← Chapters

အခန်း ၁၂၇၂

Vol. 106 Ch. 1272

အခန်း ၁၂၇၂

Vol. 106 Ch. 1272

အခန်း ၁၂၇၂ -

ကောင်းကင်ဘုံ သတ်ဖြတ်ခြင်း ဓားနည်းစနစ်။

အဝေးတစ်နေရာတွင် ထူးဆန်းသော သတ္တဝါအုပ်ကြီးနှင့်အတူ ပြိုင်ဘက်ကင်းဒဏ္ဍာရီ နတ်ဆိုးတစ်ကောင် ထပ်မံရောက်ရှိနေသဖြင့် ရွေးချယ်စရာ နည်းလမ်း မရှိတော့ချေ။

ပေတစ်သောင်းအမြင့်ရှိသော ဟွမ်တု၏ ရောင်ဝါသည်လည်း ကြီးမားလှသော ဖိအားကို ပေးစွမ်းနေသည်။ မျောက်ဝံအိုကြီးအတွက်မူ ဆိုဖွယ်မရှိချေ။

“ ဘာဆက်လုပ်ကြမလဲ။ ”

“ ဒီနေ့တော့ ငါတို့အတွက် ရှင်သန်ဖို့ နည်းလမ်းမရှိတော့ဘူးထင်တယ်။ ”

ယုဝမ်ချီ၊ ရွှန်းဟုန်ရှန်၊ ထိုက်ကျန်းနှင့် အခြားသော အင်မော်တယ်ဘုရင်များစွာသည် အသံတိတ် ဆွေးနွေကုန်ကြ၏။

တစ်ဖက်တွင် မျောက်ဝံအိုကြီးသည် သူတို့အားလုံးကိုလျစ်လျူရှုထားကာ စုရီအပေါ် အစုန်အဆန်စစ်ဆေးနေ၏။

“ မင်းရဲ့ ... ကျင့်ကြံမှုမှာ အောင်မြင်မှု ထပ်ရလာတာလား။ ”

“ ဒါက ပြောပလောက်စရာ မရှိသေးပါဘူး။ ”

စုရီမှ ခေါင်းညိတ်သည်။ ဤအကြိမ်တွင် စုရီရင်ဆိုင်နေရသော ရန်သူသည် အရေအတွက် အားဖြင့် အလွန်များပြားလှရုံသာမက ကျင့်ကြံမှု သည်လည်း ကွာခြားလှ၏။

ထိုသို့သော သေရှင်တိုက်ပွဲများတွင် ပြင်ထန်သောဒဏ်ရာများ အကြိမ်ပေါင်းများစွာ ရရှိပြီး သေမင်းနှင့် မျက်နှာချင်းဆိုင် ရုန်းကန်ခဲ့ရသည်။

ယင်းကြောင့် သူ့ကျင့်ကြံမှုသည် မတိုးတက်လျှင်ပင် အံ့အားသင့်စရာဖြစ်ပေမည်။ မျောက်ဝံအိုကြီးမှ သက်ပြင်းချလျက်၊

“ မင်းရဲ့ကျင့်ကြံမှု တိုးတက်လာတာ ... တကယ်ဝမ်းသာပါတယ် ဒါပေမယ့် ဒီနေရာမှာ ပိတ်မိနေတဲ့ ငါ့အတွက်ကတော့ ကျင့်ကြံမှုမှာ နောက်ပြန်ဆုတ်နေတယ်။ ”

-ဟု ပြောကြားလိုက်၏။

“ စိတ်လျော့ပါ ငါဒီနေ့ မသေရင် မင်းကိုဒီနေရာကနေ ထွက်သွားနိုင်အောင် ကူညီပေးနိုင်တယ် ... ။ ”

“ ဒါပေမယ့် သူတို့က မင်းကို တစ်ယောက်ချင်းစီ မတိုက်ရဲရင် ဘယ်လို လုပ်ကြမလဲ။ ”

“ ဒီနေ့အတွက် တစ်ယောက်ချင်းစီ သေတဲ့အထိတိုက်ရမယ့်ပွဲဆိုတာ သေချာနေရင် ငါတို့ ဘာလို့ကြောက်နေရမှာလဲ။ ”

