အခန်း ၂၅
Vol. 3 Ch. 25
အရင်းရှင်မမလေးအဖြစ် စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း
အပိုင်း ၂၅
"ကျောင်းလား..."
ပင်းအန်း လှည့်ကြည့်လိုက်ရာ ချင်လဲ့ကို မြင်သဖြင့် အုတ်ကုတင်ပေါ်မှ ခုန်ဆင်းကာ ဖခင်ဖြစ်သူထံသို့ ပြေးဝင်ဖက်တွယ်လိုက်သည်။
"ဖေဖေ... သား မနက်ဖြန်ကျရင် ယွီဟုန်မူကြိုတန်းကို ကျောင်းတက်ရတော့မယ်"
"အစ်ကိုတပေါင်၊ အစ်မ နျိုနျိုတို့နဲ့အတူတူ သွားရမှာ"
သူသည် ချင်လဲ့၏ လက်မောင်းပေါ်တွင် ထိုင်ကာ ယနေ့ပြုလုပ်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် တတွတ်တွတ် ပြောပြနေတော့သည်။ နောက်ဆုံးတွင်လည်း အန်းမင်ဟွာအား သတိပေးရန် မမေ့လျော့ချေ။
"မေမေ... ဖေဖေက သိပ်ဂရုစိုက်တတ်တာပဲလို့ ဖေဖေ့ကို မျက်နှာချင်းဆိုင် ချီးကျူးရမယ်လေ"
အန်းမင်ဟွာသည် ယနေ့မွန်းလွဲပိုင်းက အနီရောင်စက္ကူဖြင့် ညှပ်ထားသော ပန်းပွင့်နီလေးတစ်ပွင့်ကို အပ်ချုပ်သေတ္တာထဲမှ ထုတ်ယူလိုက်ပြီး ချင်လဲ့၏ ရင်ဘတ်ပေါ်သို့ "ဖတ်" ကနဲ ကပ်ပေးလိုက်သည်။
"ဒီနေ့ သားအမိနှစ်ယောက်အတွက် ထမင်းချိုင့်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် ဖေဖေရေ... ဒါကြောင့် ဖေဖေ့ကို ပန်းပွင့်နီလေး ဆုချလိုက်တယ်နော်။ နောက်နောင်လည်း ဒီထက်မက ကြိုးစားပါဦး"
သူမအနေဖြင့် "ဖေဖေ" ဟူသော နာမ်စားကြောင့် ချင်လဲ့၏ ရှည်လျားသော မျက်ဝန်းအိမ်များ ရုတ်တရက် နက်ရှိုင်းသွားသည်ကို သတိမထားမိလိုက်ပေ။
"ကဲ... ထမင်းစားကြစို့။ ဒီညတော့ ဂုံးကောင်နဲ့လုပ်ထားတဲ့ တလုခေါက်ဆွဲ ချက်ထားတယ်"
ဟင်းရည်ကို ဂေါ်ဖီထုပ်၊ ကြက်နားရွက်မှို၊ ကြက်ဥနှင့် ဂုံးကောင်တို့ဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်သည်။ ခေါက်ဆွဲဖတ်များကိုမူ အန်းမင်ဟွာကိုယ်တိုင် သစ်သားလိမ့်တုံးကြီးဖြင့် နယ်၍ လှီးဖြတ်ထားခြင်း ဖြစ်သည်။
ခေါက်ဆွဲဖတ်များမှာ ကျစ်ကျစ်လျစ်လျစ်ရှိပြီး ဆော့စ်မှာလည်း မွှေးကြိုင်လှသည်။ ဟင်းရည်ကို တစ်ငုံသောက်လိုက်ရုံဖြင့် ဂုံးကောင်၏ ချိုမြိန်သော အရသာမှာ ပါးစပ်ထဲတွင် ပြည့်နှက်သွားတော့သည်။ သဘာဝပင်လယ်ပြင် သန့်သန့်မှ ကောက်ယူရရှိသော ဤတောရိုင်းဂုံးကောင်များ၏ အရသာမှာ အမှန်တကယ်ပင် ထူးကဲလှပေသည်။
