← Chapters

အခန်း ၁၂၆၅

Vol. 106 Ch. 1265

အခန်း ၁၂၆၅

Vol. 106 Ch. 1265

အခန်း ၁၂၆၅ -

အတူတူ ဆွဲခေါ်ခြင်း ... ။

ညကောင်းကင်ယံအောက်တွင် လရောင်ခြည်များသည် တောင်တန်းကြီးအပေါ် ဖြာကျနေသည်။ မြစ်ပြင်ရှိ လှိုင်းကြက်ခွပ်များ သည်လည်း ငွေလရောင်များ တလက်လက် တောက်ပနေ၏။

“ ထင်တဲ့အတိုင်းပဲ ... ငါ့ရဲ့ရောင်ဝါကို လွှတ်ပြလိုက်တာနဲ့ ရန်သူတွေက ချက်ချင်း ရောက်လာကြတယ် ... ။ ”

စုရီတစ်ယောက် မြစ်ပြင်ကို ငေးလျက် ရေရွတ်လိုက်သည်။ ထို့နောက် ဝိုင်အိုးထုတ်ကာ မော့ချလိုက်တော့၏။

ဤအခိုက်တွင် ကောက်ကျစ်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ ဤခရီးတွင် ငါးတစ်အုပ်ကို သူသည်သာ ဆွဲဆောင်သွားသော် ထိုမျောက်အိုကြီအတွက် အပျင်းပြေစေမည်။

ကောင်းကင်ဘုံ အမဲလိုက်ပွဲပြီးနောက် ထာဝရညအကယ်ဒမီ၌ ရောင်ဝါကိုဖုံးကွယ်ကာ လအနည်းငယ်ကြာ တံခါးပိတ်ကျင့်ကြံခြင်းဖြင့် ရန်သူများကို ပို၍ တက်ကြွစွာ လှုပ်ရှားလာစေပုံရသည်။

ယခု သူ ထွက်ပေါ်လာပြီးနောက် ချက်ချင်းအင်မော်တယ်ဘုရင်များ လုပ်ကြံရန် ရောက်ရှိလာခြင်းသည် သက်သေပေပင်။

ယင်းသည် သူ့ကို အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိသည့်အပြင် ဆန့်ကျင်ဘက် အနေဖြင့် ပို၍ပင် ဝမ်းမြောက်လာစေသည်။

ထိုစဉ်က အနက်ဝတ်လူကို သတ်ဖြတ်ရန်ပြင်စဉ် သူ့ဗီဇအသိမှ အန္တရာယ်ကို သတိပေးလာသဖြင့် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းဆုတ်ခွာခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ထိုငါးဦးနောက်တွင် အစွမ်းထက်သောနောက်ထပ် ကျင့်ကြံသူနှစ်ဦး လိုက်ပါနေသည်ကို ထပ်မံ သတိထားမိခဲ့၏။

အဆိုပါနှစ်ဦးသည် ဤလုပ်ကြံရေး ခရီးစဉ်ကိုတာဝန်ယူရသည့် ခေါင်းဆောင်များ ဖြစ်ပေမည်။

သူတို့နှစ်ဦးသည် စုရီသည်ပင် သတိ မထားမိစေသော ‘ကောင်းကင်ဘုံလှည့်စားခြင်း စစ်တုရင်ခုံ’ ဟူသော နည်းစနစ်ကို အသုံးပြု ပုန်းအောင်းနေခြင်းဖြစ်သည်။

ဤနည်းစနစ်သည် ထာဝရညတိုက်ပွဲတွင် ရန်သူများမှ သူ့ကိုလုပ်ကြံရန် အသုံးပြုခဲ့ဖူးသော လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်၏။ ထိုစဉ်က ယခု လုပ်ကြံသူများထက် သာလွန်သောကြောင့် သူပင် အငိုက်မိသွားခဲ့ဖူးသည်။

အဆိုပါအချင်းများအပေါ် ကြည့်ရှုခြင်းအားဖြင့် ရန်သူအင်အားစုကြီးများ မည်မျှ ထပ်မံထွက်ပေါ်လာဦးမည်ကို မမှန်းဆနိုင်ခဲ့ချေ။

