အခန်း ၄၅
Vol. 5 Ch. 45
အရင်းရှင်မမလေးအဖြစ် စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း
အပိုင်း ၄၅
ကောရှင်းဟွာသည် အောက်ခြေသို့ အပို့ခံလိုက်ရပြီး တပ်စုမှူးရှီကလည်း သူမအား ကွာရှင်းကာ အဆက်အသွယ် အားလုံးကို ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။
မိသားစုဝင်းအတွင်း စတင်ကြီးထွားလာခဲ့သည့် ကြောက်ရွံ့မှုနှင့် သတိကြီးစွာ ထားနေရသည့် အငွေ့အသက်များမှာ တစ်ညတာအတွင်းမှာပင် အစအနမကျန် ပျောက်ကွယ်သွားပုံရသည်။
တပ်ရင်းမှူးဝမ်သည် ထိုနေ့၌ပင် ကောရှင်းဟွာ၏ ကိစ္စကို ကိုင်တွယ်ရန် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သည်။ သူ ပြန်ရောက်လာသည့်အခါ အလွန်အမင်း ဒေါသထွက်နေပြီး အိမ်တွင် လျန်မေ့ယွင်အား အော်ဟစ်ဆဲဆိုကာ စစ်တပ်မိသားစုများအပေါ် စနစ်တကျ သဘောတရားရေးရာ အလုပ်များ မလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ပြစ်တင်ကြိမ်းမောင်းတော့သည်။
ကောရှင်းဟွာသည် မဆင်မခြင် လုပ်ဆောင်တတ်ပြီး ဘာမဆို လုပ်ရဲကြောင်း၊ စိုက်ပျိုးရေးခြံဘက်ကလည်း ဤအတိုင်း လွှတ်ထားမည် မမဟုတ်သဖြင့် မိမိမှာ မျက်နှာပျက်ရကြောင်း ဒေါသတကြီး အော်ဟစ်နေခဲ့သည်။
မိသားစုဝင်း၏ တစ်ဝက်ခန့်မှာ သူ၏ အော်ဟစ်ကြိမ်းမောင်းသံကို ကြားလိုက်ရသည်။ တိုက်ရိုက်မကြားလိုက်ရသည့် ကျန်ရှိသော အခြားတစ်ဝက်မှာမူ နောက်တစ်နေ့တွင် လျန်မေ့ယွင်က အသံကုန်အော်ဟစ်၍ ရန်ရှာပြောဆိုရာမှတစ်ဆင့် သိရှိသွားကြသည်။
သို့ဖြစ်ရာ ကောရှင်းဟွာသည် ရှောင်အန်းအပေါ် မလျှော်ကန်သော ဆက်ဆံရေးများ ရှိပါသည်ဟု မဟုတ်မမှန် စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း သိရှိသွားကြတော့သည်။ ရှောင်အန်းမှာ စိတ်နှလုံး ကောင်းမွန်သဖြင့် အမှုမဖွင့်ခဲ့သော်လည်း စိုက်ပျိုးရေးခြံမှ လူများကမူ ၎င်းတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ကိစ္စကို အဆုံးအထိ စုံစမ်းစစ်ဆေးရန် သန္နိဋ္ဌာန်ချထားကြသည်။
ရှောင်အန်းမှာမူ ဤကိစ္စနှင့် ပတ်သက်၍ တော်တော်လေး အားနာမစွမ်း ဖြစ်နေရသည်။
အားနာစိတ် ဖြစ်ပေါ်နေမိသော အန်းမင်ဟွာသည် အိမ်တွင် ပန်းချီဆွဲနေခဲ့သည်။ မနေ့ညက ချင်လဲ့က သူမအား ဂျီကျပူဆာနေခဲ့သဖြင့် သူ့အတွက် ပုံတူပန်းချီတစ်ခု ဆွဲပေးမည်ဟု ကတိပေးခဲ့သည်ကို သတိရသွားသည်။ သို့ဖြစ်ရာ သူမ စက္ကူအသစ်တစ်ရွက်ကို ဖြန့်ခင်းလိုက်သည်။ များစွာ ပြန်လည်တွေးတောနေရန် မလိုဘဲ သူမ၏ လက်သည် စက္ကူပေါ်တွင် အလိုအလျောက် ရွေ့လျားသွားတော့သည်။
ချင်လဲ့က သူမအား ဆက်တိုက် ပူဆာနေခြင်းမှာ မဆန်းပါချေ။ သူမ ပန်းချီစတင်သင်ယူကတည်းက သူ့အတွက် ပုံတူပန်းချီ တစ်ခါမျှ မဆွဲပေးဖူးသေးချေ။
