အခန်း ၁၂၆၃
Vol. 106 Ch. 1263
အခန်း ၁၂၆၃ -
ကောင်းကင်နှလုံးသားဆေးပြားနှင့် အဆင့်ချိုးဖြတ်ခြင်း။
ကောင်းကင်ဘုံ အမဲလိုက်ပွဲတွင် အကျိုးအမြတ်များစွာရရှိခဲ့ပြီး တစ်ဖက်၌လည်း နောက်ဆက်တွဲ ပြဿနာများ ရှိနေပေသည်။
ရှန့်မူအဖြစ် ဟန်ဆောင်ကာ လှုပ်ရှားခဲ့သော်လည်း အမည်ခံအင်မော်တယ် ဘုရင်(၇)ပါးကို သတ်ခြင်းကြောင့် လှိုင်းများမှာ အမှန်ပင်နည်းပါးမည်မဟုတ်ချေ။
ထိုအသက်ကြီးရင့်လှသော တွင်းအောင်းဖားအိုကြီးများသည် သဲလွန်စအချို့ ရရှိရုံမျှဖြင့် အမှန်တရားကို ကောက်ချက်ချ နိုင်စွမ်း ရှိကြပေမည်။
အထူးသဖြင့် ထိုက်ချင်းဂိုဏ်းနှင့် ထိုက်ယီဂိုဏ်းတို့သည် အင်မော်တယ်တံခါးတွင် သူ ထွက်ပေါ်လာချိန်မှစကာ အချက်အလက် အချို့ကို သိရှိထားကြပြီး ဖြစ်သည်။
သို့သော် ဤအရာများသည် ထိုမျှလောက်ဂရုစိုက်စရာမလိုချေ။ မကြာမီ သူ့ အထောက်အထားကို ဖော်ထုတ်ခံရမည်ကို တွက်ဆထားပြီးဖြစ်သည်။
နေဝင်ဆည်းဆာအောက်တွင် သွေးနီရောင်အလင်းများသည် တဖြည်းဖြည်း မှေးမှိန်သွားပြီးနောက် အမှောင်များဝင်လာ၏။
စုရီတစ်ယောက် သူတည်းခိုရာ အခန်းသို့ပြန်ကာ တိတ်ဆိတ်စွာဖြင့် တရားထိုင် နေလိုက်တော့သည်။
ခုနစ်ရက် အကြာတွင် ပိုင်လူပြည်နယ် ဖူရှင်းတောင်ရှိ ထာဝရညအကယ်ဒမီဒေသသို့ ရောက်ရှိလာ၏။
အပျက်အစီးများ၏ မြေအောက်တွင် စုရီသည် ချင်းဝေနှင့် တွေ့ဆုံရန် ချက်ချင်း ဆင့်ခေါ်လိုက်သည်။
“ သခင်လေး ... မင်း တကယ်ပဲ ဗလာနယ်ပယ်ကို ရောက်လာပြီလား။ ”
ချင်ဝေတစ်ယောက် အံ့အားသင့်စရာ ကောင်းလောက်အောင် မျက်လုံးများတောက်ပ လာတော့သည်။
သူမသည် အလွန်တရာ လှပကျော့ရှင်းနေကာ ရိုးရှင်းသော အဖြူရောင် ဝတ်စုံနှင့် ပိန်ပါးနွဲ့နှောင်းနေချေပြီ။
အမှန်ပင် သူမသည် ဤလောကတွင် တုနှိုင်းမဲ့သော အလှနတ်သမီးတစ်ပါးကဲ့သို့ပင် ဆွဲဆောင်နိုင်လွန်းချေ၏။
“ မှန်တယ် ... မင်းရဲ့သခင်ကို ဖိတ်ခေါ်လိုက်ပါ။ ”
စုရီမှ ညွှန်ကြားလိုက်၏။ ချင်ဝေက အမိန့်အတိုင်း အလျင်အမြန်ပင် ထွက်ခွာသွား တော့သည်။
တစ်ရက်အကြာတွင် ချင်ဝေနှင့် သူမ၏ သခင်ဖြစ်သူ အင်မော်တယ်လျူယွင် ပြန်လည် ရောက်ရှိလာသည်။ စုရီက အချိန်မဖြုန်းလို သဖြင့်၊
“ အခု မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နတ်ဘုရားကပ်ဘေးရဲ့ စွမ်းအားတွေကို ငါ လုံးဝ ဖြေရှင်းပေးနိုင်ပြီလို့ ယုံကြည်တယ် ... မင်း စမ်းကြည့်ချင်လား။ ”
-ဟု မေးမြန်းလိုက်သည်။ လျူယွင် တစ်ယောက်လုံးဝ စိတ်လှုပ်ရှားလာပြီး၊
