← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အရင်းရှင်မမလေးအဖြစ် စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း

အပိုင်း ၁၈

"ဒါတွေက အတိတ်ကကိစ္စတွေပဲဥစ္စာ။ အစ်မစုကလည်း တောင်းပန်ပြီးသားပဲကို။ အစ်မအန်းက ဘာလို့ အလျှော့မပေးနိုင်ရတာလဲ။"

အန်းမင်ဟွာ၏ မေးခွန်းကြောင့် စုချင်တစ်ယောက် ဆွံ့အသွားပုံရသည်။ သူမ ပြန်မဖြေနိုင်မီမှာပင် မိန်းကလေးတစ်ဦး၏ နူးညံ့ပျော့ပျောင်းသော အသံတစ်ခုက ကြားဖြတ်ထွက်ပေါ်လာခြင်း ဖြစ်သည်။

"အစ်မအန်းက အခုမှ ရောက်ခါစပဲ ရှိသေးတာ။ သူတပါးရဲ့ အတင်းအဖျင်းတွေကို မယုံတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် အစ်ကိုချင်အတွက် ဒုက္ခဖြစ်လိမ့်မယ်။ အစ်မစု... အစ်မအန်းက အသစ်မို့လို့ အများကြီး မသိသေးလို့ပါ။ ကျွန်မပဲ သူမကိုယ်စား အစ်မကို တောင်းပန်ပါတယ်၊ စိတ်မဆိုးပါနဲ့နော်။"

"နင့်တောင်းပန်မှုကို ငါက လိုချင်နေလို့လား။ သူမက ငါ့ကို ထမင်းမကျွေးရင် နင်က ကျွေးမှာမို့လို့လား။ မကျွေးရင် နင့်အိမ်တံခါးကိုပါ အညစ်အကြေးတွေနဲ့ လိုက်သုတ်ပစ်မယ်။" ၎င်းမှာ ဒေါသတကြီးဖြင့် ရန်တွေ့လိုက်သော စုချင်၏ စကား ဖြစ်သည်။

"နင်က ဘယ်သူမို့လို့ ကျွန်မကိုယ်စား လာတောင်းပန်နေရတာလဲ။" ၎င်းမှာမူ အလွန်ပင် စူးစမ်းလိုသော မျက်နှာပေးဖြင့် မေးလိုက်သော အန်းမင်ဟွာ၏ စကား ဖြစ်သည်။

သူမသည် အမှန်တကယ်ပင် စူးစမ်းချင်စိတ် ပြင်းပြနေမိသည်။ လက်ဖက်စိမ်းမ အငွေ့အသက်များ ထွက်ပေါ်နေသည့် ဤမိန်းကလေးမှာ ဘယ်သူနည်း။

အန်းမင်ဟွာ မေ့မထားပါချေ။ မြို့ထဲသို့ ဈေးဝယ်သွားပြီး ပြန်လာသည့်နေ့က ဤလက်ဖက်စိမ်းမလေးကို သူမ မြင်တွေ့ခဲ့ဖူးသည်။ ထိုစဉ်က အိမ်ပြန်ရောက်လျှင် ချင်လဲ့ကို မေးမြန်းရန် စိတ်ကူးထားသော်လည်း အပ်ချုပ်လက်ရာများ၌ စိတ်ဝင်စားသွားသဖြင့် လုံးဝ မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။

ဟဲဝမ်ဝမ်တစ်ယောက် အကြိမ်ကြိမ် ဆွံ့အသွားရတော့သည်။

စုချင်က အမှန်တကယ်ပင် စိတ်မမှန်သူတစ်ဦး ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။ သူမက စုချင်ဘက်မှ ကူညီ၍ စကားပြောပေးနေခြင်း ဖြစ်သည်မှာ ထင်ရှားသည် မဟုတ်ပါလော။

သူမသည် အကောင်းအဆိုးကိုပင် ခွဲခြားမသိပါဘဲ စားဖို့နှင့် အညစ်အကြေးအကြောင်းကိုသာ သိနေတော့သည်။ အစ်ကိုကျန်းတစ်ယောက် အိမ်ပြန်မလာသည်မှာ မဆန်းတော့ချေ။

