← Chapters

အခန်း ၁၂၆၉

Vol. 106 Ch. 1269

အခန်း ၁၂၆၉

Vol. 106 Ch. 1269

အခန်း ၁၂၆၉ -

မင်းက ဘယ်သူမို့လဲ။

ကောင်းကင်နှင့် မြေကြီးကြား အနက်ရောင်မြူများအတွင်း ကုန်းယုချန်နှင့် မိုထျန်းယင်တို့သည် ခရီးဆက်နေကြသည်။

ထိုက်ယီဂိုဏ်း၊ အင်‌မော်တယ်ဓားဂိုဏ်းနှင့် ကျောက်စိမ်း‌အင်မော်တယ် နန်းတော်တို့ကဲ့သို့ အင်အားစုကြီးထံမှ လူတိုင်းရစ်ခွေနဂါး တောင်ထိပ်တွင် လာရောက်စုရုံးရန် ဆက်သွယ်မှုကို ရရှိထား၏။

“ ဟမ့် ... ဘယ်လောက်ပဲ သတိထားနေပါစေ နောက်ဆုံးတော့လည်း ရှန့်မူရဲ့ ထောင်ချောက်ထဲကို ငါတို့အားလုံး တူတူကျရောက်သွားခဲ့တာပဲ။ ”

ကုန်းယုချန်မှ ခါးသီးစွာ ရေရွတ်လျက် သက်ပြင်းချလိုက်တော့၏။ သူမသည်မစ်ရှင်ကို ထမ်းဆောင်ရန် ဆန္ဒမရှိတော့ချေ။

သူမ၏ဗီဇအသိအရ တစ်ဖက်လူသည် သူမတို့မရှုပ်သင့်သော တစ်စုံတစ်ဦးဖြစ်ကြောင်း သတိပေးနေသည်။

လက်ရှိဖြစ်စဉ်များအရ သူမ အတွေးကို ပို၍ပင် သေချာသွားစေ၏။ ယခုအချိန်ထိ ရှန့်မူ လက်တွင် အသက်ပေးခဲ့ရသော အင်‌မော်တယ် ဘုရင်များမှာ မရေမတွက်နိုင်တော့ချေ။

ဤဒေသကြီးတစ်ခုလုံးသည် သူ၏ အမဲလိုက်ကွင်းကြီးအဖြစ် ခံစားနေရလေသည်။ မိုထျန်းယွင်သည်လည်း ပျံသန်းနေရာမှ၊

“ ဒီရက်ပိုင်းအတွင်းမှာတင် နတ်မီးတောက်ဂိုဏ်း၊ချန်ယွမ်ဓားခန်းမနဲ့ မိုးပြာ နန်းတော်တို့လို့ အင်အားကြီးဂိုဏ်း အပါအဝင် အခြားသောအင်အားစုအသီးသီးနဲ့ ဆက်သွယ်မှု ပြတ်တောက်ကုန်တယ် ...

... ကြည့်ရတာ ရှန့်မူလက်မှာ သူတို့အားလုံးသေကုန်ကြပြီထင်တယ် ... ဒါက နည်းနည်းတော့ မယုံနိုင်စရာပဲ ဒီအမှုကို ပြီးမြောက်ဖို့ ဘယ်လိုလုပ်ဆောင်နိုင်ခဲ့လဲဆိုတာ ငါတကယ် စဉ်းစားလို့တောင် မရတော့ဘူး။ ”

-ဟု ပြန်လည် ဆွေးနွေးလိုက်သည်။

ကုန်းယုချန်၏ မျက်နှာထက်တွင် စိုးရိမ်မှုများသည် အထင်းသားပေါ်လွင်လာ၏။ ဤအချက်အလက်များအရ ခြေအနေ၏ လေးနက်မှုကို ကောင်းစွာမြင်နိုင်သည်။

“ ထိုက်ယီဂိုဏ်းက ကျန်းချန်ဆီကနေ သတင်းတစ်ခုရခဲ့တယ် ရှန့်မူဟာ ထူးဆန်းတဲ့ အဲဒီသားရဲတွေကို သူ့ရဲ့အစေအပါးတွေလို အမိန့်ပေး ခိုင်းစေနိုင်ပုံရတယ်တဲ့။ ”

မိုထျန်းယွင်မှ ပြောကြားလာ၏။

“ ဒါက သေချာပေါက် ဒီမြူနက်တောင်ကြားဟာ ငါတို့အတွက် ပြင်ဆင်ထားတဲ့ ထောင်ခြောက်ပဲဆိုတာ ပြနေတာပဲ ...

