← Chapters

အခန်း ၁၂၆၁

Vol. 106 Ch. 1261

အခန်း ၁၂၆၁

Vol. 106 Ch. 1261

အခန်း ၁၂၆၁ -

လှိုင်းတံပိုးများ ... ။

ရှေးဟောင်းတန်မိသားစု အိမ်တော်။

ခမ်းနားလှသော နန်းဆောင်ကြီး တစ်ခုအတွင်း၌ စုရီ၊ တန်ကျင်းဟုန်နှင့် တန်လင်းချီတို့ သုံးဦးထိုင်နေကြ၏။

နန်းဆောင်၏ ပတ်ပတ်လည်တွင် အစွမ်းထက်လှသော တားမြစ်အစီအရင်များ ဖုံးအုပ်ထားပြီး အမိန့်မရှိဘဲ မည်သူမျှ ဝင်ရောက်ခွင့် မပြုခဲ့ချေ။

“ ဒီတစ်ခေါက် တာအိုစုကို မကူညီနိုင်ခဲ့တဲ့အတွက် အပြစ်မတင်ဖို့ မျှော်လင့်ရပါတယ်။ ”

တန်ကျင်းဟုန်မှ အလွန်တရာ ရှက်ရွံ့အားနာနေသောအသွင်ဖြင့် ဦးညွှတ်လျက် တောင်းပန်စကားဆိုလိုက်၏။ စုရီမှ ခပ်ဖွဖွ ရယ်မောလျက်၊

“ မင်းတို့ ဒီကိစ္စမှာ ဝင်မရှုပ်တာကိုပဲ ကူညီရာရောက်ပါတယ် ဘာပဲဖြစ်ဖြစ် ... ဒီနေ့ ကိစ္စကြောင့် မင်းတို့တန်မိသားစုကို ဒုက္ခမရောက်စေချင်ဘူး။ ”

- ဟု တုန့်ပြန်သည်။

တိုက်ပွဲကြီးမစတင်မီကပင် သူသည် တန်လင်းချီထံသို့ ပူးပေါင်းသရုပ်ဆောင်ပေးရန် ရှင်းလင်းစွာတောင်းဆိုခဲ့၏။

ထို့ကြောင့်ပင် တိုက်ပွဲတွင် တန်ကျင်းဟုန်သည် အောင့်အီးသည်းခံကာ ကြားနေတစ်ယောက်အဖြစ် ပြသခဲ့၏။

စုရီ၏ ရည်ရွယ်ချက်သည် အလွန်ရိုးရှင်းသည်။ တန်မိသားစုအနေဖြင့် ဤကဲ့သို့သော မုန်တိုင်းကြီးအတွင်းမှ ကင်းလွတ်စေလိုခြင်းပေပင်။

မည်သို့ပင်ဆိုစေကာမူ အမည်ခံအင်‌မော်တယ်ဘုရင် ခုနစ်ပါး၏ နောက်ပါးမှ အင်အားစုတိုင်းသည် သာမန်မဟုတ်ကြချေ။

အကယ်၍ ထိုအင်အားစုများသာ တန်မိသားစုထံသို့ ဦးတည်ကြမည်ဆိုပါက ဒုက္ခများစွာ ပေါ်ပေါက်လာပေလိမ့်မည်။

“ ဒါပေမယ့် အခုထိ အဲဒီကလေး ယုယန်ကတော့ အမှောင်ထဲမှာ ရှိနေတုန်းပဲ။ ”

တန်လင်းချီက ပြုံး၍ ပြောလိုက်၏။ အခန်းအတွင်း လေထုမှာ အလွန်ပင် နွေးထွေး ရင်းနှီးနေပေသည်။ တန်ကျင်းဟုန်မှ ခဏမျှ စဉ်းစားပြီးနောက်၊

“ တာအိုစု ... ဒီတစ်ခေါက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက တုန်လှုပ်စရာကောင်းပြီး ကြီးမားတဲ့ လှိုင်းတံပိုးတွေ ဆောင်ကြဉ်းလာလိမ့်မယ် ငါ သံသယဖြစ်မိတာကတော့ ...