အစ်ကိုကျန်းတစ်ယောက် ဤကဲ့သို့သော မိန်းမမျိုးကို ယူမိခြင်းမှာ မျက်စိကန်းခဲ့၍ ဖြစ်ရပေမည်။

ထို့အပြင် အန်းမင်ဟွာမှာလည်း ဤနေရာသို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။ ထိုနေ့က ဟဲဝမ်ဝမ်သည် သူမ၏ ရှေ့မှပင် တမင်တကာ လှမ်းလျှောက်ပြခဲ့သေးသည်။ အန်းမင်ဟွာအနေဖြင့် မိမိက ဘယ်သူလဲဆိုသည်ကို မသိဘဲ နေမည်ကို သူမ လုံးဝ မယုံကြည်နိုင်ပါချေ။

"မြန်မြန်လုပ်စမ်းပါ ဟဲဝမ်ဝမ်။ နင့်မှာ စားစရာ ရှိလား၊ မရှိဘူးလား။ ငါ ဗိုက်ဆာလို့ သေတော့မယ်။ ဖက်ထုပ်နဲ့ ဝက်သားအနှစ်ချက် စားချင်တယ်။"

"ဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ။"

ဟဲဝမ်ဝမ်တစ်ယောက် စိတ်ကို ထိန်းချုပ်ထားသော်လည်း နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ အော်ဟစ်မိတော့သည်။

"ကျွန်မက အစ်မကို ရန်စမိလို့လား။"

"နင်က ငါ့ကို မရန်စရင် ဘာလို့ လာတောင်းပန်နေတာလဲ။ နင်က သူမကိုယ်စား တောင်းပန်ပြီးပြီဆိုတော့ အခုကျ ငါ့ကို ထမင်းမကျွေးတော့ဘူးပေါ့ ဟုတ်လား။"

စုချင်တစ်ယောက် ပေါက်ကွဲလုမတတ် ဖြစ်နေပြီ ဖြစ်သည်။ "မြန်မြန်လုပ်။ ငါ တအားဗိုက်ဆာလာရင် တံခါးကို အညစ်အကြေးသုတ်ရုံတင် မကဘူး၊ နင့်ခေါင်းပေါ်ကိုပါ အကုန်သွန်ချပစ်မှာ။"

"ထမင်းစားဆောင်။ ကျွန်မတို့တွေ ထမင်းစညဆောင်ကို သွားကြစို့။ ကျွန်မ တစ်ခုခု ဝယ်ကျွေးမယ်။"

စုချင်အနေဖြင့် သူမ၏ ခေါင်းပေါ်သို့ အညစ်အကြေးများ အမှန်တကယ် သွန်းလောင်းလိမ့်မည်ကို ဟဲဝမ်ဝမ် လုံးဝ မသံသယဖြစ်မိသဖြင့် သူမက ထိတ်လန့်တကြား အော်ပြောလိုက်ရသည်။

"ထမင်းစားဆောင်မှာ ဖက်ထုပ်နဲ့ ဝက်သားအနှစ်ချက် ရှိချင်မှ ရှိမှာနော်။ ရှိတာပဲ စားရမယ်။"

"အသားပါရင် ရပြီ။ သွားကြစို့။"

စုချင် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူမသည် အန်းမင်ဟွာ၏ ဘေးမှ ဖြတ်လျှောက်သွားစဉ် နှာခေါင်းရှုံ့လျက် ကြည့်သွားသည်။ မြေခွေးမပုံစံ ပေါက်နေသော်လည်း ဘာမှအသုံးမကျသည့် အကောင်ဟု တွေးတောသွားပုံရသည်။

အန်းမင်ဟွာသည် ခံပြင်းစိတ် ဖြစ်နေသော်လည်း စုချင်နှင့် ရှစ်လံခန့် ဝေးဝေးနေရန် ကြိုးစားနေရှာသော ဟဲဝမ်ဝမ်ကို ကြည့်ကာ ခဏမျှ အောင့်ထားပြီးမှ တဟားဟား ရယ်မောမိတော့သည်။

သူမသည် အိမ်ထဲသို့ ပြန်ဝင်ကာ ကြက်မွေးကို ယူဆောင်၍ ခါးထောက်လျက် ချင်လဲ့ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ပြောပါဦး။ ဟဲဝမ်ဝမ်ဆိုတာ ဘယ်သူလဲ။"