... ဒီလိုအခြေအနေနဲ့ နေရာရဲ့ အားသာချက်တွေကြောင့် ငါတို့ သူ့ကို မရှုပ်သင့် တော့ဘူး။ ”

နှစ်ယောက်သာ ခဏမျှ အသံတိတ်သွားပြီးနောက် မိုထျန်းယွင်မှ၊

“ ကျင့်ကြံခြင်းနဲ့ လူအရေအတွက်မှာ အားသာချက်ရှိတယ်လို့ ထင်ခဲ့ပေမယ့် ငါတို့ဟာ အဲဒီရှန့်မူလောက် ဗျူဟာတွေကို မခင်းနိုင်ဘူး မျက်စိနဲ့သာ မမြင်ရရင် ဒီလူငယ်ကို သေချာပေါက် မြေခွေးအိုကြီးတစ်ဦးလို့ ထင်မိလိမ့်မယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

လက်ရှိ အင်မော်တယ်မြေတွင် အထွတ်အထိပ် ရောက်နေသည့် တွင်းအောင်း ဖားကြီးများမှာ နတ်ဘုရားကပ်ဘေးကြောင့် တွင်းထဲမှ မထွက်ဝံ့ကြချေ။

ယင်းသည်ပင် သူတို့ကဲ့သို့သော အင်မော်တယ်ဘုရင်များကို ဤလောကကြီး၌ အမြင့်မြတ်ဆုံးတည်ရှိမှုများအဖြစ် သတ်မှတ်ကြခြင်းဖြစ်၏။

သူတို့ထက် သန်မာသူများမှာ အင်မော်တယ်ဘုရင် အထွတ်အထိပ်တွင်ရှိသော ထိုမြေခွေးအိုကြီးများသာ ရှိချေတော့သည်။

သို့သော် ထိုမြေခွေးအိုကြီးများသည် တွင်းအောင်းဖားအိုကြီးများမှ အမိန့်ကိုခံယူပြီး ဂိုဏ်း၌သာ အနေများ၏။ တစ်ဆက်တည်း မှာပင် မြင့်မြတ်သူအဆင့်သို့ တက်ရောက် ရန်လည်း ကြိုးစားနေကြသည်။

ယခုမူ သူတို့ကဲ့သို့ တည်ရှိမှုများသည် မြူနက်တောင်ကြားတွင် အမည်မဲ့ဂျူနီယာ တစ်ပါး၏ အမဲလိုက်ခြင်းခံခဲ့ရ၏။

ဤသတင်းသည်သာ ပျံ့နှံ့သွားသော် ပွက်လောရိုက်ကုန်ပေတော့မည်။ အထူးသဖြင့် တစ်ဖက်လူ၏ ကျင့်ကြံမှုမှာ သူတော်စင် အင်မော်တယ်သာ ဖြစ်ကြောင်း သိရှိခဲ့ပါက ပို၍ရယ်စရာကောင်းပေလိမ့်မည်။

ကုန်းယုချန်အနေဖြင့်လည်း ဤကမ္ဘာကြီးပေါ်တွင် ထိုကဲ့သို့သော လူငယ် တစ်ယောက် မည်သို့တည်ရှိနေနိုင်သည်ကို လုံးဝစဉ်းစား၍မရတော့ချေ။

သမိုင်းတစ်လျှောက်တွင်လည်း ထိုရှန့်မူကဲ့သို့သော သူတော်စင်အင်မော်တယ် တစ်ယောက် မပေါ်ရှိခဲ့သည်မှာ သဘာဝပေပင်။

“ သိပ်ပြီး စိတ်ဓာတ်မကျပါနဲ့ ... ရစ်ခွေနဂါးတောင်ထိပ်ကိုရောက်ရင် အခြား ဂိုဏ်းကလူတွေနဲ့ ပူးပေါင်းပြီး အခြေအနေကို ပြောင်းလဲပစ်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှာတွေ့နိုင်မှာပါ။ ”

မိုထျန်းယင်က အားပေးသည့် လေသံဖြင့် ပြောလိုက်သည်။ ထိုအချိန်၌တောင်ကြီးတစ်လုံး နီးပါးမြင့်မားသော နတ်ဆိုးသားရဲတစ်ကောင် ရုတ်ချည်း သူတို့လမ်း၌ ထွက်ပေါ်လာ၏။

