အခန်း ၁၂၆၇
Vol. 106 Ch. 1267
အခန်း ၁၂၆၇ -
သတ်ကွင်း ... ။
ဝူထျန်းတစ်ယောက် အသက်လု၍ လှည့်ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ချက်ချင်းပင် ဓားစွမ်းအင်များကလွတ်မြောက်ရာ လမ်းကြောင်းအားလုံးကို ပိတ်ဆို့လာ၏။
ထို့နောက်တွင် ဦးခေါင်းတစ်လုံးသည် လေထဲသို့ လွင့်စင်သွားခဲ့ရပြီး သွေးမြူများစွာ လေထဲပက်ဖျန်းသွားခဲ့တော့သည်။
အင်မော်တယ်အာကာသကို အလုံးစုံ ထိန်းချုပ်နိုင်စွမ်းရှိသော အင်မော်တယ်ဘုရင်နှင့် ဗလာနယ်ပယ်အင်မော်တယ်ကြား ကွာခြားချက် အရ အလွန် ကြီးမားလှသည်။
ဤမတိုင်မီက ဝူထျန်းကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူတစ်ဦးကို ငရဲဘုံကိုးပါး ဓားရောင်ကို အသုံးမပြုဘဲ အနိုင်ယူရန် အလွန်အမင်း ရုန်းကန်ရမည် ဖြစ်၏။
ထိုတိုက်ပွဲမျိုးသည် နှစ်ဖက်စလုံး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သရေကျရန်သာ အခွင့်အလမ်းများ၏။ အနိုင်ရရှိရန်လုံးဝ ရာခိုင်နှုန်းနည်းပါးပေမည်။
သို့သော် ယခုမူ ဝူထျန်းကို ကြွက်တစ်ကောင်ကဲ့သို့ သတ်ဖြတ်နိုင်နေချေပြီ။ အတွေးများ ရုတ်သိမ်းလျက် မြူများအတွင်း ဆက်လက်တိုးဝင်လာခဲ့သည်။
သူ ထွက်ခွာသွားပြီး မကြာမီမှာပင် အရိုးငှက်နှင့် သွေးပုရွက်ဆိတ်တပ်ကြီးသည် ထိုအရပ်သို့ ရောက်ရှိလာတော့၏။
နှစ်နာရီခန့် ကြာမြင့်ပြီးနောက် လွင်ပြင်ကျယ်ကြီးထက်တွင် အင်မော်တယ် ဘုရင်လေးပါးသည် သတိကြီးစွာ ပျံသန်း လာနေခဲ့သည်။
သူတို့သည် အစောပိုင်းက ဝူထျန်းထံမှ ဆက်သွယ်မှုကို ရရှိသော်လည်း ချက်ချင်းပင် တုန့်ပြန်မှုပျောက်ဆုံးသွား၏။
ထို့ကြောင့် လူတိုင်း မပေါ့ဆဝံ့ဘဲ ပတ်ဝန်းကျင်အပေါ် စောင့်ကြည့်ပျံသန်းနေခြင်း ဖြစ်လေသည်။
အထူးသဖြင့် အလယ်အလတ် အင်မော်တယ်ဘုရင်ဖြစ်သော ဝူထျန်းနှင့် ဤသို့ ဆက်သွယ်မှုပြတ်တောက်ခြင်းသည် မယုံနိုင်စရာပေပင်။
“ စီနီယာအစ်ကို ... ဒီမြူနက်တွေက တကယ်ပဲ စိတ်မသက်သာ ခံစားရစေတယ်။ ”
“ မှန်တယ် ... ငါတို့အားလုံးက ရှန့်မူကို သတ်နိုင်မှသာ ဒီမြူတွေထဲကနေ ထွက်ခွာခွင့် ရကြလိမ့်မယ် မကြာခင်ကပဲ အဲဒီစီနီယာက ထွက်ပေါက်ကို ပိတ်ပစ်လိုက်ပြီ။ ”
“ ဒါပေမယ့် စီနီယာအစ်ကို ... အံ့ဩစရာကောင်းတယ် မထင်ဘူးလား ငါတို့ ဒီထဲရောက်လာထဲက အဲဒီစီနီယာရဲ့ ရောင်ဝါကို မခံစားရတော့ဘူး ...
