်၊ ကောင်းကင်ဖာထေးမှို စသည့် ဝိညာဉ်ဆေးပင်များစွာကို ရှန်းဟိုင်ပုလဲကမ္ဘာထဲတွင် အများအပြားစိုက်ပျိုးထားခဲ့လေသည်။
ရှန်းဟိုင်ပုလဲကမ္ဘာတစ်ခုလုံးတွင်လည်း ပြင်းထန်သောဆေးရနံ့များက နေရာအနှံ့ပျံ့နှံ့နေကာ သင်းပျံ့မွှေးကြိုင်နေပေသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ရှန်းဟိုင်ပုလဲကမ္ဘာထဲသို့ ဝင်ရောက်လာပါက သေချာပေါက် မျက်လုံးအဝိုင်းသားဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရမည်မှာ အသေအချာပင်။
အဘယ်ကြောင့်ဆိုသော် ထိုကမ္ဘာထဲတွင် ရှားပါးသောဝိညာဉ်ဆေးပင်များက နေရာအနှံ့ရှိနေသောကြောင့် ဖြစ်လေသည်။
"စလိုက်ကြရအောင်..."
ကျိုးစွေ့ကလည်း တုံ့ဆိုင်းမနေဘဲ အဓိကပါဝင်ပစ္စည်းများဖြစ်သော ယန်ပြန်လည်ဆန်းသစ်ရေစင်၊ ကောင်းကင်ဖာထေးမှို၊ မသေမျိုးမြက်ပင်စသည်တို့ကို ကူနတ်ဘုရားပန်းကန်ထဲသို့ ချက်ချင်းပစ်ထည့်လိုက်၏။ ယင်းအပြင် အခြားသောပါဝင်ပစ္စည်းများစွာလည်း ရှိသေးသည်။
ဝုန်း... ဝုန်း... ဝုန်း...
ဤအခိုက်အတန့်တွင် သူသည် ကူနတ်ဘုရားပန်းကန်၏ စွမ်းအားကို လည်ပတ်စေလိုက်ရာ ကြီးမားသောမီးခိုးရောင်လေစီးကြောင်းကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုပါဝင်ပစ္စည်းများကို ချက်ချင်းပင် အပြည့်အဝသန့်စင်လိုက်ကာ အသန့်စင်ဆုံးသောစွမ်းအင်များအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။
ကူနတ်ဘုရားပန်းကန်၏ အစွမ်းအောက်တွင် ဤပါဝင်ပစ္စည်းများသည် အချင်းချင်း ရောယှက်ပေါင်းစည်းသွားကြ၏။
ဝိညာဉ်ဆေးပင်များကို အရည်ကျိုပြီး ဆေးလုံးအဖြစ် ဖော်စပ်သည့် ဆေးလုံးဖော်စပ်ခြင်းနှင့် အလားသဏ္ဌာန်တူပေသည်။
ဤသည်ကလည်း အလားတူအခြေအနေပင် ဖြစ်၏။
ဝုန်း...