ခန္ဓာကိုယ်ပေါ်တွင် ထူထဲလှသော အနက်ရောင် သံကြိုးကြီးများဖြင့် ချည်နှောင်ခံ ထားရပြီး မျက်ဝန်းအစုံသည် သွေးနီရောင် ရေကန်ကြီးများကဲ့သို့ တောက်ပနေသည်။

ခြေလှမ်းတိုင်းသည် ကောင်းကင်နှင့် မြေပြင်ကို ပြင်းစွာတုန်ခါစေတော့သည်။ သူ၏ ခန္ဓာကိုယ်မှထွက်ပေါ်လာသည့် နတ်ဆိုးရောင်ဝါ ဖိအားများကြောင့် အသက်ရှူကြပ်လာ၏။

သူဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေဟာနယ်သည်ပင် တဖျစ်ဖျစ်မည်ဟည်းကာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။

ကုန်းယုချန်နှင့် မိုထျန်းယင်တို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ အဝေးကနေ လှမ်းကြည့်လိုက်ရုံမျှဖြင့် သေမင်းတမန် အငွေ့အသက်ကို ခံစားလိုက်ရ၏။

နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ချက်ချင်းထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြတော့သည်။ သို့သော်၊

“ ဒီလောက်အထိ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး ငါမင်းတို့နဲ့ စကားပြောဖို့လာခဲ့တာ။ ”

-ဟူသော အသံတစ်သံ ပျံ့လွင့်လာသည်။

ထိုအသံကြောင့် ပေထောင်ပေါင်းများစွာ မြင့်မားသည့် နတ်ဆိုးသားရဲကြီးမှာ ရုတ်တရက် ရပ်တန့်တည်ငြိမ်သွားခဲ့သည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် သူ့ပခုံးပေါ်မှ ပုံရိပ်တစ်ရိပ် ခုန်ဆင်းလာ၏။ ငယ်ရွယ်လှသော အသွင်ဖြင့် စုရီဖြစ်လေသည်။

“ ရှန့်မူလား ... ။ ”

ကုန်ယုချန်တစ်ယောက် သတိကြီးစွာ ရပ်တန့်လိုက်သည်။ မိုထျန်းယင်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့၏။

ရှန့်မူတစ်ယောက်တည်းသည်ပင် သူတို့အတွက် အလွန်ခက်ခဲနေပြီ ဖြစ်သည်။ ယခုကဲ့သို့ နတ်ဆိုးကြီးကိုပါ ခေါ်ယူလာ သည့်နောက် ဆိုဖွယ်မရှိတော့ချေ။

“ မင်း ဘာပြောချင်လို့လဲ။ ”

ကုန်းယုချန်မှ အသက်ကို ပြင်းပြင်းရှူသွင်းကာ တည်ငြိမ်အောင်ပြင်ယူပြီး မေးမြန်းလိုက်သည်။

စုရီက သူမတို့နှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်ပြီ ဝါးကုလားထိုင်တစ်လုံးကို ထုတ်ယူကာ ထိုင်ချလိုက်၏။

“ မင်းတို့လည်း ထိုင်ဖို့နေရာ အရင်ရှာနိုင်ပါတယ်။ ”

ကုန်းယုချန်တစ်ယောက် အံ့အားသင့်လျက် မိုထျန်းယင်ထံလှမ်းကြည့်လိုက်သည်။

“ ရှန့်မူ ... မင်းကို လိုက်လံဖမ်းဆီးနေတဲ့ အချိန်တုန်းက ငါတို့နှစ်ယောက်စလုံး မင်းကို ထိခိုက်အောင် မလုပ်ခဲ့ဖူးဘူးဆိုတာ သတိရသင့်တယ် ...

... အခုအချိန်ထိလည်း မင်းနဲ့တိုက်ပွဲဖြစ်ဖို့ ရည်ရွယ်ချက်မရှိဘူး ဒါပေမယ့် မင်းက ငါတို့ကို အတင်းအကျပ်လုပ်ရင် အဆုံးထိခုခံသွားမှာ။ ”

“ အခုကစပြီး ... မင်းပါးစပ်ကိုပိတ်ထားပါ အဲဒီမှာငြိမ်ငြိမ်လေးရပ်နေ ... ငါ ဒီမိန်းကလေးနဲ့ အရင်စကားပြောဦးမယ်။ ”

စုရီက မိုထျန်းယွင်ကို ပြတ်သားစွာ သတိပေးလိုက်သည်။ ထို့နောက် ကုန်းယုချန်ထံ လှည့်ကြည့်ကာ၊