... သူ့ကြည့်ရတာ တစ်ခုခုကို ... လုံးဝ စိတ်ချနေပုံရတယ် ဒါက ရှန့်မူအတွက် ငါတို့ကို ထောင်ခြောက်ထဲ ကျုံးသွင်းနေသလိုပဲ။ ”
ထိုစကားကြောင့် လေးယောက်သား မျက်မှောင်ကြုတ်လျက် စိုးရိမ်ပူပန်မှုကြီးစွာဖြင့် တိတ်ဆိတ်သွားတော့၏။
“ ဒီလောက်အထိ စိုးရိမ်မနေနဲ့ ... ။ ”
ခရမ်းရောင်ဝတ်ရုံနှင့် ခန့်ညားသော မုတ်ဆိတ်မွေးများရှိနေသည့် အင်မော်တယ် ဘုရင်က တည်ငြိမ်စွာနှစ်သိမ့်လိုက်၏။
သူသည် ဤအဖွဲ့အတွက် ခေါင်းဆောင်ပေပင်။ သူတို့အားလုံးသည် မိုးပြာ နန်းတော်၏ အကြီးအကဲများဖြစ်၏။
“ ငါတို့မှာ လူအရေအတွက် အသားစီးရထားတယ် ငါတို့လုပ်ရမှာက သူ့ကို တွေ့တာနဲ့ ချက်ချင်း အခြားသူတွေကို ဆက်သွယ်ဖို့ပဲ။ ”
သူ့နာမည်မှာ ကျိုးဖန်ဖြစ်ပြီး မိုးပြာနန်းတော်၏ အထူးကျွမ်းကျင်သော အင်မော်တယ်ဘုရင်ဖြစ်၏။
ထို့ကြောင့် ကျန်အင်မော်တယ်ဘုရင် သုံးပါးသည် စိုးရိမ်စိတ်များ လျော့ပါးသွားကာ အနည်းငယ် စိတ်ဓာတ်များ ပြန်လည် မြင့်တက်လာခဲ့သည်။
မိုးပြာနန်းတော်ဟူသည် အင်မော်တယ် နယ်မြေ အရှေ့ဘက်ဒေသ၏ အုပ်စိုးရှင်တစ်ပါး ဖြစ်သည်။ အုတ်မြစ်နှင့် သမိုင်းကြောင်းသည် ထိုက်ယီဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးများကို ယှဉ်နိုင်ချေပြီ။
ထိုစဉ်အဝေးဆီမှ ထူးဆန်းသော အိုးစည်ဗုံမောင်းသံများနှင့် တူရိယာမျိုးစုံတို့၏ အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျိုးဖန်နှင့် အဖွဲ့သားများမှာ လုံးဝ အံ့အားသင့်သွားကြ၏။ ဤမျှတိတ်ဆိတ်ပြီး အန္တရာယ်များလွန်းသော အရပ်ဒေသကြီးတွင် ထိုအသံများသည် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှလေသည်။
“ ဟိုမှာကြည့်စမ်း ... ။ ”
အင်မော်တယ်ဘုရင် တစ်ယောက်က မြူအတွင်းသို့ လက်ညှိုးထိုးပြ၏။ တောင်ကုန်း တစ်ခုပေါ်တွင် လူပုလေးတစ်ယောက် ခရုခွံကြီးတစ်ခုကို တီးမှုတ်နေသည်။
သူ့ဘေးတွင် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် မြွေအမြီးကြီးပါရှိသော သတ္တဝါတစ်ကောင်မှ ဂုံးခွံကြီးတစ်ခုကို ပြင်းထန်စွာ တီးခတ်နေ၏။
သူတို့နှစ်ဦးဘေးတွင် သွေးစွန်းနေသော ဝိညာဉ်တစ်ကောင်သည် ဗျပ်စောင်းတစ်လက် တီးခတ်နေတော့သည်။
“ ဒါတွေက ဘာကောင်တွေလဲ။ ”
ယင်းသည် ပွဲတစ်ခုကိုကြိုဆိုနေသော တေးသံများဖြစ်၏။ ထိုမြင်ကွင်းကြောင့် လူတိုင်း မျက်ဝန်းများမှေးစင်းလျက် ရပ်လိုက်ကြသည်။
“ မကြောက်ကြနဲ့ ... သူတို့က မင်းတို့ကို ကြိုဆိုဖို့အတွက် ရောက်လာကြတာပါ။ ”
ရုတ်တရက် သစ်ပင်ကြီးအောက်တွင် ကုလားထိုင်ဖြင့် အနားယူနေသော လူငယ် တစ်ယောက်မှ ပြုံးလျက် စကားပြောလာ၏။
