← Chapters

အခန်း ၉၂၉

Vol. 88 Ch. 929

အခန်း ၉၂၉

Vol. 88 Ch. 929

အခန်း (၉၂၉) - နှစ်တစ်ရာကြာပြီးနောက် ဖုန်းရှီးကျွန်း၊ လူတိုင်း ဝိညာဉ်အသားကို စားသုံးနိုင်ပြီး ကျင့်ကြံသူများ အဆက်မပြတ် ပေါ်ထွက်လာခြင်း (၄)

အစစ်အမှန်ဝိညာဉ်များကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ပြီး လူသားဧကရာဇ်မြို့တော်၏ တားမြစ်အစီအရင်ကို ဖြိုခွင်းပစ်နိုင်ချေလည်း ရှိပေသည်။

သို့သော် ယခုကဲ့သို့ ကပ်ဘေးကြီး ဆိုက်ရောက်လာချိန်တွင်မူ မျိုးနွယ်စုအသီးသီးသည် မိမိကိုယ်ကို ကာကွယ်ရန်သာ အာရုံစိုက်နေကြရသည်။

ထို့ကြောင့် သဘာဝကျကျပင် မျိုးနွယ်ခြားများ၏ ရတနာများကို သွားရောက်လုယူရန် စိတ်ကူးမရှိကြတော့ချေ။

အလွယ်တကူ လုယူနိုင်လျှင် ကောင်းသော်လည်း လုယူသည့် လုပ်ငန်းစဉ်အတွင်း ပြင်းထန်သော ခုခံမှုနှင့် ရင်ဆိုင်ရပြီး မိမိတို့၌ ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အကျိုးထက်အပြစ်က ပိုများနေမည် မဟုတ်ပါလော။

အထူးသဖြင့် ကပ်ဘေးကြီး ဆိုက်ရောက်ချိန်တွင် မျိုးနွယ်စုအတွင်းရှိ ခွန်အားများ ကြီးမားစွာ ဆုံးရှုံးသွားပါက ၎င်းတို့သည် သေချာပေါက် မျိုးပြုတ်သွားနိုင်ချေ ရှိသည်။ ထို့ကြောင့် ယခုအခါတွင် ၎င်းတို့သည် ပိုမို၍ သတိထား ဆောင်ရွက်လာကြခြင်း ဖြစ်၏။

မလွှဲမရှောင်သာသော အခြေအနေမျိုးသို့ မရောက်မချင်း ၎င်းတို့သည် မျိုးနွယ်စု ဖျက်ဆီးရေးစစ်ပွဲကို လွယ်လွယ်ကူကူ စတင်မည် မဟုတ်ပေ။

"လက်တွေ့ရှုထောင့်ကနေ ကြည့်ရင်တော့ တကယ်လည်း ဒီလိုပါပဲ... ဒါက ကျုပ်တို့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာ မကုန်ဆုံးသေးတာလည်း ဖြစ်နိုင်ပါတယ်..."

ဝူတိက ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်၏။

မူလက သူသည် လူသားမျိုးနွယ်များ ပြီးဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း ရုတ်တရက် အခြေအနေများ ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။

မျိုးနွယ်စုကြီး အသီးသီးသည် ငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူများ၏ ကျူးကျော်မှုကို ရင်ဆိုင်နေကြရသည်။

ကြားသိရသလောက် ယခု ချန်လုံကုန်းမြေတိုက် တစ်ခွင်လုံးတွင် စစ်မီးများ တောက်လောင်နေပြီ ဖြစ်၏။

ငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူများသည် နေရာအနှံ့ သတ်ဖြတ်လုယက်နေကြပြီး မျိုးနွယ်စုများစွာမှာ ကြီးမားသော ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေကြရသည်။

ဤအချက်ကပင် မျိုးနွယ်စုကြီးများကို မိမိတို့၏ ခွန်အားများ ပြန်လည်စုစည်းစေပြီး အပြင်ဘက်သို့ ဆက်လက်ချဲ့ထွင်ခြင်း မပြုလုပ်ရန် တွန်းအားပေးလိုက်ခြင်း ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ထိုရှေးဟောင်းမျိုးနွယ်စုများသည် နှစ်ပေါင်းသန်းချီမက ကြာမြင့်ခဲ့ပြီဖြစ်သော ကပ်ဘေးကြီးအား မှတ်မိနေကြဆဲ ဖြစ်သောကြောင့်ပင်။

