← Chapters

အခန်း ၁၂၆၆

Vol. 106 Ch. 1266

အခန်း ၁၂၆၆

Vol. 106 Ch. 1266

အခန်း ၁၂၆၆ -

ပြေးရတာပျော်လား။

“ တာအိုမိတ်ဆွေဟောင်း ... မင်းကို လိုက်ဖမ်းနေတဲ့သူတွေအားလုံး ဖိတ်ခေါ်ပြီးပြီ ကျန်တာ မင်းအပေါ်မှာပဲ မူတည်တော့တယ်။ ”

ကောင်းကင်တွင် ဓားသေတ္တာတစ်လုံးကို ထမ်းပိုးထားသောမျောက်ဝံအိုကြီးသည် လေထု အလယ်ရပ်တန့်လျက် နှုတ်ခမ်း၌အပြုံးတစ်ခု ဆင်မြန်းကာ တိုးတိုးလေး ရေရွတ်လိုက်၏။

ထိုအချိန်တွင် ငွေရောင်ရေကန်ကြီး အောက်ခြေရှိဂူတစ်လုံးတွင် တရားထိုင်နေသော စုရီသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လာတော့သည်။

ကောင်းကင်နှလုံးသားဆေးပြား ကိုးပြားလုံးသုံးစွဲပြီးနောက် သူ့ကျင့်ကြံမှုသည် တိုက်ပွဲကိုတောင်းတနေပြီဖြစ်၏။

ခန္ဓာကိုယ်တဝိုက် တောက်ပလှသော တာအိုအလင်းရောင်များ ဝန်းရံလျက်ရှိနေကာ ရောင်ဝါသည် ဓားတစ်လက်အလား စူးရှထက်မြက်လာနေသည်။

“ ငါ့နှလုံးသားက သေခြင်းနဲ့ရှင်ခြင်းကို ‌‌တောင်းတနေတာပဲ ... ။ ”

စုရီတစ်ယောက် သက်ပြင်းချလျက် ထရပ်လိုက်သည်။ ယခု ပိုက်ကွန်ရုတ်သိမ်းရန် အချိန်ကျချေပြီ။ သူ့တောင်းဆိုမှုများအတိုင်း မျောက်ဝံအိုကြီးမှ စီမံထားရန် မျှော်လင့်ရ၏။

ထိုစဉ် ဝိညာဉ်တစ်သောင်းဂိုဏ်းမှ ဝူထျန်းဦးဆောင်သော အင်‌မော်တယ်ဘုရင်များ ရောက်ရှိလာသည်ကို သတိထားမိလိုက်သည်။

ဤသည်မှာ ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ပထမတွင် တစ်ဖက်လူသည် ရေကန်တစ်ခုလုံး နေရာလပ် မကျန်အောင် ကောင်းကင်ကြေးမုံနှင့် လိုက်လံရှာဖွေခဲ့၏။

သို့သော် မည်သည့် သဲလွန်စမျှ မရရှိခဲ့ကြသဖြင့် မကျေမနပ်ဖြစ်ကာ မြေကြီးကို သုံးပေလောက် တူး၍ရှာဖွေရန် သူ့လူများထံ အမိန့်ပေးတော့သည်။

“ ဝူး ... ။ ”

ထိုစဉ် ငွေရောင်ရေကန်မှာ ရုတ်တရက်ပွက်ပွက်ဆူလျက် အရိုးစားလိပ်ပြာ အုပ်စုကြီး ထွက်ပေါ်လာကာ သူတို့ကို ဝန်းရံလေသည်။

ယင်းသည် ‌ငွေရောင်မုန်တိုင်းအလား ဝူထျန်းနှင့်အဖွဲ့ကို လှည့်ပတ်တိုက်ခိုက်လာ၏။ ဝူထျန်းတစ်ယောက် မျက်လုံးပြူးသွားသည်။ ဤသားရဲများသည် ရူးသွပ်နေပုံရ၏။

ထို့ကြောင့် ရှောင်တိမ်းလျက် ပြန်လည် တိုက်ခိုက်ကြရာ လိပ်ပြာများစွာ မြေပြင်ပေါ်သို့ တဖျပ်ဖျပ် လွင့်ကြွေသေဆုံးကုန်ကြသည်။

