← Chapters

အခန်း ၁၂၇၀

Vol. 106 Ch. 1270

အခန်း ၁၂၇၀

Vol. 106 Ch. 1270

အခန်း ၁၂၇၀ -

မင်း ... အများကြီးတွေးနေတယ်။

ကုန်းယူချန်နှင့် မိုထျန်းယင်တို့၏ မေးခွန်းနှင့်အမူအရာများကို ကြည့်ခြင်းအားဖြင့် ချီနီသည် သူ့အကြောင်းကို ပြောပြခဲ့ခြင်း မရှိကြောင်း စုရီသိလိုက်သည်။

ဤသည်က စုရီအတွက် ဇဝေဇဝါဖြစ်စေသော်လည်း နောက်ဆုံးတွင် သူ ဆက်မမေးတော့ချေ။ အကြောင်းရင်းမှာ ရိုးရှင်းလှ၏။

သူသည် အခြားသူများ၏ အတွေးများကို လိုက်လံခန့်မှန်းရန် အလွန်မုန်းတီးသောကြောင့် ဖြစ်သည်။ ထို့နောက် ကြိမ်ကုလားထိုင်မှ ထရပ်ကာ ကုန်းယုချန်ကိုကြည့်၍၊

“ ငါထိုက်ချင်းဂိုဏ်းနဲ့ စာရင်းရှင်းဖို့ ထွက်မသွားခင်မှာ ဒီမှာထားလိုက်မယ်။ ”

-ဟု အသိပေးလိုက်သည်။

“ ငါ သဘောမတူရင်ကော။ ”

“ မင်းမှာ ငြင်းဆန်ပိုင်ခွင့် မရှိဘူး ... မင်းငါ့ကိုမယုံရင် စမ်းကြည့်နိုင်တယ်။ ”

ကုန်ယုချန်တစ်ယောက် မျက်ဝန်းများ မှေးကျဉ်းသွားပြီး သတ်ဖြတ်လိုသောဆန္ဒများ ရုတ်ချည်း မြင့်တက်လာ၏။

“ ကုန်းမျိုးနွယ်ရဲ့ သားစဉ်မြေးဆက်တွေက ဘယ်တုန်းကမှ အကြောက်တရားမရှိဘူး။ ”

“ ဒါဆို မင်းအခု စလို့ရပြီ။ ”

စုရီက ပေါ့ပေါ့ပါးပါးပင် တုန့်ပြန်လိုက်သည်။ ကုန်းယုချန်မှ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး နောက်တစ်ခဏ စတင်လှုပ်ရှားတော့၏။

သူမခန္ဓာကိုယ်မှ မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ လေဟာနယ်ပြိုကျ သွားတော့သည်။

“ လေနှင့်မိုးကြိုး အင်မော်တယ်အာကာသ။ ”

အော်ဟစ်သံနှင့်အတူ ပြင်းထန်သော လေဆင်နှာမောင်းများ တိုက်ခတ်လာပြီးနောက် မိုးကြိုးများ ရေတံခွန်များကဲ့သို့ ဝုန်းဒိုင်းကြဲကာ ကျဆင်းလာသည်။

ပြင်းထန်သော ဖျက်ဆီးခြင်း စွမ်းအားတစ်ခုသည် ဧရိယာအတွင်းလုံးဝပင် ပြည့်နှက်လာ၏။ ယခုအချိန်၌ ကုန်းယုချန်သည် လေနှင့် မိုးကြိုးတို့၏ အရှင်သခင်ဖြစ်လေသည်။

ကျက်သရေရှိသော ခန္ဓာကိုယ်သည် လေပြင်းနှင့် မိုးကြိုးလျှပ်စီးများအကြားတွင် တောက်ပစွာ လွင့်မျောလာ၏။

စုရီတစ်ယောက် တာအိုဒိုမိန်းအတွင်း ပိတ်မိသွားချေပြီ။ သို့သော် စုရီမှ ဂရုမစိုက်ဘဲ တည်ငြိမ်နေဆဲဖြစ်သည်။

သူ့အဝတ်အစားများကို သပ်ရပ်အောင်ပြင်ယူလျက် ရှေ့သို့တစ်လှမ်း တိုးလိုက်၏။

“ ကလန့် ... ။ ”