အကယ်၍ အနည်းငယ်မျှ သတိလွတ်သွားပါက မျိုးပြုတ်သွားနိုင်ချေ ရှိသည်။

အနည်းငယ်သော အကျိုးအမြတ်လေးအတွက်နှင့် မျိုးနွယ်စုတစ်ခုလုံးကို ပျက်စီးမည့် အန္တရာယ်တွင်းထဲသို့ တွန်းချခြင်းမှာ အရူးများ၏ လုပ်ရပ်သာ မဟုတ်ပါလော။

သဘာဝကျကျပင် ၎င်းတို့သည် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ပြုလုပ်ကြမည် မဟုတ်ချေ။

"ထားပါတော့ ထားပါတော့... ဒီအကြောင်းတွေ မပြောကြတော့ဘူး... ဒီကိစ္စတွေကို သိနေရင်တောင် ကျုပ်တို့အနေနဲ့ ဘာမှတုံ့ပြန်နိုင်မှာ မဟုတ်ဘူး... လူသားဧကရာဇ်မြို့တော် ဘာမှမဖြစ်ဖို့ပဲ မျှော်လင့်ရမှာပေါ့... ဘာပဲဖြစ်ဖြစ် အားလုံးက လူသားမျိုးနွယ်တွေချည်းပဲလေ...”

‘အခု ကျုပ်တို့က ကြယ်ကွဲပင်လယ်ကို လာပြီး အခြေချနေထိုင်နေကြပြီဆိုတော့ တစ်သက်လုံး ချန်လုံကုန်းမြေတိုက်ကို ပြန်နိုင်တော့မှာ မဟုတ်လောက်ဘူး... ဒါပေမဲ့ နှစ်ပေါင်းသန်းချီ ကြာပြီးတဲ့နောက်မှာတော့ ကျုပ်တို့ လူသားမျိုးနွယ်က ကြယ်ကွဲပင်လယ်မှာ ပြန်ပြီး အင်အားကြီးလာနိုင်ပါတယ်... အဲဒီအချိန်ကျရင် ချန်လုံကုန်းမြေတိုက်ကို ပြန်ပြီး တိုက်ခိုက်နိုင်တဲ့ အခွင့်အရေး ရလာနိုင်တယ်..."

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ကျန်းဖန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

သူကမူ ထိုနေ့ရက် ရောက်လာမည်ကို မြင်တွေ့နိုင်မည်မဟုတ်ဟု တွေးတောမိလေသည်။

သို့သော် သူ၏ မျိုးဆက်များကတော့ မြင်တွေ့ခွင့် ရနိုင်ပေလိမ့်မည်။

"မှန်တယ်..."

များပြားလှသော လူသားမျိုးနွယ် ကျင့်ကြံသူများကလည်း တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြပြီး သူတို့သည်လည်း ဖုန်းရှီးကျွန်း၏ တိုးတက်မှုအပေါ် များစွာ ယုံကြည်ချက် ရှိကြလေသည်။

အချိန်တစ်ခု ပေးလိုက်မည်ဆိုပါက လူသားမျိုးနွယ်သည် အနှေးနှင့်အမြန် ကြယ်ကွဲပင်လယ်တွင် နေရာတစ်နေရာ ရရှိလာမည်သာ ဖြစ်သည်။

အနည်းဆုံးအနေဖြင့် ယခုကဲ့သို့ ကျွန်းတစ်ကျွန်းထဲတွင် ကျုံ့ကျုံ့လေး ပုန်းအောင်းနေရမည် မဟုတ်ချေ။

ထိုစကားများကို ကြားလိုက်ရသောအခါ ဝူတိ၏ စိတ်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ ဤလူသားမျိုးနွယ် ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ ယုံကြည်ချက် အလွန်ရှိပုံရပြီး ချန်လုံကုန်းမြေတိုက်ကိုပင် ပြန်လည်တိုက်ခိုက်ရန် တွေးတောနေကြသည်မှာ အလွန်တရာ အံ့ဩဖွယ်ကောင်းလှပေသည်။