... အချို့သော အင်အားစုကြီးတွေက မင်းရဲ့အထောက်အထားအမှန်ကို မကြာခင်မှာ သိသွားကြမယ်ထင်တယ်။ ”

-ဟု လေးနက်စွာ ပြောလိုက်၏။

ခေတ်အဆက်ဆက် သူတော်စင် အင်မော်တယ်နှင့် အမည်ခံ အင်‌မော်တယ်ဘုရင် ကျဆုံးခြင်းသည် သဘာဝပေပင်။

သို့သော် ယနေ့သည် လုံးဝကွဲပြား၏။ ဤမတိုင်မီ သတ္တမမြောက် ကောင်းကင်တံခါး မြို့တော်၌ အကြိတ်များဖယ်ရှားခြင်းဖြစ်စဉ်မှာ လူတိုင်းရင်ထဲကို လှိုင်းထန်နေဆဲပေပင်။

ဆိုလိုသည်မှာ စုရီနှင့် ရှန့်မူသည် ကောင်းကင်ကိုအန်တုနေသော လူငယ်များသာ ဖြစ်နေပြီး ဤကဲ့သို့သော ဘီလူးနှစ်ကောင် ထွက်ပေါ်လာခြင်းသည် ပုံမှန်မဟုတ်ချေ။

အဖိုးကြီးများအတွက် သံသယဝင်စရာပေပင်။ စဉ်းစားကြည့်သော် လအနည်းငယ်အတွင်းမှာပင် လူငယ်နှစ်ဦးလုံး ထွက်ပေါ်လာခြင်းဖြစ်သည်။

ဤအခြေအနေမျိုးတွင် ထိုအင်အားစုကြီးများသည် သေချာပေါက် စုံစမ်း ထောက်လှမ်းကြပေလိမ့်မည်။

ဤနည်းဖြင့် သဲလွန်စအနည်းငယ်မျှ တွေ့ရှိသွားခဲ့သော် ရေတွက်၍မရနိုင်သော ဒုက္ခများနှင့်ကပ်ဘေးကြီးများ ချက်ချင်း ဖြစ်ပေါ်လာမည်။

“ သူတို့သွားလည်း ကိစ္စမရှိပါဘူး ငါ့ရဲ့လက်ရှိခွန်အားနဲ့ အင်မော်တယ်ဘုရင်ကို ကြောက်နေစရာ မလိုတော့ဘူး။ ”

စုရီမှ ပေါ့ပါးစွာ ဆိုလိုက်၏။ တန်ကျင်းဟုန်နှင့် တန်လင်းချီမှာ အချင်းချင်း ကြည့်လိုက်ပြီး ခေါင်းညိတ်ကုန်ကြသည်။

ယင်းသည် အမှန်ပေပင်။ ပြင်ပ ခွန်အားများမသုံးဆွဲလျှင်ပင် စုရီသည်ချီမင်ကို နှိမ်နင်းသတ်ဖြတ်နိုင်ခဲ့သည်။ ရန်သူများသာ မိုက်မဲမနေပါက အလွယ်တကူ လှုပ်ရှား ဝံ့ကြမည် မဟုတ်ချေ။

“ ဘာပဲဖြစ်ဖြစ် ... ငါ့အမြင်အရတော့ တာအိုစုအနေနဲ့ မုန်တိုင်းကနေ ခဏလောက် ရှောင်ရှားနေတာ အကောင်းဆုံးပဲ ...

... အဲဒီလှိုင်းတံပိုးတွေ ငြိမ်သက်သွားမှ လောကအနှံ့ ပြန်လည် လှည့်လည်တာကလည်း မနောက်ကျပါဘူး။ ”

တန်ကျင်းဟုန်မှ အကြံပြုလိုက်၏။ စုရီမှပြုံးရုံသာပြုံးပြီး မည်သည့် ကတိကဝတ်မျှ မပြုခဲ့ချေ။ ထို့နောက် သုံးဦးသား ခဏမျှ ထပ်မံ စကားစမြည်ပြောဆိုပြီးနောက် စုရီတစ်ယောက် ထွက်ခွာရန် ပြင်လိုက်သည်။

“ ဒီနေ့အတွက် မင်းတို့နှစ်ယောက်ရဲ့ ကူညီမှုကိုကျေးဇူးတင်ပါတယ် နောင်တစ်ချိန်မှာ တန်မိသားစုအနေနဲ့ ဖြေရှင်းရမလွယ်နိုင်တဲ့ ဒုက္ခမျိုးရှိလာရင် ငါရပ်ကြည့်နေမှာ မဟုတ်ဘူး။ ”

“ တာအိုစု ဒီလောက်အထိ အားနာနေစရာမလိုပါဘူး ဒါက ငါ့တန်မိသားစု လုပ်သင့်လုပ်ထိုက်တဲ့ အရာပဲ။ ”

