အခန်း ၉၂၄
Vol. 88 Ch. 924
အခန်း (၉၂၄) - ရွှေပုစဉ်းရင်ကွဲကူ မွေးဖွားလာခြင်း၊ သေသူကိုရှင်စေပြီး အရိုးကိုအသားတက်စေခြင်းနှင့် မသေမျိုးခန္ဓာ (၄)
အဘယ်ကြောင့်ဆိုသော် ဤငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူများ၏ ပုန်းကွယ်ခြင်းစွမ်းရည်နှင့် ထွက်ပြေးခြင်းစွမ်းရည်များက အလွန်တရာ အစွမ်းထက်လွန်းသောကြောင့်ပင် ဖြစ်၏။ သူတို့သည် အမြဲလိုလို အကြီးအကျယ် လုယက်ပြီးသည်နှင့် ချက်ချင်း ထွက်ပြေးလေ့ရှိကြသည်။
အကယ်၍ သူတို့အနေဖြင့် လိုက်လံသတ်ဖြတ်လိုလျှင်ပင် မည်သို့မျှ မတတ်နိုင်ဘဲ တစ်ဖက်လူ လွတ်မြောက်သွားသည်ကိုသာ ကြည့်နေနိုင်ပေသည်။
အဆိုပါ ငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူများ၏ ဖျက်ဆီးမှုများကြောင့် ခွန်ဖန်ပင်လယ်နယ်မြေအနှံ့အပြားရှိ ကုန်စျေးနှုန်းများမှာ စတင်မြင့်တက်လာခဲ့လေသည်။
သူတို့၏ လုပ်ရပ်များသည် ကျွန်းကြီးများ၏ ကုန်သွယ်မှုလုပ်ငန်းများကို ပြင်းထန်စွာ ဟန့်တားနှောင့်ယှက်နေခဲ့ချေပြီ။
"မကြာသေးခင်က မျိုးနွယ်စုထဲကနေ ငါတို့ကို အမိန့်ချမှတ်ထားတယ်... ကျွန်းကို ဝင်ထွက်သွားလာတဲ့ ကျင့်ကြံသူတိုင်းကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ရမယ်တဲ့... ဒီငရဲမိစ္ဆာကမ္ဘာက ကျင့်ကြံသူတွေကို ငါတို့ အုပ်ချုပ်တဲ့ကျွန်းထဲ အဝင်အထွက် အလုပ်ခံလို့ မရဘူး... အဲဒီလိုမှ မဟုတ်ရင် အန္တရာယ် အရမ်းများသွားလိမ့်မယ်... ငါတို့အားလုံး အသတ်ခံရနိုင်တယ်..."
"တကယ်လည်း ဒီအတိုင်းပဲ... ငါတို့က အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ဖြစ်နေပေမဲ့ အဲဒီငရဲမိစ္ဆာကမ္ဘာက ကျင့်ကြံသူတွေအတွက်တော့ ဘာများ အရေးပါလို့လဲ... သူတို့က ငါတို့ဘယ်လိုနောက်ခံ ရှိသလဲဆိုတာကို ဂရုမစိုက်ဘူး... ဒါပေမဲ့ အကယ်လို့ ငါတို့သာ အသတ်ခံလိုက်ရရင် ဒါက တကယ်သေသွားတာပဲ... မျိုးနွယ်စုက ငါတို့အတွက် လက်စားချေပေးရင်တောင် ငါတို့အတွက်တော့ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်တော့ဘူး..."
"ပြောတာမှန်တယ်... ကြားရသလောက်ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ငါတို့ထျန်းဖန်မျိုးနွယ်စုရဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် အကြီးအကဲငါးယောက်တောင် သေဆုံးခဲ့သေးတယ်တဲ့... ဒါက ငါတို့ထျန်းဖန်မျိုးနွယ်စုအတွက် တစ်ခါမှ မကြုံဖူးတဲ့ ဆုံးရှုံးမှုကြီးပဲ... ဘိုးဘေးတွေအများကြီးလည်း အရမ်းဒေါသထွက်ခဲ့ကြတယ်... ဒါပေမဲ့ အခုထိ လူသတ်သမားကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးဘူး..."
