အခန်း ၄၆
Vol. 5 Ch. 46
အရင်းရှင်မမလေးအဖြစ် စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း
အပိုင်း ၄၆
"သူက ခွေးကောင်းတစ်ကောင်ပဲ။"
ဧည့်ခန်းမဆောင်ကြီး၏ တံခါးမှာ ပွင့်နေပြီး ထိုအထဲတွင် မိသားစုသုံးယောက် စားပွဲ၌ ထမင်းစားနေကြစဉ် မျက်ခုံးမည်းလေးမှာမူ ခြံဝင်းထဲတွင် ကြက်ကလေးများနှင့် ဆော့ကစားနေသည်။
အန်းမင်ဟွာနှင့် ပင်းအန်းတို့သည် မျက်ခုံးမည်းလေး၏ မပီမပြင်နှင့် ချစ်စဖွယ် အပြုအမူလေးများကြောင့် သဘောကျနေကြစဉ် ချင်လဲ့၏ မှတ်ချက်စကားကို ကြားလိုက်ရသဖြင့် အန်းမင်ဟွာက "ဟင်... ရှင် ဘယ်လိုသိတာလဲ" ဟု စူးစမ်းစွာ မေးလိုက်သည်။
"သူ အမြဲတမ်း ဘယ်နေရာကို ကိုက်လဲဆိုတာ သေချာကြည့်။"
"ကြက်ကလေးရဲ့ လည်ပင်းပဲ!"
ပင်းအန်းက စိတ်အားထက်သန်စွာ ဝင်ရောက်ဖြေကြားလိုက်သည်။
ပင်းအန်း ဆက်ပြောခဲ့သည်။ "ဒါပေမဲ့ မျက်ခုံးမည်းလေးက အားနဲ့ မကိုက်ဘူး!"
ထိုစဉ် ကြက်ကလေးမှာ အန္တရာယ်ကို အာရုံခံမိသွားပုံရပြီး သူ့ကို ခါထုတ်ပစ်လိုက်သည်။ မျက်ခုံးမည်းလေးမှာ ပက်လက်လန်ကာ ဝမ်းဗိုက်လေး အပေါ်ထောင်သွားသော်လည်း စိတ်မပျက်ဘဲ ကြက်ကလေးဆီသို့ ချက်ချင်း ပြန်ခုန်အုပ်လိုက်ပြန်သည်။
မိသားစုသုံးဦးမှာ ခွေးနှင့် ကြက်ကလေး ဆော့ကစားနေသည်ကို ကြည့်ကာ အလွန် သဘောကျနေကြသည်။
ထိုစဉ် ဝါဒဖြန့်ချိရေးဌာနမှ အရာရှိငယ်လေး ရှောင်ဝမ်သည် အနီရောင်ပန်းကြီးတစ်ပွင့်ကို ကိုင်ဆောင်လျက် လမ်းမများအတိုင်း အန်းမင်ဟွာ၏ အိမ်ဆီသို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းလာခဲ့သည်။
"မရီး! ကျွန်တော် ဝါဒဖြန့်ချိရေးဌာနကို ကိုယ်စားပြုပြီး မရီးကို ကျေးဇူးတင်ဖို့ လာတာပါ!"