သေမျိုးနယ်ပယ်ဓား ပေါ်လာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားရည်ရွယ်ချက် တစ်ခု ကောင်းကင်သို့ ပျံတက်လာခဲ့သည်။

“ ဖိနှိပ်ပစ်စမ်း ... ။ ”

“ ဂျိန်း ... ။ ”

ကုန်းယုချန်က လက်ညှိုးထိုးကာ အမိန့်ပေးလိုက်တော့သည်။ မိုးကြိုးမုန်တိုင်းများ ပြိုကျလာ၏။

“ ဝုန်း ... ။ ”

သို့သော် စုရီ၏ဓားချက်အောက်၌ ထိုကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားမှာ ချက်ချင်းပြိုကျသွားသည်။

ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထားသော တာအိုဒိုမိန်းတွင် အက်ကွဲကြောင်းကြီးတစ်ခု ရုတ်ချည်းပွင့်ထွက်လာတော့၏။

“ ဟမ့် ... ။ ”

“ ဘောင်း ဘောင်း ဘောင်း ... ။ ”

စုရီ ရှေ့သို့ တိုးဝင်လိုက်သည့်အခါ ထိုအက်ကွဲကြောင်းသည် ပိုမိုကျယ်ပြန့်သွားပြီး တစ်လောကလုံးကို တုန်ဟည်းသွားစေသည့် ဟိန်းဟောက်သံနှင့်အတူ အပိုင်းပိုင်းအစစ ကွဲကြေပျက်စီးသွားလေသည်။

တစ်ဆက်တည်းမှာပင် ဓားအဖျားသည် ကုန်းယူချန်၏ လည်ချောင်းဝအနား တစ်လက်မ အကွာ၌ တန့်သွားတော့၏။

ကုန်းယူချန်တစ်ယောက် ထိတ်လန့် တုန်လှုပ်မှုကြောင့် သေမတတ် ဖြူဖျော့သွားပြီး ဆံနွယ်များ ဖရိုဖရဲ ဖြစ်သွားလေသည်။

ဤဓားချက်သည် လုံးဝ လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ပြင်းထန်လွန်း၏။ သူမ အတွက် တာဆီးရန် လုံးဝမဖြစ်နိုင်ချေ။

ဓားမှစိမ့်ထွက်နေသော ထက်ရှမှုသည်ပင် သူမကဲ့သို့သော အထွတ်အထိပ်အလယ်အလတ် အင်မော်တယ်ဘုရင်ကိုပင် ခြိမ်းခြောက်နေ၏။

သူမ ကျင့်ကြံမှုသက်တမ်းတလျှောက် နှလုံးသားတစ်ခုလုံး တုန်ခါနိုင်စေသည်အထိ ကြောက်ရွံ့ရသော ရန်သူမျိုး မကြုံဖူးသေးချေ။ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။

“ မင်းရဲ့ လေမိုးကြိုး အင်မော်တယ် အာကာသက ကောက်ကြောင်းပြီးပြည့်စုံနိုင်ရုံ သက်သက်ပဲရှိသေးပြီး ... တာအိုတွေကို ပေါင်းထည့်ဖို့ ဝေးနေသေးတယ်။ ”

စုရီက ဓားကို ပြန်သိမ်းလိုက်ကာ၊

“ ငါ မင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ ... နောက်တစ်ခါ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါ မင်းကိုသတ်ဖို့ ဝန်လေးမှာမဟုတ်ဘူး။ ”

-ဟု အေးစက်စွာ ဆိုလိုက်သည်။

“ ဒါဆို ဘာလို့ ငါ့ကိုမသတ်တာလဲ။ ”

“ ငါ ထိုက်ချင်းဂိုဏ်းနဲ့ ... အကြွေးတွေကို ဖြေရှင်းပြီးတဲ့အခါ မင်းအပါအဝင် ကုန်းမျိုးရိုးရဲ့ အသက်တွေကို ဆုံးဖြတ်ပေးမယ် အခု မဟုတ်သေးဘူး။ ”

တစ်ဖက်တွင် မိုထျန်းယင်သည် မသက်မသာဖြစ်နေသည်။ တစ်ဖက်လူသည် သူ့ကို လျစ်လျူရှုကာ သူ့ဂိုဏ်းအကြောင်း မလေးမစား ပြောဆိုနေသည်များအပေါ် ရပ်ကြည့်နေရတော့၏။