ကျောက်စိမ်းရောင်ဝတ်ရုံနှင့် ယပ်တောင်တစ်ချောင်း ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးကမူ မထီမဲ့မြင်ပြုသော လေသံဖြင့်၊

“ အဝိုင်းမခံရသရွေ့တော့ ဒီနတ်ဆိုးသားရဲလေးတွေက အန္တရာယ် မပေးနိုင်ပါဘူး။ ”

-ဟု ပြောကာ ယပ်တောင်ဝှေ့ယမ်း၍ မိုးကြိုးဥပဒေများဆင့်ခေါ်ပြီး လိပ်ပြာများထံ သတ်ဖြတ်ခြင်းအမှု ပြုတော့သည်။

ထိုစဉ် တိကျပြတ်သားသော ဓားအလင်းတစ်လက်သည် ထိုလိပ်ပြာများကြား လျှပ်စီးလက်သကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“ ဟမ့် ... ။ ”

ကျောက်စိမ်းရောင်အမျိုးသား၏ မျက်လုံးများမှာ ချက်ချင်းပြူးကျယ်လာခဲ့ပြီး လှုပ်ရှားမှုများ လုံးဝတောင့်တင်းသွား၏။

အသံပင်တစ်ချက်မျှ မထွက်နိုင်တော့ချေ။ လည်ပင်းထက်တွင် သွေးနီရောင်မျဉ်းကြောင်း တစ်ကြောင်း ထင်ထင်ရှားရှား ပေါ်လာသည်။

များမကြာခင် ကျောက်စိမ်းရောင်ဝတ် အမျိုးသား၏လည်ပင်းမှ သွေးများပန်းထွက်လာ တော့၏။ ချက်ချင်းပင် လိပ်ပြာအုပ်ကြီးသည် သူ့ထံသို့ အလုံးအရင်းဖြင့် တိုးဝင်လာသည်။

မျက်စိတမှိတ်အတွင်း အသားများ ကိုက်ဖဲ့စားသောက်ခံရကာ အရိုးစုကြီးအဖြစ် ပြောင်းလဲပြိုကျသွား၏။

သူ နောက်ဆုံး မြင်လိုက်ရသည်မှာ တောက်ပလွန်းသော ဓားအလင်းတန်းတစ်ခုသာ ဖြစ်လေသည်။ ထို့နောက် သူ့ကိုယ်သူ မည်သို့ အဆုံးသတ်သွားမှန်း မမြင်လိုက်ရချေ။

အဖြစ်အပျက်သည် မြန်ဆန်လွန်းပြီး အစောပိုင်းအဆင့် အင်‌မော်တယ်ဘုရင်များတွင် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့သော ထိုကျောက်စိမ်းရောင်ဝတ် အမျိုးသားသည် လုံးဝခုခံနိုင်ခြင်း မရှိလိုက်ချေ။

“ ယွမ်ထျန်း ... ။ ”

ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝူထျန်းနှင့် ကျန်ရှိသော အင်မော်တယ်ဘုရင်နှစ်ဦးမှာ တုန်လှုပ်သွားပြီး ချက်ချင်းဆုတ်ခွာကုန်ကြ၏။

“ မြန်မြန် ... ပြန်ဆုတ် ... ။ ”

လေးယောက်သား အသည်းအသန် လှည့်၍ထွက်ပြေးတော့၏။ ဤသည်မှာ စုရီကို ကြောက်လန့်၍မဟုတ်ချေ။

နတ်ဆိုးလိပ်ပြာများ ဝိုင်းရံထားသည့် အခြေအနေတွင် အားသာချက် လုံးဝမရှိသဖြင့် ရှောင်ရှားခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း သူတို့သည် ပေရာပေါင်းများစွာ ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့ကြ၏။ သို့တိုင် လိပ်ပြာများထံမှ လူရိပ်တစ်ရိပ်တိုးထွက်လာကာ သူတို့ လမ်းကိုပိတ်ဆို့လာတော့သည်။