တန်ကျင်းဟုန်မှ ခေါင်းရမ်းကာ ဆိုလိုက်သည်။ စုရီက ထပ်မပြောတော့ဘဲ နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့၏။

စုရီပုံရိပ် ပျောက်ကွယ်သွားသည်နှင့် တန်းလင်းချီက၊

“ အကြီးအကဲတန် ... တာအိုစုရဲ့ မူလကိုမြင်နိုင်တာလား။ ”

-ဟု သံသယဖြင့် မေးမြန်းလိုက်၏။

သူ ခံစားနေရသည်မှာ အကြီးအကဲသည် စုရီကိုဆက်ဆံသည့်အခါတွင် သူ၏သိက္ခာကို အနိမ့်ဆုံးအထိချထားပြီး ရိုသေလေးစားမှု အပြည့်ပေးထားလေသည်။

ဤသည်မှာ ပုံမှန်မဟုတ်ချေ။ တန်ကျင်းဟုန်မှ ခေါင်းကို အနည်းငယ်မျှသာ ညိတ်ပြလိုက်ပြီး၊

“ ငါ အကြမ်းဖျင်းတော့ ... ခန့်မှန်းထားမိတာလေးတွေ ရှိတယ် ဒါပေမဲ့ အတည်မပြုနိုင်သေးဘူး။ ”

-ဟု ပြန်ဖြေလာသည်။

သို့သော် သူ့အတွေးထဲ၌ပင် ဤလောကကြီးတွင် ထိုသူသာလျှင် သည်မျှ ကြောက်စရာကောင်းသော စွမ်းအားမျိုး ပိုင်ဆိုင်နိုင်ချေမည်။

မည်သူသည် သတ္တမမြောက် ကောင်းကင်တံခါး၏လုံခြုံရေးကို သည်မျှအထိ အလေးထားနေမည်နည်း။

သူသည် ဓမ္မအဆုံးခေတ်မှ အသက်ရှင်ကျန်ရစ်ခဲ့သော အဖိုးအိုကြီးတစ်ဦး ဖြစ်သည်။ မူလကျင့်ကြံမှုသည် အထွတ်အထိပ် အင်မော်တယ်ဘုရင်ဖြစ်၏။

ကပ်ဘေးကြောင့် တာအိုအုတ်မြစ် ကျဆင်းလာကာ အလယ်အလတ်အင်မော်တယ် ဘုရင်အဖြစ် နိမ့်ကျသွားသည်။

မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်း တန်မိသားစု၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ သိရှိထားသော လျှို့ဝှက်ချက်များနှင့် သတင်း အချက်အလက်များမှာ ယနေ့ခေတ် သာမန်လူများ လုံးဝမယှဉ်နိုင်ချေ။

တန်လင်းချီ၏ နှုတ်ဖျားမှ စုရီသည် သတ္တမမြောက်ကောင်းကင်တံခါး ခံတပ်မြို့တွင် သူတော်စင် အင်‌မော်တယ် အများအပြားကို သတ်ဖြတ်ခဲ့ကြောင်း ကြားသိရကတည်းက သူ ခန့်မှန်းမိခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ထပ်မံပြီး မယုံနိုင်စရာ ကောင်းသော ပြတ်သားရဲရင့်သည့်အသွင်ကို မျက်ဝါးထင်ထင် ထပ်မံမြင်တွေ့ခဲ့ရ၏။

ထို့ကြောင့် သူမှန်းဆသူမှတပါး အခြားသူ မရှိတော့ချေ။ တစ်ချိန်က ဒဏ္ဍာရီတစ်ပုဒ်အမှန် ပြန်လာချေပြီ။

သို့သော် ဤကိစ္စကို အပြင်သို့ မပေါက်ကြားဝံ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည်သာ ပေါက်ကြားသွားပါက ဖြစ်ပေါ် လာမည့် မုန်တိုင်းမှာ လုံးဝပြင်းထန်ပေမည်။

အင်မော်တယ်မြေတစ်ခုလုံး သွေးချောင်းစီးစေပေမည်။ ထိုအချိန်တွင် တန်ပေါင်အာသည် တန်ယုယန် ပြောပြသည့် တိုက်ပွဲအကြောင်း နားထောင်ကာ အံ့အားသင့်နေခဲ့သည်။

“ ‌ဒေါ်လေး ... တာအိုစုက တကယ်ပဲ အဲလောက်အထိ တော်တာလား။ ”