ထိုအချိန်တွင် စုရီသည် မိုထျန်းယင်ထံ လှည့်ကြည့်လာသည်။ မိုထျန်းယင်တစ်ယောက် မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး၊

“ မင်း ငါတို့ကို တကယ်မသတ်ဘူးလို့ အာမခံနိုင်ရင် ဒီမြူနက်တောင်ကြားမှာ ခဏ နေရတာကို ငါ အရေးမစိုက်ပါဘူး။ ”

- ဟု ချက်ချင်း ကတိပေးလိုက်၏။

“ မင်း အတွေးလွန်နေပြီ ... ဒီနတ်ဆိုးကို အနိုင်ယူနိုင်ရင် မင်းထွက်ခွားနိုင်တယ်။ ”

မိုထျန်းယင် တစ်ယောက် တုံ့ပြန်ရန် အချိန်မရခင်မှာပင် နတ်ဆိုးကြီးက ရုတ်တရက် အသက်ဝင်လာပြီး သူ့ကိုပြုံးပြတော့သည်။

“ မကောင်းတော့ဘူး။ ”

မိုထျန်းယင်ခမျာ မျက်နှာပျက်သွားကာ ထွက်ပြေးရန် အနောက်သို့ လှည့်လိုက်သည်။ သို့သော် ကောင်းကင်ထောက်တိုင်တစ်ခုကဲ့သို့ ကြီးမားလှသော လက်မည်းကြီးတစ်ဖက် ကျဆင်းလာခဲ့၏။

လက်မောင်းတွင် ပတ်လျက်ရှိသော သံကြိုးကြီးများသည် တောင်တန်းကြီးများပမာ ထူထဲလှလေသည်။

ထိုလက်သီးချက် ကျဆင်းလာသည်နှင့် လေဟာနယ်တစ်ခုလုံးကွဲအက်ကာ ကောင်းကင် နှင့် မြေကြီး တုန်ခါသွား၏။

ပြင်းထန်သော ဖျက်ဆီးခြင်း လှိုင်းလုံးကြီးများသည် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ပစ်လိုက်တော့သည်။

“ ငါ့အတွက် ဖွင့်စမ်း။ ”

မိုထျန်းယင်က သက်စောင့်စွမ်းအား အားလုံးကို အကုန်အစင်ထုတ်ဖော်အော်ဟစ်ပြီး ချိုးဖြတ်လိုက်သည်။ သူ့ဝန်းကျင်၌ ရတနာ ပေါင်းစုံပျံဝဲလျက် ပြေးထွက်သွား၏။

“ ဘန်း ... ။ ”

ရလာဒ်မှာ အချည်းနှီးသာပင်။ ပေတစ်သောင်းမျှမြင့်သော နတ်ဆိုးသားရဲသည် ကမ္ဘာဦးသားရဲ နတ်ဘုရားတစ်ပါးအလားပေပင်။

လက်သီးတစ်ချက်တည်းဖြင့် ရတနာများကိုချေဖျက်ကာ အတားအဆီးမဲ့စွာ ကျဆင်းလာတော့သည်။

“ ဘုန်း ... ။”

မြေပြင်ပေါ် ထိမှန်ပြီး လက်သီးကို ပြန်ရုတ်လိုက်သောအခါတွင် ပေတစ်ထောင်ခန့် ကျယ်ပြောသည့် လက်သီးရာကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

ထိုလက်သီးရာကြီး အောက်ခြေတွင် မီးတောက်နေသော အင်မော်တယ်ဘုရင်၏ မြေအိုင်ကြီးကို မြင်လိုက်ရ၏။

ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်လှသော မြင်ကွင်းကြောင့် ကုန်းယုချန် တစ်ယောက် အော်ဟစ်လုနီးပါး ဖြစ်သွားကာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေတော့သည်။

ဤနတ်ဆိုးကြီး အမည်မှာ ဟွမ်တုဖြစ်ပြီး ဓားထမ်းထားသော မျောက်ဝံအိုကြီးပြီးနောက် မြူနက်တောင်ကြားတွင် အသန်မာဆုံးပေပင်။

“ သူမကို ခေါ်သွားပြီး နေရာတစ်ခု ပေးထားလိုက်။”