အချိန်မည်မျှကြာသွားသည်ကို မသိရသော်လည်း ပါဝင်ပစ္စည်းများစွာသည် ချက်ချင်း တစ်သားတည်းပေါင်းစည်းသွားကာ ရွှေရောင်မြူခိုးမျှင်များအဖြစ် ပြောင်းလဲသွားပြီး ဤလေဟာနယ်ကမ္ဘာထဲတွင် ပြန့်ကျဲသွားပုံရလေသည်။
ထို့နောက် ရွှေရောင်မြူခိုးများစွာသည် ချက်ချင်းပေါင်းစည်းသွားပြီး ရွှေရောင်ကူပိုးကောင်တစ်ကောင်အဖြစ် စုစည်းဖြစ်တည်လာ၏။
၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ထူထပ်များပြားလှသော ရွှေရောင်အက္ခရာများကို ရေးထွင်းထားပေသည်။
မပီဝိုးတဝါးဖြင့် ဤရွှေရောင်ကူပိုးကောင်၏ အတွင်းပိုင်း၌ ဗုဒ္ဓမြတ်စွာဘုရား၏ ပုံရိပ်ယောင်တစ်ခု ပေါ်လာပုံရပြီး ကြီးမားလှသော သက်စောင့်စွမ်းအင်များကို ပါဝင်နေကာ 卍 (စကြာ) သင်္ကေတများ တည်ရှိနေသကဲ့သို့ နက်နဲလှပေသည်။
(စကားချပ် - အထက်ပါ သင်္ကေတက မူရင်းတရုတ်မှာပါ ပါလို့ ထည့်ရေးပေးလိုက်ပါတယ်။ နာဇီသင်္ကေတအဖြစ်လည်း လူသိများသလို၊ တရုတ်ဗုဒ္ဓအယူမှာလည်း ဒီသင်္ကေတ သံသရာကို ဆိုလိုတယ်လို့ သိရပါတယ်။ တစ်နည်းပြောရရင် အမြဲမပြတ်လည်နေတဲ့ သံသရာဟာ ထာဝရတည်ရှိနေတယ်လို့ ယူဆကြတယ်။ ကျွန်တော်တို့ရဲ့ အယူအဆအရဆိုရင်လည်း ဒါက မှန်ကန်ပါတယ်။ “အနိစ္စ အမြဲမရှိ” ဆိုတဲ့ တရားဟာ အမြဲတမ်း ရှိနေပါတယ်။ ပြောရရင် ဒီသင်္ကေတက ထာဝရတည်မြဲစေဖို့ သုံးကြတာများပါတယ်။ ကျွန်တော်လေ့လာဖူးတာကို ကြုံတုန်း ပြောတာဖြစ်လို့ မှားယွင်းကောင်း မှားယွင်းနိုင်ပါကြောင်း)
ရွှစ်...
ဤရွှေရောင်ကူပိုးကောင် စုစည်းဖြစ်တည်လာသည့် အခိုက်အတန့်တွင် ကြီးမားလှသောအချက်အလက်တစ်ခုသည် ကူနတ်ဘုရားပန်းကန်ထဲမှ ပထမဆုံးအကြိမ် ထွက်ပေါ်လာပြီးနောက် သူ၏သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ ဝင်ရောက်သွားလေသည်။
'[ကောင်းကင်မြေကြီး၏ အံ့ဖွယ်ကူ - ရွှေပုစဉ်းရင်ကွဲကူ] အဆုံးမဲ့သက်စောင့်စွမ်းအင်ရှိသော နေရာတွင် မွေးဖွားလာသည်ဟု ဆိုကြပြီး ရွှေပုစဉ်းရင်ကွဲ အခွံလဲခြင်းစွမ်းအားကို ပိုင်ဆိုင်ထားကာ အဆက်မပြတ် ပြန်လည်မွေးဖွားနိုင်ပြီး အဆုံးမဲ့သက်စောင့်စွမ်းအင်များ ပါဝင်သည်...'
'ဤကူကို သန့်စင်လိုက်သည်နှင့် တပြိုင်နက် သခင်ဖြစ်သူသည် မသေမျိုးခန္ဓာ၊ အပြင်းထန်ဆုံးသော ပြန်လည်မွေးဖွားခြင်းစွမ်းအားကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး သေသူကိုရှင်စေကာ အရိုးကိုအသားတက်စေနိုင်သည့် အဆုံးမဲ့နက်နဲမှုများရှိသည်။ ထို့ကြောင့် ခန္ဓာကိုယ်ကို အဆုံးမဲ့သက်စောင့်စွမ်းအင်များ ရရှိစေပြီး အဆက်မပြတ်ရှင်သန်ကာ ဘယ်သောအခါမှ ယုတ်လျော့သွားမည် မဟုတ်ပေ...'
ဝုန်း...