"ဘေးက တပ်ရင်းမှူးအိမ်ကလေ။ မင်းလည်း တွေ့ဖူးပါတယ်။ သူမက တပ်ရင်းမှူးကတော်ရဲ့ တူမတော်စပ်သူပဲ။"

သူတို့အိမ်၏ အရှေ့ဘက်တွင် ချင်လဲ့၏ တိုက်ရိုက်အထက်လူကြီး ဖြစ်ပြီး ပထမတပ်ရင်း၏ တပ်ခွဲမှူး ဖြစ်သော ကျန်းဝေကျွင်း နေထိုင်သည်။ အန်းမင်ဟွာသည် သူ့ကို တွေ့ဖူးသော်လည်း မိခင်အိမ်သို့ ပြန်သွားသော တပ်ရင်းမှူးကတော်ကိုမူ မတွေ့ဖူးချေ။

ထို့ကြောင့် ဤလက်ဖက်စိမ်းမလေးမှာ ချင်လဲ့အထက်လူကြီး၏ ဇနီးဘက်မှ တူမတော်စပ်သူ ဖြစ်နေခြင်းပေါ့။

"ဒါဆို ရှင်တို့နှစ်ယောက်ကြားမှာ ဘာတွေ ရှိခဲ့လဲ။"

ချင်လဲ့က တည်ကြည်စွာ ပြန်ဖြေခဲ့သည်။"ဘာမှမရှိပါဘူး။ ကိုယ် သူမကို တပ်ရင်းမှူးအိမ်မှာ နှစ်ခါပဲ မြင်ဖူးတာ။ စကားတစ်ခွန်းတောင် မပြောဖူးဘူး။"

စကားတစ်ခွန်းတောင် မပြောဖူးဘဲနှင့် ဤလက်ဖက်စိမ်းမလေးက စိတ်ဝင်စားနေသည် ဟုတ်လား။ ဝါး... သူ့ရဲ့ ဆွဲဆောင်မှုကလည်း မသေးလှပါတကား။

အန်းမင်ဟွာသည် မိမိ၏ မကျေနပ်မှုကို ဖော်ပြရန် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ဆိုလိုက်သည်။

"ကျွန်မ သဝန်တိုတယ်နော်။"

ချင်လဲ့သည် ချက်ချင်း ရယ်မောလိုက်ပြီး ၎င်းမှာ အလွန်ပင် ပေါ့ပါးလှသော ရယ်မောသံ ဖြစ်သည်။

"မင်းရဲ့ ယောကျာ်းအပေါ်ကို ဒီလောက်တောင် ယုံကြည်မှု ရှိတာလား ဇနီးလေးရယ်။ ကိုယ် အိမ်ထောင်ရှိတယ်ဆိုတာကို ဘယ်တုန်းကမှ ဖုံးကွယ်မထားခဲ့ပါဘူး။ စစ်စခန်းနဲ့ မိသားစုလိုင်းက လူတိုင်း သိကြတာပဲ။ ဦးနှောက်ရှိတဲ့ ဘယ်သူမဆို နှစ်ခါပဲ မြင်ဖူးတဲ့ အိမ်ထောင်သည် ယောကျာ်းတစ်ယောက်အပေါ် စိတ်ကစားမှာ မဟုတ်ပါဘူး။"

" ကိုယ်တို့တွေ မြို့ထဲ သွားကြရအောင်။ ပြီးခဲ့တဲ့တစ်ခေါက်က အပ်ချုပ်စက်နဲ့ စက်ဘီး မဝယ်ခဲ့ရဘူးမလား။ ဒီနေ့ သွားဝယ်ကြစို့။"

၎င်းမှာ မဆိုးသော အကြံဉာဏ် ဖြစ်သည်။ အပ်ချုပ်စက်မရှိခြင်းမှာ အမှန်တကယ်ပင် အဆင်မပြေလှချေ။ အန်းမင်ဟွာသည် ငွေနှင့် ရိက္ခာလက်မှတ်များ ယူဆောင်ရန် အိမ်ထဲသို့ ပြန်ဝင်လိုက်သည်။