ယခုခေတ်ကာလတွင် ပုံတူပန်းချီဆွဲခြင်းမှာ ခေတ်နောက်ကျနေပြီဟု ထင်ရသည်။ အဘယ်ကြောင့်ဆိုသော် ကင်မရာများ ရှိနေပြီ မဟုတ်ပါလား။ တစ်လက်မ၊ နှစ်လက်မ အရွယ်အစား ဓာတ်ပုံတစ်ပုံ ရိုက်ကူးလိုက်ပြီး ၎င်းကို ပိုက်ဆံအိတ်ထဲတွင်ဖြစ်စေ၊ အိတ်ကပ်ထဲတွင်ဖြစ်စေ ထည့်ထားပါက သယ်ဆောင်ရ လွယ်ကူပေသည်။ ကြည့်ချင်သည့်အခါ အလွယ်တကူ ထုတ်ကြည့်နိုင်ပြီး လက်ဖဝါးခန့်မျှပင် မရှိသဖြင့် ကြည့်ရှုရန် အလွန် အဆင်ပြေလှသည်။
သူမ ကိုယ်တိုင် ဆွဲထားသော ပုံတူပန်းချီမှာမူ ခဲဆံ သို့မဟုတ် ဆေးရောင်များကြောင့် အရောင်မှိန်သွားလိမ့်မည် မဟုတ်သလို စက္ကူကို ခေါက်ထားခြင်းကလည်း ပုံရိပ်ကို ပျက်စီးစေမည် မဟုတ်ပါချေ။ သို့သော် ၎င်းကို ကြည့်ရှုရန်အတွက် ဖြန့်ရမည်ဖြစ်ပြီး ဖြန့်လိုက်သည်နှင့် တပြိုင်နက် လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားပေလိမ့်မည်။
ဤသို့ တွေးတောကြည့်ရာ သူမနှင့် ချင်လဲ့တို့သည် မင်္ဂလာဆောင်သည့်နေ့က တစ်ပုံတည်းသာ ဓာတ်ပုံရိုက်ဖူးကြသေးသည်ဟု ထင်ရသည်။ ထိုနောက်ပိုင်းတွင် ဓာတ်ပုံထပ်မရိုက်ကြတော့ချေ။ ပင်းအန်းနှင့်အတူ မိသားစုဓာတ်ပုံပင် မရိုက်ဖူးကြသေးပါချေ။ ဒီအတိုင်းတော့ မဖြစ်ချေ။ သူမ ပင်းအန်းကို ခေါ်ပြီး ဓာတ်ပုံသွားရိုက်ရန် သေချာပေါက် စီစဉ်ရမည်။
သူမ၏ ခဲတံသည် ချင်လဲ့၏ နှုတ်ခမ်းထောင့်စွန်းကို ပုံဖော်နေသည်။ သူ၏ ပါးလွှာသော နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွတ်တက်နေပုံကို ကြည့်ရုံမျှဖြင့် အန်းမင်ဟွာသည် စက္ကူပေါ်မှ ရုန်းထွက်လာနေသည့် စူးရှပြီး စွမ်းအင် ပြည့်နှက်နေသော ချင်လဲ့၏ တောက်ပသည့် ဖီးနစ်မျက်ဝန်းအစုံကို မြင်ယောင်လာမိသည်။
သူမ၏ စိတ်သည် တဖြည်းဖြည်းချင်း လွင့်မျောသွားခဲ့သည်။ ချင်လဲ့၏ ပုံကိုသာ ဆွဲနေရခြင်းက ဘာများ စိတ်ဝင်စားစရာ ရှိသနည်း။ ဤမင်နှင့် ဆေးရောင်များ ဆွတ်ဖျန်းထားသော စုတ်တံကို ချင်လဲ့၏ တကယ့် ခန္ဓာကိုယ်ပေါ်တွင် အသုံးပြုလိုက်ပါက မည်ကဲ့သို့သော ခံစားချက်မျိုး ဖြစ်ပေါ်လာမည်နည်းဟု သူမ တွေးတောမိသွားကာ သူမ၏ လက်ကလေး တန့်သွားခဲ့သည်။
ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်မှာလား။
"အဒေါ်အန်း... အဒေါ်အန်း... အိမ်မှာ ရှိလား"
သူမသည် အေးအေးလူလူ ပန်းချီဆွဲနေရင်းဖြင့် မိမိဘာသာ တွေးတောမိသည်များကို တွေးကာ မျက်နှာလေး နီရဲသွားရသည်။
ဝမ်တနျိုနှင့် လျန့်တုန်းဖန်တို့၏ အသံကို ကြားလိုက်ရသဖြင့် အန်းမင်ဟွာသည် စုတ်တံကို အမြန်ချ၍ အပြင်သို့ ထွက်လာခဲ့သည်။
"ရှိတယ်!"