လူငယ်၏ တည်ရှိမှုသည် သူတို့ကဲ့သို့ အင်မော်တယ်ဘုရင်များထံမှပင် ဖယ်ခွာနေ၏။ သတိမထားသော် ကောင်းကင်နှင့်မြေကြီးကြား တသားတည်း ဖြစ်နေတော့သည်။
“ ရှန့်မူလား ... ။ ”
“ ဟုတ်တယ် ... ။ ”
လူတိုင်းတုန်လှုပ်သွားစဉ် စုရီက ကုလားထိုင်မှ ထရပ်ကာ ပြုံးပြလိုက်လေသည်။ တစ်ဖက်တွင် စုရီမတ်တတ်ရပ်လိုက်သည်နှင့် တပြိုင်နက် ထိုထူးဆန်းသော သတ္တဝါများသည် တူရိယာတီးခတ်ခြင်းကို ရပ်တန့်လိုက်ကြ၏။
ထို့နောက်တွင် သူတို့အားလုံးသည် ကျိုးဖန်နှင့်အပေါင်းအပါများကို သွေးဆာသော အကြည့်များဖြင့် စူးစိုက်ကြည့်လာတော့သည်။
အသွင်အပြင်များသည် တံခါးဝသို့ ရောက်လာသော သားကောင်များကို ကြည့်နေ သကဲ့သို့ပေပင်။ လူတိုင်းလက်နက်များ ဆွဲထုတ်လျက် အသင့်ပြင်လိုက်ကြ၏။
သို့သော် ထိုသတ္တဝါများသည် အမိန့်ကိုစောင့်ဆိုင်းနေသည့်အလား လုံးဝပင် မလှုပ်ခဲ့ကြချေ။
“ စိတ်အေးအေးထားပါ ... မင်းတို့ ထွက်မပြေးသရွေ့တော့ သူတို့က မင်းတို့အပေါ် တိုက်ခိုက်လာမှာ မဟုတ်ဘူး။ ”
စုရီက တောင်ကုန်းထက်မှ ဖြည်းညှင်းစွာလျှောက်လှမ်းလျက် နှစ်သိမ့်လိုက် လေသည်။
“ ဒါပေမယ့် သူတို့ ညစာအတွက် နည်းနည်းတော့ အလျင်လိုနေတယ် ဘယ်သူ ကူညီချင်လဲ။ ”
“ ဟမ့် ... ရှန့်မူ ... မင်းသာ သူတို့ရဲ့ အကူအညီတကယ်မယူဖူးလို့ ကတိပေးဝံ့လား။ ”
ကျိုးဖန်က သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။
“ ဟားဟားဟား ... ဘာတွေ စိတ်ပူနေတာလဲ သူတို့က မင်းတို့ထွက်မပြေးဖို့ တာဆီးချင်ရုံပါ ... စိတ်ချနေပါ မင်းတို့ ငါနဲ့တိုက်ပွဲဝင်နေသရွေ့ မပါဝင်ဘူး။ ”
ထို့နောက်တွင် စုရီသည် တောင်ကုန်းပေါ်ရှိ သတ္တဝါများထံ ပြန်လှည့်ကြည့်ကာ၊
“ ပေတစ်သောင်းအကွာအထိ ... ပြန်ဆုတ်ကြပါ ငါ့အမိန့်မရမချင်း ဘယ်သူမှ အနားကို ချဉ်းကပ်မလာနဲ့ ... ပြီးတော့ ဘယ်သူမှလည်း မလွတ်မြောက်စေနဲ့။ ”
-ဟု အမိန့်ပေးလိုက်သည်။
စကားဆုံးသည်နှင့် သတ္တဝါများမှာ တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းခေါင်းညိတ်လျက် လှည့်ထွက်သွားကြပြီး ပေတစ်သောင်းအကွာ၌ တပ်စွဲထားကြတော့၏။
ဤမြင်ကွင်းကြောင့် ကျိုးဖန်နှင့် အပေါင်းအပါများသည် သံသယများနှင့် အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။
ထိုစဉ် စုရီသည် အလင်းတန်းအလား ပြောင်းလဲလျက် သူတို့ထံသို့ ပြေးဝင်လာချေပြီ။ ကျိုးဖန်တစ်ယောက် တုန့်ဆိုင်းဝံ့ခြင်းမရှိဘဲ ချက်ချင်း လှည့်ပြေးတော့၏။
“ ပြေး ... ။ ”
ရှန့်မူ စကားကို သူ လုံးဝမယုံချေ။ ဤမျှ ကြောက်စရာကောင်းသော သတ္တဝါကြီးများကို စေခိုင်းနိုင်သည့်နောက် မည်သူသည် ဒုက္ခများ ဝယ်ယူရန် ဆန္ဒရှိမည်နည်း။
***