ထိုစဉ် ပင်းအန်းတစ်ယောက် ငိုယိုလျက် ပြေးဝင်လာပြန်သည်။

"ဖေဖေ၊ မေမေ... ကူညီကြပါဦး—တပေါင်ရဲ့ မေမေ... ကူညီကြပါဦး—"

စုချင်တစ်ယောက် မြစ်ထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်သည်။

မိသားစုလိုင်း၏ မြောက်ဘက်တွင် မြစ်တစ်စင်း ရှိသည်။ ၎င်းမှာ အလွန်ပင် အသုံးဝင်လှပြီး လူများသည် အဝတ်လျှော်ခြင်းနှင့် စိုက်ခင်းများ ရေလောင်းခြင်းတို့အတွက် အသုံးပြုကြသည်။

စုချင် မည်သို့မည်ပုံ ပြုတ်ကျသွားသည်ကို မည်သူမျှ သေသေချာချာ မမြင်လိုက်ကြချေ။ မြစ်အောက်ပိုင်းရှိ ကျောက်ဖျာများပေါ်တွင် အဝတ်လျှော်နေကြသူများသည် မြစ်အထက်ပိုင်းမှ ဗြုန်းခနဲ ရေကျသံကိုသာ ရုတ်တရက် ကြားလိုက်ရခြင်း ဖြစ်သည်။

အန်းမင်ဟွာနှင့် ချင်လဲ့တို့ အပြေးအလွှား ရောက်ရှိသွားချိန်တွင် စုချင်ကို လူအချို့က ရေထဲမှ ဆွဲတင်ပေးထားပြီး ဖြစ်သည်။

လူတစ်ယောက်က သူမကို အရေးပေါ်အသက်ကယ်ပြုစုခြင်း (CPR) လုပ်ဆောင်ပေးနေသည်။ အန်းမင်ဟွာသည် ထိုသူကို မသိသော်လည်း ချင်လဲ့က တိုးတိုးလေး ပြောပြလာသည်။

"သူမက နိုင်ငံရေးအရာရှိရဲ့ ဇနီးဘက်က ညီမတော်စပ်သူလေ။ မျိုးရိုးနာမည်က ယဲ့ တဲ့။ သူမက ဌာနခွဲဆေးရုံက စစ်ဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးပဲ။"

လူများသည် ဝိုင်းဝန်းကြည့်ရှုရင်း စိုးရိမ်တကြီးဖြင့် အသီးသီး စကားဆိုနေကြသည်။

"သူမက မြစ်ထဲကို ဘယ်လိုဖြစ်ပြီး ပြုတ်ကျသွားရတာလဲ။ အဆုံးစီရင်ဖို့ ကြိုးစားတာလား။"

"သူမက ခံစားချက်ကို မလွန်ဆန်နိုင်လို့လား။ ငါ့အမြင်ပြောရရင် တပ်ခွဲမှူးကျန်းနဲ့ ကလေးနှစ်ယောက်ကမှ တကယ့် သနားစရာတွေပါ။ သူမသာ တကယ်ပဲ မရှိတော့ရင် သူတို့အတွက် ကောင်းချီးတစ်ခု ဖြစ်လာမှာ။"

"အဲ့လို မပြောပါနဲ့အေ။ ဒါက လူ့အသက်တစ်ချောင်းပဲဥစ္စာ။ ဟိုမှာ ကလေးနှစ်ယောက် ငိုယိုနေတာကို ကြည့်ဦး။ ဘာပဲဖြစ်ဖြစ် သူမက သူတို့ရဲ့ မိခင်ပဲလေ။"

စုချင်သည် မျက်လုံးများကို မှိတ်ထားလျက် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူမ မျက်နှာပေါ်ရှိ အညစ်အကြေးအချို့မှာ ရေနှင့်အတူ မျောပါသွားသဖြင့် အောက်ခံ အသားအရေ ဖြူဖွေးဖွေးလေး ပေါ်လွင်နေသည်။

တပေါင်နှင့် နျိုနျိုတို့မှာမူ "မေမေ" ဟု အကြိမ်ကြိမ် အော်ဟစ်ကာ သည်းထန်စွာ ငိုကြွေးနေကြရှာသည်။

ရုတ်တရက် စုချင်သည် ရေအချို့ကို ဝေါခနဲ ပြန်အန်ထုတ်လာခဲ့သည်။

"သူမ သတိရလာပြီ။ သတိရလာပြီ။"