စုရီက အမိန့်ပေးလိုက်သည်။ ဟွမ်တုမှ ခေါင်းညိတ်လျက် ကုန်းယုချန်ထံ ငုံ့ကြည့်၏။ ကုန်းယုချန်ခမျာ စိတ်ဓာတ်များ လုံးဝ ပြိုလဲလုနီးပါး ဖြစ်သွားရလေသည်။

နောက်ဆုံးတွင် အရာအားလုံးကို တိတ်ဆိတ်စွာလက်ခံလိုက်ပြီး ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါသွားတော့၏။

စုရီတစ်ယောက် ကျောခိုင်းလျက် ရစ်ခွေနဂါးတောင်ထိပ်ထံ ဦးတည်လိုက်သည်။ ရစ်ခွေနဂါးတောင်ထိပ်သည် ကောင်းကင်ယံသို့ ဝင့်ကြွားစွာ ထိုးတက်နေသော နဂါးတစ်ကောင် အသွင်မျိုးဖြစ်ချေ၏။

တောင်ထိပ်တွင် အနက်ရောင် တိမ်တိုက်များသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလျက်ဖြင့် မိုးကြိုးလျှပ်စီးများက မြည်ဟည်းနေသည်။

ထိုက်ယီဂိုဏ်း၊ ဓားတစ်သောင်း အင်မော်တယ်ခန်းမ(ဝမ်ကျန်း)နှင့် အခြားသော အင်အားစုများသည် တောင်ထိပ်ပေါ်တွင် စုဝေးနေကြ၏။

“ တာအိုမိတ်ဆွေတို့ ... အဲဒီရှန့်မူ ရောက်မလာဘူးဆိုရင် ငါတို့ဘာဆက်လုပ်မလဲ။ ”

ထိုက်ယီဂိုဏ်းမှ အပြာရောင်ဝတ်ရုံဝတ် အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ သူ့အမည်မှာ ရွှီးဟုန်ရှန်ဖြစ်၏။

ထိုက်ယီဂိုဏ်းသည် အင်မော်တယ်ဘုရင်ငါးပါးကို စေလွှတ်ထားပြီး သူသည် ခေါင်းဆောင်ဖြစ်သည်။

“ အလျင်မလိုဘဲ တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်းတာက ပိုကောင်းပါတယ် ရှန့်မူက မြေခွေးတစ်ကောင်လို ပါးနပ်ပြီး လှည့်စားတတ်တယ်။ ”

ဓားတစ်သောင်းခန်းမ၏ အင်မော်တယ်ဘုရင်တစ်ပါးက ပြောကြားလာ တော့သည်။ ဆံပင်ဖြူဖြူနှင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသော အဘိုးအိုတစ်ဦးပေပင်။ အမည်မှာ တိုင်ကျန်းဖြစ်၏။

သူသည် နှောင်းပိုင်း အင်မော်တယ် ဘုရင်ဖြစ်ပြီး ဤစစ်ဆင်ရေးတွင် အသန်မာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။

“ မှန်တယ် ငါတို့ အလျင်လိုစရာမလိုပါဘူး။ ”

လျှော်ပင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ရှေးဟောင်းဓားတစ်လက် သယ်ဆောင်ထားသည့် အသက်လတ်ပိုင်း အရွယ် အမျိုးသားက ထောက်ခံ၏။

သူ့အမည်မှာ ယုဝမ်ချီဖြစ်ပြီး အင်မော်တယ်ဓားအာကာသကို စုစည်းထား နိုင်ခဲ့သည့် ကြောက်စရာကောင်းသော ဓားသမားတစ်ဦး ဖြစ်သည်။

ဤရက်များအတွင်း ရစ်ခွေနဂါးတောင်ထိပ်တွင် တားမြစ်ဝင်္ကပါများ ခင်းကျင်းထားသဖြင့် သေချာပေါက် သူတို့ကို အသာစီးရရှိစေနိုင်မည်။

သည့်ပြင် သူတို့တွင် အင်မော်တယ်ဘုရင် (၁၁)ပါးအထိရှိနေပြီး တိုင်ကျန်း၊ ရွှီးဟုန်ရှန်နှင့် သူကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်များ ရှိနေ၏။

