အခန်း ၉၁
Vol. 10 Ch. 91
အခန်း ၉၁
“ငါ သိသားပဲ။ နင် တကယ်ပဲ အခြေခံအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ်ဆိုတာ။ ဒါ တကယ့်ကို အံ့သြဖို့ကောင်းတယ်။”
တုံးရွှမ်းသည် အစကတည်းက ရိပ်မိထားခဲ့သော်လည်း အတည်ပြုချက် ရရှိပြီးနောက်တွင်မူ မအံ့သြဘဲ မနေနိုင်ခဲ့ချေ။
“မင်း ငါတို့ကို ဒီလောက်အထိ အဝေးကြီး ခေါ်လာနိုင်တာ မဆန်းတော့ဘူး။ ဒါက နင် ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို မြင်နိုင်လို့မလား။”
တုံးလင်ကလည်း လေးစားအားကျသည့် အမူအရာကို မဖုံးကွယ်နိုင်တော့ပေ။
ပြင်ပပစ္စည်းများ၏ ကူညီပံ့ပိုးမှု ရှိခဲ့လျှင်ပင် ကျင့်ကြံခြင်းအဆင့်တစ်ခုကို အောင်မြင်စွာ ဖြတ်ကျော်ရန်မှာ ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ကြောင်း သိထားရမည် ဖြစ်သည်။
အတိတ်ကာလတွင် လူအချို့သည် အခွင့်အရေးကောင်းများ ရရှိခဲ့ပြီး သူတို့၏ စိတ်စွမ်းအားများ တစ်ဟုန်ထိုး တိုးတက်လာခဲ့သော်လည်း ၎င်းကို ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း မရှိခဲ့သဖြင့် နောက်ဆုံးတွင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသော စိတ်စွမ်းအားများ၏ ဒဏ်ကို ခံရကာ အသက်ဆုံးရှုံးခဲ့ရသည့် သာဓကများ ရှိခဲ့ဖူးသည်။
အမှန်တကယ်တော့ ကျန်းဟန်သည်လည်း သူ၏ ကျင့်ကြံခြင်းအဆင့် ဖြတ်ကျော်စဉ်က ထိုသို့သော အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် သူသည် ပုံမှန်အားဖြင့် အလွန်ဝီရိယရှိပြီး ကျင့်ကြံခြင်း၌ စိတ်နှစ်ထားသူဖြစ်ရာ နေ့စဉ် ပျမ်းမျှ သုံးနာရီထက်မနည်း စိတ်စွမ်းအားကျဉ်စဉ်ကို လေ့ကျင့်လေ့ရှိသည်။
သူသည် အတန်းတက်ခြင်းနှင့် သူ၏ အိမ်မွေးသားရဲများကို လေ့ကျင့်ပေးခြင်းတို့မှလွဲ၍ ကျန်အချိန်များတွင် အမြဲလိုလို ကိုစိတ်စွမ်းအားကျင့်စဉ်ကိုသာ လေ့ကျင့်နေခဲ့သည်ဟု ဆိုနိုင်သည်။
ထို့အပြင် ဆရာ ဝမ်ယိ သင်ကြားပေးခဲ့သော ကျင့်စဉ်မှာလည်း ထူးကဲလှသဖြင့် ကျန်းဟန်၏ အဆင့်ဖြတ်ကျော်မှုမှာ အလွန်သဘာဝအတိုင်း ဖြစ်ခဲ့ပြီး စွမ်းအင် ထိန်းချုပ်မှုလွတ်သွားခြင်းမျိုး မရှိခဲ့ချေ။
“ဟုတ်တယ်။”
ကျန်းဟန်က ခေါင်းငြိမ့်လိုက်ပြီး တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကောင်းကင်နှင့် မြေကြီး တစ်စစီ ကြေမွတော့မည့်အလား မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
“အား... ဘာတွေဖြစ်နေတာလဲ။ မြေအောက်မှာ ထိတ်လန့်စရာကောင်းတဲ့ သားရဲကြီး ရှိနေလို့လား။”
တုံးရွှမ်းက ထိတ်လန့်တကြား ပြောလိုက်သည်။ မြေပြင်မှာ ချောက်ကမ်းပါးသဖွယ် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ကမောက်ကမ လန်ထွက်တော့မည့်အတိုင်း ဖြစ်နေသဖြင့် သူတို့မှာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် မြေပြင်ပေါ်တွင်သာ မှောက်လျက် လဲနေကြရသည်။
“သတိထား...။”
တုံးလင်က ရုတ်တရက် အော်ဟစ်လိုက်ပြီး တုံးရွှမ်းရှိရာဘက်သို့ ပြေးသွားလိုက်သည်။
ထိုအခိုက်အတန့်တွင် အက်ကွဲကြောင်းများထဲမှ အတိုင်းအဆမရှိသော မြူခိုးများ ရုတ်တရက် ထွက်ပေါ်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင် ကီလိုမီတာ ရာပေါင်းများစွာရှိ မြေပြင်သည် တွင်းကြီးများအဖြစ် အက်ကွဲပွင့်ထွက်သွားပြီး ကျန်းဟန်နှင့် တခြားသူများမှာ မည်သို့မျှ တွန်းလှန်နိုင်စွမ်းမရှိဘဲ အောက်သို့ တည့်တည့် ပြုတ်ကျသွားခဲ့ကြတော့သည်။
“ဟင်....ဒါက ဘယ်နေရာလဲ။”
အချိန်မည်မျှ ကုန်လွန်သွားခဲ့သည်မသိ... ကျန်းဟန် ရုတ်တရက် နိုးလာခဲ့သည်။ သူသည် အားယူကာ ထရပ်လိုက်ပြီးနောက် မိမိ သေဆုံးမသွားဘဲ အသက်ရှင်နေသေးကြောင်း တွေ့ရှိလိုက်ရ၏။ သို့သော် သူ၏ အဝတ်အစားများမှာမူ စုတ်ပြတ်သတ်နေခဲ့ပြီ ဖြစ်သည်။
“တုံးရွှမ်း....”