စုချင်သည် မိမိပတ်ဝန်းကျင်ရှိ ဆူညံသံများကို အဆုံးမရှိ ခံစားနေရသည်။ သူမသည် မျက်မှောင်ကုတ်ရင်း အကြိမ်အနည်းငယ် ထပ်၍ချောင်းဆိုးလိုက်မိသည်။ သူမ နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ခဏမျှ ဆွံ့အသွားရတော့သည်။

သူမ... ပြန်လည်မွေးဖွား လာခဲ့ခြင်းလား။

သူမနှင့် ကျန်းဖုန်းယွမ်တို့ ကွာရှင်းခြင်းမပြုမီ အတိတ်ကာလသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

အန်းမင်ဟွာသည် ဇဝေဇဝါဖြစ်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသော စုချင်၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း စိတ်ထဲမှ မတွေးဘဲ မနေနိုင်တော့ချေ။ သူမ... ပြန်လည်မွေးဖွားလာခဲ့ခြင်းလား။

သူမအနေဖြင့် ဤသို့တွေးတောခြင်းမှာ မဆန်းပါချေ။ စုချင်၏ အမူအရာမှာ ပြန်လည်မွေးဖွားခြင်းဆိုင်ရာ ဝတ္ထုများ သို့မဟုတ် အရန်ဇတ်ကောင်ဇနီးဟောင်း၏ နောင်တရခြင်း ဇာတ်လမ်းများထဲရှိ ဇာတ်ကွက်များနှင့် အလွန်ပင် ကိုက်ညီနေသောကြောင့် ဖြစ်သည်။

ထိုသံသယမှာ ထိုနေ့ညနေခင်းမှာပင် အမှန်တကယ် အတည်ပြုနိုင်ခဲ့သည်။

စုချင်တစ်ယောက် ဘာမှမဖြစ်တော့သည်ကို အတည်ပြုပြီးနောက် အန်းမင်ဟွာနှင့် ချင်လဲ့တို့သည် ပင်းအန်းကို ခေါ်၍ မြို့ထဲသို့ ထွက်ခွာခဲ့ကြသည်။ ယခုတစ်ခေါက်တွင် သူတို့သည် သမဝါယမအရောင်းဆိုင်သို့ မသွားဘဲ ကုန်တိုက်ကြီးသို့သာ ဦးတည်ခဲ့ကြသည်။

ချင်လဲ့သည် လူတစ်ယောက်ကို လိုက်လံရှာဖွေရန် ခဏပျောက်ကွယ်သွားစဉ် အန်းမင်ဟွာသည် ပင်းအန်းကို ခေါ်၍ ကုန်တိုက်အတွင်း လှည့်ပတ်ကြည့်ရှုကာ ပစ္စည်းအတော်များများကို ဝယ်ယူလိုက်သည်။

ဈေးဝယ်ပြီးနောက် အန်းမင်ဟွာသည် ချင်လဲ့တစ်ယောက် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် လက်ဆွဲနှုတ်ဆက်နေသည်ကို မြင်တွေ့ရသော်လည်း ၎င်းတို့ ဘာစကားပြောသည်ကိုမူ မသိရချေ။ ထိုအမျိုးသား၏ မျက်နှာပေါ်တွင် ပြုံးရွှင်သော အမူအရာ ရှိနေပြီး သူ့ဘေးတွင်မူ အသစ်စက်စက် အပ်ချုပ်စက်တစ်လုံးနှင့် ရွှေသမင်တံဆိပ် စက်ဘီးအကြီးတစ်စီး ရှိနေကာ ၎င်းတို့ကို ဆိုင်တံခါးဝသို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်။

ချင်လဲ့က သူမကို လှမ်းမခေါ်သဖြင့် အန်းမင်ဟွာသည် ပင်းအန်းကို ခေါ်၍ ဆိုင်အတွင်း နောက်ထပ်တစ်ခေါက် လှည့်ပတ်ကြည့်ရှုကာ ကလေးအတွက် ဖရဲသီးခွံပုံစံ ဦးထုပ်အသေးလေးတစ်လုံး ဝယ်ပေးလိုက်သည်။

"အကုန်ပြီးပြီလား။"

