← Chapters

အခန်း ၉၂၆

Vol. 88 Ch. 926

အခန်း ၉၂၆

Vol. 88 Ch. 926

အခန်း (၉၂၆) - နှစ်တစ်ရာကြာပြီးနောက် ဖုန်းရှီးကျွန်း၊ လူတိုင်း ဝိညာဉ်အသားကို စားသုံးနိုင်ပြီး ကျင့်ကြံသူများ အဆက်မပြတ် ပေါ်ထွက်လာခြင်း (၁)

အကယ်၍ ဤမြူခိုးပင်လယ်နယ်မြေထဲသို့ မဝင်ရောက်ပါကလည်း အခြားမျိုးနွယ်စု ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို အနှေးနှင့်အမြန် ခံရမည်သာ ဖြစ်သည်။ ရန်သူများ၏ သတ်ဖြတ်ခြင်းကို ခံရမည့်အစား ဤမြူခိုးပင်လယ်နယ်မြေထဲသို့ ဝင်ရောက်ပုန်းအောင်းလိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

အသက်ရှင်သန်နိုင်ခွင့် ကောက်ရိုးတစ်မျှင်ခန့် ရှိကောင်းရှိနေနိုင်သေး၏။

ဤနေရာအထိ တွေးမိသောအခါ ဝူတိသည် တုံ့ဆိုင်းမနေတော့ဘဲ ဓားပျံကို စီးနင်းကာ ထိုမြူခိုးပင်လယ်နယ်မြေထဲသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

"ချီး... ဒီကျင့်ကြံသူက သေမင်းပင်လယ်နယ်မြေထဲ ဝင်သွားတာလား..."

"တကယ်ကို မိုက်မဲလွန်းတယ်... သေမင်းပင်လယ်နယ်မြေထဲကို ဝင်သွားတယ်ဆိုတော့ အသက်ဘယ်နှစ်ချောင်းရှိရှိ သေရမှာ အသေအချာပဲ..."

"ကောလာဟလတွေအရတော့ ဒီသေမင်းပင်လယ်နယ်မြေထဲမှာ ကန္တာရသားရဲကောင်ပေါင်း မြောက်မြားစွာ နေထိုင်ကြတယ်တဲ့... အဲဒီနေရာက ကန္တာရသားရဲကောင်တွေရဲ့ အသိုက်အမြုံလို့ ပြောလို့ရတယ်... အထဲကို ဝင်သွားတဲ့ ကျင့်ကြံသူတစ်ယောက်မှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ဘူးတဲ့..."

"ဟူး... တကယ် နှမြောစရာပဲ... အစကတော့ သူ့ကိုယ်ပေါ်က ရတနာတွေကို လုယူနိုင်မယ်လို့ ထင်ထားတာ... ဒီပင်လယ်နယ်မြေထဲမှာ သေသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး... ကြည့်ရတာ ငါတို့ ကံမကောင်းတာ သေချာတယ်..."

"ထားလိုက်ပါတော့... အဲဒီကောင်လေး သေချင်ပေမဲ့ ငါတို့ကတော့ မသေချင်သေးဘူး... အခုတော့ လက်လျှော့လိုက်ရုံပဲ ရှိတော့တာပေါ့..."

လေပေါ်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသော မျိုးနွယ်ခြား ကျင့်ကြံသူများစွာမှာ ကြိတ်မနိုင်ခဲမရ အတော်လေး နှမြောတသ ဖြစ်သွားကြလေသည်။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက မြူခိုးများ ဝန်းရံနေသည့် ဤပင်လယ်နယ်မြေ၏ နာမည်ဂုဏ်သတင်းက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့နေခဲ့ပြီးဖြစ်ကာ မျိုးနွယ်စုပေါင်းများစွာကလည်း သိရှိထားကြပြီး ဖြစ်၏။

မြူခိုးပင်လယ်နယ်မြေထဲသို့ ဝင်ရောက်သွားသော မည်သည့်သက်ရှိမဆို ယခုအချိန်အထိ အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ဤနေရာသည် အနီးအနားရှိ မျိုးနွယ်စုပေါင်း မြောက်မြားစွာ၏ နှလုံးသားထဲတွင် တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့ချေပြီ။

ကံကောင်းစွာဖြင့် ဤမြူခိုးပင်လယ်နယ်မြေက ဆက်လက် ကျယ်ပြန့်မလာခဲ့ပေ။ ဤသည်ကလည်း ကံကောင်းမှုတစ်ခုဟု ဆိုနိုင်လေသည်။

သို့ဖြစ်ရာ သူတို့သည်လည်း ဤပင်လယ်နယ်မြေထဲသို့ မဝင်ရောက်ရဲကြတော့ပေ။

ရွှစ်...