“ စီနီယာ ... ဆန္ဒရှိပါတယ်။ ”
-ဟု ရိုသေစွာ တုန့်ပြန်လာ၏။
စုရီမှ ခေါင်းညိတ်ပြသည်။ နာရီဝက်ခန့် ကြာပြီးနောက် လျူယွင်၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရား ကပ်ဘေးစွမ်းအားများကို အကုန်အစင် ဖယ်ရှားပေးလိုက်သည်။
အင်မော်တယ်လျူယွင်ခမျာ အသစ်တစ်ဖန်ပြန်လည် မွေးဖွားလာသကဲ့သို့ပင် ခံစားလိုက်ရပြီး အပြုံးများ တောက်ပလာ၏။
“ ကျေးဇူးတင်ပါတယ် သခင်လေး ... ကျေးဇူးတင်ပါတယ်။ ”
မြေပြင်ပေါ်တွင် ဝပ်တွားလျက် ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များသည်ပင် စီးကျနေခဲ့သည်။
“ နှစ်တွေအကြာကြီး ... နတ်ဘုရား ကပ်ဘေးစွမ်းအားကို ခံစားခဲ့ရတာကြောင့် မင်းရဲ့အုတ်မြစ်နဲ့ အသက်စွမ်းအင်တွေက ပြင်းထန်စွာ ပျက်စီးနေတယ် ...
... အချိန်တိုအတွင်းမှာ အပြည့်အဝ ပြန်ကောင်းလာဖို့က ခက်ခဲလိမ့်မယ် ဒါကြောင့် မင်းအနေနဲ့ ဒီနေရာမှာပဲ နေထိုင်ပြီး အချိန်ယူ ကုသတာက အကောင်းဆုံးပါပဲ။ ”
စုရီမှ အကြံပြုလိုက်သည်။ လျူယွင်က ခေါင်းညိတ်လျက် အမိန့်ကိုခံယူ၏။ ထိုနေ့မှာပင် စုရီသည် ချင်ဝေမှတဆင့် ဖန်မောင်နှစ်မတို့ကို ခေါ်ကာ ထာဝရညအကယ်ဒမီတွင် နေထိုင်ရန် နေရာချစေလိုက်သည်။
ထိုမောင်နှမနှစ်ဦးကို မြင်သောအခါ ချီဖူဖန်းကို သတိရသွား၏။ နဂါးခြင်္သေ့မျိုးနွယ်စု ပျက်စီးရခြင်းကိုစုံစမ်းစေခဲ့သည်မှာ အနည်းငယ် ကြာနေပြီဖြစ်သည်။ သို့သော် မည်သည့် သတင်းမျှ မကြားရသေးချေ။
အင်မော်တယ်များအတွက် အချိန်သည် မည်သည့်အခါမျှ အတားအဆီး မဖြစ်နိုင်ခဲ့ချေ။ ထိုကြောင့် အတွေးများ ပြန်ရုတ်သိမ်းကာ ကျင့်ကြံမှုထံ စတင်လိုက်သည်။
လဝက်ခန့်ကုန်လွန်ပြီးနောက် ဆန်းကြယ်လှသော မြည်သံတစ်သံနှင့်အတူ ကောင်းကင်ဆန္ဒမီးဖိုအတွင်းမှ လန်းဆန်း မွှေးပျံ့သည့် ရနံ့တစ်ခု ထွက်ပေါ်လာ၏။
စုရီတစ်ယောက် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး မီးဖိုအတွင်းသို့ စစ်ဆေးကြည့်လိုက်ရာ ချက်ချင်း မျက်ဝန်းများ ပြူးကျယ်သွားတော့သည်။
ဤသည်မှာ တောက်ပလွန်းသော တာအိုအလင်းများနှင့် နတ်သက်ဆေးပြားပေါင်း တစ်ရာကျော် ရှိနေချေသည်။
ဆေးပြားတစ်ပြားစီတွင် နက်နဲလှသော နိယာမစွမ်းအားများ ကိန်းဝပ်နေပြီး မယုံနိုင်စရာ ကောင်းသော အလင်းတန်းများကို ထုတ်လွှတ်နေကြ၏။
ဤသည်မှာ သူတော်စင်အဆင့် ရှားပါးရတနာဆေးပြားဖြစ်သည့် ကောင်းကင် နှလုံးသားဆေးပြားပေပင်။
