အခန်း ၁၂၆၄
Vol. 106 Ch. 1264
အခန်း ၁၂၆၄ -
အင်မော်တယ်ဘုရင်များ၏ တာအို ... ။
ထာဝရညအကယ်ဒမီမှ ထွက်ခွာလာပြီး နေ့တစ်ဝက်အကြာ၌ ရုတ်ချည်းမိုးသည်းထန်စွာ ရွာသွန်းလာကာ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်လာသည်။
“ ဂျိန်း ... ။ ”
မိုးရေစက်များအတွင်း လျှပ်စီးများရောပါလျက် မိုးကြိုးပစ်သံကြီးများ ထွက်ပေါ်လာနေသည်။ စုရီတစ်ယောက် မိုးရေထဲ လျှောက်လှမ်းလျက် ခရီးနှင်နေ၏။
မိုးရေစက်များသည် သူ့အင်္ကျီအပေါ် ရွဲရွဲစိုလျက် သဘာဝအတိုင်း အေးစက်မှုများကို ခံစားနေရသည်။
တစ်စုံတစ်ဦးသည် ကျင့်ကြံမှု မြင့်မားလာသည်နှင့် လောကီနှောင်ကြိုးများကို လျစ်လျူရှုလာ၏။ သဘာဝတရားကြီးကို မေ့လျော့ပစ်ပယ်လာသည်။
မြင်မြင်သမျှသည် တာအိုဖြစ်ကာ ဖြစ်တည်နေသမျှသည် မြူမှုန်များသာဖြစ်၏။ ရေ၊မြေ၊လေနှင့်မီးသည်ပင် အညစ်အကြေး ဖြစ်လာချေပြီ။
ထို့ကြောင့် အင်မော်တယ်များသည် တိမ်ညွှန့်ကိုစားသုံးကာ တာအိုထံ လိုက်ရှာခြင်း ဖြစ်လေသည်။ ဤနည်းဖြင် ကမ္ဘာကြီးသည် ရက်စက်ကာ အထီးကျန်လာ၏။
တစ်ဖက်တွင် သက်ရှိတစ်ယောက် တည်ရှိခြင်းကို ရေ၊လေ၊မီးနှင့်မြေမှသက်သေပြ ပေးသည်။ အေးစက်ခြင်းသည် အကြင်သူ၏ တည်ရှိမှုဖြစ်၏။
ပူလောင်ခြင်းသည်လည်း အကြင်သူ၏ တည်ရှိမှုဖြစ်၏။ အလားတူပင် မိုးရေစက်များစွာ ထိမှန်ခြင်းသည်လည်း တည်ရှိမှုဖြစ်သည်။
တာအိုလမ်းခရီးသည် အနည်းငယ် အထီးကျန်ဆန်လှသည်ဟု မြင်နိုင်သော်လည်း အဆုံးတွင် ငြိမ်းချမ်းမှု သက်တောင့်သက်သာ ရှိမှုကို ပေးစွမ်းနိုင်၏။
မိုးသည် ပို၍ပြင်းထန်လာကာ ရေကာတာပေါက်ကွဲနေသကဲ့သို့ သွန်းဖြိုးလျက် အရာအားလုံးကို ဖုံးလွှမ်းနေချေပြီ။
“ ရွှပ် ... ။ ”
ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း တိုးညှင်းသောမြည်သံနှင့် ထက်ရှသောအလင်းတစ်လက် ပျံသန်းလာ၏။
“ ဝှစ် ... ။ ”
“ ဘန်း ... ။ ”
စုရီတစ်ယောက် ရိပ်ခနဲ ရွေ့လျားသွားသည်။ ကျောက်တုံးကြီးတစ်လုံး ဝုန်းခနဲပေါက်ကွဲလျက် သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခု ချက်ချင်း ပြန့်ကားပျောက်ကွယ်သွား၏။