“ ဒီစကားလုံးလောက်နဲ့ သူ့အရည်အချင်းတွေကို ဖော်ပြလို့ တကယ် မလုံလောက်ဘူး။ ”

တန်ယုယန်မှ အမည်ခံ အင်မော်တယ် ဘုရင်ချီမင်ကို သတ်သည့်မြင်ကွင်း ပြန်သတိရ လာခဲ့သည်။

“ နှမြောစရာပဲ ... သူ ထွက်သွားပြီ။ ”

တန်ပေါင်အာက နှုတ်ခမ်းကို စုလိုက်ပြီး အလွန်နှမြောတသ ဖြစ်သွား၏။ ထို့အမူအရာက တန်ယုယန်ကို မျက်ခုံးပင့်သွားစေသည်။

“ ပေါင်အာ ... မင်း စိတ်ကူးယဉ် နေတာများလား တာအိုစုက ငါတို့နဲ့ တစ်ကမ္ဘာ တည်းက မဟုတ်ဘူး နောင်အနာဂတ်မှာလည်း ပိုပိုပြီးဝေးကွာသွားကြလိမ့်မယ် ... ဒီဘဝမှာ ပြန်လည်ဆုံတွေ့ဖို့ အခွင့်အရေးလည်း ရှိနိုင်တော့မှာ မဟုတ်ဘူး ... ။ ”

ဤသည်မှာ အမှန်ပေပင်။ မူလက သူမသည်စုရီကို ဂရုမစိုက်ချေ။ သို့သော် သူမနှင့် တစ်ဖက်လူကြား ကွာခြားချက်မှာ မည်မျှအထိ ကြီးမားကြောင်းကို ယနေ့သဘောပေါက် သွားရပြီဖြစ်လေသည်။

ကြီးမားလွန်းလှသဖြင့် သူမအတွက် လှမ်းမျှော်ကြည့်ရန်ပင် မဝံ့ရဲလောက်အောင် ခံစားလာရစေသည်။

“ ဟမ့် ... ပေါင်အာတို့က ... သူငယ်ချင်းတွေပဲ ဘာလို့လက်လှမ်းမမီရမှာလဲ နောင်မှာဆုံတွေ့ဖို့ အခွင့်အရေး မရှိရင်တောင် သူ ဘေးကင်းဖို့ ဆုတောင်းပေးရမယ်။ ”

ထိုစကားကြောင့် တန်ယုယန်ခမျာ ခဏမျှမှင်သပ်သွားပြီးနောက် တန်ပေါင်အာ၏ ဦးခေါင်းထံ ပုတ်ပေးလိုက်၏။

“ မှန်တယ် ... ငါတို့က သူငယ်ချင်းတွေပဲ သူ့ကိုဆုတောင်းပေးရမယ်။ ”

ထိုနေ့တွင်ပင် ကောင်းကင်ဘုံ အမဲလိုက်ပွဲတော် ပြီးဆုံးသွား၏။ အမည်ခံ အင်‌မော်တယ်ဘုရင် ခုနစ်ပါးနှင့် သူတော်စင် အင်မော်တယ်များ သေဆုံးသည့် သတင်းမှာ ရှန့်မူနာမည်နှင့်အတူ ပျံ့နှံ့သွားခဲ့သည်။

အင်‌မော်တယ် နယ်မြေအတွက် ကြီးမားလှသော တုန်လှုပ်ခြောက်ခြားဖွယ်ရာ လှိုင်းလုံးတစ်ခုပေပင်။

ထိုက်ချင်းဂိုဏ်း။

လျှို့ဝှက်ဆန်းကြယ်လှသောနယ်မြေ တစ်ခုအတွင်း၌ ဂိုဏ်းချုပ်ချီနင်သည် သတင်း စကားများကို အချိန်အတော်ကြာအောင် ဖတ်ရှုနေခဲ့သည်။

သူ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်လှသော မျက်နှာထက်တွင် စိုးရိမ်စိတ်နှင့် ဒေါသစိတ်များ ရောယှက်ကာ အရောင်အမျိုးမျိုး ပြောင်းလဲနေ၏။

“ ရှန့်မူ ... မင်းဘယ်သူလဲဆိုတာ ငါတကယ်ပဲ မသိဘူးလို့ ထင်နေတာလား။ ”

ထို့နောက် အသက်ပြင်းပြင်းရှူကာ မျက်ဝန်းများတွင် သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်လာတော့သည်။