"ငါကြားတာတော့ လူသတ်သမားက ကျောက်စိမ်းယုန်မျိုးနွယ်စုရဲ့ခေါင်းဆောင် ယွိရှန်းအာ ဆိုပဲ... အခုသူမက ငါတို့ထျန်းဖန်မျိုးနွယ်စုရဲ့ အလိုရှိသူစာရင်းထဲ ပါသွားပြီ... နှမြောစရာကောင်းတာက သူတို့က ကျောက်စိမ်းယုန်လျှို့ဝှက်နယ်မြေထဲမှာ နေနေကြတာဆိုတော့ ငါတို့ထျန်းဖန်မျိုးနွယ်စုအနေနဲ့ တစ်ဖက်လူကို ရှာချင်ရင်တောင် မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်..."
ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူများစွာမှာ အံကိုကြိတ်လိုက်ကြပြီး အလွန်တရာ မကျေမချမ်း ဖြစ်နေကြ၏။
အဘယ်ကြောင့်ဆိုသော် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတစ်ခုအနေဖြင့် မည်သည့်အချိန်က ဤမျှကြီးမားသော အရှုံးမျိုးကို ခံစားခဲ့ရဖူးပါသနည်း။
ယခုအချိန်တွင်မူ သူတို့၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ငါးပါးမှာ ရန်သူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ထိုရန်သူမှာလည်း အားနည်းသော ကျောက်စိမ်းယုန်မျိုးနွယ်စု ဖြစ်နေသောကြောင့်ပင်။
ဤသည်က ထျန်းဖန်မျိုးနွယ်စု၏ မျက်နှာကို လုံးဝ ပျက်ရယ်ပြုလိုက်ခြင်းပင် မဟုတ်ပါလော။
အခြားပင်လယ်နယ်မြေများရှိ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများက ဤသတင်းကို ကြားသောအခါတွင်လည်း အားလုံးက ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြလေသည်။
ဤသည်က သူတို့အပြင်ထွက်သည့်အခါတွင် အခြားသူများထက် အဆင့်နိမ့်ကျသွားသကဲ့သို့ ခံစားလာရစေ၏။
သူတို့မည်မျှအထိ ဒေါသထွက်နေမည်ဆိုသည်ကို စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်ကြောင်း သိသာလှပေသည်။
"မဖြစ်နိုင်တာ... သာမန်ကျောက်စိမ်းယုန်မျိုးနွယ်စုလေးလောက်က ဘာတွေများ ထူးခြားနေလို့လဲ... ငါတို့ထျန်းဖန်မျိုးနွယ်စုကတောင် သူတို့ကို မဖြေရှင်းနိုင်တော့ဘူးလား..."
ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူတစ်ဦးမှာ အလွန်တရာ ယုံကြည်နိုင်ဖွယ် မရှိသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏အမြင်တွင် ထျန်းဖန်မျိုးနွယ်စု၏ စွမ်းအားအရ ကျောက်စိမ်းယုန်မျိုးနွယ်စုက ဤမျှအထိ အနိုင်ကျင့်လာသည်ကို မည်သို့မျှ မတတ်နိုင်ဘဲ ဖြစ်နေရန် အကြောင်းမရှိပေ။
တစ်နေရာရာတွင် ပြဿနာကြီးတစ်ခုခုများ ပေါ်ပေါက်နေသည်လောဟု တွေးတောမိသွား၏။
ထို့ကြောင့်သာ ယခုကဲ့သို့သော ကိစ္စမျိုး ဖြစ်ပွားလာရခြင်း ဖြစ်ပေမည်။
"သေချာပေါက် အဲဒီလို မဟုတ်ဘူးပေါ့... ကျောက်စိမ်းယုန်မျိုးနွယ်စုက အားနည်းတယ်ဆိုပေမဲ့ အရင်တုန်းက အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ဖြစ်ခဲ့ဖူးတယ်... သူတို့ရဲ့ ဘိုးဘေးတွေခေတ်ကလည်း ကြီးကျယ်ခမ်းနားခဲ့ဖူးတယ်..."