ကြယ်ကွဲပင်လယ်ထဲတွင် အလွန်တရာ အန္တရာယ်များလှပြီး အသက်ရှင်သန်နိုင်ခြင်းကပင် မဆိုးလှပြီဖြစ်ရာ ပြန်လည်တိုက်ခိုက်ရန် တွေးတောနေခြင်းက လွန်လွန်းလှသည် မဟုတ်ပါလော။

ဤကဲ့သို့သော ကိစ္စမျိုးကို တွေးတောသူတိုင်းသည် ဦးနှောက်မရှိသူများ မဟုတ်ပါက ဝှက်ဖဲတစ်ခုခု ရှိနေခြင်းကြောင့်သာ ဖြစ်ရပေမည်။

သို့သော် မည်သို့ပင်ကြည့်စေကာမူ ဤလူသားမျိုးနွယ် ကျင့်ကြံသူများမှာ ဦးနှောက်မရှိသူများနှင့် မတူညီဘဲ တကယ်တမ်း စွမ်းဆောင်နိုင်ရည်တစ်ခုခု ရှိနေနိုင်ချေ ရှိသည်။

ထို့အပြင် ယခု သူရောက်ရှိနေသော နေရာမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲတစ်ကောင်၏ ခေါင်းပေါ်တွင် ဖြစ်လေသည်။

တစ်နည်းအားဖြင့် ဆိုရသော် ဤနေရာမှ လူသားမျိုးနွယ် ကျင့်ကြံသူများသည် ကန္တာရသားရဲများကို ယဉ်ပါးစေသည့် ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်၏။

အကယ်၍သာ ဤအရာသည် အမှန်တကယ် ဖြစ်နေပါက အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှပေလိမ့်မည်။

ယနေ့အထိ မည်သည့်မျိုးနွယ်ကမျှ ရှေးဟောင်းသားရဲများကို ယဉ်ပါးအောင် လုပ်နိုင်သည်ဟု သူ မကြားဖူးခဲ့ပေ။

အကယ်၍ ဤအရာကိုသာ အမှန်တကယ် လုပ်ဆောင်နိုင်ပါက လူသားမျိုးနွယ်သည် ဝိညာဉ်လောက၏ ထိပ်တန်းမဟာမျိုးနွယ်စုကြီးတစ်ခု အမှန်တကယ် ဖြစ်လာနိုင်ပေသည်။

"အရှင်... ဒီလေဟာနယ်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသားရဲကို ခင်ဗျားတို့ ယဉ်ပါးအောင် လုပ်ထားတာလား..."

"ဒါမှမဟုတ် ခင်ဗျားတို့က ရှေးဟောင်းသားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့နည်းလမ်းကို တတ်မြောက်ထားကြတာလား..."

ထိုသို့ တွေးတောမိပြီးနောက် ဝူတိက သိချင်စိတ်ဖြင့် မေးလိုက်၏။

သူသည် အတိုင်းမသိ ထူးဆန်းနေသည်ဟု ခံစားနေရလေသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ လူသားမျိုးနွယ်ကသာ ရှေးဟောင်းသားရဲများကို ယဉ်ပါးအောင် လုပ်နိုင်သောနည်းလမ်းကို တတ်မြောက်ထားပါက ယခင်က အဘယ်ကြောင့် မည်သူကမျှ အသုံးမပြုခဲ့သနည်း ဆိုသည့်အချက်ကြောင့်ပင်။

ယခင်က သူသည် ယွင်ဇီမြို့တော်တွင် နှစ်ရာချီ ကြာမြင့်အောင် နေထိုင်ခဲ့ဖူးသော်လည်း မည်သည့်လူသားကမျှ ရှေးဟောင်းသားရဲများကို ကူးပြောင်းယဉ်ပါးစေနိုင်ကြောင်း မကြားဖူးခဲ့ချေ။

"ကျုပ်တို့ ယဉ်ပါးအောင် လုပ်ထားတာ မဟုတ်ပါဘူး... အရှင်ကျိုးက ယဉ်ပါးအောင် လုပ်ထားတာပါ..."