ရုတ်တရက် အင်‌မော်တယ်ဘုရင်တစ်ပါးမှ အံကြိတ်လျက် ဝင်ရောက်ပြောကြားလာသည်။ မျောက်ဝံအိုကြီးက လှောင်ပြောင်လိုသော အကြည့်ဖြင့် ထိုသူထံ လှည့်ကြည့်၏။

ထိုသူ၏ ရွေးချယ်မှုသည် ရဲရင့်ပြတ်သားနေသော်လည်း အမှန်စင်စစ်တွင် အခြေအနေအရ လက်ခံရန်မှတပါးအခြား အခွင့်အရေး မရှိတော့၍ပေပင်။

“ ကောင်းပြီ ... ဒါဆိုရင် စလိုက်ကြရအောင်။ ”

မျောက်ဝံအိုကြီးက စကားမဆိုတော့ဘဲ နောက်သို့ဆုတ်ခွာပေးလိုက်၏။ ထိုကြောင့် ယုဝမ်ချီက၊

“ အကြီးအကဲလျူ ... သွားပြီး တိုက်ခိုက်ချေ။”

-ဟု အမိန့်ပေးလိုက်တော့သည်။

“ ဟုတ်ကဲ့ ... ။ ”

နက်ပြာရောင်ဝတ် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူတစ်ယောက် လှမ်းထွက်လာ၏။ သူ့အမည်မှာ လျူရွှီးကျင်းဖြစ်သည်။

ကျင့်ကြံမှုအရ အလယ်အလတ် အင်မော်တယ်ဘုရင်တစ်ပါးဖြစ်၏။ ဓားတာအို ကျင့်ကြံသူပေပင်။ သူ လှုပ်ရှားလာသည်နှင့် တစ်ပြိုင်နက် ဓားအာကာသကောက်ကြောင်း ဝိုးတဝါးပေါ်လာ၏။

“ ငါမင်းနဲ့ သုံးကြိမ်အတွင်း သေခြင်းနဲ့ရှင်ခြင်းကို ဆုံးဖြတ်မယ်။ ”

စုရီက ပေါ့ပေါ့ပါးပါးပင် ပြောကြားလိုက်သည်။ အကြီးအကဲလျူခမျာ မျက်မှောင်ကြုတ်လျက် သတ်ဖြတ်လိုခြင်း ဆန္ဒများပေါက်ကြားလာ၏။

အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် ဤမျှစော်ကားခံရသည်မှာ သည်းမခံနိုင်စရာ ဖြစ်သည်။

“ ငါ့အတွက် သေလိုက်စမ်း ... ။”

လျူရွှီးကျင်းတစ်ယောက် ချက်ချင်း လှုပ်ရှားလိုက်တော့သည်။ နတ်သက်တံကဲ့သို့ ဓားအလင်းတစ်လက် မြင့်တက်လာပြီး လေနှင့် မိုးကြိုးများ လိုက်ပါလာချေပြီ။

တစ်ဆက်တည်းမှာပင် မိုးကြိုးမုန်တိုင်းများနှင့် မီးလျှံများ ကောင်းကင်၌ ပြည့်လျှံသွား၏။ လေ၊မီး၊မိုးကြိုးနှင့် ဓားတာအို ဥပဒေများပေပင်။

ဥပဒေလေးပါး ရောယှက်လျက် လောင်မြိုက်လျက် စုရီထံ ပြိုကျလာတော့၏။ ယင်းကြောင့်ပင် ယုဝမ်ချန်မှ အကြီးအကဲလျူကို ဦးစွာစေလွှတ်ခြင်းဖြစ်သည်။

အနိုင်မရလျှင်ပင် ကောင်းမွန်သော တာအိုလေးပါးကြောင့် အန္တရာယ်ကင်းစွာဖြင့် ဆုတ်ခွာနိုင်မည်။ ကံကောင်းပါက ရှန့်မူ၏ ဝှက်ဖဲအချို့ မြင်နိုင်၏။

သို့သော် လျူရွှီးကျင်း၏ ဓားချက်သည် လမ်းတစ်ဝက်သို့သာ ရောက်ရှိသေးသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုနှင့် ရင်ဆိုင်လိုက်ရသဖြင့် ဖရိုဖရဲဖြစ်လာကာ ပေါက်ကွဲထွက်သွားသည်။