ချင်လဲ့က လှမ်းလျှောက်လာပြီး သူမ ဝယ်ယူထားသော ပစ္စည်းများကို လှမ်းယူလိုက်သည်။

"နောက်ထပ် ဘာဝယ်ချင်သေးလဲ။"

"မဝယ်တော့ဘူး။"

အန်းမင်ဟွာက ပြန်ဖြေလိုက်ပြီး သူမ၏ မျက်ဝန်းများသည် တောက်ပနေသော အနက်ရောင် အပ်ချုပ်စက်ကြီးဆီသို့ ဝင်းခနဲ ရောက်ရှိသွားသည်။

"အိမ်ပြန်ကြစို့၊ အိမ်ပြန်ကြစို့။"

ကြီးမားသော ပစ္စည်းနှစ်ခုကို သယ်ဆောင်၍ ပြန်လာစဉ် လမ်း၌ စုချင်၏ အိမ်ရှေ့မှ ဖြတ်သန်းခဲ့ကြသည်။ ထိုနေရာတွင် စုချင်သည် ရေချိုးထားသဖြင့် ဆံပင်များ စိုစွတ်နေဆဲ ဖြစ်ကာ သန့်ရှင်းသွားသော မျက်နှာလေးပေါ်တွင် သေသပ်လှပသော အသွင်အပြင်များ ပေါ်လွင်နေလျက် တံမြက်စည်းဖြင့် ခြံဝင်းကို လှည်းကျင်းနေသည်ကို မြင်တွေ့ရသည်။

တပေါင်နှင့် နျိုနျိုတို့သည်လည်း သန့်ရှင်းသော မျက်နှာလေးများဖြင့် လှေကားထစ်ပေါ်တွင် ထိုင်နေကြသည်။ တပေါင်သည် လက်နှစ်ဖက်ဖြင့် မေးထောက်လျက် မိခင်ဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်နေရှာပြီး သူမ သတိရလာပြီးနောက် မည်သို့ကြောင့် ဤမျှအထိ ပြောင်းလဲသွားရသည်ကို လုံးဝ နားမလည်နိုင်ပုံရသည်။

ထိုစဉ် စစ်ဝတ်စုံဝတ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် ယောကျာ်းတစ်ဦးသည် စိုးရိမ်တကြီး အမူအရာဖြင့် အပြေးအလွှား ရောက်ရှိလာခဲ့သည်။

အန်းမင်ဟွာသည် အတင်းအဖျင်း စူးစမ်းလိုသော သဘာဝအရ မိမိ၏ ခြေလှမ်းများကို မသိမသာ လျှော့ချလိုက်သည်။

သူမသည် စုချင်တစ်ယောက် ထိုအရပ်ရှည်ရှည်နှင့် ယောကျာ်းကို မြင်သည်နှင့် မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။ သူမသည် လက်ထဲမှ တံမြက်စည်းကို ချပစ်လိုက်ပြီး သူ့ထံသို့ ပြေးသွားကာ လှမ်းဖက်လိုက်တော့သည်။

"ကျန်းဖုန်းယွမ်။ ရှင် ပြန်လာပြီ။"

ထိုအရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးမှာ တောင့်တင်းသွားရရှာသည်။

"စုချင်၊ မင်း ဒီတစ်ခါကော ဘာပြဇာတ် ထပ်ကပြဦးမလို့လဲ။"

ကောင်းပြီ ဒီလို တုံ့ပြန်မှုပုံစံအရဆိုရင်တော့ သူမ အမှန်တကယ်ပင် ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အန်းမင်ဟွာ၏ စိတ်ထဲတွင် နားမလည်နိုင်သော သက်သာရာရမှုတစ်ခု ဖြစ်ပေါ်လာသည်။ အကယ်၍ စုချင်သာ အမှန်တကယ် ပြန်လည်မွေးဖွားလာခဲ့လျှင် သူမသည် သူတပါးအိမ်တံခါးကို အညစ်အကြေးများ လိုက်သုတ်သည့် အလုပ်ကို နောက်နောင် လုပ်ဆောင်တော့မည် မဟုတ်ပါချေ။

"မေမေ။"