တစ်ဦးချင်းစီအရ အစွမ်းထက်လှသော ဝှက်ဖဲများနှင့် ရတနာဆန်းများ ရှိနေသေးသည်။ ထိုသို့သော အခြေအနေအောက်တွင် ရှန့်မူသာ ရောက်ရှိလာပါက သေချာပေါက်သတ်နိုင်၏။

“ ဒါပေမယ် ငါတို့လို အင်မော်တယ်ဘုရင်အုပ်စုကြီးက သူတော်စင် အင်‌မော်တယ်တစ်ပါးကို သတ်ဖို့ အတွက် လိပ်တွေလို ချောင်းမြောင်းနေတာက ... ရှက်စရာပဲမဟုတ်လား။ ”

ထိုက်ယီဂိုဏ်းမှ ရွှီးဟုန်ရှန်က သက်ပြင်းချလျက် ညည်းတွားလိုက်လေသည်။ သူ့စကားကြောင့် လူတိုင်းမသက်မသာ ဖြစ်ကုန်ကြတော့၏။

“ ဟမ့် ... ဒီရှန့်မူက သာမန်သူတော်စင်အင်‌မော်တယ် မဟုတ်ဘူး သူ့နောက်ခံက သံသယဖြစ်စရာကောင်းတယ် ဒီလိုဘီလူးမျိုးနဲ့ ဘာလို့တရားမျှတမှုအကြောင်း ပြောနေရမှာလဲ။ ”

ထိုက်ကျန်းမှ လူတိုင်းကို နှစ်သိမ့်ဟန်ဖြင့် သူ့ကိုယ်သူနှစ်သိမ့်ခဲ့၏။ ယုဝမ်ချီသည်လည်း ခေါင်းညိတ်ကာ၊

“ဒါက သေခြင်းနဲ့ရှင်ခြင်းပဲ သူ့ကို မသတ်နိုင်ရင် ... ငါတို့ကို ဒီကနေထွက်သွားခွင့် ပေးမှာ မဟုတ်ဘူး။ ”

-ဟု စကားဆို၏။

“ ဒါပေမယ့် အဲဒီစီနီယာက တကယ်ပဲ သူစကားကိုတည်ပြီး ရှန့်မူနဲ့ ပူးပေါင်းတာမျိုး မလုပ်ဖို့ တွေးမိပါတယ်။ ”

“ မှန်တယ် အဲဒီစီနီယာသာ ရှန့်မူနဲ့ ပူးပေါင်းသွားရင် အခြေအနေက အများကြီး ရှုပ်ထွေးသွားလိမ့်မယ်။ ”

ဤတစ်ကြိမ်တွင် လူတိုင်း တိတ်ဆိတ်ကုန်တော့၏။ သူတို့အမှန်တကယ် ကြောက်ရွံ့သည်မှာ ထိုအချင်းအရာပေပင်။

မဟုတ်သော် ဤတောင်ကြားအတွင်းမှ လူတိုင်းဆုတ်ခွာပြီးဖြစ်ပေမည်။ တစ်ဖက်လူမှာ အင်မော်တယ်မြေ၌ ဒဏ္ဍာရီလာ နတ်ဆိုးကြီး တစ်ပါးပေပင်။

သူတို့ကဲ့သို့ သားပေါက်များအတွက် မဖြတ်ကျော်နိုင်သော နတ်တောင်ကြီးတစ်လုံး ဖြစ်ချေ၏။

“ ထိုက်ချင်းဂိုဏ်းက မိုထျန်းယင်နဲ့ ကုန်းယုချန်က ငါတို့တွေနဲပူးပေါင်းဖို့လာနေပြီ ပြောပြီး အခုထိ ပေါ်မလာသေးဘူး ... သူတို့ ကံဆိုးသွားကျပြီထင်တယ်။ ”

တစ်စုံတစ်ယောက်မှ သတိတရဆို၏။

“ ထက်မြက်တယ် ... ။ ”

ရုတ်တရက် အဝေးဆီမှ ပျံ့လွင့်လာသော စကားအသံနှင့်အတူ ပုံရိပ်တစ်ရိပ်လွင့်မျောလာ တော့၏။

“ ရှန့်မူလား ... ။ ”

လူတိုင်းခေါင်းလှည့်ကြည့်ကာ စိတ်လှုပ်ရှားကုန်ကြသည်။ ဤသည်မှာ သူတို့ စောင့်မျှော်နေသော ရှန့်မူပေပင်။

***

All Chapters