“ ဟမ့် ... ။ ”

သူကိုယ်တိုင်လည်း ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွား၏။

ထို့ကြောင့် တွေဝေမနေတော့ဘဲ ဝှက်ဖဲကိုထုတ်ဖော်ကာ စီုရထံမှ ဓားချက်ကို ဖြေရှင်းရန် ကြိုးစားလိုက်ရသည်။

“ ချိုးဖြတ် ... ။ ”

ဓားချက်ပေါင်း(၈၁)ချက်တိတိကို အသက်တရှိုက်စာအတွင်း ထုတ်လွှတ်လိုက်၏။ ကြီးများလှသော ဓားစွမ်းအင်ဝဲဂယက်တစ်ခု ‌ပေါ်လာကာ သူ့အပေါ် လွှမ်းခြုံပေးသည်။

ဤသည်မှာ လျူရွှီးကျင်း၏ အကောင်းဆုံး ခံစစ်ဓားအစီရင်တစ်ခုဖြစ်၏။ ဓားအာကာသနှင့် ပေါင်းစပ်ထားချေပြီ။

တူညီသောနယ်ပယ်တွင် ဤခံစစ်အလွှာအတွင်း ဝင်ရောက်လာနိုင်သည့် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို အလွယ်တကူ ဖျက်ဆီးပျက်ပြယ်စေနိုင်၏။

ထိုစဉ်က စုရီက ဒုတိယဓားကို ထုတ်ဖော်လိုက်ပြီဖြစ်၏။ အဖြူရောင်သက်တံ တစ်စင်း ကောင်းကင်ကို ပိုင်းဖြတ်လျက် ဓားအာကာသအတွင်း ကျဆင်းလာသည်။

“ ဘောင်း ဘောင်း ဘောင်း ... ။ ”

ဤဓားချက်သည် လွန်စွာ လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ပြင်းထန်လွန်းလှရာ လမ်းကြောင်းတလျှောက် အရာအားလုံးကို ကြေမွသွားစေတော့၏။

“ ဟမ့် ... ။ ”

အကြီးအကဲလျူခမျာ ချက်ချင်းပင် မိုးကြိုးပစ်လိုက်သည့်အလား ကျင့်ကြံမှုအားလုံး စုစည်းလျက် ဓားဖြင့် ပြန်လည်ခုတ်ဖယ်၏။

စိတ်ဝိညာဉ်၊ တာအိုအုတ်မြစ်၊ သွေးနှင့်ချီတို့ကို ပုံအောထည့်သွင်းထားခဲ့သည်။ သို့သော် အရာခပ်သိမ်း အချည်းနှီးပေပင်။

စုရီ၏ဓားသည် ဓားအစီရင်ကို ထိုးဖောက်ဝင်ရောက်ပြီး ကြယ်တံခွန်အလား သူ့ဓားချက်ပေါ် ကျဆင်းလာတော့၏။

“ ဝုန်း ... ။ ”

ပေါက်ကွဲသံကြီးနှင့်အတူ လျူရွှီးကျင်း၏ ဓားကိုင်လက်သည် လက်ကောက်ဝတ်မှသည် ပြတ်ကျသွားလေသည်။

မျက်နှာပေါ်တွင် အတိုင်းအဆမဲ့သော ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်လာတော့၏။ ရှောင်တိမ်းရန် အချိန်မရှိတော့ချေ။ ကာကွယ် ရန်သာ ကြိုးစားလိုက်ရ၏။

အင်‌မော်တယ်ဘုရင်အဆင့် ကာကွယ်ရေးရတနာပေါင်း ဆယ်မျိုးထက်မက အသက်ဝင်လာခဲ့သည်။ သို့သော် ရင်ဘတ်တွင် စူးရှသောခံစားချက်ရရှိလာဖြင့် ပြုံးလိုက်၏။

“ အရမ်းလှတဲ့ ဓားချက်ပဲ။ ”

စကားသံ မဆုံးမီ သူ့ခန္ဓာကိုယ်သည် ပြာအဖြစ်သို့ စတင်ပြောင်းလဲနေတော့သည်။ မည်သို့ပင်ဆိုစေကာမူ ဤဓားချက်အောက်၌ သေရသည်မှာ ကျေနပ်စရာပေပင်။