သို့သော် ထိုသူများနှင့် အချိန်ဖြုန်းရန် ဆန္ဒမရှိသောကြောင့် မြူနက်တောင်ကြားထံသို့ ချက်ချင်းဦးတည်ထွက်ခွာလာခဲ့သည်။

***

အနက်ရောင်ဝတ်ရုံ ဆင်မြန်းလျက် ကျောပေါ်တွင် ဓားသေတ္တာတစ်လုံးကို ထမ်းပိုး ထားသော မျောက်အိုကြီးတစ်ကောင်သည် တောင်ထိပ်တစ်နေရာ၌ ရပ်နေသည်။

အရပ်အမောင်းမှာ ဆယ်ပေခန့်ရှိကာ ကြွက်သားများသည် ပြည့်ဖြိုးတောင့်တင်းလှပြီး မျက်နှာတွင် အမွေးအမှင်များ ထူထပ်စွာ ဖုံးလွှမ်းနေ၏။

မျက်လုံးများ၌မူ အေးစက်လှသော မိုးကြိုးလျှပ်စီးများ တောက်လောင်နေပေသည်။ ခန္ဓာကိုယ်မှထွက်ပေါ်နေသော ဓားရောင်ဝါမှာ လူတိုင်းကို ခြိမ်းခြောက်နိုင်၏။

ယနေ့တွင် မျောက်ဝံအိုကြီးသည် တောင်ကြားပြင်ပသို့ မျှော်ကြည့်လိုက်ကာ နာကျင်သော ခံစားချက်များ ရရှိလာ၏။

သူသည် အပြင်လူများ အမြင်၌ ဒဏ္ဍာရီလာတည်ရှိမှုတစ်ပါး ဖြစ်ကောင်းဖြစ်နိုင် ချေ၏။ သို့သော် အမှန်တွင်မူ ဤအနက်ရောင် မြူများအတွင်း ပိတ်မိနေခဲ့သော သနားစရာ မျောက်တစ်ကောင်မျှသာဖြစ်သည်။

အချိန်များ မည်မျှကြာမြင့်ခဲ့ကြောင်းပင် မသိနိုင်တော့ချေ။ ထိုစဉ် အနက်ရောင်မြူများ အပြင်တွင် လူရိပ်အချို့ထွက်ပေါ်လာသည်ကို သတိထားမိလိုက်သည်။

ထိုလူရိပ်များသည်လည်း အနက်ရောင်မြူထုကြီးအတွင်း နတ်အာရုံကို ဖြန့်ကျက်လိုက်ရာ မျောက်ဝံအိုကြီး၏ မှုန်ဝါးဝါး ပုံရိပ်ကို သတိထားမိသွားသည်။

“ ဟမ့် ... ။ ”

ထို့ကြောင့် အင်‌မော်တယ်ဘုရင် အုပ်စုကြီးမှာ ကျောရိုးများ အေးစက်ကုန်ကြပြီး နှလုံးသားထဲအန္တရာယ် အချက်ပေးသံများကို ကြားလာရတော့၏။

အထူးသဖြင့် မျောက်ဝံအိုကြီး၏ မိုးကြိုးအလား စူးရှသော မျက်ဝန်းတစ်စုံနှင့် ဆုံလိုက်မိသည့်အခိုက်တွင် စိတ်ဝိညာဉ်များ စူးရှအက်ကွဲမတတ် ခံစားလိုက်ရသည်။

“ အဲဒါဘယ်သူလဲ ... ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းတဲ့ ဓားရောင်ဝါ ရှိနေရတာလဲ။ ”

တစ်ချိန်တည်းမှာပင် အမှောင်ရိပ်ထဲ၌ ပုန်းအောင်းလိုက်ပါလာခဲ့သော အမျိုးသမီးနှင့် အဖိုးအိုသည်လည်း သတိထားမိသွား၏။

ထိုအမျိုးသမီးအမည်သည် ကုန်းယုချန်ဖြစ်ပြီး အဘိုးအိုမှာ မိုထျန်းယင်ပင်။ သူတို့သည် ဤမြူနက်တောင်ကြား၏ ဒဏ္ဍာရီကို ကြားသိထား၏။