သူပိုင်ဆိုင်သမျှသော သူတော်စင် အင်မော်တယ်အဆင့် ဆေးဖက်ဝင်အပင်များနှင့် နတ်ဆိုးအမြုတေအားလုံးကို ကုန်လုနီးပါး အသုံးပြုထားရသည်။
သူတော်စင်တစ်ပါး၏ အမြင်တွင်ပင် ဤကဲ့သို့သောဆေးပြားမျိုးသည် အဆင့်ကြီး တစ်ဆင့် ဖြတ်ကျော်ရန် သေချာချိန်မှသာ အသုံးပြုကြ၏။
အလွန်ရှားပါးသည်။ စျေးကွက်အတွင်း ဝယ်လိုအား များချေ၏။ ကောင်းကင်ဆန္ဒမီးဖိုမှ အနည်းငယ်တုန်ခါသွားပြီးနောက် ဆေးပြားများ စုရီထံ လွှဲပြောင်းပေးလာသည်။
ကောင်းကင်ဆန္ဒမီးဖိုအနေဖြင့် အဖိုးအခ(၃၀)ရာခိုင်နှုန်းကို သိမ်းဆည်းထားကာ စုရီအတွက် (၇၀)ရာခိုင်နှုန်းပေးအပ်လာ၏။ စုစုပေါင်း ဆေးလုံး(၇၂)လုံး ရရှိခဲ့၏။
စုရီက ဆေးပုလင်းကို သိမ်းဆည်းပြီး ကောင်းကင်ဆန္ဒမီးဖိုကို ပြန်စိုက်ကြည့်ကာ၊
“ မင်းက အခုဆိုရင် သူတော်စင်အဆင့် ဆေးလုံးတွေကိုတောင် သန့်စင်ပေးနိုင်နေပြီပဲ မင်း ... အများကြီး ပြန်ကောင်းလာပြီ မဟုတ်လား။ ”
-ဟု မေးလိုက်၏။
ကောင်းကင်ဆန္ဒမီးဖိုအတွင်းမှ ခရမ်းရောင်စွမ်းအင်များ တက်လာပြီး စကားလုံး နှစ်လုံးအဖြစ် ပြန်ပုံပေါ်လာခဲ့သည်၊
“ မှန်တယ်။ ”
ယခုအချိန်တွင် သူတို့သည် အင်မော်တယ်မြေသို့ ရောက်ရှိနေပြီဖြစ်ရာ ဤအံ့ဖွယ်မီးဖိုရတနာသည် သိသာထင်ရှားသော အသွင်ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရပုံပေပင်။ အတိတ်နှင့် လုံးဝမတူတော့ချေ။
သို့သော် ဤအခြေအနေသည် ကောင်းကင်ဆန္ဒမီးဖို၏ အစစ်အမှန် ခွန်အားနှင့် ဝေးကွာနေဆဲပေပင်။
ဤမီးဖိုသည် ဓမ္မအဆုံးခတ် မတိုင်မီကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး ဆေးဧကရာဇ်၏ အဖိုးတန်ဆုံးသော ရတနာတစ်ပါး ဖြစ်ခဲ့ဖူးသည်။
ကပ်ဘေးကြီးအတွင်း လွတ်မြောက်ရန် သေမျိုးကမ္ဘာသို့ ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်ပြီး ထိုကပ်ဘေးကြောင့်ပင် ၎င်း၏ စိတ်ဝိညာဉ်နှင့် မူလအခြေခံစွမ်းအားများ ပြင်းထန်စွာ ထိခိုက်ခဲ့ရ၏။ ယနေ့တိုင် အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးချေ။
စုရီမှ ခဏမျှ စဉ်းစားပြီးနောက်၊
“ ဒါဆို သေမျိုးဓားကို အဆင့်မြှင့်ပေးပါ။ ”
-ဟု တောင်းဆိုလိုက်သည်။ ကောင်းကင်ဆန္ဒမီးဖိုက ခဏမျှ တိတ်ဆိတ် သွားပြီးနောက် ခရမ်းရောင်အလင်းတန်းများဖြင့် စကားတစ်ကြောင်းကို ဖော်ပြလာ၏။
“ သူတော်စင်အဆင့် အင်မော်တယ် ရတနာဆယ်မျိုးကျသင့်မယ် ... မင်း ပေးနိုင်ရင် သဘောတူတယ်။ ”
စုရီတစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။ ဝိညာဉ်မရှိသော ဆေးမီးဖိုတစ်လုံးသည် သူ့ကို စျေးညှိနှိုင်းရန် တွေးတောနေသည်လော။
“ ဘာလဲ ... ငါ့ကိုလောဘကြီးတယ် ထင်နေတာလား ဒီလိုဓားမျိုးကို အဆင့်မြှင့်တာ ငါ့ရဲ့စွမ်းအင်ကို အများကြီးကုန်ဆုံးစေတယ် ပြီးတော့ ငါ့ကိုယ်ငါ ပြန်လည်ဖြည့်တင်းဖို့လည်း တကယ်လိုအပ်နေတယ်။ ”
စုရီ၏ အမူအရာကြောင့် ဆေးမီးဖိုမှ ချက်ချင်းရှင်းပြလာသည်။ စုရီတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် သဘောတူလိုက်ရ၏။
“ ကောင်းပြီ ... ။ ”
ဤနည်းဖြင့် နောက်ထပ် လဝက်ခန့် ကုန်လွန်သွားသည်။ တရားထိုင်နေသော စုရီ၏ ခန္ဓာကိုယ်အတွင်းမှ ထူးခြားသော စွမ်းအင် လှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာ၏။
ယင်းသည် ကြယ်တာရာ အလင်းတန်းများကဲ့သို့ တောက်ပလျက် တာအို ရောင်ဝါများ စီးဆင်းနေခဲ့သည်။ ထိုဖြစ်စဉ်သည် နာရီအနည်းငယ်မျှကြာပြီးနောက် လျော့ပါးကာ လုံးဝပြန်လည် ကွယ်ပျောက်သွားတော့၏။
ဤသည်မှာ အလယ်အလတ်အဆင့်သို့ ဝင်ရောက်နိုင်လိုက်သည့် သဘာဝဖြစ်စဉ်လေး တစ်ခုပေပင်။
လဝက်အတွင်း ကောင်းကင် နှလုံးသားဆေးပြားများ၏ အကူအညီကြောင့် အကျိုးကျေးဇူးခံစားလာရခြင်းဖြစ်၏။
သို့သော် သူပေးဆပ်ရသော တန်ကြေးသည်လည်း အံ့မခန်းပင်။ နေ့စဉ်နီးပါး ကောင်းကင်နှလုံးသား ဆေးပြားကို သန့်စင် ခဲ့ရလေသည်။
အကယ်၍သာ ယနေ့ခေတ် အဖိုးကြီးများသည် ယင်းကိုမြင်တွေ့သွားပါက ဖြုန်းတီးသူအဖြစ် သတ်မှတ်ကာ ရိုက်နှက် လာပေလိမ့်မည်။
ထိုနေ့တွင် ကောင်းကင်ဆန္ဒမီးဖိုသည် သေမျိုးဓားကို အောင်မြင်စွာ ပြန်လည်ပုံသွင်း သန့်စင်ပေးနိုင်ခဲ့သည်။
သူ့ရှေ့မှောက် လေဟာနယ်တွင် ကြည်လင်တောက်ပနေသော ဓားတစ်လက် ပျံဝဲနေသည်။
ပုံသဏ္ဍာန်မှာ ပြောင်းလဲခြင်းမရှိဘဲ အရှည်သုံးပေ၊ အကျယ်လေးလက်မခန့် ရှိနေပြီး ဓားသွားတွင် မိုးပြာရောင်ကို ထိန်းသိမ်း ထားနိုင်ဆဲပေပင်။
အပိုအနေဖြင့် ထိုမိုးပြာရောင် ဓားသွားအတွင်း၌ အိပ်မက်ဆန်လွန်းလှသော ကြယ်တာရာအလင်းတန်းများ စီးဆင်းနေ သကဲ့သို့ တောက်ပနေသည်။
တစ်ဆက်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းလှသောသတ်ဖြတ်လိုသည့် ရောင်ဝါများ သည်လည်း ထွက်ပေါ်နေပေသည်။
သတိထားကြည့်သော် ဤကမ္ဘာကြီးနှင့် လုံးဝမသက်ဆိုင်သည့် ဓားတစ်လက်နှင့်တူ၏။ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိနေသည်။