ဤအခိုက်အတန့်တွင် ဝူတိသည် မြူခိုးပင်လယ်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ မိမိ၏ နတ်ဘုရားအာရုံက ဤမြူခိုးများကို ဖောက်ထွင်းမဝင်ရောက်နိုင်ဘဲ သာမန်မျက်စိဖြင့်သာ ကြည့်ရှုနိုင်သည်ကို တွေ့လိုက်ရသောအခါ သူ အတော်လေး လန့်ဖြန့်သွားတော့၏။

ဤမြူခိုးများတွင် နတ်ဘုရားအာရုံကို နှောင့်ယှက်နိုင်သော စွမ်းအားများ ပါဝင်နေပုံရသည်။

ပြဿနာမှာ သူ၏ သာမန်မျက်စိသည် တစ်မီတာအကွာအဝေးရှိ နယ်မြေကိုပင် သဲကွဲစွာ မမြင်နိုင်ခြင်းပင်။

တစ်နည်းအားဖြင့် ဆိုရသော် လက်ရှိတွင် သူသည် မည်သည့်နေရာသို့ ရောက်ရှိနေမှန်း အတိအကျ မသိနိုင်တော့ပေ။

‘သွားပြီ... အကုန်ပြီးသွားပြီ...'

'အဲဒီ မျိုးနွယ်ခြားကျင့်ကြံသူတွေ ဝင်မလာရဲတာ အံ့ဩစရာ မရှိတော့ဘူး... ဒီနေရာက လုံးဝကို သေတွင်းကြီးပဲ...'

ယခုအခါ ဝူတိတစ်ယောက် အူများစိမ်းမတတ် နောင်တရနေခဲ့ချေပြီ။

ဤမြူခိုးပင်လယ်နယ်မြေက ဤမျှတိုင် အန္တရာယ်များမှန်း စောစောကတည်းက သိခဲ့လျှင် သေမည်ဆိုသည့်တိုင် သူ ဝင်လာမည် မဟုတ်ပေ။

သို့ရာတွင် ယခုမူ ဘာပြောပြော နောက်ကျသွားခဲ့ပြီ ဖြစ်၏။

ဂါး...

ဤအချိန်မှာပင် ပင်လယ်ပြင်ကြီးက ရုတ်တရက် လှိုင်းထန်လာပြီး ကန္တာရသားရဲကောင်ကြီးများ၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများ ထွက်ပေါ်လာလေသည်။

ချက်ချင်းဆိုသလိုပင် ကိုယ်ထည် ပေရာချီ ကြီးမားလှသော ပင်လယ်သားရဲကောင်ကြီးများက ပင်လယ်ထဲမှ ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ လွှမ်းခြုံထားပြီး မျက်လုံးများက မီးအိမ်ကြီးများအရွယ်အစားခန့် ရှိကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသဖြင့် မြင်ရသူတိုင်းကို ကြက်သီးမွေးညင်း ထစေနိုင်သည်။

'ငါ့အသက်တော့ ဒီမှာတင် ဆုံးပါပြီ...'

ဝူတိမှာ နှလုံးခုန်ရပ်မတတ် လန့်ဖြန့်သွားတော့သည်။ ဤကန္တာရသားရဲကောင်ကြီးများ အားလုံးသည် အလွန်အမင်း အင်အားကြီးမားကာ ကြောက်မက်ဖွယ်ကောင်းပြီး အနည်းဆုံး လေဟာနယ်သန့်စင်ခြင်းအဆင့်တွင် ရှိနေကြောင်းကို သူ ခံစားသိရှိလိုက်ရ၏။

သူ့အား လက်ညှိုးတစ်ချောင်းတည်းဖြင့် ဖျစ်ညှစ်သတ်ဖြတ်ရန်မှာ မျက်တောင်တစ်ခတ်စာမျှသာ ကြာမြင့်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ သူသည် နတ်ဘုရားအသွင်ပြောင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပြီး ပြောပလောက်သည့် အဆင့်တွင် မရှိပေ။

လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ ကန္တာရသားရဲကောင်များကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

ဤနေရာက ရှင်သန်နိုင်မည့် အခွင့်အရေးရှိသော နေရာတစ်ခု မဟုတ်ဘဲ သူ ကိုယ်တိုင်က ကန္တာရသားရဲကောင်များ၏ အသိုက်အမြုံထဲသို့ ဝင်ရောက်လာမိခြင်းပင် ဖြစ်လေသည်။

မိမိကိုယ်မိမိ ဤကန္တာရသားရဲကောင်ကြီးများ၏ စားသောက်ခြင်းကို ခံရကာ အစာအဖြစ် ရောက်ရှိသွားတော့မည်ဟု ထင်မှတ်နေစဉ်မှာပင် လူသားတစ်ဦး၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့ချေသည်။

"ဟင်... ဘယ်လိုလုပ်ပြီး လူသားတစ်ယောက် ဒီမှာ ရှိနေရတာလဲ... တစ်ယောက်ယောက်ကများ တားမြစ်ချက်ကို ချိုးဖောက်ပြီး မြူခိုးပင်လယ်နယ်မြေကနေ ထွက်သွားဖို့ ကြိုးစားနေတာလား... တကယ်ကြီး သေရမှာကို မကြောက်ကြတာလား..."