ချက်ချင်းပင် 'ရွှေပုစဉ်းရင်ကွဲကူ' က ကူနတ်ဘုရားပန်းကန်ထဲမှ ပထမဆုံးအကြိမ် ပျံသန်းထွက်လာပြီး ကျိုးစွေ့၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။
ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်လှသော ရွှေရောင်စွမ်းအင်တစ်ခုသည် သူ၏ခြေလက်အင်္ဂါများနှင့် အရိုးများဆီသို့ စီးဝင်သွား၏။
ဤအခိုက်အတန့်တွင် သူ၏တစ်ကိုယ်လုံးကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားပြီး ဗုဒ္ဓမြတ်စွာဘုရား၏ မသေမျိုးခန္ဓာကဲ့သို့ ရွှေရောင်များ တောက်ပနေပေသည်။
ခန္ဓာကိုယ်တစ်ခုလုံးပင် ထွင်းဖောက်မြင်ရလုနီးပါး ကြည်လင်လာပုံရလေသည်။
"ဒါက..."
ကျိုးစွေ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်း မျက်လုံးပြူးသွားကာ 'ရွှေပုစဉ်းရင်ကွဲကူ' ထံမှ စွမ်းအားများ မိမိခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သေးငယ်သောဒဏ်ရာအမျိုးမျိုးသည် ဤအခိုက်အတန့်တွင် လျင်မြန်စွာ ပျောက်ကင်းသွားကြောင်း တွေ့ရှိလိုက်ရသည်။
ဝိညာဉ်ပေါ်ရှိ ဒဏ်ရာများပင်လျှင် လျင်မြန်စွာပျောက်ကင်းသွားလေသည်။
ဤသည်က အမှန်တကယ်ပင် ပြည့်စုံပြီးပြည့်စုံသော ခန္ဓာကိုယ်ဖြစ်ပေသည်။
'အရင်တစ်ခေါက်က ဥပဒေသရဲ့ တန်ပြန်သက်ရောက်မှုကို ခံရတာ တကယ်ပဲ ဒဏ်ရာတွေ ကျန်ခဲ့တာလား...'
ကျိုးစွေ့တစ်ယောက် အလွန်အမင်း အံ့ဩသွားမိလေသည်။
'ရွှေပုစဉ်းရင်ကွဲကူ' ၏စွမ်းအားမှတစ်ဆင့် မိမိ၏ခန္ဓာကိုယ်မှာ အမှန်တကယ် လုံးဝပျောက်ကင်းခြင်း မရှိသေးကြောင်း သူသိလိုက်ရသည်။
'နဂါးဆင်ကူ' ၏စွမ်းအားကြောင့် သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီး ခန္ဓာကိုယ်ကို ကြီးကြီးမားမား ထိခိုက်မှုမရှိစေခဲ့သော်လည်း ထိုသို့ဖြစ်နေသည့်တိုင် သူ၏ခန္ဓာကိုယ်တွင် လုံးဝသတိမထားမိနိုင်သော ဒဏ်ရာအချို့ ရှိနေဆဲဖြစ်ကာ ကျန်းမာရေးမှာ အနည်းငယ်ချို့ယွင်းနေပြီး အကောင်းဆုံးအခြေအနေ မဟုတ်ဟု ဆိုရပေမည်။
အကယ်၍ ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းပါက ပြဿနာကြီးများ ပေါ်လာနိုင်ပြီး ထိုမှတစ်ဆင့် အခက်အခဲအတားအဆီးများ ဖြစ်ပေါ်လာနိုင်ပေသည်။
သို့သော် 'ရွှေပုစဉ်းရင်ကွဲကူ' ၏စွမ်းအားကို ရရှိခြင်းက သူ၏ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနိုင်ခဲ့၏။
ဥပဒေသ၏ဒဏ်ရာ၊ ဝိညာဉ်၏ဒဏ်ရာဖြစ်စေ လွယ်ကူစွာ ကုသနိုင်လေသည်။
'ရွှေပုစဉ်းရင်ကွဲကူ' ၏စွမ်းအားအောက်တွင် အသက်ရှိသော သက်ရှိအားလုံးကို ကုသနိုင်စွမ်းရှိပုံရသည်။
ဤကဲ့သို့သော အဆုံးမဲ့သက်စောင့်စွမ်းအင်သည် အမှန်တကယ်ပင် အံ့မခန်းဖြစ်စေလေသည်။
'အခု ငါက မသေမျိုးခန္ဓာလို့ သတ်မှတ်လို့ရသွားပြီပဲ...'