ပေထောင်ပေါင်းများစွာအကွာ၌ စုရီပြန်ပေါ်လာကာ အဝေးသို့ မျှော်ကြည့်လိုက် မိသည်။ မိုးရေစက်များကြား မှုန်ဝါးဝါး လူရိပ် တစ်ရိပ် ရိပ်ခနဲပျောက်ကွယ်သွား၏။
“ ဝှစ် ... ။ ”
“ ကလန် ... ။ ”
“ ဝုန်း ... ။ ”
စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားကာ အင်္ကျီလက်ကိုခါထုတ်ပစ်၏။ လေထုအလယ် တိုက်မိသံဖြစ်ပေါ်လာပြီး ဓားစွမ်အင်များ ပြန့်ကျဲသွားပြန်သည်။
ထို့နောက်တွင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။ မိုးရေစက်များသည်သာ ဆက်လက်ရွာသွန်းနေသည်။
အချိန်သည် တရွေ့ရွေ့ ကုန်လာနေ၏။ အသက်ဆယ်ရှိုက်စာ ကုန်လွန်ပြီးနောက် စုရီကို ဗဟိုပြုလျက် မိုးရေစက်များသည် ရုတ်ချည်း လေထုအလယ်ရပ်တန့်ကုန်သည်။
ယင်းသည် ကောင်းကင်နှင့် မြေကြီးကြား ဆိုင်းငံ့နေသော ပုလဲများအလား မလှုပ်မယှက် တွဲလျောင်းကျနေခဲ့၏။
“ ဘန်း ဘန်း ဘန်း ... ။ ”
သို့သော် ချက်ချင်းဆိုသလိုပင် ထိုပုလဲလုံးများစွာသည် တစ်ပြိုင်နက်တည်း အစိတ်အစိတ်အမွှာမွှာ ပေါက်ကွဲကုန်သည်။
ယင်းသည် မျက်စိကွယ်လုမတတ် တောက်ပလွန်းသည့် ဓားစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားကာ ဧရိယာတစ်ခုလုံးကို ပြည့်လျှံသွားစေတော့၏။
ထိုအခါ လေဟာနယ်အတွင်း ယိုင်ထိုးနေသောပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အဝေးသို့ အသည်းအသန် ထွက်ပြေးရန် ကြိုးစားလာလေသည်။
“ ဟမ့် ... ။ ”
စုရီမှ နှာခေါင်းရှုံလိုက်သည်။ တစ်ဆက်တည်းမှာပင် လက်ဖျားမှ ဓားအလင်း ပြေးထွက်သွား၏။
“ သေစမ်း ... ။ ”
လူရိပ်က ကျန်ဆဲလျက် အနက်ရောင်ဓားတစ်လက်ကို ထုတ်ယူလိုက်ပြီး ဒေါသတကြီး ပြန်လည်ခုတ်ထစ်လာသည်။
“ ဝုန်း ... ။ ”
ဓားမီးတောက်တစ်စင်း ထွက်ပေါ်လာကာ စုရီ၏ဓားအလင်းထံ ကြားဝင်ဟန့်တားတော့၏။ သို့သော် မအောင်မြင်ချေ။ ဓားမီးတောက်ခမျာ ထက်ခြမ်းကွဲလျက် ပြိုကွဲပျက်စီးသွားသည်။
လူရိပ်ခမျာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းဆုတ်ခွာလိုက်ရ၏။ ထိုစဉ် စုရီသည် သူ့အနား ရောက်ရှိလာပြီ ဖြစ်လေသည်။
“ မင်းကို ဘယ်သူက စေလွှတ်လိုက်တာလဲ။ ”
စုရီမှ မေးလိုက်၏။ ဤသည်မှာ ပိန်ချုံးနေသောမျက်နှာနှင့် ထက်မြက်သော မျက်ဝန်းများရှိသည့် အနက်ရောင်ဝတ် အမျိုးသားတစ်ဦး ဖြစ်သည်။