ပင်းအန်းလေးမှာ စားသောက်ရန် အလုပ်ရှုပ်နေသဖြင့် အန်းမင်ဟွာကသာ စကား ဆက်ပြောလိုက်သည်။
"ဒီနေ့ ကျွန်မ ဂုံးကောင်အသားတွေကို ပုလင်းတစ်လုံးအပြည့် ရအောင်ခွာခဲ့တယ်။ ဘေးအိမ်က အစ်မဟဲယွီရုန်ကိုတောင် တစ်ဝက်ခွဲပေးလိုက်သေးတယ်။ ဒီရေပြန်ကျတဲ့အခါ ကျရင် နောက်ထပ် သွားကောက်ဦးမယ်။ ပြီးရင်တော့ ဂုံးကောင်ကြက်ဥကြော် လုပ်ကျွေးမယ်လေ"
"ဒါနဲ့ ချင်လဲ့... မနက်ဖြန်ကျရင် စုချင်နဲ့ ကျွန်မ တောင်ပေါ်သွားမလို့ စိတ်ကူးထားတယ်။ ဟိုပေါ်မှာ စစ်တပ်က တားမြစ်ထားတဲ့နယ်မြေတွေ ဘာတွေ မရှိဘူးမလား"
"တောင်ပေါ်သွားမလို့လား။ အိမ်မှာ ထင်းပြတ်လို့လား"
"မဟုတ်ပါဘူး။ ထင်းရုံထဲက ထင်းစည်းတွေက နောက်နှစ်အထိတောင် လောက်ပါတယ်။ ဝက်သစ်ချပင်တွေ သွားရှာပြီး ပိုးအိမ်တွေ သွားကောက်မလို့ပါ"
"သွားချင်ရင်လည်း သွားလေ"
အန်းမင်ဟွာ အိမ်တွင် ပျင်းရိနေမည်ကို ချင်လဲ့ စိုးရိမ်နေခဲ့သော်လည်း ယခုအခါ သူမအနေဖြင့် အလုပ်များနေသည်ကို မြင်တွေ့ရသဖြင့် စိတ်အေးသွားရသည်။
"အလုပ်ပြန်ဝင်ဖို့ကော စိတ်ကူးရှိလား"
"လောလောဆယ်တော့ မဝင်သေးပါဘူး"
အန်းမင်ဟွာသည် ယခုလက်ရှိဘဝကို အလွန်ပင် နှစ်သက်သဘောကျနေသည်။ လောလောဆယ်တွင်မူ သူမအနေဖြင့် အေးအေးလူလူသာ နေလိုပြီး တော်လှန်ရေးထုတ်လုပ်မှုများတွင် တက်ကြွစွာ ပါဝင်နေကြသည့် ရဲဘော်ဟောင်းကြီးများနှင့် မပူးပေါင်းချင်သေးပေ။
အတိတ်ဘဝတွင် သူမသည် နွားတစ်ကောင်၊ ကျွဲတစ်ကောင်လို အလုပ်လုပ်ခဲ့ရသော်လည်း စိတ်ပိုင်းဆိုင်ရာမှာ အသက်မပါသော လူသေကဲ့သို့ ဖြစ်နေခဲ့သည်။ အကယ်၍ ယခုအချိန်တွင် အလုပ်ပြန်ဝင်ပါက သူမ၏ စိတ်မပါ့တပါ အမူအရာကြောင့် စိတ်အားထက်သန်နေကြသော တော်လှန်ရေးသမားများကြားတွင် အဆင်မပြေ ဖြစ်နေပေလိမ့်မည်။
"ကောင်းပါပြီ။ တကယ်လို့ အိမ်မှာနေရတာ ပျင်းလာရင် ကိုယ့်ကိုပြောနော်"
အိမ်မှာနေရတာ ဘယ်လိုလုပ် ပျင်းစရာကောင်းမှာလဲ။ သူမမှာ အလုပ်တွေ ပိနေတာပဲလေ။
အန်းမင်ဟွာသည် ချင်လဲ့အတွက် အလုပ်များကို တစ်ခုချင်း လက်ချိုးရေတွက်ပြလေတော့သည်။
"ပင်းအန်းအတွက် ကျောင်းသုံးပစ္စည်းတွေ ပြင်ရမယ်၊ ကျောင်းလိုက်ပို့ရမယ်၊ ကမ်းခြေသွားရမယ်၊ တောင်ပေါ်တက်ရမယ်၊ အဝတ်လျှော်ရမယ်၊ ထမင်းဟင်းချက်ရမယ်..."