လူသားလော။

ဤသည်က လူသားတစ်ဦး၏ အသံပင် ဖြစ်သည်။

ဝူတိတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားတော့၏။ သူသည် ကန္တာရသားရဲကောင်ကြီးများ၏ ခန္ဓာကိုယ်ထက်သို့ စိုက်ကြည့်လိုက်ရာ သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသော လူသားမျိုးနွယ် ကျင့်ကြံသူများ ရပ်နေသည်ကို အံ့ဩဖွယ် မြင်တွေ့လိုက်ရသည်။

ဤသည်မှာ ကြယ်ကွဲပင်လယ်ထဲသို့ ဝင်ရောက်လာပြီးကတည်းက သူမှလွဲ၍ အခြားသော မျိုးနွယ်တူ ကျင့်ကြံသူများကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

လူသားပုံစံသာရှိသော မျိုးနွယ်ခြားကျင့်ကြံသူများကို ဆိုလိုခြင်း မဟုတ်ပေ။

သူ၏ စိတ်နှလုံးထဲတွင် လှိုင်းတံပိုးများ ထန်သွားပြီး မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။

အဘယ်ကြောင့်ဆိုသော် ယခင်က ကြယ်ကွဲပင်လယ်ထဲတွင် လူသားများ ရှင်သန်နေထိုင်သည်ကို သူ တစ်ခါမှ မကြားဖူးသောကြောင့်ပင် ဖြစ်၏။

မိမိသည် မရည်ရွယ်ဘဲ ကြယ်ကွဲပင်လယ်ရှိ လူသားများကို ရှာဖွေတွေ့ရှိသွားခဲ့သည်လော။ တကယ်ကို ယုံကြည်နိုင်ဖွယ် မရှိပေ။

ဝုန်း...

မည်သည့်ကိစ္စ ဖြစ်ပျက်နေသည်ကို သေချာနားလည်အောင် တွေးတောချိန်ပင် မရလိုက်ဘဲ အဝေးမှ အနက်ရောင်ကြိုးတစ်ချောင်းက ရုတ်တရက် ပျံသန်းလာကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ချည်လိုက်ပြီး ကောက်ညှင်းထုပ်ပမာ တုပ်နှောင်လိုက်တော့သည်။

နောက်တစ်စက္ကန့်တွင် သူသည် အဝေးသို့ လွင့်စင်သွားရပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ ကန္တာရသားရဲကောင်ကြီး တစ်ကောင်၏ ခေါင်းပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားတော့၏။

"ဒါ..."

ဝူတိခမျာ ကြောက်လန့်တကြား မြေပြင်ပေါ်သို့ ဝပ်ကျသွားပြီး မျက်နှာက လူသေတစ်ယောက်လို ဖြူလျော့နေကာ ခြေထောက်များလည်း တုန်ယင်နေလေသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတစ်ကောင်၏ ခေါင်းပေါ်တွင် ရပ်နေရသည်မှာ သူ၏ တစ်သက်တာလုံးတွင် ပထမဆုံးအကြိမ် ဖြစ်သည်။ ပတ်ဝန်းကျင်မှ ပြင်းထန်သော ကန္တာရသားရဲအငွေ့အသက်များကို ခံစားမိပြီး ကြောက်ရွံ့တုန်လှုပ်လွန်း၍ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေချေတော့သည်။

သို့သော်ငြား ပြေးလုံးဝူဟူသော နာမည်နှင့်အညီ သူ၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း အတော်လေး အားကောင်းပေသည်။

ခဏအကြာတွင်ပင် သူသည် လုံးဝ တည်ငြိမ်သွားခဲ့ပြီး ပတ်ဝန်းကျင်ကို စတင်အကဲခတ်လိုက်၏။

ထို့နောက် သူကလွဲ၍ ပတ်ဝန်းကျင်၌ အခြားသော လူသားကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ရှိနေသည်ကို သူ တွေ့မြင်လိုက်ရသည်။ တစ်ဖက်လူများသည် အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများဖြစ်ပြီး ထိုအထဲတွင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ပါဝင်လေသည်။

သူတို့၏ စွမ်းအားက သူ့ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေသော်လည်း အနည်းဆုံးအနေဖြင့် တစ်ဖက်လူများက မျိုးနွယ်တူ ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုမျိုးနွယ်ခြား ကျင့်ကြံသူများနှင့် ယှဉ်လျှင် ဆက်သွယ်ပြောဆိုရသည်မှာ ပို၍ လွယ်ကူနိုင်ပေသည်။

"ကောင်လေး မင်းက ဘယ်လိုလုပ်ပြီး မြူခိုးပင်လယ်နယ်မြေထဲကို ရောက်နေတာလဲ..."