သူ့လက်ထဲတွင် လက်ချောင်း နှစ်ချောင်းစာမျှသာကျယ်ပြီး လေးပေရှည်သည့် ဓားတစ်လက်ကိုင်ထားသည်။ ကိုယ်ထည်မှာ အနက်ရောင်ဖြစ်၏။
မိုးသည်းထန်စွာ ရွာသွန်းနေသော ညချမ်းအချိန်အခါမျိုးတွင် ဤအသွင်အပြင်မှာ ပြီးပြည့်စုံသော လုပ်ကြံသတ်ဖြတ်သူတစ်ဦး ပုံစံပေပင်။
ကျင့်ကြံမှုသည် ကနဦး အင်မော်တယ်ဘုရင်ဖြစ်၏။ အစောပိုင်းက ရွာသွန်းခဲ့သော မိုးရေစက်များသည် ထိုသူမှ ဆင့်ခေါ်ထားသော တာအိုဖြစ်စဉ်တစ်ခုပင်။
ထိုဖြစ်စဉ်အတွင်း တစ်ဖက်သည် လုံးဝရောနှောလျက် ပုန်းကွယ်လှုပ်ရှားလာခြင်း ဖြစ်လေသည်။ အင်မော်တယ်ဘုရင်များအတွက် တာအိုသည် ကောင်းကင်၊ တာအိုသည် မြေကြီး ဖြစ်၏။ လေနှင့်မိုးသည် စေနှင်ရာစေပေပင်။
စုရီသည်ပင် အစောပိုင်း၌ သတိမပြုမိချေ။ တစ်ဖက်လူ၏ တိုက်ခိုက်မှုထွက်ပေါ်လာမှသာ သတိထားမိခြင်းဖြစ်လေသည်။
ဆိုလိုသည်မှာ တစ်ဖက်လူ၏ လုပ်ကြံသတ်ဖြတ်နိုင်စွမ်းသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းနေချေပြီ။ သာမန် အင်မော်တယ်ဘုရင်များပင် ဤလုပ်ကြံမှုမှ လွတ်မြောက်မည်မဟုတ်ချေ။
“ ငါမင်းကို ပြောပြလိမ့်မယ်လို့ ထင်နေတာလား။ ”
အနက်ဝတ်လူမှ ပြန်လည် မေးခွန်းထုတ်လာ၏။ ထို့နောက်ခန္ဓာကိုယ်သည် ရုတ်တရက် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။
ဤသည်မှာ အာကာသဥပဒေကို အသုံးပြုလျက် ပုန်းအောင်းနိုင်သည့်နည်းစနစ် တစ်ခု ဖြစ်သည်။ နတ်အာရုံနှင့်ပင် ခြေရာခံရန် မဖြစ်နိုင်ချေ။
သို့သော် စုရီ၏ နှုတ်ခမ်းထက်တွင်မူ လှောင်ပြောင်သည့် အပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး လက်ကိုမြှောက်ကာ လေထုထဲသို့ အသာအယာ ရိုက်ချပစ်လိုက်သည်။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
အာကာပြင်တစ်ခုလုံး ချက်ချင်းပင် အစိတ်အစိတ်အမွှာမွှာ ကွဲအက်သွားတော့၏။ စုရီနှင့် ပေသုံးဆယ်အကွာတွင် အနက်ဝတ် လူတစ်ယောက် ပြုတ်ကျလာခဲ့သည်။
ထိုသူက ထွက်ပေါ်လာသည်နှင့် အခြားတစ်နေရာသို့ ထပ်မံထွက်ခွာပုန်းကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော်ကွဲအက်နေသော ထိုအာကာပြင် အပိုင်းအစများသည် အချင်းချင်း ရောယှက်နေသည်ကို မြင်လိုက်ရ၏။