ထိုအချိန်သည် မိသားစုဝင်းအတွင်း အလွန် သက်ဝင်လှုပ်ရှားနေသော အချိန် ဖြစ်သည်။ တပ်စခန်းရှိ အားလပ်သူတိုင်း အိမ်ပြန်၍ ထမင်းစားနေကြပြီး ကလေးများမှာလည်း တစ်နေ့လုံး အပြင်၌ ဆော့ကစားပြီးနောက် ပြန်ရောက်နေကြပြီ ဖြစ်သည်။ ရှောင်ဝမ်၏ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်သံကြောင့် လမ်းမပေါ်ရှိ လူတိုင်း ချက်ချင်းပင် အပြင်သို့ ထွက်ကြည့်ကြတော့သည်။
ရှေ့ဘက်လမ်းမှ ကျောက်မေ့ယွီသည် သူမ၏ နောက်ဘက်ပြတင်းပေါက်ကို တွန်းဖွင့်ကာ အပြင်သို့ ခေါင်းထွက်ကြည့်လိုက်သည်။ သူမသည် တံခါးနားတွင် နုံးချိပြီး အားအင်ကုန်ခမ်းစွာ ရပ်နေသော စုချင်ကို လှမ်းမြင်လိုက်ရသဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
စုချင်သည် နံရံကို မှီလျက် ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပြီး အားနည်းသောအသံဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ငါက အစက မင်ဟွာဆီမှာ ဘာတွေဖြစ်နေလဲလို့ ကြည့်မလို့ပဲ၊ ဒါပေမဲ့ အခု နင့်ကိုကြည့်ရတာ တစ်မျိုးကြီးပဲ။ ဘာဖြစ်တာလဲ၊ မနေ့ညက တိတ်တဆိတ် အပြင်ထွက်ပြီး မိုင်းသွားထောင်နေတာလား။ မျက်ကွင်းတွေလည်း ညိုလို့၊ လက်တွေ ခြေထောက်တွေလည်း တုန်နေပါလား။"
စုချင် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိသည်။ သဝန်တိုတတ်သည့် အမျိုးသားများကို တကယ်ပဲ သွားမရှုပ်သင့်ပါချေ။ ရက်အနည်းငယ် ရှိနေပြီဖြစ်သော်လည်း သူမ သူ့ကို စိတ်ပြန်ကောင်းအောင် မချော့နိုင်သေးချေ! ယနေ့ဆိုလျှင် သူမ ကုတင်ပေါ်ကပင် မထနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။
သူမသည် ကျောက်မေ့ယွီကို ထုံထိုင်းစွာ ကြည့်လိုက်ပြီး သူမ၏ မျက်နှာအမူအရာက နင်လည်း သိရဲ့သားနဲ့ မမေးစမ်းပါနဲ့ ဟု ပြောနေသကဲ့သို့ပင်။ ကျောက်မေ့ယွီ ချက်ချင်း သဘောပေါက်သွားခဲ့သည်။
သူမသည် စုချင် စိုက်ပျိုးရေးခြံတွင် ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ မသိသော်လည်း မစနောက်ဘဲ မနေနိုင်ခဲ့ပေ။
"နင်တို့နှစ်ယောက် ကျန်းတပေါင်နဲ့ ကျန်းနျိုနျိုတို့အတွက် မောင်လေး ညီမလေးတစ်ယောက် ထပ်ယူဖို့ ပြင်နေကြတာလား"
"တကယ်လား။"
လျန်မေ့ယွင်မှာ ထိုလမ်းမှ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်လျှောက်လာခဲ့ရာ စကားစု၏ အဆုံးသတ်ကို ကြားလိုက်ရသဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
"နင်တို့အားလုံး တကယ်ပဲ ကလေးတွေ စပြီး ယူသင့်နေပြီ။ ပြီးခဲ့တဲ့ အစည်းအဝေးမှာတောင် တစ်ယောက်က ထုတ်ပြောသေးတယ်၊ အရာရှိငယ်လေးတွေက သားဆက်ခြားပစ္စည်းတွေကို သုံးတာ သိပ်မြန်လွန်းနေတယ်တဲ့။"
ထိုမရီးကြီး၏ စကားတစ်ခွန်းကြောင့် အိမ်ထောင်ကျကာစ ဖြစ်ကြသော စုချင်နှင့် ကျောက်မေ့ယွီတို့မှာ ချက်ချင်းပင် မျက်နှာလေးများ နီရဲသွားကြတော့သည်။
လျန်မေ့ယွင်သည် ၎င်းကို များစွာ ဂရုမစိုက်ဘဲ ကျောက်မေ့ယွီ၏ ဘေးရှိ နောက်ပြတင်းပေါက်ကို မှီလျက် လည်ပင်းဆန့်ကြည့်နေသော ဝမ်ရှု့ချင်နှင့် ဆက်၍စကားစမြည် ပြောဆိုနေခဲ့သည်။
"အဒေါ်... ထမင်းစားပြီးပြီလား။"
"မစားရသေးဘူး၊ သူတို့အပြန်ကို စောင့်နေတာ!"