“ သတိထား မကြောက်နဲ့ ... မင်းတို့အစွမ်းကုန်တိုက်ခိုက်လို့ မနိုင်တော့ရင် ချက်ချင်း ထွက်ပြေးပါ ... ။ ”

“ နားလည်ပါပြီ ။ ”

ဝူထျန်းအမိန့်ကို ကျန်သုံးဦးမှ ခေါင်းညိတ်ပြသည်။ တစ်ဖက်လူသည် မည်မျှ အန္တရာယ်ပေးနိုင်သော လူတစ်ယောက် ဖြစ်ကြောင်း သူတို့နားလည်ထား၏။

မဟုတ်သော် သူတို့ဂိုဏ်းကြီးများမှ ပူးပေါင်းဆောင်ရွက်ရန် အမိန့်ပေးလိုက်မည် မဟုတ်ချေ။

“ သတ် ... ။ ”

ဝူထျန်းမှ အော်ဟစ်လိုက်၏။ တစ်ဆက်တည်းမှာပင် ဦးစွာလှုပ်ရှားလိုက်ပြီး ရွှေရောင်ဓားသွားများ တပ်ဆင်ထားသော လင်းကွင်းတစ်စုံကို ထုတ်ယူလိုက်သည်။

ကျန်သုံးဦးမှလည်း တွန့်ဆုတ်မနေဘဲ သူတို့၏လက်နက်များကို ထုတ်ဖော်လျက်ဖြင့် အသင့်ပြင်လာကြ၏။

လေထုအလယ် အနက်ရောင် ရတနာမျှော်စင်တစ်ခု၊ အပြာရောင် လျှပ်စီးလှံ တစ်စင်းနှင့် ဓားပျံတစ်လက်တို့၏ ရောင်ဝါများ ဟိန်းဟောက်လျက် ထွက်ပေါ်လာသည်။

ကောင်းကင်နှင့် မြေကြီးသည် အင်မော်တယ်ဘုရင်လေးပါး၏ ရောင်ဝါများ ပေါင်းစပ်ထားမှုကြောင့် လှုပ်ခါလာချေပြီ။

ဝိညာဉ်တစ်သောင်းဂိုဏ်းတွင် သူတို့လေးဦးသည် အထက်တန်းစားအဆင့် အင်မော်တယ်ဘုရင်များဖြစ်၏။

ထို့ကြောင့် လေးယောက်သားပေါင်းစပ် လိုက်သောအခါ ကမ္ဘာကြီးတစ်ခုလုံး သူတို့၏ လက်ထဲ ရောက်ရှိသွားလေသည်။

“ အဟက် ... ။ ”

တစ်ဖက်တွင် စုရီသည် အေးစက်စွာ ပြုံးလိုက်ပြီး လေထုအလယ် ခြေသုံးလှမ်းအထိ ထပ်မံလှမ်းလိုက်ကာ ဓားကိုလေးကြိမ်မျှသာ အသာအယာဝှေ့ယမ်းလိုက်၏။

“ ချွမ် ... ။ ”

ပထမဓားချက်သည် တောင်တန်းနှင့် မြစ်ပြင်ကို ပိုင်းဖြတ်နိုင်သည့် အရှိန်အဟုန်နှင့် အတူ ဝူထျန်း၏ ရွှေရောင်လင်းကွင်းများထံ တိုးဝင်ကာ လွင့်စင်သွားစေသည်။

ဝူထျန်းကိုယ်တိုင်ပင် နောက်သို့ ဆုတ်ခွာလိုက်ရ၏။ ဒုတိယဓားသည် လျှပ်စီး ကဲ့သို့ ‘ကလန့်’ဟူသောအသံဖြင့် လှံရှည်ကို တည့်တည့်ထိမှန်သွားခဲ့သည်။

တတိယဓားချက်သည် ကောင်းကင်နှင့် မြေကြီးကြား ဆက်သွယ်ထားသည့်တံတိုင်းကြီး တစ်ခုကဲ့သို့ ရတနာမျှော်စင်ကြီးကို လုံးဝ ပိတ်ဆို့ထားချေပြီ။

“ အရမ်း သန်မာတယ်။ ”