“ နှမြောစရာပဲ ... မင်း ပြန်လာတာ အရမ်းနောက်ကျသွားပြီ အခုခေတ်က အရင်လို မဟုတ်တော့ဘူး ကမ္ဘာကြီးက အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ ”

လက်ရှိခေတ်တွင် ဗဟိုအင်‌မော်တယ် နန်းတော်ပျက်စီးကာ ထိုက်ဝူတောင်သည်ပင် ကွယ်ပျောက်သွား၏။

အင်မော်တယ်မြေတစ်ခုလုံးကို နတ်ဘုရားများသည် နောက်ကွယ်မှ ကြိုးကိုင် နေခဲ့ကာ နတ်ဘုရားကပ်ဘေးကြီးသည်လည်း ခေါင်းပေါ်မှ ဓားတစ်လက်လို တည်ရှိနေ၏။

“ မြင့်မြတ်သူတွေဟာ ဒီကမ္ဘာကြီးကနေ ပုန်းအောင်နေရတာမို့ မင်းရဲ့လက်ရှိစွမ်းအားကို နှိမ်နင်းနိုင်မယ့်သူ မရှိတော့ဘူးထင်နေတာလား စိတ်မကောင်းစရာပါပဲ။ ”

အဆုံး၌ ချီနင်တစ်ယောက် ကျေနပ်စွာ ပြုံးရယ်လာတော့သည်။ ယနေ့အင်မော်တယ် နယ်မြေသည် များစွာ ရှုပ်ထွေးနေပြီဖြစ်၏။

အထွတ်အထိပ်တည်ရှိသူများသည် နတ်ဘုရားအဖြစ်တက်လှမ်းနိုင်ရန် အချိန်အခါ စောင့်မျှော်နေသကဲ့သို့ နတ်ဘုရားများမှလည်း သူတို့၏လက်များကို ဆန့်လာပြီဖြစ်၏။

ဆိုလိုသည်မှာ ဝင်စားခြင်း ဥပဒေသည် ထိုသူများအတွက် အမှန်ပင် အဆီတဝင်းဝင်းနှင့် သိုးတစ်ကောင်ဖြစ်နေပေသည်။

“ တကယ်တော့ မင်းငြိမ်ငြိမ်လေး ပုန်းအောင်းနေသင့်တာ အမည်ခံအင်မော်တယ် ဘုရင်တွေကို မင်းသတ်နိုင်တယ်ဆိုတာ ပြင်ပ ခွန်အားတွေပဲ ဒါက ...

... ပြန်ဝင်စားလာတဲ့ မင်းရဲ့ ခွန်အားဟာ အထွတ်အထိပ်မှာ မရှိသေးဘူးလို့ ဆိုလိုတာ မဟုတ်လား။ ”

ထို့နောက် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ကာ မတ်တတ်ထရပ်လိုက်ပြီး စုရီ သတင်းကို အဆိုပါနတ်ဘုရားအစေခံများထံ ပေးပို့ရန်ကြံရွယ်လိုက်၏။

အင်‌မော်တယ်မြေ အနောက်ဘက် အစွန်ဆုံးဒေသကြီး။ နှင်းများပိန်းပိတ်နေသော ကောင်းကင်အောက်တွင် လင်းနို့တစ်ကောင် ပျံသန်းလာနေ၏။

ထိုစဉ် ဖြူဖျော့ပြီး ရှည်လျားလှသော လက်မောင်းကြီးတစ်ဖက်က ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာပြီး လင်းနို့ကိုဖမ်းဆုပ်သည်။

လင်းနို့က ပါးစပ်ကိုဖွင့်ကာ ကျောက်စိမ်းတုံးတစ်တုံးကို အန်ချပေးလာ၏။ အဖြူရောင်လက်ကြီးက ထိုကျောက်စိမ်းတုံးကို ဖမ်းယူလိုက်တော့သည်။

“ ဒါက ဘာလဲ။ ”

နှင်းမုန်တိုင်းအတွင်းမှ အက်ရှအေးစက်နေသော အသံတစ်သံထွက်ပေါ် လာ၏။

“ ဘိုးဘေးကို တင်ပြပါရစေ ... ဝမ်ယဲ့ဝင်စားသူလို့ ယူဆရသူ ပေါ်လာပါပြီ။ ”

လင်းနို့က တုန်ရီသောအသံဖြင့် ချက်ချင်း ပြန်ဖြေသည်။

***

All Chapters