ကျိုးစွေ့သည် အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
'ရွှေပုစဉ်းရင်ကွဲကူ' ၏ကြောက်မက်ဖွယ်ကောင်းမှုကို သူခံစားသိရှိလိုက်ရ၏။
'ရွှေပုစဉ်းရင်ကွဲကူ' ကို သန့်စင်လိုက်သောကြောင့် ယခုအခါ သူ၏ခန္ဓာကိုယ်တွင် မည်သည့်အသက်အန္တရာယ်ရှိသော အားနည်းချက်မျှ မရှိတော့ပေ။
နှလုံးဖောက်ထွင်းခံရလျှင်ဖြစ်စေ၊ ဦးခေါင်းဖောက်ခံရလျှင်ဖြစ်စေ၊ ခြေလက်များ ဖြတ်တောက်ခံရလျှင်ဖြစ်စေ အသက်တစ်ရှိုက်စာ ကျန်ရှိနေသေးသရွေ့ သူသည် 'ရွှေပုစဉ်းရင်ကွဲကူ' ထံမှ စွမ်းအားများကို ရယူနိုင်ပြီး လျင်မြန်စွာ ပျောက်ကင်းနိုင်လေသည်။
ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးသွားလျှင်ပင် အိမ်မြှောင်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြန်လည်ပေါက်ပွားလာနိုင်ပေသည်။
ဤကဲ့သို့မယုံနိုင်စရာစွမ်းရည်များကို ပိုင်ဆိုင်ထားသောကြောင့်သာ ဖန်တီးရာတွင် အောင်မြင်ရန် အလွန်ခက်ခဲခြင်းပင် ဖြစ်၏။
'မဟုတ်ဘူး... မသေမျိုးခန္ဓာလောက်နဲ့တင် ရိုးရှင်းမနေဘူး...'
'အခု ငါ့ခန္ဓာကိုယ်က သွေးသားတွေကလည်း ကောင်းကင်နဲ့မြေကြီး ပြောင်းပြန်လန်သွားသလို အပြောင်းအလဲတွေ ဖြစ်သွားပြီ...'
'ငါ တကယ်ပဲ ထန်ဆန်းကျန်းရဲ့ အသားတော့ ဖြစ်မသွားလောက်ပါဘူးနော်...'
(စကားချပ် - အနောက်ဘက်သို့ခရီးသွားခြင်းရဲ့ ရှီးဖော်ပါ)
ကျိုးစွေ့က မျက်တောင်တစ်ချက် ခတ်လိုက်လေသည်။
သူ၏ခန္ဓာကိုယ်မှ ထူးခြားသောရနံ့များ ထွက်ပေါ်လာသည်ကို သူခံစားလိုက်ရသည်။
သို့သော် ဤရနံ့သည် ကောင်းကင်ညို့ဓာတ် မဟုတ်သလို ဆန့်ကျင်ဘက်လိင်မှ ရှူရှိုက်မိပြီးနောက် မိမိကိုချစ်ကြိုက်သွားမည့် ရနံ့မျိုး မဟုတ်ပေ။
ပို၍အခြေခံကျသောရနံ့ဖြစ်ပြီး ဤသည်မှာ သက်စောင့်စွမ်းအင်ရနံ့ ဖြစ်လေသည်။
သက်စောင့်စွမ်းအင်များ အလွန်မြင့်မားသောအဆင့်အထိ ပြင်းထန်လာသောအခါမှသာ ပေါ်ထွက်လာနိုင်သော ရနံ့မျိုးဖြစ်၏။
အကယ်၍ တောတွင်းရှိနတ်ဆိုးသားရဲများ၊ သားရဲရိုင်းများက မိမိ၏ရနံ့ကို ရှူရှိုက်မိပါက ၎င်းတို့၏ဗီဇကို လှုံ့ဆော်ပေးကာ အလုအယက်ပြေးလာကြပြီး မိမိကို ချက်ချင်းစားပစ်ချင်ကြမည်မှာ အသေအချာပင်။