ဝမ်ရှု့ချင်က ပျော်ရွှင်စွာ ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ဒီနေ့ ပဲမှုန့်နဲ့ တောဟင်းသီးဟင်းရွက် မုန့်လုံးပေါင်း လုပ်ထားတာလေ။ သူတို့အတွက် သီးသန့် တောင်ပေါ်က လတ်လတ်ဆတ်ဆတ် အပင်တွေကို သွားခူးထားတာ။ အို... ဒီဘက်ခေတ် ကလေးတွေက ဂျီကျလွန်းတယ်၊ အပင်က နည်းနည်း ရင့်သွားရင် လည်ချောင်းယားတယ်ဆိုပြီး ငြင်းကြတာလေ!"
လျန်မေ့ယွင် ပြန်မပြောတော့ပေ။ ယခုလို ရာသီဥတုမျိုးတွင် ရင့်နေသော အပင်မှာ တကယ်ပင် အရသာ မရှိပါချေ။ သို့သော် ချန်ရှီအန်းမှာ စစ်မြေပြင် လေ့ကျင့်ရေးဆင်းနေသော စစ်သားတစ်ဦးဖြစ်ရာ ဘာမဆို စားနိုင်ပေသည်။ စစ်သားများသည် အစားအစာနှင့် ပတ်သက်လျှင် စံနှုန်း အလွန်နိမ့်ကြသည်။ ဤမှတ်ချက်စကားမှာ ချွေးမဖြစ်သူကို ရည်ရွယ်၍ ပြောဆိုနေခြင်းဖြစ်ကြောင်း သိသာလှပေသည်။
"ဝါဒဖြန့်ချိရေးဌာနက ရှောင်အန်းကို ဘာအတွက် ကျေးဇူးတင်တာလဲ။ ပြီးတော့ ဘာဖြစ်လို့ ရိက္ခာကူပွန်တွေနဲ့ စက်မှုကုန်စည်ကူပွန်တွေပါ ပါနေရတာလဲ။"
လျန်မေ့ယွင် ပြန်မပြောသည်ကို မြင်သော်လည်း ဝမ်ရှု့ချင်မှာ စိတ်မပျက်ဘဲ ထပ်မံမေးမြန်းလိုက်သည်။
"ဝါဒဖြန့်ချိရေးဌာနအတွက် ရှောင်အန်း ဆွဲပေးထားတဲ့ ပိုစတာတွေနဲ့ နံရံကပ်စာစောင်တွေက ပထမဆု ရသွားလို့လေ။"
လျန်မေ့ယွင်က ရိုးရှင်းစွာပင် ရှင်းပြလိုက်သည်။"ဝါဒဖြန့်ချိရေးဌာနက သူမအတွက် ထောက်ပံ့ကြေး လာပေးတာ။"
ယခင်ကမူ မည်သည့်ထောက်ပံ့ကြေးကိုမဆို အန်းမင်ဟွာက တိတ်တဆိတ် သွားရောက်ထုတ်ယူလေ့ ရှိသည်။ သို့သော် ကောရှင်းဟွာ၏ ကိစ္စဖြစ်ပွားပြီးနောက်တွင်မူ ဝါဒဖြန့်ချိရေးဌာနက ယခုအကြိမ်တွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်ခြင်း ဖြစ်သည်။
"အန်းလေးက အဲဒါမျိုးပါ တတ်တာကိုး!"