"ကျုပ်တို့က ဒီရှေးဟောင်းသားရဲကို အမိန့်ပေးခွင့် ရှိရုံလေးပါ..."

တစ်စုံတစ်ယောက်က ပြန်လည်ဖြေကြားလိုက်သည်။

ဖုန်းရှီးကျွန်းတွင် ဤသည်က ကြီးကျယ်သောကိစ္စရပ်တစ်ခု မဟုတ်ဘဲ အခြေခံအားဖြင့် လူတိုင်းသိထားကြသော သတင်းတစ်ခုသာ ဖြစ်လေသည်။

ထို့အပြင် တစ်ဖက်လူမှာလည်း လူသားမျိုးနွယ် ကျင့်ကြံသူတစ်ယောက် ဖြစ်ကာ မိမိလူပင် ဖြစ်သောကြောင့် သူ့အား သိခွင့်ပေးလိုက်လျှင်လည်း ကိစ္စမရှိပေ။

"အရှင်ကျိုးက ဘယ်သူလဲ..."

ဝူတိတစ်ယောက် ပို၍ပင် သိချင်စိတ် ပြင်းပြလာခဲ့၏။

"ဒါကတော့... အရှင်ကျိုးက အရှင်ကျိုးပဲပေါ့... ကျုပ်တို့ ဖုန်းရှီးကျွန်းရဲ့ တတိယမြောက် အသန်မာဆုံးသူပဲ..."

"သူက ရှေးဟောင်းသားရဲတွေကို ယဉ်ပါးစေနိုင်တဲ့ လျှို့ဝှက်ပညာရပ်ကို တတ်မြောက်ထားတာ..."

"ဒီလို လေဟာနယ်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသားရဲမျိုးတွေကို လက်ရှိအချိန်အထိဆိုရင် ကောင်ရေ ငါးထောင်လောက်တောင် ယဉ်ပါးအောင် လုပ်ထားပြီးပြီ..."

"ဒါကြောင့်လည်း ကျုပ်တို့ ဖုန်းရှီးကျွန်းက အခုဆိုရင် ထိုက်စန်းတောင်ကြီးလို တည်ငြိမ်နေပြီး ပြင်ပက မျိုးနွယ်ခြား ကျင့်ကြံသူတွေ ကျူးကျော်လာမှာကို စိုးရိမ်စရာ မလိုတော့တာပေါ့..."

"မြူခိုးပင်လယ်နယ်မြေထဲ ဝင်လာသမျှ မျိုးနွယ်ခြား ကျင့်ကြံသူတိုင်းကတော့ အခြေခံအားဖြင့် သေလမ်းပဲ ရှိတယ်..."

"မင်းက လူသားမျိုးနွယ် ကျင့်ကြံသူ ဖြစ်နေလို့ တော်သေးတာပေါ့... မဟုတ်လို့ကတော့ အခုချိန်ဆို အလောင်းတစ်လောင်း ဖြစ်နေလောက်ပြီ..."

ကျင့်ကြံသူ အများအပြားသည် ပြုံးယောင်သန်းသွားကြကာ ဝူတိကို ဤသို့ပင် ကြည့်လိုက်ကြသည်။

တစ်ဖက်လူ ယခုအချိန်အထိ အသက်ရှင်နေရခြင်း၏ အကြောင်းရင်းမှာ တစ်ခုတည်းသာရှိကြောင်း သိသာထင်ရှားလှသည်။ ၎င်းမှာ ဝူတိသည် လူသားမျိုးနွယ် ကျင့်ကြံသူ ဖြစ်နေခြင်းကြောင့်ပင်။

အကယ်၍သာ မျိုးနွယ်ခြားကျင့်ကြံသူ ဖြစ်နေပါက အသက်ရှင်ကျန်ရစ်ရန် လုံးဝ မဖြစ်နိုင်ချေ။

"ဒါက..."