စတုတ္ထဓားမှာမူ အသက်ချွေရန် ထွက်ပေါ်လာသော ဓားပျံကိုပြန်၍ကန်ထွက် သွားစေခဲ့သည်။

လူတိုင်း ထိတ်လန့်သွားတော့၏။ တစ်ဖက်လူသည် သူတို့ရရှိထားသည့် သတင်း အချက်အလက်များထက် ပို၍သန်မာနေချေပြီ။

အလယ်အလတ်အဆင့် အင်‌မော်တယ်ဘုရင်၏ ဦးဆောင်မှုအောက်တွင် ကောင်းစွာတုန့်ပြန်နိုင်နေ၏။

“ သေစမ်း ... ဒီကောင်။ ”

လူတိုင်းအတွေးများ သည်ထက် ပို၍ မတွေးနိုင်မီ ပုံရိပ်သည် ထပ်မံတိုးဝင်လာပြန်၏။ ဓားရောင်ဝါများသည် အရာအားလုံးကို ဖျက်ဆီး နိုင်သည့် ခံစားချက်မျိုး ပေးစွမ်းလာ၏။

“ သတ် ... ။ ”

လှံကိုင်ထားသော အင်မော်တယ်ဘုရင်မှ ဟိန်းဟောက်လျက် အစွမ်းကုန်ပြန်၍တိုက်ခိုက် လိုက်လေသည်။ သို့တိုင် သူသည် စုရီ၏ ခွန်အားကို လျှော့တွက်နေမိဆဲဖြစ်၏။

“ ကလန် ... ။ ”

သူ့လက်ထဲရှိ လှံရှည်သည် အဆုံးထိ ကွေးညွှတ်သွားကာ လွင့်ထွက်သွားတော့သည်။ ထို့ကြောင့် ထိတ်လန့်စွာဆုတ်ခွာရန်ပြင်စဉ် ဓားရောင်ဝါသည် သူ့ထံပြိုကျလာပြီဖြစ်၏။

“ မလုပ်နဲ့ ... ။ ”

နက်ရှိုင်းသော အော်ဟစ်သံနှင့်အတူ ခန္ဓာကိုယ်အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရကာ ဝိညာဉ်ပင်အမှုန့်ဖြစ်သွားတော့သည်။

“ ပြေး ... ။ ”

ဝူထျန်းနှင့် ကျန်ရှိနေသော အင်မော်တယ်ဘုရင်နှစ်ပါးမှ တိုက်ပွဲဝင်ဆန္ဒများ ပျောက်ဆုံးသွားခဲ့ရပြီး လှည့်၍ပြေး၏။

“ မင်တို့ လွတ်မြောက်မယ်ထင်လား။ ”

စုရီမှ ပြုံးလျက် သေမျိုးဓားကို ထုတ်ယူလိုက်သည်။ ထို့နောက် အပြာရောင် လခြမ်းဓားအလင်းတစ်ခု ပစ်လွှတ်တော့၏။

“ မကောင်းတော့ဘူး လူခွဲပြေး။ ”

အနက်ရောင် ရတနာမျှော်စင်ကို ကိုင်ဆောင်ထားသည့် အင်‌မော်တယ်ဘုရင်ခမျာ ကျောရိုးတစ်လျှောက် အေးစက်လာပြီး သူ၏ ကျင့်ကြံမှုအားလုံးကို ရတနာမျှော်စင်ထဲသို့ လောင်းထည့်ခုခံလိုက်ရသည်။

“ ဘန်း ... ။ ”

“ ဝေါ့ ... ။ ”

သို့သော် ရတနာမျှော်စင်သည် သစ်ဆွေးတုံးကြီးအလား ပေါက်ကွဲလျက်လွင့်စင် သွားတော့၏။ နောက်ဆက်တွဲအနေဖြင့် ယိမ်းထိုးလျက် သွေးအန်သွားသည်။

“ ဟမ့် ... ။ ”

လေထုအလယ် ခန္ဓာကိုယ် ပြန်လည် တည်ငြိမ်မှုမရရှိခင် စုရီထံမှလက်သီးတစ်လုံး ကျဆင်းလာသည်ကို မြင်လိုက်ရ၏။

“ အသက်ဝင် ... ။ ”