ဝမ်ရှု့ချင်သည် ရှောင်ဝမ်နှင့် စကားပြောနေသော အန်းမင်ဟွာဘက်သို့ လှမ်းကြည့်လိုက်ရာ သူမ၏ နှလုံးသားထဲတွင် အချစ်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရသည်။ သူမကို ကြည့်ရသည်မှာ နတ်သမီးလေးတစ်ပါးအလား နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိကာ သူမ၏ အပြုံးမှာ ပွင့်လန်းနေသော သစ်ပင်တစ်ပင်ထက်ပင် ပိုတောက်ပလှသည်။ သူမသည် မာနကြီးသူလည်း မဟုတ်ဘဲ လူတိုင်းနှင့် အဆင်ပြေအောင် နေတတ်သည်။ သူမ ဤနေရာသို့ ရောက်ရှိလာသည့် ရက်အနည်းငယ်အတွင်းမှာပင် ဟင်းသီးဟင်းရွက် သွားရောက်ဝယ်ယူသည့် အခါတိုင်း၌ လူတိုင်းက အန်းလေးအကြောင်းကို ကောင်းချီးပေး၍သာ ပြောဆိုကြသည်။
သူမတွင် အလုပ်အကိုင် မရှိသော်ငြား မိသားစုဝင်းအတွင်း အလုပ်အကိုင် စောင့်ဆိုင်းနေရသော စစ်တပ်နီးသည်များစွာ ရှိနေသည့်အနက် ဤမိန်းကလေးမှာ မိမိဘာသာ လမ်းစရှာဖွေနိုင်ခဲ့သည်။ သူမ ယခုရရှိသည့် ထောက်ပံ့ကြေးကို ကြည့်ပါဦး။ ၎င်းမှာ ပုံမှန်အလုပ်တစ်ခု ရရှိထားသည်နှင့် မခြားနားလှသည့်အပြင် အိမ်တွင်လည်း မိမိ၏ အမျိုးသားနှင့် ကလေးကို စောင့်ရှောက်နိုင်သေးသည်။
ဝမ်ရှု့ချင်သည် အနည်းငယ် မနာလိုစိတ်ဖြင့် စောင့်ကြည့်နေခဲ့သည်။ လူတွေက ဒီလိုမျိုး ချွေးမတွေကို ဘယ်နေရာကနေ ရှာတွေ့တာပါလိမ့်။
"အမေ! သမီးပြန်လာပြီ။"
ဟဲဝမ်ဝမ်က လှမ်းအော်လိုက်သည်။ သူမသည် ယနေ့ တစ်နေ့လုံး အလုပ်တွင် အချိန်ပြည့် လုပ်ဆောင်ခဲ့ရသည်။ သူနာပြုဆရာမတစ်ဦး ဖြစ်ရခြင်းမှာ မည်သည့်အခါမျှ မလွယ်ကူလှပါချေ။
အလုပ်ဆင်းချိန်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးက ယနေ့ ကန်တင်းတွင် ငါးသလောက်မြီး ဆော့စ်ချက် ကျွေးကြောင်း ပြောပြခဲ့သည်။ အသစ်ရောက်လာသော ထမင်းချက်ကြီးမှာ ဒေသခံတစ်ဦးဖြစ်ပြီး ပင်လယ်စာကို အလွန် ကောင်းမွန်စွာ ချက်ပြုတ်တတ်ကာ အထူးသဖြင့် ငါးသလောက်မြီးဆော့စ်ချက်နှင့် ပဲငပိငါးပေါင်းတို့မှာ နာမည်ကြီးလှသည်။ ထိုငါးဟင်းရည် အနည်းငယ်မျှဖြင့်ပင် ထမင်းနှစ်ပန်းကန်ခန့် ကုန်အောင် စားနိုင်ပေသည်။