"အဝတ်လျှော်တာကို ချန်ထားလိုက်"
ချင်လဲ့က သူမ၏ လက်ညှိုးလေးကို ဖိချလိုက်ရင်း ဆိုသည်။
"အဝတ်လျှော်စရာ မလိုပါဘူး။ ထမင်းဟင်းမချက်ချင်ရင်လည်း ကိုယ် ပြန်လာတဲ့အထိစောင့်၊ ကိုယ် ချက်ပေးမယ်"
"ကျွန်မမှာ ယောကျာ်းတစ်ယောက်ပဲ ရှိတာပါ၊ သူ့ကို အပင်ပန်းမခံနိုင်ပါဘူး"
အန်းမင်ဟွာသည် ချင်လဲ့ကို ကြည့်ကာ မျက်လုံးလေးပိတ်သည်အထိ ပြုံးလိုက်မိသည်။
"ကျွန်မက ထမင်းချက်မယ်၊ ရှင်က အဝတ်လျှော်ပြီး ပန်းကန်ဆေး! ဟုတ်ပြီလေ! ကျွန်မတော့ စားလို့ပြီးပြီ။ အနှေးဆုံးစားတဲ့သူ ပန်းကန်ဆေးကြေးနော်!"
ပင်းအန်းလေးသည် သူ၏ ပန်းကန်လုံးလေးကို ကိုင်ကာ နောက်ဆုံးတစ်လုတ်ကို စားပြီးသည်နှင့် တခစ်ခစ် ရယ်မောတော့သည်။
"သားလည်း ပြီးပြီ။ ဖေဖေက အနှေးဆုံးပဲ"
အန်းမင်ဟွာလည်း ရယ်မောရင်း ပြောလိုက်သည်။ "ဖေဖေက အနှေးဆုံးဆိုတော့ ဖေဖေပဲ ပန်းကန်ဆေးပေတော့"
သူမ ခေါ်ဝေါ်လိုက်သော နာမ်စားကြောင့် ချင်လဲ့၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားခဲ့သည်။ ဓားပြတိုက်ပြီး ထွက်ပြေးကြသည့်အလား ပြေးသွားကြသော သားအမိနှစ်ဦးကို ကြည့်ရင်း သူ ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။
အန်းမင်ဟွာသည် အခန်းထဲသို့ ပြန်ဝင်ကာ ပင်းအန်း၏ ကျောင်းသုံးပစ္စည်းများကို ပြင်ဆင်ပေးပြီး ကလေးကို ချော့သိပ်လိုက်သည်။ ထို့နောက် အဝတ်စုတ်များကို ယူကာ အလှဆင်ခေါင်းအုံးလေး ချုပ်ရမလားဟု တွေးတောနေစဉ် ချင်လဲ့၏ ခန္ဓာကိုယ်ကြီးက သူမအပေါ်သို့ ကိုင်းညွတ်လာခဲ့သည်။
"ကျွန်မလက်ထဲမှာ အပ်ရှိတယ်နော် ချင်လဲ့... သတိထားဦး၊ စူးမိလိမ့်မယ်"
သူမ၏ မေးစေ့လေးကို သူက ဆွဲမကာ နမ်းရှိုက်လိုက်သည်။ မကြာမီမှာပင် သူမမှာ အနမ်းများကြားတွင် မိန်းမောသွားရတော့သည်။ သူမ လက်ထဲမှ အပ်နှင့်ချည်မျှင်ကို ချင်လဲ့က ဖယ်ရှားလိုက်ပြီး သူမ၏ လက်ကလေးမှာ သူ၏ အဝတ်အစားများပေါ်မှတစ်ဆင့် နွေးထွေးပြီး တောင့်တင်းလှသော ဝမ်းဗိုက်ကြွက်သားများဆီသို့ လျှောကျသွားခဲ့သည်...