“ မင်း ငါ့မေးခွန်းတွေကို အမှန်အတိုင်း ဖြေသရွေ့ ဒီနေ့မင်းတို့နှစ်ယောက်လုံးကို ... ငါ ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး။ ”

-ဟု မိတ်ဆက်လိုက်၏။

“ ကောင်းပြီ ... မင်းဘာသိချင်တာလဲ။ ”

“ ငါ ကုန်းနန်ဖန်နဲ့ တွေ့ခဲ့ပြီးပြီ ... ရှန်ဝူတောင်က ကုန်းမျိုးနွယ်စုဟာ ဘာဖြစ်လို့ ထိုက်ချင်းဂိုဏ်းရဲ့ လက်အောက်ခံ ဖြစ်သွား ရတာလဲလို့ သူ့ကိုမေးခဲ့ဖူးတယ် ...

... ဒါပေမယ့် သူ့ရဲ့အဖြေက ငါ့ကို မကျေနပ်စေခဲ့ဘူး ဒါမှမဟုတ် သူကိုယ်တိုင် မသိတာလည်းဖြစ်နိုင်တယ် ... အခုမင်းဆီကနေ အဲဒီအဖြေကို ငါသိချင်တယ်။ ”

ကုန်းယုချန်တစ်ယောက် စုရီ မေးခွန်းကြောင့်မျက်ခုံးပင့်လိုက်သည်။ သို့သော် သူမ မဖြေမီမှာပင် မိုထျန်းယင်က၊

“ ရှန်ဝူတောင်ရဲ့ ကုန်းမျိုးနွယ်စုဟာ တစ်ချိန်က ကပ်ဘေးတစ်ခု ကြုံတွေ့ခဲ့ရပြီး ငါ့ရဲ့ ထိုက်ချင်းဂိုဏ်းကနေ ကယ်တင်ပေးခဲ့တယ် ...

... အဲဒီအချိန်ကစပြီး ကုန်းမျိုးနွယ်စုဟာ ငါ့ထိုက်ချင်းဂိုဏ်းအပေါ် သစ္စာစောင့်သိပြီး နာခံ ခဲ့ကြတာ လူတိုင်းအသိပဲ ဒါကိုဘာဖြစ်လို့ ထူးထူးဆန်းဆန်း မေးနေရတာလဲ။ ”

-ဟု ဝင်ရောက် ဖြေကြားလာ၏။

“ မင်း နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလာရင် ... မင်း ဒီနေ့ သေရမယ်ဆိုတာ သတိရပါ။ ”

စုရီက တည်ငြိမ်စွာမေးလိုက်၏။ မိုထျန်းယင်တစ်ယောက် ဒေါသများကြောင့် မျက်နှာတစ်ပြင်လုံး နီမြန်းသွားလေသည်။ ကုန်းယုချန်မှ စုရီထံ ကြည့်ကာ၊

“ ချက်အလက်တွေအရကတော့ တာအိုမိုထျန်းယွင်ပြောတာ မှန်နေပါတယ် ငါတို့ မျိုးနွယ်စုကို ပျက်စီးခြင်းကနေ ထိုက်ချင်ဂိုဏ်း ကယ်တင်ပေးခဲ့တယ် ...

... အဲဒီအချိန်ကစပြီး ငါတို့ရဲ့ ဘိုးဘေးတွေဟာ ဒီကျေးဇူးကိုပြန်ဆပ်ဖို့အတွက် ထိုက်ချင်းဂိုဏ်းကို နာခံခဲ့ကြတာပဲ။ ”

“ အဟား ... ဓမ္မအဆုံးခေတ် မတိုင်မီမှာ ထိုက်ချင်းဂိုဏ်းက ကုန်းမျိုးနွယ်စုကိုအပြီးအပိုင် နှိမ်နင်းဖို့ ကြိုးစားခဲ့ပေမယ့် ပြင်းထန်တဲ့ခုခံမှုမျိုး ပြုလုပ်ခဲ့တယ်လို့ ငါကြားခဲ့တယ်။ ”

... အဲဒီတိုက်ပွဲက သွေးချောင်းစီးစေပြီး အလောင်းတွေ တောင်လိုပုံခဲ့တယ် ဒီလိုတိုက်ပွဲ အပြီးမှာ ကုန်းနွယ်စုဟာ မခံနိုင်တော့ဘဲ အညံ့ခံဖို့ ရွေးချယ်ခဲ့ကြတာ မဟုတ်ဘူးလား။ ”