"ဖုန်းရှီးကျွန်းကနေ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခွင့်မရှိဘူးဆိုတာကို မင်း မသိဘူးလား..."

"ဒီလို အမှားကြီးမျိုး ကျူးလွန်ရင် အနည်းဆုံး ဆယ်နှစ်လောက် ထောင်ဒဏ်ကျခံရမယ်ဆိုတာကို သိရဲ့လား..."

စကားပြောလိုက်သူမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်ပင် ဖြစ်၏။

သူ့ရှေ့ရှိ သူစိမ်းဖြစ်နေသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို မလိုလားအပ်သည့် အမူအရာဖြင့် ကြည့်ရှုလိုက်လေသည်။

ဖုန်းရှီးကျွန်းသည် အရမ်းကြီးမားသည်ဟု မဆိုနိုင်သော်လည်း လူဦးရေမှာမူ အလွန်များပြားလှကာ လက်ရှိအချိန်အထိ လူဦးရေ ဘီလီယံတစ်ရာကျော် ရှိနေခဲ့ချေပြီ။

ထို့ကြောင့် သူသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်နေလျှင်ပင် လူသားကျင့်ကြံသူတိုင်းကို မှတ်မိနိုင်စွမ်း မရှိပေ။ သူက ဝူတိကို သူစိမ်းတစ်ယောက်ဟု ခံစားမိခြင်းမှာလည်း သဘာဝကျလှပေသည်။

'ဖုန်းရှီးကျွန်း... မြူခိုးပင်လယ်နယ်မြေ... ထောင်ဒဏ်ဆယ်နှစ်...'

ဤစကားလုံးများကို ကြားလိုက်ရသောအခါ ဝူတိ၏ မျက်လုံးများက တလက်လက် တောက်ပသွားခဲ့သည်။

သူသည် အကြံအစည်များပြားပြီး အလွန်ဉာဏ်ကောင်းသော အထက်ဘုံသို့ တက်လှမ်းလာသူတစ်ဦးပီပီ သူရောက်ရှိနေသောနေရာက လူသားမျိုးနွယ်တို့ စုဝေးရာနေရာတစ်ခု ဖြစ်ရမည်ကို ချက်ချင်းပင် ရိပ်မိလိုက်၏။

သို့ရာတွင် လူသားမျိုးနွယ်က အားနည်းလွန်းသောကြောင့် နေရာများစွာကို သိမ်းပိုက်နိုင်မည် မဟုတ်ပေ။ ကျွန်းတစ်ကျွန်းကို သိမ်းပိုက်နိုင်ခြင်းကပင်လျှင် မဆိုးလှဟု ဆိုရပေမည်။

ထင်ရှားသည်မှာ သူသည်လည်း လူသားမျိုးနွယ်များ စုဝေးရာနေရာသို့ မတော်တဆ ဝင်ရောက်လာမိခြင်း ဖြစ်သည်။

ကြယ်ကွဲပင်လယ်တွင် လူသားမျိုးနွယ်အရေအတွက်က အလွန်နည်းပါးလွန်းသောကြောင့် သူ့ရှေ့ရှိ ဤလူသားကျင့်ကြံသူများက သူ့ကို ပြင်ပလူတစ်ယောက်ဟု မထင်မှတ်ဘဲ ကျွန်းပေါ်မှ လူသားကျင့်ကြံသူတစ်ယောက်ဟု ထင်မှတ်နေကြခြင်း ဖြစ်၏။

အမှတ်မထင် ထွက်ပြေးလာမိသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ်သာ ထင်နေကြခြင်း ဖြစ်ပေသည်။

သို့သော်လည်း ဝူတိက လိမ်ညာ၍ သူ၏ဇာတ်မြစ်ကို လုပ်ကြံဖန်တီးရန် အစီအစဉ် မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လိမ်ညာမှုဆိုသည်မှာ အနှေးနှင့်အမြန် ပေါ်လာမည်သာ ဖြစ်သောကြောင့်ပင်။

အထူးသဖြင့် ဤကဲ့သို့ ဝေးလံခေါင်ဖျားသော ကျွန်းပေါ်တွင် နေထိုင်ကြသည့် လူသားများ စုဝေးရာနေရာမျိုးတွင် ဤနေရာ၌ နေထိုင်ကြသော လူသားတိုင်းက အချင်းချင်း အလွန်ရင်းနှီးကျွမ်းဝင်နေကြသည်မှာ ထင်ရှားလေသည်။

All Chapters