ဘယ်သူက ကုတင်ခင်းတွေကို နေ့တိုင်း လျှော်နေမှာလဲ။
နောက်တစ်နေ့မနက်တွင်လည်း နံနက်ခင်း စစ်တပ်ခရာသံက အန်းမင်ဟွာကို နှိုးရန် ပျက်ကွက်ခဲ့ပြန်သည်။ သူမ နိုးလာချိန်တွင် ချင်လဲ့မှာ မနက်စာကို ဝယ်ယူလာခဲ့ပြီး ဖြစ်သည်။
သူမသည် သစ်သားပြတင်းပေါက်မှတစ်ဆင့် ခြံဝင်းအတွင်း တန်းလျားထားသော အဝတ်လှန်းစင်ပေါ်တွင် လေထဲ၌ လွင့်ပျံနေသည့် အိပ်ရာခင်းကြီးကို ကြည့်ရင်း ငေးမှိုင်နေမိသည်။ ဤအတိုင်းသာ ဆက်သွားပါက ကြမ်းတမ်းသော ဝါဂွမ်းအိပ်ရာခင်းအဟောင်းကြီးပင်လျှင် ခဏခဏ လျှော်ဖွပ်နေရသဖြင့် ကြာရှည်ခံတော့မည် မဟုတ်ပေ။
ထိုအမျိုးသား ချင်လဲ့သည်ကော ဘယ်သောအခါမှ မပင်ပန်းတတ်ပေဘူးလား။ သူ ဘယ်အချိန်ကတည်းက ထသွားသနည်း၊ အိပ်ရာခင်းပင် လျှော်ပြီးနေချေပြီ။
ချင်လဲ့အတွက်မူ သူသည် အမှန်တကယ်ပင် မပင်ပန်းပါ။ ယခင်က ပြင်းထန်သော ဒဏ်ရာများ ရရှိပြီးနောက်ပိုင်း ခံစားရလေ့ရှိသော ခန္ဓာကိုယ် နွမ်းနယ်ပင်ပန်းမှုမျိုးကို ယခုတစ်ကြိမ်တွင် လုံးဝမခံစားရချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ယခင်ကထက်ပင် ပိုကျန်းမာလန်းဆန်းနေသည်ဟု ခံစားနေရသည်။
"မိန်းမ... ထပြီး မနက်စာစားတော့"
သူသည် အခန်းထဲသို့ ဝင်လာပြီး အန်းမင်ဟွာကို နမ်းရှိုက်ကာ သတင်းတစ်ခုကို ပြောပြခဲ့သည်။ ထိုသတင်းမှာ အန်းမင်ဟွာအတွက်မူ သတင်းဆိုးတစ်ခုပင် ဖြစ်သည်။
"ဒီဒေသမှာ ပြည်သူ့စစ် စွမ်းရည်ပြိုင်ပွဲတစ်ခု ကျင်းပတော့မယ်"
"အဲဒီပွဲကို ပံ့ပိုးတဲ့အနေနဲ့ ကိုယ်တို့ စစ်တပ်နယ်မြေထဲက အသက် ၂၅ နှစ်အောက် စစ်သည်မိသားစုဝင်အားလုံး ပြည်သူ့စစ်လေ့ကျင့်ရေးမှာ ပါဝင်ရမယ်။ ပြိုင်ပွဲမှာ နယ်မြေကိုယ်စားပြု ယှဉ်ပြိုင်ဖို့ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ကို ရွေးချယ်ဖွဲ့စည်းမှာ"
အန်းမင်ဟွာက ခေါင်းလေးစောင်းကာ မေးလိုက်သည်။ "ဒါဆို ကျွန်မလည်း လေ့ကျင့်ရေးဆင်းရမှာပေါ့"
ပြည်သူ့စစ်ပြိုင်ပွဲမှာတောင် ပါဝင်ရဦးမှာလား။
"တကယ်လို့ ရှုံးလို့ ဆုမရခဲ့ရင် ရှင်တို့အတွက် မျက်နှာပျက်စရာ ဖြစ်မလား။ ပြန်လာရင် ဆူခံရမလားဟင်"
"ကိုယ်ကတော့ မင်းကို မဆူပါဘူး ဟွာဟွာ၊ အဲဒါက အဓိပ္ပာယ်မရှိဘူး"
ချင်လဲ့က မျက်ခုံးပင့်ကာ ပြုံးစစဖြင့် ပြောလိုက်သည်။"ကိုယ်ကိုယ်တိုင် မင်းကို ပိုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးမှာပေါ့"