ဝါးတစ်ချက် ရိုက်ရုံမျှဖြင့် အာကာသကို ဖြိုခွဲပြီး ၎င်းအပိုင်းအစများကို ဓားစွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည့်နည်းလမ်းမှာ တကယ်ပင် ဘီလူးတစ်ကောင်၏ စွမ်းဆောင်ရည်ပေပင်။
ထို့ကြောင့် ဆုံးဖြတ်ချက် ပြန်သားလာပြီး တွန့်ဆုတ်မနေဝံ့ဘဲ၊
“ ချိုးဖျက် ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
ရွှေရောင်နတ်ဘုရား မီးတောက်များ ထောင်ပေါင်းများစွာပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို လောင်ကျွမ်းကာ ထိုအာကာပြင်ကို အရည်ပျော်ကျလာစေ၏။
ဤအခွင့်အရေးကို အသုံးချကာ အနက်ဝတ်လူသည် တည်နေရာရွေ့ပြောင်းခြင်း နည်းလမ်းကို ပေါ်လိုက်ပျောက်လိုက်ဖြင့် လှည့်ပတ်ပြေးတော့သည်။
တစ်ဖက်တွင်လည်း ပြင်းထန်သော သတ်ဖြတ်လိုခြင်းရည်ရွယ်ချက်သည် စုရီတဝိုက် ပြည့်လျှံလာခဲ့၏။
စုရီသည်သာ အနည်းငယ်မျှသော အားနည်းချက်ပြသသည်နှင့် သေစေနိုင်သည့် ဓားချက်ထွက်ပေါ်လာမည်မှာ သေချာချေပြီ။
“ သွား ... ။ ”
သို့သော် စုရီမှ ထိုအန္တရာယ်ကို ဂရုမစိုက်ဟန်ဖြင့် လေထုခြေလှမ်းလှမ်းလိုက်ပြီး ဘယ်လက်နှင့် အလျားလိုက် ခုတ်ချလိုက်သည်။
“ ဝုန်း ... ။ ”
အတိုင်းအဆမဲ့သော ဓားစွမ်းအင်များ ကောင်းကင်ယံမှ ဆင်းသက်လာသည့်အလား အရပ်မျက်နှာအားလုံးကို လွှမ်းခြုံသွားခဲ့သည်။
ယင်းသည် ဆူနာမီလှိုင်းလုံးများကဲ့သို့ အရာအားလုံးကို ပေါက်ကွဲထွက်ပေါ်လာစေ၏။ အနက်ဝတ်လူသည်လည်း ချွင်းချက်မရှိချေ။
ပုန်းစရာနေရာ မရှိတော့သဖြင့် နောက်ဆုံးတွင် သူ့ဓားကိုဝှေ့ယမ်းပြီး ထိပ်တိုက် ရင်ဆိုင်လိုက်ရတော့၏။
“ ချိုးဖြတ် ... ။ ”
“ ဘန်း ... ။ ”
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ပြင်းထန်လွန်းသော ရိုက်ခတ်မှုကြောင့် နောက်သို့လွင့်စင်သွား၏။ သူ့မျက်နှာအမူအရာမှာ လုံးဝ ပျက်ယွင်းသွားပြီး မယုံနိုင်အောင် ဖြစ်နေချေပြီ။
ဤမျှ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားစွမ်းအားသည် တစ်ဖက်လူထံမှ မည်သို့ ထွက်ပေါ်လာသည်ကို နားမလည်ခဲ့ချေ။
“ ဟမ့် ... ။ ”
လေထုအလယ် ဟန်ချက်မထိန်းနိုင်မီ စုရီပုံရိပ်သည် ထပ်မံရွေ့လျားထွက်ပေါ်လာပြီး နတ်တောင်ကြီးတစ်လုံးအလား ပြင်းထန်သော လက်ဖဝါးရိုက်ချက်ကို ပေးပို့လာ၏။