"ကြားရသလောက်ဆိုရင် ကျောက်စိမ်းယုန်လျှို့ဝှက်နယ်မြေက အတိုင်းအတာ ကွဲပြားတဲ့ အာကာသအချိန်ကာလထဲမှာ ပုန်းကွယ်နေပြီး လွတ်လွတ်လပ်လပ် ရွေ့လျားသွားလာနိုင်တယ်... ဘယ်နေရာမှာမှ အတည်တကျ မရှိဘူးတဲ့..."
"ဒါကြောင့် အခုအချိန်အထိ ကျောက်စိမ်းယုန်လျှို့ဝှက်နယ်မြေက တကယ်တမ်း ဘယ်နေရာမှာ ပုန်းကွယ်နေလဲဆိုတာကို ရှာမတွေ့နိုင်သေးတာပဲ..."
ကျင့်ကြံသူတစ်ဦးက အလွန်တရာ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်၏။
ထျန်းဖန်မျိုးနွယ်စုမှ ဘိုးဘေးများသည်လည်း ကျောက်စိမ်းယုန်လျှို့ဝှက်နယ်မြေ တည်ရှိရာနေရာကို ရှာဖွေလိုသည်မှာ သဘာဝပင် ဖြစ်၏။
နှမြောစရာကောင်းသည်မှာ သူတို့သည် အချိန်နှင့် ခွန်အားမြောက်မြားစွာကို အသုံးပြုခဲ့သော်လည်း ရှာဖွေမတွေ့ရှိခဲ့ပေ။
ယခုအချိန်တွင်မူ သူတို့လည်း အရှုံးပေးလုနီးပါး ဖြစ်နေခဲ့ချေပြီ။
အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် ကပ်ဘေးကြီး ဆိုက်ရောက်လာပြီ ဖြစ်ရာ သူတို့ဖြေရှင်းရန် ပို၍အရေးကြီးသော ကိစ္စရပ်များ ရှိနေသောကြောင့်ပင်။
ထို့ကြောင့် ဤနေရာတွင် အချိန်ဖြုန်းနေရန်မှာ သဘာဝကျကျပင် မဖြစ်နိုင်တော့ပေ။
"မဖြစ်နိုင်တာ... အကယ်လို့ ဒီလိုဆိုရင် ငါတို့ထျန်းဖန်မျိုးနွယ်စုက လက်စားချေလို့ မရနိုင်တော့ဘူးပေါ့..."
"လက်တွေ့ကျကျ ကြည့်မယ်ဆိုရင် အရမ်းမကျေမချမ်း ဖြစ်ရပေမဲ့ ဒီအတိုင်းပဲ နေလို့ရတော့မယ်... သူတို့ရဲ့ အသိုက်ကိုတောင် ရှာမတွေ့နိုင်တဲ့အခြေအနေမှာ ငါတို့က ဘယ်လိုလုပ် လက်စားချေနိုင်မှာလဲ..."
"ကျစ်... အခု ငရဲမိစ္ဆာကမ္ဘာက ကျင့်ကြံသူတွေတင် မကဘဲ ဟိုအားနည်းတဲ့ မျိုးနွယ်စုတွေကပါ ငါတို့ထျန်းဖန်မျိုးနွယ်စုရဲ့ အုပ်ချုပ်မှုကို စတင်ဆန့်ကျင်လာကြပြီလား... ဒါက အရမ်းကို ရောင့်တက်လွန်းရာ ကျနေပြီ... မတော်လို့ တခြားမျိုးနွယ်စုတွေကသာ အတုခိုးကြမယ်ဆိုရင် ငါတို့ထျန်းဖန်မျိုးနွယ်စုအနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရမှာ မဟုတ်ဘူးလား... တန်ပြန်ဖြေရှင်းမယ့် နည်းလမ်းလေးတောင် မရှိတော့ဘူးလား..."
ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူအများအပြားသည် အလွန်တရာ မကျေမချမ်း ဖြစ်နေကြ၏။
အဘယ်ကြောင့်ဆိုသော် ယခင်က ထျန်းဖန်မျိုးနွယ်စုသည် ဤမျှကြီးမားသော အရှုံးမျိုးကို မည်သည့်အချိန်ကများ ခံစားခဲ့ရဖူးပါသနည်း။ ထို့အပြင် တစ်ဖက်လူမှာ အားနည်းသော မျိုးနွယ်စုပင် ဖြစ်နေသေး၏။
ဤသို့သော ရလဒ်က သူတို့အနေဖြင့် ကျောက်စိမ်းယုန်မျိုးနွယ်စုကို မည်သို့မျှ မတတ်နိုင်သကဲ့သို့ ဖြစ်သွားစေလေသည်။
"ဒါကလည်း ဘာမှမတတ်နိုင်ဘူး... ကပ်ဘေးကြီး ဆိုက်ရောက်လာတော့ သူရဲကောင်းပေါင်းစုံ ထွက်ပေါ်လာကြတယ်... နည်းနည်းလေး သတိမထားမိတာနဲ့ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ဖြစ်နေရင်တောင် သမိုင်းရေစီးကြောင်းထဲမှာ ပျောက်ကွယ်သွားနိုင်တယ်... အဲဒီအားနည်းတဲ့ မျိုးနွယ်စုတွေကလည်း တက်လမ်းအခွင့်အရေးကို မြင်သွားလို့ ထင်တိုင်းကျဲလာကြပြီး သူတို့ရဲ့ ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေကို ဖုံးကွယ်မထားနိုင်တော့တာ ဖြစ်လိမ့်မယ်..."
"ဟားဟား... သာမန်အားနည်းတဲ့ မျိုးနွယ်စုလေးတွေကများ ရည်မှန်းချက် ထားရဲသေးတယ်... တကယ်ကို သေရမှာ မကြောက်တဲ့ကောင်တွေပဲ..."
"ဘယ်သူကများ အိပ်မက်မရှိဘဲ နေမှာလဲ... ဒါက သာမန်ကိစ္စပါပဲ... အချုပ်ပြောရရင် ငါတို့က ပုန်ကန်ချင်တဲ့ ဒီမျိုးနွယ်စုတွေကို အကုန်လုံး ရိုက်သတ်ပစ်ရမယ်... ဒါဆိုရင် ငါတို့ထျန်းဖန်မျိုးနွယ်စုရဲ့ နေရာကို ဘယ်သူမှ စိန်ခေါ်ရဲမှာ မဟုတ်တော့ဘူး..."
"ကြားရသလောက်တော့ အဲဒီအားနည်းတဲ့ မျိုးနွယ်စုတွေ ဒီလောက် ထောင်လွှားနေရတဲ့ အကြောင်းရင်းက ကပ်ဘေးကြီး ရောက်လာလို့ပဲတဲ့... ကောင်းကင်လျှို့ဝှက်ချက်တွေ ကမောက်ကမဖြစ်ပြီး ဟောကိန်းထုတ်တဲ့ ပညာရပ်တွေ လုံးဝအသုံးမဝင်တော့ဘူး... ဒါကြောင့်မို့လို့ ဒီလောက် ထင်တိုင်းကျဲရဲပြီး ငါတို့က သူတို့ရဲ့ ခြေရာကို လိုက်ရှာမှာကို လုံးဝ မကြောက်ကြတော့တာပဲ..."
"ဟူး... ဟောကိန်းထုတ်တဲ့ ပညာရပ်ရဲ့ အကူအညီကို ဆုံးရှုံးလိုက်ရတာက ငါတို့အတွက်တော့ စုံလုံးကန်းသွားသလိုပဲ... အရင်တုန်းကလို ခွန်ဖန်ပင်လယ်နယ်မြေကို စောင့်ကြည့်ထိန်းချုပ်ဖို့ တကယ်ကို မဖြစ်နိုင်တော့ဘူး..."
ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူအများအပြားမှာ အချင်းချင်း ဆွေးနွေးနေကြ၏။
သူတို့သည်လည်း ဖိအားပေးခံရသကဲ့သို့ တင်းမာလာမှုကို ခံစားလိုက်ရ၏။
ဤကဲ့သို့သော ကပ်ဘေးကြီးအောက်တွင် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု၏ ဇာတ်မြစ် ရှိနေလျှင်ပင် မိမိ၏အသက်ကို ကာကွယ်နိုင်မည်ဟု မသေချာလှပေ။
ထို့ကြောင့် သူတို့သည် ယခုအချိန်မှစ၍ သိုသိုသိပ်သိပ် နေထိုင်ရန်သာ ကြိုးပမ်းရတော့ပေမည်။
အလွန်အမင်း ထောင်လွှားလွန်းပါက အခြားသော ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ခြေ ရှိပေသည်။
...