ဟဲဝမ်ဝမ်သည် အနည်းငယ် ဝေခွဲမရဖြစ်သွားပြီးနောက် သူမ၏ အိတ်ကပ်ထဲမှ ကူပွန်စာအုပ်ငယ်လေးကို ပွတ်သပ်ကာ ကန်တင်းသို့ သွား၍ ငါးဟင်းတစ်ပွဲ ဝယ်ယူခဲ့သည်။ ယနေ့ ငါးသလောက်မြီးမှာ တော်တော်လေး ကြီးမားလှပြီး သူမ၏ လက်ဖဝါးခန့်မျှ ကျယ်ဝန်းသည်။ တစ်ပွဲလျှင် လေးယွမ် ကျသင့်ပေသည်။ သူမသည် အလူမီနီယံ ထမင်းချိုင့်ကို ကိုင်ဆောင်လျက် ဟင်းရည်တစ်ယောက်စာပါ ထပ်မံထည့်ပေးရန် တောင်းဆိုခဲ့သည်။
ဟင်းခတ်ပေးသော အမျိုးသမီးက သူမကို သိသည်။ ဟင်းရည်ပိုပေးရန် တောင်းဆိုသံကို ကြားရသောအခါ သူမသည် ဟဲဝမ်ဝမ်ကို ကြည့်လိုက်သည်။ အပြစ်တင်သည့် အကြည့်မျိုးမဟုတ်ဘဲ စူးစမ်းသည့် အကြည့်မျိုးသာ ဖြစ်သည်။ ထို့နောက် နွေးထွေးစွာ ပြုံးလျက် ထမင်းချက်ကြီး၏ ငါးဟင်းရည်က တကယ်ကို လူကြိုက်များကြောင်း ပြောဆိုလိုက်သည်။ သို့သော်ငြားလည်း ဟဲဝမ်ဝမ်၏ မျက်နှာမှာ အရှက်ပြေ၍ ပူထူသွားခဲ့ရသည်။
အိမ်သို့ ပြန်ရောက်သောအခါ သူမသည် အပြုံးကို ထိန်းထားဆဲ ဖြစ်သည်။
"အမေ... ရှီအန်းက ဒီနေ့ ပြန်မလာဘူးတဲ့။ ကျွန်မတို့နှစ်ယောက်ထဲ ဘာစားကြမလဲ။"
ထိုစဉ် မီးဖိုဘေးရှိ ပန်းကန်ပြားကို သူမ မြင်လိုက်ရသည်။ ဟင်းသီးဟင်းရွက် မုန့်လုံးပေါင်းလေးလုံးနှင့် ဆီစက်တစ်စက်မျှ မရှိဘဲ ဥပွင့်လေးအချို့ မျောပါနေသော ရေမှော်ဟင်းချို သေးသေးလေးတစ်ခွက်သာ ရှိသည်။
မနေ့ညက ချန်ရှီအန်း အိမ်တွင် ရှိစဉ်ကမူ သူတို့သည် ညှပ်ခေါက်ဆွဲအသေးစားကို တစ်ခုခုနှင့် ရောစပ်စားခဲ့ကြရာ ကြက်သွန်ဖြူဆော့စ် အရသာရပြီး အလွန် ကောင်းမွန်လှသည်။ သို့သော် ယနေ့တွင်မူ— မုန့်လုံးပေါင်း သက်သက်ပဲလား။
သူမ အိမ်ထောင်မကျမီက အဆောင်တွင် နေထိုင်ကာ ကန်တင်းတွင် စစားသောက်ခဲ့သည်။ အကယ်၍ ထမင်းစားဆောင်မှ အစားအစာ အရသာမရှိပါက သူမ၏ အဒေါ်ဖြစ်သူက သူမအား ခေါ်၍ ကောင်းမွန်စွာ ကျွေးမွေးလေ့ရှိသည်။ သူမ၏ အဒေါ်ဖြစ်သူက သူမအား ကျေးလက်တောရွာမှ ခေါ်ဆောင်လာခဲ့ကတည်းက ဤကဲ့သို့သော ရိုးရိုးဟင်းသီးဟင်းရွက် မုန့်လုံးပေါင်းမျိုးကို သူမ တစ်ခါမျှ မစားခဲ့ရတော့ချေ။
"ဝမ်ဝမ်... ပြန်လာပြီလား! ဒီနေ့ ဘာလို့ ဒီလောက်တောင် နောက်ကျရတာလဲ။"
ဝမ်ရှု့ချင်သည် ခုံတန်းလျားလေးပေါ်မှ ဆင်းကာ လှည့်ကြည့်လိုက်သည်။
"နင် ချက်ချင်း ပြန်မလာသေးဘူး ထင်လို့— ငါ အပြင်က ဆူညံဆူညံ ဖြစ်နေတာကို ထွက်ကြည့်နေတာ!"