ပထမအကြိမ်မြင်သော် သူသည် သာမန်ဓားတစ်လက်ကဲ့သို့ပင် ထူးခြားမှုမရှိဘဲ တည်ရှိနေပေသည်။ ဒုတိယအကြိမ်၌ နတ်ဓား အလားထင်မှားပေမည်။ တတိယအကြိမ်တွင်မူ သာမန်ဓားအဖြစ်သာ ယူဆမိမည် ဖြစ်သည်။
ဤသည်မှာ လှည့်နိုင်စွမ်း အပြည့်အဝရှိနေသော ရတနာတစ်ပါးကဲ့သို့ ပေပင်။ အသွင်အပြင်အရ အင်မော်တယ် ဘုရင်အဆင့် ရတနာပေပင်။
သို့သော် အားနည်းချက်သည်လည်း ရှိနေသေးသည်။ ယင်းမှာ နက်နဲသောတာအို သဘောတရားပေပင်။
ဆိုလိုသည်မှာ သူသည် အင်မော်တယ်ဘုရင်တစ်ပါး၏ ဥပဒေမျိုးကို ထည့်သွင်းပေးနိုင်ခြင်း မရှိခဲ့ချေ။
အင်မော်တယ်ဘုရင်အဆင့် ရတနာတစ်ပါးဖြစ်ရန် အင်မော်တယ်ဘုရင်မှ တာအိုဥပဒေများ ထည့်သွင်းပေးရသည်။
တစ်ဖက်တွင်လည်း ထိုအ်ငမော်တယ်ဘုရင်အဆင့် ဥပဒေများကို ထည့်သွင်းနိုင်ခြင်း မရှိသည်ကပင် သူနှင့် အထူးသင့်လျော်နေပြန်သည်။
မဟုတ်သော် လက်ရှိ ဗလာနယ်ပယ် ခွန်အားမျိုးနှင့်အသုံးဝင်ဦးမည် မဟုတ်သေးချေ။ တိုးတက်မှုအနေဖြင့် ချီမင်ကိုသာ ထပ်မံရင်ဆိုင် ရမည်ဆိုသော် တစ်ချက်တည်းနှင့် ထက်ပိုင်းဖြတ် နိုင်မည်ဖြစ်သည်။
ထို့နောက် ဓားကို သိမ်းလျက် မတ်တတ်ထရပ်ပြီး ကျင့်ကြံရာမှထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဆက်လက်ကျင့်ကြံခြင်းသည် တိုးတက်ရန် လမ်းမရှိတော့ချေ။
“ သခင်လေး ... မင်းထွက်သွားတော့မှာလား။ ”
ချင်းဝေက စုရီ ထွက်လာသည်ကို မြင်ချိန်တွင် ချက်ချင်း ခန့်မှန်းချက်ပေးလိုက်၏။ စုရီမှ ခေါင်းညိတ်လိုက်သည်။
“ ဘယ်ကိုသွားမယ် အစီစဉ်ရှိလဲ။ ”
“ လောလောဆယ် ငါအရင်ဆုံး မြူနက်တောင်ကြားကို အရင်သွားမယ်။ ”
“ မြူနက်တောင်ကြားလား ... ။ ”
ချင်းဝေမှ ဇဝေဇဝါဖြစ်သွားသည်။ ထိုအရပ်သည် အင်မော်တယ်မြေ၏ တားမြစ်ဇုန် တစ်ခုဖြစ်၏။ သူတော်စင် အင်မော်တယ်ပင် အသက်ရှင်လျက် ပြန်မလာနိုင်ချေ။
သမိုင်းတစ်လျှောက်တွင် ထိုအရပ်ထံ မည်သည့်အင်မော်တယ်မျှ သွားရောက်ခြင်းမရှိ ကြချေ။ အခွင့်အလမ်းထက် အန္တရာယ်များသာ ပြည့်နှက်နေသည်။
တစ်ဖက်တွင် စုရီသည် ထပ်မံ ရှင်းပြခြင်းမရှိတော့ချေ။ ဤခရီးသည် ဝမ်ယဲ့၏ နောက်ဆုံးနောင်တရှိရာ အရပ်ပေပင်။
နဂါးနက်ဈေးတွင် မိုချန်ချူနှင့် အခြားသောအဖိုးကြီးများသည် ငရဲမီးတောက် တာအိုသစ်သီးရယူရန် ထိုအရပ်သို့ သွားခဲ့သည်။
ထိုစဉ်က လက်ဆောင်အဖြစ် တံဆိပ်ပြားတစ်ခုပေးအပ်ကာ ဗလာနယ်ပယ်သို့ ရောက်ရှိသည်နှင့် လာရောက်လည်ပတ်မည်ကို တစ်စုံတစ်ဦးထံ ကတိပေးခဲ့ဖူးသည်။
***