နာရီအနည်းငယ်ကြာပြီးနောက် ကျိုးစွေ့သည်လည်း ကိုယ်ပွားတစ်ခုစီ၏ မှတ်ဉာဏ်များကို ကြည့်ရှုခဲ့ပြီး အရေးကြီးသော သတင်းအချက်အလက် အများအပြားကို ရရှိခဲ့လေသည်။
လွန်ခဲ့သော နှစ်ရှစ်ဆယ်ကာလအတွင်းတွင် ခွန်ဖန်ပင်လယ်နယ်မြေသည် စတင်၍ ကမောက်ကမ ဖြစ်လာခဲ့ကြောင်း သိသာထင်ရှားလှသည်။
ကမ္ဘာတံခါးများ ထွက်ပေါ်လာမှုကြောင့် ငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူအမြောက်အမြားသည် ဝိညာဉ်လောကသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ကြသည်။
သူတို့သည် တကယ့်ဓားပြဂိုဏ်းတစ်ခုနှင့် တူလှပြီး ဝိညာဉ်လောကသို့ ဝင်ရောက်လာပြီးနောက် မီးရှို့သတ်ဖြတ်ခြင်း၊ လုယက်ခြင်းစသည့် မကောင်းမှုဟူသမျှကို မလုပ်ဘဲ မနေခဲ့ကြပေ။
သူတို့၏ လုပ်ရပ်များသည် ခွန်ဖန်ပင်လယ်နယ်မြေအတွက် ကြီးမားသော ကပ်ဘေးများနှင့် သေကျေဒဏ်ရာရမှုများကို ဆောင်ကြဉ်းလာခဲ့သည်ဟု ဆိုနိုင်ပေသည်။
ဤငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူများ၏ စွမ်းအားအရ မျိုးနွယ်စုများစွာ၏ ဌာနချုပ်များကို မကျူးကျော်ရဲသော်လည်း သူတို့သည် ပင်လယ်ပြင်ထက်တွင် မကြာခဏ ထွက်ပေါ်လာလေ့ရှိကာ ဖောက်ထွင်းလုယက်ခြင်းများကို ပြုလုပ်လျက် ပင်လယ်ဓားပြများ ဖြစ်လာခဲ့ကြသည်။
ယခင်က စည်ကားပြီး လုံခြုံသော ရေကြောင်းလမ်းအများအပြားမှာ ယခုအခါတွင် လုံခြုံမှု မရှိတော့ပေ။
ဤအချက်က ကျွန်းများစွာအား အဆက်အသွယ် ပြတ်တောက်သွားစေခဲ့ပြီး ကုန်သွယ်မှုလုပ်ငန်း အများအပြားမှာလည်း အတင်းအကျပ် ရပ်တန့်ခံခဲ့ရသည်။
ထို့ကြောင့် ခွန်ဖန်ပင်လယ်နယ်မြေ၏ ကုန်စျေးနှုန်းများမှာ အဆက်မပြတ် မြင့်တက်လာခဲ့ချေပြီ။
ဖုန်းရှီးကျွန်း၏ အပြင်ဘက်တွင် လုံးဝကို ကမောက်ကမဖြစ်နေပြီး နေရာတိုင်းတွင် စစ်မီးများ လောင်ကျွမ်းနေကြောင်းမှာ သိသာလှပေသည်။
'ငါကတော့ ဖုန်းရှီးကျွန်းမှာ အေးအေးဆေးဆေးနေတာပဲ ပိုကောင်းတယ်...'
'အပြင်မှာက စစ်မီးတွေ တောက်လောင်နေပြီး အချိန်မရွေး ကပ်ဘေးနဲ့ ကြုံတွေ့နိုင်တယ်...'
'ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေရင်တောင် အကျိုးအမြတ် ရနိုင်ဖို့ မသေချာဘူး...'
ကျိုးစွေ့က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေသည်။