ကလေးနှစ်ယောက်မှာ ခြံဝင်းတံခါးဝတွင် ရပ်နေကြသည်။ လျန့်တုန်းဖန်၏ ရင်ခွင်ထဲတွင် ဖြူဖြူဖွေးဖွေးနှင့် အမွေးပွပွ အရာတစ်ခုကို ပွေ့ချီထားသည်။
"အဒေါ်အန်း... ကြည့်ပါဦး!"
လျန့်တုန်းဖန်က သူပွေ့ချီထားသော အရာကို မြှောက်ပြလျက် ပြောလိုက်သည်။
"သမီးတို့ တောင်ပေါ်မှာ ရှာတွေ့ခဲ့တာ။ အဒေါ်အန်း... သူ့ကို မွေးမလားဟင်။"
၎င်းမှာ ခွေးပေါက်စလေး တစ်ကောင် ဖြစ်ပြီး သူ၏ မျက်လုံးအထက်ရှိ အမည်းကွက်နှစ်ကွက်— မျက်ခုံးမွှေးနေရာမှအပ တစ်ကိုယ်လုံး ဖွေးဖွေးလှုပ်အောင် ဖြူစင်နေသည်။ ကြည့်ရသည်မှာ ငတုံးလေးတစ်ယောက်နှင့် တူလှပေသည်။
ခွေးပေါက်လေးသည် သူစိမ်း၏ အနံ့ကို ရရှိသွားပုံရသည်။ သူ၏ မျက်ခွံကို ပင့်လျက် လှမ်းကြည့်လိုက်ရာ အန်းမင်ဟွာသည် ရေကန်ရေပြင်အလား ကြည်လင်တောက်ပနေသော အရည်လဲ့သည့် မျက်ဝန်းအစုံကို ချက်ချင်း မြင်လိုက်ရသည်။
ဘာငတုံးလဲ။ ဒီလောက်လှတဲ့ မျက်ဝန်းတွေ ရှိနေတာကို ငတုံးတစ်ကောင် ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
"အဒေါ်အန်း... သမီးတို့ တွေ့တုန်းက သူတစ်ကောင်တည်း ရှိနေတာ။ ဘယ်လောက်တောင် ဆာနေခဲ့လဲ မသိဘူး။"
လျန့်တုန်းဖန်က ခွေးပေါက်လေးကို ချစ်စနိုး ကြည့်ရှုရင်း ပြောလိုက်သည်။
"သမီးအမေကတော့ လုံးဝ ပေးမမွေးဘူး။ အဒေါ်အန်း မွေးပေးမလားဟင်။"
"မွေးတာပေါ့။"
အန်းမင်ဟွာက ပြောဆိုလျက် ထိုမျက်ခုံးမည်းမည်းနှင့် ခွေးပေါက်လေး၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"ငါ စောင့်ရှောက်ပေးပါ့မယ်။"
လျန့်တုန်းဖန်နှင့် ဝမ်တနျိုတို့မှာ ဝမ်းသာအားရဖြင့် သုံးတောင်ခန့် အမြင့်သို့ ခုန်တက်သွားကြသည်။
"အဒေါ်အန်းက အကောင်းဆုံးပဲဆိုတာ ကျွန်တော်တို့ သိသားပဲ!"