ဒဏ္ဍာရီအရ မြူခိုးများအတွင်းတွင် ထူးဆန်းပြီး ကြောက်စရာကောင်းသော တစ်စုံ တစ်ရာတည်ရှိချေပြီ။

ထိုသူသည် အင်မော်တယ်ဘုရင်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေသည်ဟု ဆိုကြပေသည်။

“ ဘာတွေစိုးရိမ်နေတာလဲ ... ဒီထဲက သတ္တဝါတွေက ကောင်းကင်ဥပဒေစည်းမျဉ်းရဲ့ ချည်နှောင်ခြင်းကို ခံထားရတယ် သူတို့ထဲက ဘယ်သူမှ အပြင်ထွက်မရပါဘူး။ ”

မိုထျန်းယင်က အမျိုးသမီးကို တိုးတိုးလေးပြောဟန်ဖြင့် သူ့ကိုယ်သူ ပြန်လည် အားပေးနှစ်သိမ့်လိုက်သည်။ သို့တိုင် အမျိုးသမီးမှာ မျက်မှောင်ကြုတ်လျက်၊

“ တစ်ခုခု ထူးဆန်းနေသလိုပဲ ... အဲဒီရှန့်မူကဒီထဲကိုဝင်သွားတာ နာရီဝက်တောင် မပြည့်သေးဘူး ... အခု ဝင်ပေါက်ကနေ ဒီလို ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင် ပေါ်လာတာဟာ တစ်ခုခုပဲ။ ”

သူမ စကားမဆုံးမီ မျောက်ဝံအိုကြီးသည် သူ့လက်မောင်းကို ဓားအလားလွှဲရမ်းတော့၏။ အနက်ရောင်အလင်းတန်းကြီး လေထုထဲသို့ ထိုးတက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပုံပျက်သွားတော့သည်။

ထို့နောက်တွင် မြူခိုးများကြား အရပ်မျက်နှာအသီးသီးသို့ အဆုံးမဲ့အနက်ရောင် အလင်းလှိုင်းများ ပြန့်ကားသွားလေသည်။

“ ဒါက ... ။ ”

ထိုအချိန်တွင် မြူနက်တောင်ကြား ပြင်ပဒေသတွင်ရှိနေသော အင်မော်တယ်ဘုရင် အုပ်စုကြီးနှင့် အဝေးတွင် ပုန်းအောင်းနေသည့် ကုန်းယုချန်တို့နှစ်ဦးသည် ထိုအနက်ရောင် အလင်းများ ဝါးမြိုခြင်းကို ခံလိုက်ရ၏။

လူတိုင်းခန္ဓာကိုယ်များ မထိန်းချုပ်နိုင်ဘဲ အတင်းအကျပ် ဆွဲခေါ်ခြင်း ခံလိုက်ရလေသည်။ လူသူကင်းမဲ့ပြီး မှောင်မိုက်အေးစက်လှသော အနက်ရောင် လွင်ပြင်ကျယ်ကြီးတစ်ခုသို့ ရောက်ရှိသွားသလိုပေပင်။

“ ဘာတွေဖြစ်နေတာလဲ။ ”

“ အဲဒီ မျောက်ဝံအိုကြီးက လျှို့ဝှက်နည်းစနစ်တစ်ခုသုံးပြီး ငါတို့အားလုံးကို ဒီတွင်းထဲ ဆွဲသွင်းလိုက်တာပဲ။ ”

“ ဟမ့် ... ငါတို့ နတ်အာရုံတွေ ကန့်သတ်ခံလိုက်ရပြီ။ ”

လူတိုင်း၏ နှလုံးသားများမှာ နစ်မြုပ်သွားကြရသည်။ ထိုစဉ်အဝေးရှိပုံရိပ်မှာ လူတိုင်းထံဝေ့ကြည့်လျက်၊

“ အဲဒီလူကိုသတ်နိုင်ရင် ... ငါ မင်းတို့ကို ဒီကနေထွက်သွားခွင့်ပေးမယ် မဟုတ်ရင်တော့ မင်းတို့အားလုံး ဒီနေရာက မင်းတို့အားလုံးရဲ့ သင်္ချိုင်းမြေ ဖြစ်သွားလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်၏။