"ဘာတွေ ဆူညံနေလို့လဲ။"
"ဟိုးနောက်က အန်းလေးလေ... ဒုတိယ တပ်ခွဲမှူးချင်ရဲ့ မိသားစုက... သူမက ဝါဒဖြန့်ချိရေးဌာနကို ကူညီပေးလို့ဆိုလားပဲ၊ အဲဒါကြောင့် သူတို့က သူမကို ထောက်ပံ့ကြေး လာပေးကြတာ။ အဲဒီအလုပ်က တကယ်ကောင်းတာပဲလို့ ငါထင်တယ်။ စာရေးတာ ပုံဆွဲတာလောက်ပဲဆိုတော့ အချိန်အများကြီး မပေးရဘူး၊ အိမ်မှုကိစ္စလည်း မပျက်ဘူးလေ။ သူမရဲ့ အမျိုးသားနဲ့ ကလေးကိုလည်း စောင့်ရှောက်နိုင်သေးတယ်။ အဲဒါ ဘယ်လောက် ကောင်းလဲ။"
"နင်နဲ့ ရှီအန်းကို ကြည့်ပါဦး။ နင်တို့နှစ်ယောက်စလုံးက... ငါသာ ဘေးနားမှာ မရှိရင် ဘယ်လို ဘဝမျိုးနဲ့ ရှင်သန်နေကြမလဲ မသိဘူး။"
ဘယ်လို ဘဝမျိုးလဲ။ သေချာပေါက် ဟင်းသီးဟင်းရွက် မုန့်လုံးပေါင်း စားရမည့် ဘဝမျိုးတော့ မဟုတ်ပါချေ။
ဟဲဝမ်ဝမ်သည် ရင်ထဲတွင် ဒေါသအချို့ လှိုက်တက်လာရသည်။ သူမသည် အလူမီနီယံ ထမင်းချိုင့်ကို စားပွဲပေါ်သို့ တင်လိုက်သော်လည်း လက်ကို စောစီးစွာ လွှတ်လိုက်မိသဖြင့် ထမင်းချိုင့်မှာ စားပွဲပြင်ပသို့ ကျယ်လောင်သောအသံဖြင့် မြည်သွားခဲ့သည်။
"ဒီနေ့ ကန်တင်းမှာ ငါးသလောက်မြီး ဆော့စ်ချက် ကျွေးလို့။ ကျွန်မ တစ်ပွဲ ဝယ်လာတယ်၊ မြည်းကြည့်လှည့်ဦး။"
သူမ အဖုံးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ငါးသလောက်မြီးချက်၏ မွှေးကြိုင်သော ရနံ့မှာ လှိုင်ခနဲ ထွက်ပေါ်လာခဲ့သည်။ ငါးမှာ လှပသော နီညိုရောင်ဖြင့် တောက်ပနေသည်။ ဟဲဝမ်ဝမ်သည် မုန့်လုံးပေါင်း ပန်းကန်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
"ကန်တင်းက ထမင်းချက်ကြီးက ငါးသလောက်မြီးကို ကော်ငးကောင်း ချက်တတ်တာ။ အမှန်အတိုင်းပြောရရင် ဒါက ထမင်းနဲ့စားရင် အကောင်းဆုံးပဲ။ အမေ မုန့်လုံးပေါင်း လုပ်ထားမှန်း သိရင် ထမင်းတစ်ပွဲပါ တစ်ခါတည်း ဝယ်လာခဲ့မှာ။"
"ငါက နွေဦးအစောပိုင်းမှာ ဟင်းသီးဟင်းရွက် သိပ်မရှိဘူးလို့ တွေးမိလို့ပါ။ သမဝါယမဆိုင်မှာလည်း ဂေါ်ဖီထုပ်နဲ့ မုန်လာဥပဲ ရှိတာ၊ အဲဒါတွေကလည်း မသက်သာဘူးလေ။ တောဟင်းသီးဟင်းရွက်တွေလောက် မကောင်းပါဘူး။"
ဝမ်ရှု့ချင်က သူမအား မုန့်လုံးပေါင်းတစ်လုံး ကမ်းပေးရင်း ပြောလိုက်သည်။
"ပဲမှုန့်နဲ့ လုပ်ထားတာ... ငါ ကောင်းကောင်း လုပ်တတ်ပါတယ်။ ဟိုးတုန်းက ရွာမှာဆိုရင် နွေဦးရာသီဆို တောဟင်းသီးဟင်းရွက်တွေပဲ စားကြတာ။ အနီးနားက တောင်တွေ လယ်ကွင်းတွေထဲမှာ အပင်တောင် ရှာမရဘူး။ ရင့်နေတဲ့ အပင်ကိုတောင် ငါ အရသာရှိအောင် လုပ်နိုင်တယ်!"