အကောင်းဆုံး အဒေါ်အန်းသည် အိမ်အနှံ့ အေးအေးလူလူ လျှောက်လှမ်းကာ အဖွဲ့ဝင်အသစ်လေး ဖြစ်သော "မျက်ခုံးမည်းလေး" အတွက် မြက်ခြံထဲတွင် နေရာတစ်ခု ရှာဖွေပေးပြီး ခွေးအိပ်ရာလေးတစ်ခု ပြုလုပ်ပေးလိုက်သည်။ ထို့ပြင် သူမသည် သူ့အား စမ်းရေ အနည်းငယ်ကိုလည်း တိုက်ကျွေးလိုက်သေးသည်။
သူမသည် နေရာလွတ်ထဲမှ ပြုတ်ထားသော ကြက်ဥတစ်လုံးကို ယူကာ အကြေချေလျက် ပေါက်စီအစအနများနှင့် ရောစပ်ပြီး ခွေးပေါက်လေးအား ကျွေးမွေးလိုက်သည်။ မျက်ခုံးမည်းလေးသည် ဝမ်းဗိုက် ခုံးထွက်လာသည်အထိ စားသောက်ပြီးနောက် ပင်ကိုယ်ဗီဇအရ သူ၏ မြက်အသိုက်ထဲသို့ တွားဝင်ကာ သစ်တုံးလေးတစ်တုံးအလား လှဲလျောင်းအိပ်ပျော်သွားတော့သည်။
အန်းမင်ဟွာသည် သူမ၏ နေ့လယ်စာကို စားသောက်ပြီးနောက် ၎င်းအား ကြည့်ရှုရန် မြက်ခြံသို့ ပြန်လာခဲ့ရာ မျက်ခုံးမည်းလေးသည် ကြက်ပေါက်စလေးများနှင့် ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။ သူသည် မပီမပြင်ဖြင့် ကြက်ကလေးများအပေါ်သို့ ခုန်အုပ်လိုက်ရာ မိမိထက် နှစ်ဆခန့်ကြီးသော ကြက်ပေါက်လေးကို ဖိထားနိုင်ခဲ့သော်လည်း အားအင်နည်းပါးမှုကြောင့် ပြန်လွတ်ထွက်သွားကာ ကြက်ကလေးပေါ်မှ လိမ့်ကျသွားခဲ့သည်။
အန်းမင်ဟွာသည် ထိုချစ်စဖွယ် အပြုအမူလေးကြောင့် အလွန်အမင်း သဘောကျသွားရသဖြင့် ချင်လဲ့၏ ပုံတူပန်းချီကို ဘေးဖယ်ထားလိုက်ကာ "ကြက်များနှင့် ဆော့ကစားနေသော မျက်ခုံးမည်းလေး" ဟု အမည်ရသည့် ပန်းချီအသစ်တစ်ခုကို အစားထိုးရေးဆွဲလိုက်ပြီး ခေတ္တမျှ သဘောကျစွာ ကြည့်ရှုပြီးနောက် ၎င်းကို နေရာလွတ်ထဲသို့ ထည့်သွင်းလိုက်သည်။
"ဓားမကြီးတွေနဲ့ သရဲတစ္ဆေတွေရဲ့ ခေါင်းကို ခုတ်ပိုင်းကြ! မျိုးချစ်စိတ်ရှိတဲ့ ဓနသဟာယ ရဲဘော်အပေါင်းတို့... ခုခံတွန်းလှန်ရမယ့်နေ့ ရောက်ရှိလို့လာပြီ... ခုခံတွန်းလှန်ရမယ့်နေ့ ရောက်ရှိလို့လာပြီ..."