ဝူတိတစ်ယောက် ခေါင်းညိတ်လိုက်လေသည်။ သူသည်လည်း အလွန်ကံကောင်းသည်ဟု မှတ်ယူလိုက်၏။

မိမိကံကောင်းနေ၍သာ တိုးဝင်လာမိသောနေရာက လူသားမျိုးနွယ်များ နေထိုင်ရာ ဒေသဖြစ်နေခြင်းပင်။ အကယ်၍သာ မျိုးနွယ်ခြားများ နေထိုင်ရာဒေသဖြစ်နေပါက သူသည် သေချာပေါက် သေဆုံးရမည်မှာ အသေအချာပင်။

သို့ရာတွင် ယခုအချိန်၌ သူ၏ စိတ်နှလုံးထဲတွင်လည်း အလွန်ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ တုန်လှုပ်သွားရချေပြီ။

အဘယ်ကြောင့်ဆိုသော် သူသည် ကြောက်မက်ဖွယ်ကောင်းသော ကိန်းဂဏန်းတစ်ခုကို ကြားလိုက်ရသောကြောင့်ပင် ဖြစ်သည်။ ၎င်းမှာ ဤနေရာတွင် လေဟာနယ်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသားရဲ ငါးထောင်ကို ယဉ်ပါးအောင် လုပ်ထားပြီးဖြစ်သည် ဆိုသည့်အချက်ပင်။

ဤမျှများပြားသော အရေအတွက်သည် အမှန်တကယ်ပင် အလွန်အမင်း အံ့မခန်း ဖြစ်လွန်းလှပေသည်။

အတိတ်က ယွင်ဇီမြို့တော်ဆိုလျှင်ပင် မိမိတို့ထံ၌ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးငါးထောင် ရှိသည်ဟု မပြောရဲချေ။

သို့သော်ငြား ဤနေရာတွင်မူ လေဟာနယ်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသားရဲ ငါးထောင် ရှိနေပြီဖြစ်ရာ အမှန်တကယ်ပင် ယုံကြည်နိုင်ဖွယ် မရှိအောင် ထူးဆန်းလွန်းလှ၏။

သံသယဖြစ်ဖွယ်မရှိ ဤမျှစွမ်းအားကို ပိုင်ဆိုင်ထားသော ဖုန်းရှီးကျွန်းသည် လူသားမျိုးနွယ်၏ ဒုတိယမြောက် အကြီးမားဆုံးမြို့တော်ဟု ခေါ်ဆိုနိုင်ပေသည်။

ပထမဆုံး အကြီးမားဆုံးမြို့တော်မှာ သဘာဝကျကျပင် လူသားမျိုးနွယ် ဧကရာဇ်မြို့တော် ဖြစ်သည်။

မည်သို့ပင်ဆိုစေ လူသားမျိုးနွယ် ဧကရာဇ်မြို့တော်တွင် အဋ္ဌမအဆင့် အစီအရင်တစ်ခု ရှိနေသည့်အပြင် မဟာယာနအဆင့် ကျင့်ကြံသူကပါ ကျောထောက်နောက်ခံ ပြုပေးထားသည် မဟုတ်ပါလော။ ဤမျှအစွမ်းထက်သော စွမ်းအားမျိုးမှာ လျှော့တွက်၍ရသော အရာမဟုတ်ပေ။

သို့သော် ဧကရာဇ်မြို့တော်မှလွဲ၍ အခြားမည်သည့်မြို့တော်ကမျှ ဤနေရာနှင့် နှိုင်းယှဉ်၍မရနိုင်တော့ချေ။

နှစ်ရာချီမျှ တိုတောင်းသော အချိန်လေးအတွင်းမှာပင် အတိတ်က ဖုန်းရှီးမြို့တော်သည် ယခုကဲ့သို့ အခြေအနေအထိ တိုးတက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

လူသားမျိုးနွယ်က ကြယ်ကွဲပင်လယ်ထဲတွင် အသက်ရှင်ကျန်ရစ်နိုင်ခဲ့သည်မှာလည်း အံ့သြစရာ မဟုတ်တော့ချေ။

ဤကဲ့သို့ ရှေးဟောင်းသားရဲများကို ကူးပြောင်းယဉ်ပါးစေနိုင်သော နည်းလမ်းသက်သက်ဖြင့်ပင် တစ်နယ်တစ်ပယ်ကို စိုးမိုးကာ ပင်လယ်နယ်မြေတစ်ခု၏ အရှင်သခင်အဖြစ် ရပ်တည်နိုင်ရန် လုံလောက်နေပြီ မဟုတ်ပါလော။

All Chapters