စနစ်တကျ လေ့ကျင့်ပေးဖို့ပဲ မျှော်လင့်ရတာပေါ့။
"ဒါဆို ဘယ်တော့ စမှာလဲ၊ မနက်ဖြန်လား"
စစ်ရေးလေ့ကျင့်မှုပဲ ဖြစ်သည်၊ အလုပ်လုပ်ရန် လိုအပ်လာပါက အန်းမင်ဟွာသည် ပျင်းရိနေမည့်သူ မဟုတ်ပေ။
"ကျွန်မတို့ကို စစ်ဝတ်စုံတွေ ပေးမှာလား။ လေ့ကျင့်ရေးက ရှင်တို့ တက်ရသလိုမျိုးပဲလား။ ရှင့်ရဲ့ ဘဝဖြတ်သန်းမှုကို ကြုံတွေ့ရမှာဆိုတော့ ကောင်းတာပေါ့"
ချင်လဲ့သည် တက်ကြွရွှင်လန်းနေသော အန်းမင်ဟွာကို ကြည့်ကာ ပြုံးလိုက်မိပြီး သူ၏ ရင်ထဲတွင် သူမ၏ တည်ရှိမှုကြောင့် စိတ်ကျေနပ်မှုများ ပြည့်နှက်သွားရသည်။
"စစ်ဝတ်စုံတွေကို ဒီနေ့ ထုတ်ပေးလိမ့်မယ်။ လေ့ကျင့်ရေးကတော့ မနက်ဖြန် တရားဝင်စမှာ"
ဒါဆိုရင်တော့ ပင်းအန်းကို မူကြိုကျောင်း မြန်မြန်သွားပို့ရတော့မည်။ ဤလေ့ကျင့်ရေးက မည်မျှကြာမြင့်မည်ကို မည်သူမျှ မသိနိုင်သဖြင့် သူမ၏ သားလေးကို အရင်ဆုံး အခြေချပေးထားရမည် ဖြစ်သည်။
သူမသည် ပင်းအန်း၏ ပစ္စည်းများကို ထုပ်ပိုးပြီး စုချင်းကို သွားခေါ်ရန် ပြင်ဆင်နေစဉ် စုချင်က အပြေးအလွှား ရောက်ရှိလာခဲ့သည်။
"နင့်စက်ဘီး ခဏငှားပါဦး။ ငါတို့အိမ်က ညစာကျွေးမယ့်ပွဲက ဒီနေ့ညကို ရွှေ့လိုက်လို့"
ယွီဟုန်မူကြိုတန်းတွင် ဆရာမသည် ကလေးများကို ဦးဆောင်ကာ သီချင်းဆိုနေသည်။
"...ဆိုရှယ်လစ်စနစ်ထက် ကောင်းတာ ဘာမှမရှိ၊ မြစ်တွေ နက်ချင်နက်မယ်၊ ပင်လယ်တွေ နက်ချင်နက်မယ်၊ ဒါပေမဲ့ လူတန်းစားမေတ္တာလောက် မနက်ရှိုင်းဘူး..."
ပင်းအန်းလေးမှာမူ ကျောင်းတက်ရမည်ကို စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ငြင်းဆန်ခြင်း လုံးဝမရှိပေ။ သူသည် အန်းမင်ဟွာကို လက်ပြနှုတ်ဆက်ကာ တန်းစီနေသည့် လူအုပ်စုထဲသို့ တန်းစီဝင်ရောက်သွားပြီး အခြားသူများနှင့်အတူ အသံစာစာလေးဖြင့် လိုက်ဆိုနေတော့သည်။
နျိုနျိုလေးမှာမူ လူအများကြီးကို မြင်သောအခါ နှုတ်ခမ်းလေးစူကာ ငိုတော့မည့်ပုံစံ ဖြစ်နေသည်။ သို့သော် သူမ၏ လက်ကို ကိုင်ထားသော တပေါင်ကမူ ကျွမ်းကျင်သော အစ်ကိုကြီးပီပီ ညီမလေးကို အလိုက်တသိ ချော့မော့နေရှာသည်။
အန်းမင်ဟွာနှင့် စုချင်တို့ကို ကြိုဆိုသော မျက်နှာဝိုင်းဝိုင်းနှင့် ဆရာမလေးသည် ကလေးသုံးယောက်ကို ကြည့်ကာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။
"ကလေးတွေက အသားကျလွယ်ပါတယ်။ သူတို့ကို သေသေချာချာ ဂရုစိုက်ပေးမှာမို့လို့ စိတ်မပူကြပါနဲ့ ရဲဘော်တို့"