မိုထျန်းယင်၏ မျက်နှာအမူအရာမှာ အလွန်အမင်းပျက်ယွင်းသွားခဲ့ပြီး စကားပြောရန် ပြင်လိုက်သော်လည်း တိတ်ဆိတ်နေရန် ရွေးချယ်လိုက်ရ၏။

“ အဲဒီအဖြစ်အပျက်တွေက ငါတို့မျိုးဆက်တွေနဲ့ အရမ်း ဝေးကွာလွန်းတယ် ငါလည်း အသေးစိတ် မသိဘူး ... ဒါပေမယ့် ဒီလို ကောလာဟလတွေကို ကြားဖူးတာကြောင့် ...

... မျိုးနွယ်စုအကြီးအကဲတချို့နဲ့ သွားရောက်အတည်ပြုခဲ့ဖူးတယ် သူတို့ကတော့ ဒါဟာ လုံးဝမှားယွင်းနေတဲ့ ကောလဟာလလို့ ပြောခဲ့ကြတာပဲ။ ”

စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။ သူ သိထားသည့် ဤသတင်းမှာတန်လင်းချီထံပါးမှ လာခြင်းဖြစ်လေသည်။ ရှေးဟောင်းတန်မျိုးနွယ် ဟူသည် အလွန် အင်အားကြီးမားသော မျိုးရိုးတစ်ခုဖြစ်၏။

ဤကဲ့သို့သော သမိုင်းဝင်ကိစ္စကြီးတွင် အကြောင်းမဲ့ ကောလဟာလအဖြစ် ဖြန့်ဝေရန် အကြောင်းမရှိချေ။ ကုန်းယုချန်မှ ရုတ်တရက် စုရီကို စိတ်ဝင်စားသွား၏။

“ မင်းက ဘာဖြစ်လို့ ငါ့ကုန်းမျိုးနွယ်ရဲ့ အတိတ်ကို ဒီလောက်အထိတောင် စိတ်ဝင်စား နေရတာလဲ။ ”

ဤရှန့်မူ၏ အရိုးအသက်အရွယ်အရ အသက်(၃၀)မျှသာ ရှိသေးပြီး များစွာငယ်ရွယ် နေချေ၏။ ထိုသို့သောလူငယ်လေးသည် သူမပင် လက်လှမ်းမမီသော အတိတ်ကို အဘယ့်ကြောင့် စုံစမ်းနေရသနည်း။ စုရီမှ ပြန်မဖြေချေ။

ကုန်းမျိုးရိုးသည် ဝမ်ယဲ့လက်အောက်တွင် တစ်ချိန်က သစ္စာရှိရှိအမှုထမ်းခဲ့သည့်နဂါးခြင်္သေ့ မျိုးနွယ်စုနှင့် အတူတူပေပင်။

သူ အယုံကြည်ရဆုံးသော လက်အောက်ငယ်သား အနည်းငယ်အနက်မှ အပါအဝင်ဖြစ်သည်။

ထိုက်ချင်ဂိုဏ်းနှင့် ဝမ်ယဲ့သည် ကမ္ဘာမကျေရန်သူများဖြစ်၏။ ထိုအခြေအနေ၌ ကုန်းမျိုးရိုးသည် ထိုက်ချင်ဂိုဏ်းထံ ခစားနေ သည်မှာ သံသယဝင်စရာပေပင်။

တစ်ဖက်တွင် သူသေဆုံးပြီးနောက် မည်သူမဆို သူတို့နှစ်သက်ရာရွေးချယ်မှုကို ကူးပြောင်းခွင့်ရှိကြသည်။

သူ့အပေါ် သစ္စာဖောက်မှုမျိုး မလုပ်သရွေ့ နားလည်ပေးနိုင်၏။ ဘဝ၌ ရှင်သန်ရေးအတွက် ရုန်းကန်ရသည်မှာ သဘာဝပေပင်။ ထို့ကြောင့် အကြောင်းရင်းကို စုံစမ်းနေခြင်းဖြစ်သည်။

“ မကြာခင်မှာ ငါ ထိုက်ချင်းဂိုဏ်းနဲ့ အကြွေးဟောင်းတွေကို ဖြေရှင်းစရာရှိတယ် ငါ မင်းကို အခုမေးခဲ့တဲ့ မေးခွန်းရဲ့ အဖြေပေါ် မူတည်ပြီး အနာဂတ်မှာ မင်းတို့ကုန်းမျိုးနွယ်ရဲ့ ရှင်သန်မှုကို ဆုံးဖြတ်မယ်။ ”