ဖျက်ဆီးခြင်းစွမ်းအားသည် အသက်ဓာတ်နှင့်သူ့ဝိညာဉ်ကိုပါ တစ်ပါတည်း ချေမှုန်းပစ်လိုက်တော့သည်။

တိုက်ပွဲကွင်းပြင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။ ဓားနှစ်ချက်ဖြင့် သေဆုံးသွားရချေပြီ။

အင်‌‌မော်တယ် ဓားအာကာသ ကောက်ကြောင်းကို အုတ်မြစ်ချထားနိုင်သော ဓားသမားတစ်ယောက်အတွက် နာကျင်ဖွယ် အဆုံးသတ်ပေပင်။

“ တကယ်ပဲ ... ဓားသုံးချက်တောင် မခံနိုင်ဘူးဘဲ။ ”

မျောက်ဝံအိုကြီးမှ လေးလံစွာ သက်ပြင်းချလိုက်သည်။ သူ့မိတ်ဆွေသည် ယခု ဘဝတွင် ပို၍ထက်မြက်လာချေပြီ။ မကြာခင် သူ့ကို ကျော်တက်သွားနိုင်၏။

“ ဓားသမားတစ်ယောက်က တိုက်ပွဲမှာဆုတ်ခွာရမယ့် လမ်းကြောင်းတိုင်းကို ဖြတ်တောက်ထားရမယ် ... ဒီလူကတော့ ဒါကို ဆန့်ကျင်ပြီး သူ့ကိုယ်သူကာကွယ်ဖို့ပဲ အလေးထားနေခဲ့တယ်။ ”

စုရီမှ မှတ်ချက်ပေးလိုက်၏။ မျောက်ဝံအိုကြီးက ခေါင်းရမ်းလျက်၊

“ သူက ဆုတ်ခွာဖို့ လမ်းကို ဖြတ်တောက်ထားရင်တောင် မင်းကိုဘယ်လို အနိုင်ယူနိုင်မှာလဲ ... ။ ”

-ဟု ညည်းတွားလိုက်လေသည်။

စစ်မှန်သောခွန်အားရှေ့တွင် မည်သည့်ဗျူဟာနှင့် လှည့်ကွက်များသုံးနေပါစေ အချည်းနှီးပေပင်။

“ ဒါပေမယ့် ... သူ ငါ့ရဲ့ဓားချက် သုံးချက်ပြည့်အောင် ခံယူနိုင်လိမ့်မယ် မဟုတ်လား။ ”

စုရီမှ ပြန်ဖြေသည်။

“ နောက်ဆုံးမှာတော့ အတူတူပါပဲ ဒီနေ့ သူသေရမှာပဲ မဟုတ်လား။ ”

“ ဟုတ်တယ် အနည်းဆုံးတော့ ငါ့ဓားအောက်မှာ ဂုဏ်ယူစွာ သေနိုင်မယ်။ ”

စကားဝိုင်းသည် မည်မျှ မောက်မာ ကြီးစိုးနေသည်ကို လူတိုင်းကြားနေရချေပြီ။ ဤကမ္ဘာကြီးတွင် အင်မော်တယ်ဘုရင်တစ်ပါး အနေဖြင့် သူတော်စင်အင်မော်တယ် တစ်ပါး လက်၌သေရခြင်းကို ဂုဏ်ယူရမည်လော။

မည်သို့သော မာနထောင်လွှားမှုပေနည်း။ ထိုစဉ် တစ်ဖက်လူသည် သူတို့ထံသို့ လှည့်ကြည့်ပြီး၊

“ နောက်တစ်ယောက် ဘယ်သူလဲ ... ။ ”

-ဟု ဖိတ်ခေါ်လာလေသည်။

လူတိုင်း၏အကြည့်များက ယုဝမ်ချီ၊ ရွှီဟုန်ရှန်နှင့် ထိုက်ကျန်းတို့ သုံးဦးထံ ကျဆင်း သွားကြတော့သည်။

ဤနေရာတွင် ရှိနေသူများထဲ၌ ထိုသုံးယောက်သည်သာ သံသယဖြစ်ဖွယ်မရှိဘဲ အသန်မာဆုံးပေပင်။ အထူးသဖြင့် အာကာသ ကောက်ကြောင်းကို ပြီးပြည့်စုံထားသော ထိုက်ကျန်းဖြစ်သည်။