အမှန်တကယ်တွင်မူ စိတ်ပူစရာ ဘာမှမရှိပေ။ မိဘများ စိတ်အေးစေရန်နှင့် တော်လှန်ရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်အတွက် မူကြိုကျောင်းတွင် ကိုယ်ပိုင်ဆေးပေးခန်းပင် ရှိသည်။ အစားအသောက်၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် နေ့စဉ်လိုအပ်ချက်အားလုံးကို အပြည့်အဝ စီမံခန့်ခွဲပေးသည့်အပြင် ကလေးတိုင်းကို နေ့စဉ် နွားနို့နှင့် ကြက်ဥများလည်း တိုက်ကျွေးသည်။
စုချင်ကမူ တပေါင်နှင့် နျိုနျိုတို့အတွက် ယွီဟုန်မူကြိုတန်းတွင် နေရခြင်းမှာ သူမနောက်သို့ တကောက်ကောက် လိုက်နေရသည့်ရက်များထက် များစွာ ပိုကောင်းမွန်သည်ဟု ခံစားမိသည်။
"ဒါဆို ငါ သွားတော့မယ်"
အိမ်ပြန်ရောက်ပြီးနောက် အန်းမင်ဟွာက စက်ဘီးကို စုချင်ထံသို့ တွန်းပေးလိုက်သည်။ စုချင်က စက်ဘီးပေါ်သို့ ခွစီးကာ နင်းလိုက်သည်။
"တစ်ခုခု ဝယ်ပေးဖို့ လိုသေးလား"
"မလိုပါဘူး၊ မြန်မြန်သာ သွား။ နောက်ကျရင် အသားတွေ ရမှာ မဟုတ်ဘူး"
စုချင်သည် စက်ဘီးကို ယိမ်းထိုးလျက် စတင်နင်းသွားသည်။ အကြိမ်အနည်းငယ် ယိမ်းထိုးသွားပြီးနောက် စက်ဘီးမှာ တည့်တည့်မတ်မတ် ရွေ့လျားသွားတော့သည်။
ထိုစဉ် ဆန့်ကျင်ဘက် အရပ်မျက်နှာမှ အဖြူရောင် ဂါဝန်ဝတ်ထားသော မိန်းကလေးတစ်ဦးသည် ရဲဘော်ငယ်နှစ်ဦး ခြံရံလျက် လျှောက်လှမ်းလာသည်။ သူတို့ သုံးဦးစလုံးတွင် အိတ်အကြီးကြီးများကို ကိုင်ဆောင်ထားကြသည်။ စုချင်၏ စက်ဘီးမှာ လမ်းပေါ်ရှိ ချိုင့်ခွက်တစ်ခုကို တိုက်မိကာ ထိုသူများဆီသို့ လုလုဒဏ္ဍာ ဝင်တိုက်မိမည့်အခြေအနေ ဖြစ်သွားသည်။
အဖြူရောင်ဂါဝန်နှင့် မိန်းကလေးက လျင်မြန်စွာ တုံ့ပြန်ပြီး ဘေးသို့ ရှောင်ထွက်လိုက်သည်။ သူမ၏ အသံမှာ ငှက်ငယ်လေးတစ်ကောင်၏ သီဆိုသံကဲ့သို့ သာယာသော်လည်း နွဲ့နှောင်းခြင်းမရှိဘဲ ခွန်အားပါဝင်နေသည်။
"အစ်မ... လက်မောင်းကို သိပ်ပြီး တင်းမထားပါနဲ့၊ အားကို လျှော့လိုက်ရင် အဆင်ပြေသွားလိမ့်မယ်"
အန်းမင်ဟွာသည် အိမ်သို့အပြန် လှည့်ကြည့်လိုက်စဉ် သူမ၏ မျက်ဝန်းများမှာ ထိုအဖြူရောင်ဂါဝန်နှင့် မိန်းကလေးပေါ်သို့ ကျရောက်သွားခဲ့သည်။ သူမ၏ ဆံပင်ရှည်များမှာ လေထဲတွင် လွင့်ပျံနေပြီး အဖြူရောင် အပြောက်အပြောက်များပါသော အနီရောင် ဆံပင်စည်းကြိုးလေးက သူမ၏ မျက်နှာကို ပို၍ပေါ်လွင်စေသည်။ သူမ၏ လည်တိုင်မှာ သွယ်လျပြီး ခန္ဓာကိုယ်အချိုးအစားမှာ ပေါ့ပါးကျော့ရှင်းလှရာ အဖြူရောင်ငန်းတစ်ကောင်ကဲ့သို့ အေးမြ၍ တင့်တယ်လှပေသည်။