ပင်းအန်းသည် သူ၏ ကျောင်းလွယ်အိတ်လေးကို လွယ်ထားလျက် ယနေ့ ကျောင်းတွင် ပူပူနွေးနွေး သင်ယူခဲ့ရသော သီချင်းကို ကျယ်လောင်ကြည်လင်စွာ သီဆိုနေခဲ့သည်။ သူ ခြံဝင်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် မျက်ခုံးမည်းလေး မြေပြင်ပေါ်တွင် လိမ့်ပတ်ဆော့ကစားနေသည်ကို မြင်လိုက်ရသည်။
"မေမေ... သားပြန်လာပြီ! သားမှာ ညီလေး ဒါမှမဟုတ် ညီမလေး ရပြီလားဟင်။"
"ဘာညီလေး ညီမလေးလဲ။"
အန်းမင်ဟွာက မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်ကြည့်လိုက်သည်။
ပင်းအန်းက ခွေးပေါက်လေးကို ညွှန်ပြလျက် ပြောလိုက်သည်။
"သူလေ! သူက ညီလေးလား ညီမလေးလား။"
"ညီလေးပေါ့။"
အန်းမင်ဟွာက မီးမွှေးနေရင်းဖြင့် မီးဖိုချောင်ထဲသို့ ခေါင်းပြန်သွင်းကာ ပြန်ဖြေလိုက်သည်။
"သူ့နာမည်က မျက်ခုံးမည်းလေးတဲ့။ သားရဲ့ ညီလေးနဲ့ သွားဆော့ချေ။"
ပင်းအန်းသည် မျက်ခုံးမည်းလေး၏ ဂျိုင်းအောက်မှ ကိုင်ကာ မချီလိုက်သည်။ ခွေးပေါက်လေးမှာမူ မတတ်သာဘဲ သူ၏ လည်ပင်းနှင့် ခြေလက်များကို ဆန့်ထုတ်နေရရုံသာ ရှိတော့သည်။ ထို့နောက် ပင်းအန်းက သူ့ကို လက်နှစ်ဖက်ဖြင့် ရင်ခွင်ထဲသို့ ပွေ့ပိုက်လိုက်သည်။
သူ အပြင်သို့ လှမ်းထွက်လိုက်စဉ် အိမ်နီးနားချင်းဖြစ်သူ ကျန်းကျန့်ဟွာ အိမ်ပြန်လာသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရသည်။ သူသည် ပြုံးရွှင်သော မျက်နှာထားဖြင့် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာနေ့လယ်ခင်းပါ ဦးဦးကျန်း! ဒီနေ့ စစ်ရေးလေ့ကျင့်ရတာ ပင်ပန်းနေပြီမလား။ ကြည့်ပါဦး... ဒါက သားရဲ့ ညီလေးလေ!"
ကျန်းကျန့်ဟွာက သေချာကြည့်ရှုလိုက်ပြီးနောက် မရယ်ဘဲ မနေနိုင်တော့ချေ။
"ဟားဟား... ကြည့်ရတာ ဂျပန်သရဲကောင်လေးနဲ့ တူတယ်!"
"ဦးဦးကလည်း... သူ့နာမည်က မျက်ခုံးမည်းလေးပါ၊ သရဲကောင် မဟုတ်ပါဘူး! သရဲကောင်တွေကို အကုန်သတ်ရမှာ— မျက်ခုံးမည်းလေးက သားတို့ဘက်တော်သား!"
မျက်ခုံးမည်းလေးအား ကျန်းကျန့်ဟွာထံတွင် ကြွားဝါပြီးနောက် ပင်းအန်းသည် တပေါင်နှင့် နျိုနျိုတို့ကို ရှာဖွေရန် ပြေးထွက်သွားခဲ့သည်။ ချင်လဲ့ အိမ်သို့ ပြန်ရောက်လာချိန်တွင် ပတ်ဝန်းကျင်ရှိ ရပ်ကွက်အချို့မှာ ပင်းအန်းတွင် "မျက်ခုံးမည်းလေး" ဟု အမည်ရသည့် ခွေးပေါက်စ ညီလေးအသစ် တစ်ကောင် ရှိနေပြီဖြစ်ကြောင်း သိရှိသွားကြပြီ ဖြစ်သည်။
"ဖေဖေ... ကြည့်ပါဦး! မေမေက ခွေးပေါက်လေး တစ်ကောင် မွေးထားတယ်!"
ထိုနေ့တွင် အန်းမင်ဟွာသည် အသားဆော့စ် ခေါက်ဆွဲ ပြုလုပ်ထားသည်။ သူမသည် ချင်လဲ့ ပြန်ရောက်လာသည်ကို မြင်လျှင် သားအဖနှစ်ဦးအား လှမ်းအော်လိုက်သည်။ "လက်ဆေးကြတော့... ထမင်းစားရအောင်!"
သူမသည် ပြုံးလျက် ချင်လဲ့ကို ကြည့်ကာ ပြောလိုက်သည်။"ဒီနေ့ ဝမ်တနျိုနဲ့ လျန့်တုန်းဖန်တို့ လာပေးသွားတာ။ တောင်ပေါ်က သစ်ပင်အောက်မှာ ရှာတွေ့ခဲ့တာတဲ့။ ရှင့်ရဲ့ သားကတော့ သူ့ကို အရမ်းသဘောကျနေတာ... တစ်ရပ်ကွက်လုံးပတ်ပြီး လိုက်ကြွားနေတာလေ!"