သူတို့အိမ်တံခါးဝမှ ပင်းအန်း၏ အသံ ထွက်ပေါ်လာသည်။

"အိမ်ပြန်ပြီး ထမင်းစားကြရအောင်။"

သိပြီ၊ သိပြီ။ အန်းမင်ဟွာ ခြေလှမ်းများကို မြှင့်၍ အိမ်ထဲသို့ အမြန်ဝင်လိုက်သည်။

"ဖေဖေ့ကို ဟင်းချက်ခိုင်းလိုက်၊ မေမေ ရေနွေးတည်ပေးမယ်။ ဒီနေ့ည အမေတို့တွေ ရေချိုးကြမယ်။"

ရေချိုးခန်း၏ ပြတင်းပေါက်နှင့် တံခါးများကို ပိတ်ထားသဖြင့် ရေနွေးအိုးမှ ထွက်ပေါ်လာသော ရေနွေးငွေ့များသည် ခဏအတွင်းမှာပင် အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ယခုအချိန်တွင် ရာသီဥတုက သိပ်မအေးသေးသော်လည်း ဆောင်းတွင်းရောက်လာပါက အအေးမိခြင်းမှ ကာကွယ်ရန် အများသုံးရေချိုးဆောင်သို့ သွားရောက်ကြရပေလိမ့်မည်။

ရေချိုးကန်ကြီးမှာ ကြီးမား၍ နက်ရှိုင်းလှသည်။ ရေအပူချိန်ကို အနေတော် စပ်ပြီးနောက် သူမသည် ပင်းအန်းကို ရေကန်ထဲသို့ ထည့်ပေးလိုက်သည်။ သူသည် ရေကန်အနားသတ်ကို ကိုင်ကာ ခြေထောက်လေးများကို လှုပ်ယမ်း၍ ပျော်ရွှင်စွာ ရေကစားနေရှာသည်။

ကလေးငယ်သည် အလွန်ပင် ဝမ်းသာအားရ ဖြစ်နေပြီး ဖခင်ဖြစ်သူကို အဆက်မပြတ် လှမ်းခေါ်နေတော့သည်။

"ဖေဖေ။ မြန်မြန်လာပါ၊ တူတူ ရေချိုးကြရအောင်။"

"ရှင်တို့ သားအဖနှစ်ယောက် အရင် ရေချိုးနှင့်ကြ။"

အန်းမင်ဟွာ ထိုသို့ဆိုလိုက်ပြီး သူမ၏ ပါးပြင်လေးများ ရဲခနဲ ဖြစ်သွားကာ အတွေးများ လွင့်ပျံသွားမိသည်။

"ချင်လဲ့... ရှင့်သားကို သေချာ ပြောင်စင်အောင် ဆေးပေးဦးနော်။"

အခန်းထဲသို့ ပြန်ရောက်သောအခါ အန်းမင်ဟွာသည် ပန်းပွင့်လေးများ ပါရှိသော ဝါဂွမ်း ဂါဝန်ဖြူလေးတစ်ထည်ကို ထုတ်ယူလိုက်သည်။ ၎င်း၏ လည်ပင်းအနားသတ်တွင် ဇာပန်းပွင့်လေးများ ကွပ်ထားသည်။ ရေချိုးခန်းထဲမှ ပင်းအန်း၏ ပျော်ရွှင်စွာ အော်ဟစ်သံများ ထွက်ပေါ်နေသဖြင့် သူမ၏ နှုတ်ခမ်းအစုံသည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားရသည်။

ထိုသားအဖနှစ်ယောက် ရေချိုးရန် အချိန်အတော်ကြာဦးမည် ဖြစ်သည်။ သူမသည် အပ်ချုပ်စက်ကို တစ်ချက်ကြည့်လိုက်ရာ ၎င်းကို စမ်းသပ်အသုံးပြုကြည့်ချင်စိတ်ကြောင့် လက်ချောင်းလေးများ တရွရွ ဖြစ်လာမိသည်။

ထို့နောက် သူမသည် မိမိဂါဝန်အသစ်လေး၏ ခါးနေရာကို ကိုင်ကာ အနည်းငယ် ညှပ်လိုက်ပြီး ပြင်ဆင်မွမ်းမံမှုအချို့ ပြုလုပ်ရန် ပြင်ဆင်လိုက်တော့သည်။

All Chapters