ဟဲဝမ်ဝမ်က အင်းဟုသာ ခပ်တိုးတိုး အော်လိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။ သူမ၏ တရုတ်တူဖြင့် ငါးတစ်တုံးကို လှမ်းယူရန် ပြင်လိုက်စဉ် ဝမ်ရှု့ချင်က တန့်သွားခဲ့သည်။
"ဒီငါးသလောက်မြီးက ဈေးမပေါ်ဘူးမဟုတ်လား။ တစ်ပွဲကို လေးယွမ်လောက် ကျသင့်တာမလား။"
"ရပါတယ်— တို့နှစ်ယောက် တစ်ယောက် နှစ်တုံးစီဆို ကွက်တိပဲပေါ့။"
ဝမ်ရှု့ချင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆော့စ်ရည်ထဲသို့ တရုတ်တူကို နှစ်ကာ မြည်းစမ်းကြည့်လိုက်သည်။
"အရသာတော့ ရှိသားပဲ။ ထမင်းချက်က လက်ရာကောင်းတယ်။"
ထို့နောက် သူမသည် မိမိ၏ မုန့်လုံးပေါင်းကိုသာ ကိုင်မြှောက်လျက် ဖြည်းဖြည်းချင်း တစ်ကိုက်ချင်း ကိုက်စားနေတော့သည်။ ထိုငါးဟင်းကိုမူ သူမ တစ်ခါမျှ ထပ်မံ၍ မတို့ထိတော့ပါချေ။
ဟဲဝမ်ဝမ်သည် တစ်တုံး စားပြီးနောက် ဝမ်ရှု့ချင် ငါးမစားသည်ကို သတိပြုမိသွားသည်။
"အမေ... ဘာလို့ မစားတာလဲ။ အရသာ မရှိလို့လား။"
"ငါ မကြိုက်လို့ပါ။ ရှီအန်းအတွက်ပဲ ချန်ထားလိုက်ရအောင်။ သူ စစ်ရေးလေ့ကျင့်တာ နောက်ကျမှ ပြန်လာရင် ဆာနေလိမ့်မယ်။ သူ့ကိုပဲ ကျွေးလိုက်ပါ။"
ဟဲဝမ်ဝမ်သည် သေးငယ်သော မုန့်လုံးပေါင်း လေးလုံးကို ကြည့်လိုက်ပြီးနောက် ဗလာကျင်းနေသော ဘီရိုနှင့် ပြောင်စင်နေသော အိုးကြီးကို လှမ်းကြည့်လိုက်သည်။ ထိုမုန့်လုံးပေါင်းလေးလုံးမှာ သူတို့နှစ်ဦး စားရန်အတွက် ဖြစ်သည်။ သိသာထင်ရှားစွာပင် တစ်ယောက် နှစ်လုံးစီ ဖြစ်သည်။ အကယ်၍ မဝပါက ဟင်းချိုသောက်ပြီး ဝမ်းဗိုက်ကို ရေဖြင့်သာ ဖြည့်ရမည် ဖြစ်သည်။
ချန်ရှီအန်း ဗိုက်ဆာ၍ ပြန်လာသည့်အခါ ဤငါးသလောက်မြီး နှစ်တုံးတည်းဖြင့် ဗိုက်ဝပါ့မည်လော။ သူ အငန်လွန်၍ လည်ချောင်းခြောက်သွားမည်ကို မစိုးရိမ်ဘူးလား။
ထိုအခါမှသာ သူမ ဖြည်းဖြည်းချင်း သဘောပေါက်သွားခဲ့ရသည်။ ၎င်းမှာ ရှီအန်း ပြန်လာလျှင် ဗိုက်ဆာမည်ကို စိုးရိမ်နေခြင်း မဟုတ်ပါချေ။ သူမကို ရည်ရွယ်၍ ပြောဆိုနေခြင်း ဖြစ်သည်။ သူမအား ဤငါးကို မစားစေချင်ခြင်းသာ ဖြစ်ပေသည်။