ထို့နောက် ဓားအလင်းတန်းသဖွယ် ပြောင်းလဲကာ ကောင်းကင်ပေါ် ပျံတက်လျက် ပျောက်ကွယ်သွားတော့သည်။

လူတိုင်းမှာ သံသယများနှင့် ရှုပ်ထွေးသွားတော့၏။ ဤမျောက်အိုကြီးသည် ရှန့်မူနှင့် ရန်ငြိုးရန်စ ရှိနေပုံရချေပြီ။

ထို့ကြောင့်ပင် သူတို့ကို ဤနေရာတွင် ပိတ်လှောင်လိုက်ခြင်းပင်။ ထို့ကြောင့်လူတိုင်း ရှန့်မူကို ရှာရန်မှတပါး အခြားမရှိတော့ချေ။

တစ်ဖက်တွင် ကုန်းယုန်ချန်နှင့် မိုထျန်းယင်တို့သည် ဤမျှ ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခုသည် ရှန့်မူကိုသတ်ရန်သူတို့ကို အသုံးချနေသည်ကို နားမလည်နိုင်ဖြစ်လာ၏။

ယင်းသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း မြင်သာချေပြီ။ သို့သော် သူတို့သည်ပင် ရှန့်မူကို ရှာဖွေရန်မှတပါး အခြားမရှိတော့ချေ။

“ မြန်မြန် ... ရှန့်မူကို လိုက်ရှာပါ။ ”

“ အဖိုးကြီးမို ... ငါတို့မဟာမိတ်တွေကို ဒီလာဖို့ပြောလိုက်ပါ ... အထဲမှာ သေချာပေါက် ရှန့်မူရှိနေတယ်။ ”

ကုန်းယုန်ချန်မှ မိုထျန်းယင်ကို ပြောကြားလိုက်သည်။ မိုထျန်းယင်တစ်ယောက် ခေါင်းညိတ်ပြကာ ချက်ချင်း ဆက်သွယ်တော့၏။

နေ့တဝက်အကြာတွင် အဝေးမှ အပြေးအလွှားလာနေသည့် လူရိပ်များစွာတို့ကို အစက်အပျောက်များသဖွယ် မြင်လာရသည်။

ဤသည်မှာ ထိုက်ချင်ဂိုဏ်း၊ နတ်မီးတောက်ဂိုဏ်းနှင့် အခြားသော အင်အားစု အသီးသီးမှ အင်‌မော်တယ် ဘုရင်များပေပင်။

သူတို့အားလုံးသည် အဖိုးကြီးမိုထျန်းယင်အနား ဆင်းသက်လိုက်ပြီး နောက်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိကုန်၏။

လူတိုင်းက နတ်အာရုံများ ချက်ချင်း ဖြန့်ကျက်လိုက်ရာ ဒယ်အိုးကြီးတစ်လုံးအတွင်း ကျရောက်နေကြောင်း သိရှိကုန်၏။

“ အဖိုးကြီးမို ... ဒါက ဘာသဘောလဲ။ ”

ထိုက်ချင်းဂိုဏ်းမှ အလယ်အလတ် အင်‌မော်တယ်ဘုရင်တစ်ပါးက အေးစက်စွာ မေးမြန်းလေသည်။ မိုထျန်းယင်မှ ပခုံးတွန့်ပြလိုက်ပြီး၊

“ မြင်တဲ့အတိုင်းပဲ ငါတို့မှာ ရွေးချယ်စရာမရှိဘူး ... အားလုံးအတူတူ ပူးပေါင်းပြီး ရှန့်မူကို မြန်မြန်သတ်ပစ်ရမယ်။ ”

-ဟု ဖြေကြားလိုက်၏။

“ မင်း ... အဖိုးကြီး ဘယ်လိုရဲဝံ့လိုက်လဲ။ ”

အခြားသော အလယ်အလတ်အင်မော်တယ် ဘုရင်တစ်ပါးမှ ဒေါသတကြီးအော်ဟစ်လိုက်၏။ ဤအဖိုးကြီးမိုထျန်းယင်သည် ထောင်ချောက်ထဲ သူတို့ကိုပါ အတူဆွဲချခဲ့ခြင်းပေပင်။

“ ဟမ့် ... ငါ့ကို ဘာလို့ လူယုတ်မာတစ်ယောက်လို ကြည့်နေကြတာလဲ မင်းတို့အားလုံး ငါ့ဂိုဏ်းနဲ့ပူးပေါင်းထားတာ မဟုတ်လား ဒါဆိုဘာလို့ အတူတူလုပ်ဆောင်ဖို့ မကြိုးစားဘဲ အဝေးကနေ စောင့်ကြည့် နေရတာလဲ ...