အလှလေးတစ်ယောက် တိုးပြန်ပြီ။
အန်းမင်ဟွာအနေဖြင့် ဤကဲ့သို့ လှပသော အမျိုးသမီးများ ဝန်းရံနေသည့် မိမိ၏ ကံကောင်းမှုကို အံ့သြရမလား၊ သို့မဟုတ် တပ်ရင်းမှူးဝမ်၏ ရဲဘော်များ ကံကောင်းမှုကို အံ့သြရမလား မသိတော့ပေ။ သူတို့၏ ဇနီးသည်များမှာ တစ်ယောက်ထက်တစ်ယောက် အလှနတ်သမီးလေးများ ဖြစ်ကြပေသည်။
"မင်္ဂလာပါ အစ်မ"
ထိုအဖြူရောင်ငန်းလေးသည် အန်းမင်ဟွာကို မြင်သည်နှင့် မျက်ဝန်းများ တောက်ပသွားကာ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ အေးစက်သော အမူအရာမှာ ခဏချင်း ပျောက်ကွယ်သွားပြီး နောက်ပြောင်လိုသော အမူအရာဖြင့် အစားထိုးသွားသည်။
"ကျွန်မက လင်းဝမ်ရွေ့ပါ၊ ဒုတိယတပ်ခွဲမှူး ဖူချင်းရှန်ရဲ့ ဇနီးပါ။ ဒီနေ့မှ ပြောင်းလာတာပါ"
"ကြည့်ရတာ ကျွန်မတို့ အိမ်နီးနားချင်းတွေ ဖြစ်ကြတော့မယ် တူတယ်"
လင်းဝမ်ရွေ့သည် မျက်ခုံးပင့်လျက် တက်ကြွစွာ ပြောလိုက်သည်။
"ကံကောင်းလိုက်တာ... ဒီလောက် တက်ကြွပြီး လှပတဲ့ အစ်မနဲ့ အိမ်နီးနားချင်း ဖြစ်ရတာ"
အန်းမင်ဟွာသည် ထို "အဖြူရောင်ငန်းလေး" နှင့် လက်ဆွဲနှုတ်ဆက်လိုက်စဉ် အဓိပ္ပာယ်ဖော်မရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
မမြင်ဖူးသေးသော ဒုတိယတပ်ခွဲမှူး ဖူချင်းရှန်အပေါ် သူမ၏ စူးစမ်းလိုစိတ်မှာ ချက်ချင်း မြင့်တက်သွားသည်။ လင်းဝမ်ရွေ့ကဲ့သို့ ထူးခြားထင်ရှားသော အမျိုးသမီးတစ်ဦးနှင့် စုံဆည်ရန် ထိုအမျိုးသားမှာ မည်မျှ အဆင့်အတန်းချင်း တူညီနိုင်ပါ့မလား။ ထို့ပြင် ထိုအဖြူရောင်ငန်းလေးနှင့် ထိုက်တန်ရန် မည်သို့သော အမျိုးသားမျိုး ဖြစ်ရပါမည်နည်း။
"ကျွန်မက အန်းမင်ဟွာပါ၊ ပထမတပ်ရင်းရဲ့ ဒုတိယတပ်ခွဲမှူး ချင်လဲ့ရဲ့ ဇနီးပါ။ မင်ဟွာလို့ပဲ ခေါ်နိုင်ပါတယ်"
လင်းဝမ်ရွေ့သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ ဒုတိယတပ်ခွဲမှူး ချင်လဲ့လား။ သူက ဖူချင်းရှန် ပြောင်းရွှေ့လာကတည်းက စိန်ခေါ်ချင်နေသည့် လူ မဟုတ်ပါလား။
မနေ့ကတင် သူသည် ခွန်အားများ ပြည့်ဝနေပြီး ဒုတိယတပ်ခွဲမှူး ချင်လဲ့က သူ့ထက် နှစ်နှစ်စော၍ ရာထူးတိုးသွားခြင်းအပေါ် မကျေမနပ် ဖြစ်နေခဲ့သည်။
အဲဒီ လူဆိုးကောင်။