မိမိခန္ဓာကိုယ်မှ သွေးသားတစ်တုံးကို စားလိုက်ရုံဖြင့် ၎င်းတို့၏ဒဏ်ရာများကို လျင်မြန်စွာပျောက်ကင်းစေနိုင်ရုံသာမက တစ်ဖက်လူ၏နှစ်တစ်ရာကျင့်ကြံမှု၊ နှစ်တစ်ထောင်ကျင့်ကြံမှုကိုပါ တိုးစေနိုင်ပြီး သက်တမ်းကိုပါ ရှည်စေနိုင်ပေသည်။
ယခုသူ၏သွေးသားသည် နဂါးအသား၊ ဖီးနစ်အသား စသည့်နတ်ဘုရားသားရဲများ၏ သွေးသားများထက် အဆမည်မျှပင် ပိုမြင့်မားနေမှန်း မသိနိုင်တော့ဟု ဆိုနိုင်ပေသည်။
အကယ်၍ သူသည် မိမိခန္ဓာကိုယ်မှ သွေးတစ်စက်ကို မြစ်ကြီးထဲသို့ ချလိုက်ပါက မရေမတွက်နိုင်သော နတ်ဆိုးသတ္တဝါများကိုပင် ဖန်တီးပေးနိုင်လေသည်။
တစ်ချိန်တည်းမှာပင် မြစ်ရေသည် အဆိပ်ဖြေရေ၊ ကုသရေးရေအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး သာမန်သက်ရှိများ တစ်ငုံသောက်လိုက်သည်နှင့် ရောဂါအားလုံးပျောက်ကင်းကာ သက်တမ်းရှည်စေမည်ဖြစ်ရာ ယခုသူ၏ခန္ဓာကိုယ်ရှိ သက်စောင့်စွမ်းအင်သည် မည်မျှအားကောင်းနေကြောင်း စိတ်ကူးကြည့်၍ရနိုင်ပြီး သာမန်ထက်ကို အလွန်အမင်း ကျော်လွန်နေပေသည်။
'ပြီးတော့ ရွှေပုစဉ်းရင်ကွဲကူရဲ့ စွမ်းအားက ကိုယ့်အပေါ်မှာ သက်ရောက်နိုင်ရုံသာမက တခြားလူတွေ အပေါ်မှာလည်း သက်ရောက်နိုင်တယ်... ဒါက အစွမ်းအထက်ဆုံး သမားတော်ပဲ...'
ကျိုးစွေ့သည် အံ့အားသင့်ကာ ရေရွတ်လိုက်မိလေသည်။
အမှန်အတိုင်းဆိုရလျှင် သူသည် 'ရွှေပုစဉ်းရင်ကွဲကူ' ကို ဖန်တီးရန်အတွက် အဋ္ဌမအဆင့်ဝိညာဉ်ဆေးပင် မြောက်မြားစွာကို အသုံးပြုခဲ့ရခြင်းက အချည်းနှီးမဖြစ်ခဲ့ပေ။
'ရွှေပုစဉ်းရင်ကွဲကူ' တွင် အလွန်ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားမရှိဘဲ ကုသနိုင်သည့်စွမ်းရည်သာ ရှိသည့်တိုင် အမှန်တကယ်တမ်း ဤသည်ကပင် လုံးဝလုံလောက်နေပြီ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ခန္ဓာကိုယ်တွင် တိုက်ခိုက်ရာ၌ အသုံးပြုနိုင်သော ကူပိုးကောင်များ အလွန်များပြားနေပြီဖြစ်ရာ တစ်ကောင်နှစ်ကောင်လောက် လျော့နည်းသွားခြင်းက ကိစ္စမရှိပေ။
'ရွှေပုစဉ်းရင်ကွဲကူ' ကဲ့သို့ ထူးခြားသောစွမ်းအားကို ပိုင်ဆိုင်ထားသည့် ကူပိုးကောင်မျိုးကသာ သူအမှန်တကယ် လိုချင်သည့်အရာ ဖြစ်လေသည်။