အင်မော်တယ်ဘုရင်အဆင့် ကာကွယ်ရေးရတနာများနှင့် အကာအကွယ် အလွှာအားလုံးကို အသက်သွင်းလိုက်သည်။

“ ဘန်း ... ဘန်း ... ။ ”

သို့သော် မအောင်မြင်ချေ။ ခုခံကာကွယ်ရေးအလွှာများမှာ စက္ကူများကဲ့သို့ အလွယ်တကူ ကျိုးပဲ့ ပျက်စီးသွားခဲ့ရသည်။

အကျိုးဆက်အနေဖြင့် လက်သီးသည် နံရိုးများကိုချိုးဖျက်၍ ရင်ဘတ်ထဲသို့ နစ်ဝင်လာ တော့သည်။

“ မင်း ... မင်းတကယ်ပဲ သူတော်စင်အင်မော်တယ် တစ်ပါးလား။ ”

ထိုသူက မယုံနိုင်စွာဖြင့် အသက်ကို ခက်ခက်ခဲခဲရှူရှိုက်ကာ မေးမြန်းလိုက်သည်။ စုရီမှ ခေါင်းယမ်းလျက်၊

“ မဟုတ်ဘူး ... တကယ်တော့ ငါက ဗလာနယ်ပယ်အင်မော်တယ်မြေ အဆင့်မှာပဲ ရှိပါသေးတယ်။ ”

-ဟု ဖြေကြားလိုက်၏။

ထို့နောက် ရင်ဘတ်ထဲမှ သူ့လက်သီးကို ဆွဲထုတ်လိုက်ရာ အင်မော်တယ်ဘုရင်ခန္ဓာသည် အစိပ်စိပ်အမွှာမွှာ ကွဲအက်လွင့်ပြယ်သွားသည်။

စုရီက ထိုမြင်ကွင်းကြောင့် တံဆိပ်တစ်ခုကိုထုတ်ယူကာ ချေမွပစ်လိုက်၏။ ချက်ချင်းပင် အဝေးဆီမှ အရိုးငှက်တစ်ကောင် မြည်သံပေးလျက် စုရီထံ ပျံသန်းလာခဲ့သည်။

“ မင်း ဒီမှာ တိုက်ပွဲရှင်းလင်းရေးလုပ်ပါ ... ငါသွားနှင့်မယ်။ ”

စုရီပုံရိပ်သည် အရိုးငှက် မရောက်ခင် အဝေးသို့ပြေးထွက်သွားပြီဖြစ်၏။ သူ့အသံသာ ပဲ့တင်ထပ် ကျန်ရစ်ခဲ့တော့သည်။

“ ဧကရာဇ်သခင်က ကာလကြာရှည် ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ကရုဏာ တရား ရှိလာပုံရတယ် ... အတိတ်တုန်းကဆိုရင် သူ့ရဲ့အကြည့်တစ်ချက်တင် ငါကြောက်လွန်းလို့ မေ့မြောသွားလောက်တယ် ... ။ ”

အရိုးငှက်မှ သက်ပြင်းချလျက် ရေရွတ်လိုက်သည်။ ထို့နောက်ကောင်းကင်ပေါ် မော့ကာ လေချွန်သံပြုတော့၏။ များမကြာခင် မြူများအတွင်းမှ ကျယ်လောင်သောခြေသံများ ထွက်ပေါ်လာပြီး သွေးပုရွက်ဆိတ်များ ထွက်ပေါ်လာသည်။

၎င်းတို့သည် လက်သီးဆုပ်အရွယ်မျှရှိကာ ကြေးဝါဖြင့် သွန်းလုပ်ထားသကဲ့သို့ တောက်ပ နေ‌ချေပြီ။ စစ်တပ်ကြီးတစ်ခုအလား စီတန်း ရောက်ရှိလာခြင်းဖြစ်၏။

“ အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ ... ဧကရာဇ်သခင်အတွက် တိုက်ပွဲမြေပြင်ကို ရှင်းလင်းရေးလုပ်ရအောင်။ ”