ထိုလက်ဖဝါး၏ စွမ်းအားကြောင့် အနက်ဝတ်လူသည် အသက်ရှူမှားသွားကာ ဝှက်ဖဲကို ချက်ချင်းထုတ်ဖော်လိုက်ရသည်။
သို့သော် စုရီသည် ထိုလက်ဖဝါးချက်ကို ချက်ချင်းပြန်ရုပ်သိမ်းလျက် လျှပ်စီးအလားပင် ပေတစ်ရာအကွာသို့ ဆုတ်ခွာသွားသည်။
ထို့နောက် အဝေးသို့ လှမ်းကြည့်ကာ၊
“ မင်းတို့ ဆက်လိုက်လာရဲရင် ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်နဲ့ ... ။ ”
-ဟုဆိုလျက် မူလနေရာမှ ပျောက်ကွယ်သွားပြီး ပေတစ်ထောင်အကွာ၌ ရုတ်ချည်း ပြန်ပေါ်လာတော့သည်။
သူ့ပုံရိပ်ပျောက်ကွယ်ချိန်နှင့် ပြန်ပေါ်ချိန်သည် တစ်ပိုင်နက်တည်းဖြစ်လေရာ သတိမထားသော် လူနှစ်ယောက်အလားပေပင်။
များမကြာခင် ကောင်းကင်နှင့် မြေကြီးကြားတွင် ခြေရာလက်ရာမျှ မကျန်ဘဲ လုံးဝ ပျောက်ကွယ်သွားတော့၏။
ထိုအချိန်တွင် လူသူကင်းမဲ့သော တောင်တန်းတစ်နေရာတွင် သန်မာလွန်းသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အရိုးဖြူလေးကြီးတစ်စင်း ကိုင်ဆောင်လျက်ဖြင့် လေးကြိုးအပြည့် ဆွဲထားသည်ကို ပြန်လည် ရုတ်သိမ်းလိုက်တော့သည်။
သူ့ဘေးတွင် အနီရောင်ဝတ်ရုံဝတ် လူတစ်ယောက်မှ သက်ပြင်းချလျက် အဝေးသို့ တိတ်ဆိတ်စွာ မော့ကြည့်လိုက်သည်။
သူ့လက်ထဲရှိ ကြက်သွေးရောင် တဖျပ်ဖျပ်ခတ်နေသော ဓားရှည်ကြီးကိုလည်း ဓားအိမ်ထဲ ပြန်သိမ်းလိုက်တော့၏။
အခြားသော အရပ်များတွင်လည်း လှံရှည်ကိုင်ထားသောအမျိုးသားနှင့် အဖြူဝတ် အမျိုးသမီးတို့သည် သက်ဆိုင်ရာ လက်နက်များ ပြန်လည်ရုတ်သိမ်းလိုက်ကြသည်။
သူတို့အားလုံးသည် နတ်အာရုံများကို တစ်ဖက်လူထံ ပစ်မှတ်ထားဝံ့ခြင်း မရှိခဲ့ကြချေ။ လူတိုင်းသည် အနက်ဝတ်လုပ်ကြံသတ်ဖြတ်သူ ထံ၌သာ အာရုံစိုက်ထားဝံ့သည်။
ထို့ကြောင့် အနက်ဝတ်လူသည် စုရီဓားချက်ကြောင့် နောက်သို့ ပြိုလဲကျသွားပြီး လက်ဖဝါးတစ်ချက် လိုက်ပါလာချိန်သည် သူတို့ လုပ်ကြံရန် အကောင်းဆုံးဖြစ်ချေပြီ။
သို့သော် ထိုအခိုက်အတန့်တွင် သားကောင်သည် သူတို့လေးဦး၏နတ်အာရုံများ အပေါ် သတိထားမိကာ ဆုတ်ခွာသွား၏။ ယုံနိုင်စရာပင် မရှိတော့ချေ။
“ ဒီကလေး ငါတို့ကို ဘယ်လိုများ မြင်နိုင်ရတာလဲ။ ”
***