... ဆည်ဝက ဗျိုင်းတစ်ကောင်လို မင်းတို့ကိုအကျိုးအမြတ် ရယူခွင့်ပေးမယ်လို့များ တကယ်တွေးနေတာလား ... ။ ”

မိုထျန်းယင်မှ ထိုအင်မော်တယ် ဘုရင်ထံ အေးစက်စွာပြောကြားလိုက်၏။ နတ်မီးတောက် ဂိုဏ်းမှ ခေါင်းဆောင် အင်‌မော်တယ်ဘုရင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး၊

“ ဒါ အဲဒီစီနီယာရဲ့ အမိန့်လား။ ”

-ဟု မေးမြန်းလိုက်သည်။

ကုန်းယုချန်မှ သက်ပြင်းချလျက်၊

“ မှန်တယ် ... အဲဒီစီနီယာနဲ့ ရှန့်မူက ရန်စတစ်ခုရှိပုံရတယ် ... ငါတို့ကို ရှန့်မူကိုဖမ်းဖို့ စေခိုင်းလိုက်တယ် မဟုတ်ရင် ဒီဘဝမင်းရဲ့ သင်္ချိုင်းက မြူနက်တောင်ကြားပဲ။ ”

-ဟု ရှင်းပြလိုက်၏။

သူမစကားကြောင့် လူတိုင်း မျက်လုံးပြူးကျယ်ကုန်သည်။ တစ်ဖက်လူသည် အမှန်ပင် ယုတ်မာလွန်းချေ၏။ သို့သော် ဤသည်မှာ သာမန်ပေပင်။

သူတို့ထဲမှ မည်သူမဆို နှစ်ပေါင်း သိန်းဂဏန်းရှင်သန်ထားသော မြေခွေးကြီးများ ဖြစ်ချေ၏။ ပြိုင်ဘက်များကို အကျိုးအမြတ်များ ရယူခွင့်ပေးရန် မည်သူမျှ ဆန္ဒမရှိချေ။

“ သွားရအောင် ရှန့်မူ ဒီမြူထဲဝင်သွားတာ နာရီဝက်ရှိနေပြီ တော်ကြာ အဲဒီစီနီယာနဲ့ အရင် ဆုံခဲ့ရင် ငါတို့အတွက် မသေချာတော့ဘူး။ ”

“ လူတိုင်း ငါးယောက်တစ်စု ဖြန့်ကွဲပြီး တောင်ကြားကိုဝင်ပါ မင်းတို့ရဲ့ ဆက်သွယ်ရေး တံဆိပ်ကိုဖွင့်ထား သားကောင်ကို မြင်တာနဲ့ အချင်းချင်းဆက်သွယ်ပါ။ ”

“ နားလည်ပါပြီ။ ... ။ ”

ထို့နောက်တွင် အင်မော်တယ် ဘုရင်အုပ်စုကြီးသည် မြူနက်တောင်ကြားသို့ ချက်ချင်းဝင်ရောက် ပျောက်ကွယ်သွား၏။

ဤဒေသ၏အုပ်စိုးရှင်သည် သူတို့ကဲ့သို့ ဂျူနီယာများအတွက် ကျိုးကြောင်းဆင်ခြင်ရန် တတ်စွမ်းနိုင်သည့် တည်ရှိမှုမျိုး မဟုတ်ချေ။

တတ်နိုင်သမျှ တစ်ဖက်လူကျေနပ်အောင် လုပ်ဆောင်ပေးခြင်းဖြင့်သာ သူတို့၏အသက်ကို ပြန်လည် အသနားခံခြင်းမျိုး ပြုနိုင်ပေမည်။

***

All Chapters