“ ထိုက်ချင်းဂိုဏ်းနဲ့ ဖြေရှင်းစရာရှိတာလား။ ”

ကုန်ယုချန်နှင့် မိုထျန်းယင်တို့ နှစ်ဦးစလုံး မှင်သပ်သွားကြသည်။ ဤရှန့်မူသည် အမှန်ပင် ရဲတင်းလွန်းလှ၏။ ထိုက်ချင်းဂိုဏ်းဟူသည်မှာ ထိုက်ကျင်းနယ်ပယ် မြင့်မြတ်သူတစ်ဦး၏ နောက်ခံဖြင့် ရပ်နေသည့်ဂိုဏ်းဖြစ်သည်။

ရွှေခေတ်ရောက်ရှိလာခြင်းနှင့်အတူ ဂိုဏ်းအတွင်းမှ အခြားအင်‌မော်တယ် ဘုရင်များ သည်လည်း ထိုက်ကျင်းနယ်ပယ်ကို တက်ရန် အပြည့်အဝ ပြင်ဆင်နေကြ၏။

အထူးသဖြင့် ထိုက်ချင်ဂိုဏ်းချုပ်သည် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ရန် သေချာ နေချေပြီ။

ဤသို့သော အခြေအနေမျိုးတွင် သာမန် သူတော်စင်အင်မော်တယ်တစ်ပါးမှ သွားရောက် ဖြေရှင်းမည်ဟု ရဲရဲဝံ့ဝံ့ ပြောဆိုနေခြင်းမှာ လုံးဝရူးသွပ်လွန်းနေသည်။

“ ငါပြောခဲ့တဲ့ စကားတွေကို မင်းပြန်ရောက်တဲ့အခါ မင်းတို့မျိုးနွယ်စုမှာရှိတဲ့ အကြီးအကဲတွေဆီကို ပြောပြလို့ရတယ်။ ”

“ ဟမ့် ... မင်းက ... ငါတို့ကို ဒီမြူနက်တောင်ကြားကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပေးမယ်လို့ ဆိုလိုတာလား။ ”

“ မင်းတို့ ငါ့ကိုဖမ်းဆီးဖို့လာခဲ့ကြတာ ရွယ်ရှောင်ကျိရဲ့အမိန့်ကြောင့်လား ဒါမှမဟုတ် သူ့ရဲ့ချီနီကြောင့်လား။ ”

“ ဂိုဏ်းချုပ်ချီနီရဲ့ အမိန့်ကြောင့်ပါ။ ”

“ ဒါဆို ... ရွှယ်ရှောင်ကျိ အခုဘယ်မှာလဲ။ ”

စုရီမှ ထိုင်ချင်ဂိုဏ်းဘိုးဘေးကို နာမည်တိုက်ရိုက်ခေါ်နေသဖြင့် မိုထျန်းယင်မှ မသက်မသာ ခံစားလာရသည်။

“ ဘိုးဘေးကြီးက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက လောကီကို အဆက်အသွယ်ဖြတ်ပြီး တစ်ကိုယ်တည်း သီးသန့်နေခဲ့ပါတယ်။ ”

“ ဒါဆို ... ချီနီက မင်းတို့ကို ငါနဲ့ပတ်သက်ပြီးတော့ တခြားလမ်းညွှန်ချက် ပေးခဲ့တာမျိုးရှိလား။ ”

ကုန်းယုချန်က ခေါင်းခါပြလိုက်သည်။ ဂိုဏ်းခေါင်းဆောင်ချီနီမှ သူတို့ကို ရှန့်မူဆိုသူထံ လိုက်လံဖမ်းဆီးသတ်ပစ်ရန်သာ အမိန့်ပေးခဲ့၏။

“ ဒါဆို ငါ ဘယ်သူလဲဆိုတာ မင်းတို့ တစ်ယောက်မှ မသိသေးဘူးလား။ ”

“ ဟမ့် ... မင်းက ဘယ်သူမို့လဲ ရှန့်မူမဟုတ်ဘူးလား။ ”

ကုန်ယုချန်နှင့် မိုထျန်းယင်တို့ခမျာ ဂိုဏ်းချုပ်ချီနီသည် ဤရှန့်မူနောက်ခံကို လုံးဝ သိရှိနေကြောင်း နားလည်လာကြတော့သည်။

***

All Chapters