အကြီးအကဲလျူ သေဆုံးမှုကို မြင်တွေ့ပြီးနောက် သူတို့သည် ရှန့်မူပြိုင်ဘက် ဖြစ်ရန် အရည်အချင်းမပြည့်မီတော့ကြောင်း နားလည်လိုက်ကြသည်။

“ မင်းပြောတာ မှန်တယ် ... ဓားသမားတွေဟာ ကြောက်ရွံ့ခြင်းအလျင်း မရှိဘဲ နှလုံးသားက မှန်လို ကြည်လင် ပြတ်သားနေရမယ်။ ”

စကားဆုံးသည်နှင့် ထက်ရှသော ဓားရောင်ကိုဖွင့်ချလျက် ယုဝမ်ချီတစ်ယောက် လှမ်းထွက်လာ၏။

ကောင်းကင်နှင့် မြေကြီး ပြင်းစွာ တုန်ခါလျက် လေဟာနယ်ဟိန်းဟောက်သံများ မြည်ဟည်းလာချေပြီ။

ယင်းသည် ကြောက်မက်ဖွယ်ရာ ဓားရည်ရွယ်ချက်ကြောင့်ဖြစ်၏။ ဓားရောင်ဝါမှာ သက်တံကဲ့သို့ ကောင်းကင်ပေါ်ထိုးတက်ကာ မွှေနှောက်ဝုန်းဒိုင်းကျဲနေတော့သည်။

အဝေးမှ စောင့်ကြည့်နေကြသော ဆန်းကြယ်ထူးဆန်းသော သတ္တဝါများသည်ပင် ယုဝမ်ချီ၏ ဤအသွင်အပြင်ကြောင့် ဖိအားများ ခံစားလာရ၏။

ထိုဓားသမားသည် သူတို့ကို ကောင်းစွာသတ်နိုင်ကြောင်း ဗီဇအသိအရ သတိပေးနေသည်။

“ ဒီနေ့ ငါ့ရဲ့ ဓားတာအိုကို အလင်းပြပေးဖို့ တောင်းဆိုပါတယ်။ ”

ယုဝမ်ချီက ပြောကြားလိုက်သည်။ တစ်ဖက်တွင် မျောက်ဝံအိုကြီးသည် စုရီထံ လှည့်ကြည့်ကာ အံ့အားသင့်စွာဖြင့်၊

“ ဒီကောင်လေးမှာ ကောင်းကင်ဘုံ သတ်ဖြတ်ခြင်းဓား ဓားရည်ရွယ်ချက် ပိုင်ဆိုင် ထားပြီး အဓိပတိဓားအာကာသကို ဖန်တီးထားနိုင်တာပဲ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဇာတ်လမ်းက ရှည်တယ် ... အမှန်တော့ ဓားတစ်သောင်းအင်မော်တယ်ဂိုဏ်းကနေ ငါ့ကို သတ်ဖို့ ပါဝင်လာတာကို နားမလည်သေးဘူး။ ”

ကောင်းကင်ဘုံ သတ်ဖြတ်ခြင်းဓာ နည်းစနစ်သည် ဓားတစ်သောင်းအင်မော်တယ် ဂိုဏ်း၏ ဓားကျောက်တိုင်တွင် ချန်ထားခဲ့သော ဝမ်ယဲ့၏အမွေဖြစ်သည်။

ထိုစဉ်က ဝမ်ယဲ့နှင့် မျောက်ဝံအိုကြီးတို့ တိုက်ခိုက်ကြစဉ် ဤဓားနည်းစနစ်အသုံးပြုခဲ့၏။ ယင်းကြောင့် မျောက်ဝံအိုကြီးသည် ယုဝမ်ချီ၏ ရောင်ဝါကို မှတ်မိနေခြင်းဖြစ်သည်။

ဝမ်ယဲ့မှ ဤအမွေကို ဓားတစ်သောင်း အင်မော်တယ်ဂိုဏ်း၏ ဓားကျောက်တိုင်အတွင်း ချန်ထားပေးခဲ့ကြောင်းကိုမူ သူ မသိချေ။ ထို့ကြောင့် အံ့အားသင့်နေခြင်းဖြစ်၏။

***

All Chapters