လင်းဝမ်ရွေ့သည် ဖူချင်းရှန်ကို စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ အမြဲတမ်း ရန်ပွဲရှာတတ်ပြီး ဘယ်တော့မှ အားမရနိုင်သူ ဖြစ်သည်။ သူ ဒုတိယတပ်ခွဲမှူး ချင်လဲ့နှင့် အဆင်မပြေပါက ဤလှပသော အစ်မနှင့် သူမ၏ ဆက်ဆံရေးကို မထိခိုက်စေရန် မျှော်လင့်ရမည်သာ။
တစ်ချိန်တည်းတွင် စစ်တပ်နယ်မြေအတွင်း၌ လင်းဝမ်ရွေ့ တွေးနေသော ဖူချင်းရှန်သည် စစ်ရေးလေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး ချင်လဲ့အား ယှဉ်ပြိုင်တိုက်ခိုက်ရန် စိန်ခေါ်လိုက်ချေပြီဖြစ်သည်။
အရပ်ရှည်ပြီး ပုခုံးကျယ်ကာ ခါးသေးသော ဖူချင်းရှန်သည် စံပြစစ်သားတစ်ဦး၏ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ သို့သော် သူ၏ မျက်ခုံးနှင့် မျက်ဝန်းများတွင် ရဲရင့်ပြတ်သားပြီး ခေါင်းမာသော အမူအရာများ ရှိနေကာ အကြောက်အလန့်မရှိသော စရိုက်ကို ပြသနေသည်။
ချင်လဲ့၏ အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အမူအရာနှင့်မတူဘဲ ဖူချင်းရှန်မှာမူ ထောင်လွှားသော မာန်မာနများကို ထုတ်လွှတ်နေသည်။
ချင်လဲ့က နှုတ်ခမ်းကို အနည်းငယ် ပြုံးလိုက်ပြီး မည်သည့်သတိပေးချက်မျှမရှိဘဲ အနီးကပ် တိုက်ခိုက်မှုကို စတင်လိုက်တော့သည်။
သူတို့ နှစ်ဦးသည် ပြင်းထန်သော အပြန်အလှန် တိုက်ခိုက်မှုကို ဆင်နွှဲကြရာ လက်သီးချက်တိုင်းမှာ အားပါလှပေသည်။ သူတို့၏ ယှဉ်ပြိုင်မှုကို လေ့ကျင့်ရေးကွင်းအတွင်းရှိ ရဲဘော်များအားလုံးက အော်ဟစ်အားပေးကြတော့သည်။ ချင်လဲ့အတွက် လက်ရည်တူ အနီးကပ်တိုက်ခိုက်ရေးပြိုင်ဘက်နှင့် တွေ့ဆုံရခြင်းမှာ ရှားပါးလှပေသည်။ တိုက်ပွဲမှာ ပိုပြင်းထန်လာရာ တပ်ရင်းမှူးကိုယ်တိုင်ပင် လာရောက်ကြည့်ရှုရသည်အထိ ဖြစ်လာသည်။
ထိုအချိန်တွင် လင်းဝမ်ရွေ့သည် အထုပ်အပိုးများ သယ်ဆောင်ပေးခဲ့သော ရဲဘော်ငယ်များကို နှုတ်ဆက်ပြီးနောက် အခြားရဲဘော်တစ်ဦး အပြေးအလွှား လာနေသည်ကို သတိပြုမိလိုက်သည်။ ထိုရဲဘော်က အော်ဟစ်ပြောဆိုနေသည်။
"မြန်မြန်... လေ့ကျင့်ရေးကွင်းကို သွားကြစို့။ ဒုတိယတပ်ခွဲမှူး ဖူချင်းရှန်နဲ့ ဒုတိယတပ်ခွဲမှူး ချင်လဲ့တို့ ချကြတော့မယ်"
"နေပါဦး... ဒုတိယတပ်ခွဲမှူး ချင်လဲ့နဲ့ လက်ရည်တူ ယှဉ်နိုင်တဲ့လူ တကယ်ပဲ ရှိလို့လား"
ထိုသတင်းကို ကြားလိုက်ရချိန်တွင် လင်းဝမ်ရွေ့၏ မျက်ဝန်းများ ပြာဝေသွားတော့သည်။