အရိုးငှက်မှ အော်ဟစ် အမိန့်ပေးလိုက်သည်။ ထို့နောက်တွင် အရိုးငှက်၏ ဦးဆောင်မှုနှင့်အတူ ချက်ချင်း လှုပ်ရှားလိုက်ကြတော့သည်။

ထိုအချိန်တွင် ဝူထျန်းသည် လှည့်မကြည့်အားဘဲ အသက်ရှင်လျက်ထွက်ခွာ နိုင်ရန် အာရုံစိုက်ထား၏။

သူသည် သူရဲဘောကြောင်သူ တစ်ယောက်မဟုတ်ချေ။ သို့သော်ဤရှန့်မူသည် လုံးဝ ဘီလူးတစ်ကောင်ဖြစ်၏။ ဆက်လက် တိုက်ခိုက်ခြင်းဖြင့် မိုက်မဲရာကျပေမည်။

သို့သော် သူ အတွေးလွန်နေ၏။ အနည်းငယ် ထပ်မံပြေးပြီးနောက် ရုတ်တရက် အလွန်အမင်း ထိတ်လန့်ဟန်ဖြင့် ခြေလှမ်းများရပ်လိုက်သည်။

မြူနက်တောင်ကြား ဝင်ပေါက်ကို တစ်စုံတစ်ဦးမှ လုံးဝပိတ်ဆို့ထားခဲ့ကြောင်း ပြန်၍ သတိရလာသောကြောင့်ပေပင်။

နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားပြီး လက်ခြေများ အေးစက်လာ၏။ ထိုစဉ် စုရီသည် အဝေးတစ်နေရာတွင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရတော့သည်။

“ ဒီနေ့မြူနက်တောင်ကြားကနေ အသက်ရှင်လျက် ထွက်သွားချင်ရင် မင်းတို့မှာ နည်းလမ်းတစ်ခုပဲရှိတယ် ငါ့ကိုသတ်ပါ။ ”

“ ဟမ့် ... မင်းတကယ်ပဲ ငါတို့အင်မော်တယ်ဘုရင် အားလုံးကို အနိုင်ယူ နိုင်မယ်လို့ ထင်နေတာလား။ ”

ဝူထျန်းတစ်ယောက် နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ချက်ချင်းလှည့်၍ ထပ်မံထွက်ပြေးသွားပြန်သည်။

တစ်ဆက်တည်းမှာပင် ဆက်သွယ်ရေး အဆောင်ကိုချိုးဖြတ်လျက် မဟာမိတ်များထံ ဆက်သွယ်လိုက်၏။

“ မင်း ... ။ ”

သို့သော် သူ့လမ်းတွင် ဝိုင်တစ်အိုးနှင့် ထိုင်စောင့်နေသောစုရီကို မြင်လိုက်ရသဖြင့် ခြေလှမ်းများ ရပ်လိုက်ရသည်။

“ ငါပြောပါတယ် မင်းလွတ်မြောက်မှာ မဟုတ်ဘူးလို့ ဘယ်လိုလဲ အင်မော်တယ်ဘုရင် တစ်ပါးအနေနဲ့ ပြေးရတာပျော်လား ... ။ ”

ဝူထျန်းတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူသည် ဤနေရာ၌ အချိန်အတော်ကြာအောင် စောင့်ဆိုင်း နေပုံရကြောင်း မြင်နိုင်၏။

စုရီက ကျောက်တုံးပေါ်မှ ထရပ်ကာ ဝိုင်အိုးကိုသိမ်းဆည်းလျက်၊

“ ကောင်းပြီ ... အချိန်မရှိတော့ဘူး တခြားသူတွေအတွက် ငါ အချိန်ပေးရဦးမယ် မင်းကိုဒီနေရာကနေပဲ လိုက်ပို့ပေးမယ်။ ”

-ဟု ပြောကြားလိုက်၏။

သူ့အသံသည် တိုးညှင်းပြီး မိတ်တွေတစ်ဦးကို နှုတ်ဆက်နေသကဲ့သို့ပင် နူးညံ့နေချေပြီ။ ယင်းက ဝူထျန်းအတွက် သေမင်းကိုမြင်ရသကဲ့သို့ ချက်ချင်းပင် တုန်ရီသွားစေတော့သည်။

***

All Chapters