ထရပ်ပြီးပြီးချင်းမှာပင် ကျန်းဟန်သည် သူနှင့်မလှမ်းမကမ်းတွင် လဲလျောင်းနေသော တုံးရွှမ်းကို မြင်လိုက်ရသည်။
သူ ပတ်ဝန်းကျင် အခြေအနေကို ဝေ့ကြည့်လိုက်ရာ မြူခိုးများဖြင့် ဖုံးလွှမ်းနေဆဲပင်။ ခုနက ပွင့်ထွက်သွားသော တွင်းကြီးမှာ သူတို့ကို အမှန်တကယ် ထိခိုက်ဒဏ်ရာ ရစေခြင်း မရှိခဲ့ဘဲ ယခု ရောက်ရှိနေသောနေရာမှာလည်း တောအုပ်တစ်ခု ဖြစ်နေဆဲ ဖြစ်သဖြင့် ကျန်းဟန် အံ့သြသွားခဲ့သည်။
ထိုရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် သူနှင့် ပိုင်လင်း လူစုကွဲသွားခဲ့သော်လည်း စာချုပ်မှတစ်ဆင့် ပိုင်လင်း အသက်ရှင်နေသေးပြီး သူ့ထံသို့ ဦးတည်ရွေ့လျားနေသည်ကို သူ အာရုံခံနိုင်ခဲ့သည်။
ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ကျန်းဟန်သည် တုံးရွှမ်းရှိရာသို့ လျှောက်သွားပြီး သူမ၏ အခြေအနေကို အရင် စစ်ဆေးကြည့်လိုက်သည်။
တုန်းရွှမ်းသည် မြေပြင်ပေါ်တွင် ပက်လက်အနေအထားဖြင့် ခြေပစ်လက်ပစ် လဲလျောင်းနေခဲ့သည်။ ဝက်ဝံရုပ်ပုံပါသော သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် တီရှပ်အင်္ကျီမှာ တစ်ခုခုကြောင့် စုတ်ပြဲသွားခဲ့ပြီး သူမ၏ ဖြူဝင်းသော အသားအရေများနှင့် ရင်ဘတ်အလှတရား အများစုမှာ ပေါ်ထွက်နေကာ သွယ်လျသော ခါးလေးမှာလည်း တိုက်ရိုက် ထင်ရှားနေခဲ့သည်။
ကျန်းဟန်သည် သူမကို နှစ်ချက်မျှ လှမ်းကြည့်လိုက်သော်လည်း ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ သူ၏ စိတ်ထဲ၌ တခြားသော အတွေးမျိုး သဘာဝအတိုင်း မရှိခဲ့ပေ။ သူက လက်လှမ်းပြီး သူမကို လှုပ်ခါလိုက်သည်။
“ဟေး ထတော့။”
“အာ... ဒါက ဘယ်နေရာလဲ။ ငါတို့... မသေဘူးလား။”
ခဏအကြာတွင် တုံးရွှမ်း မျက်လုံးပွင့်လာပြီး ဝေဝေဝါးဝါးဖြင့် မေးလိုက်သည်။
“ငါလည်း မသိဘူး၊ ငါလည်း အခုတင် သတိရလာတာ။”
ကျန်းဟန်က ပတ်ဝန်းကျင်ကို စစ်ဆေးရင်း ပြောလိုက်သည်။
“ငါတို့ ရှန်းဟွာမြို့ အနီးအနားကို ပြန်ရောက်လာတာ ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်။”
“တကယ်လား။”
ထိုစကားကို ကြားသောအခါ တုံးရွှမ်းသည် ရုတ်တရက် ထထိုင်လိုက်ပြီးမှ မိမိ၏ ရှက်စဖွယ် အခြေအနေကို ချက်ချင်း သတိပြုမိသွားခဲ့သည်။ သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ကိုယ်ကို ဖုံးကွယ်ချင်သော်လည်း လဲလှယ်စရာ အဝတ်အစား မရှိသဖြင့် သူမ၏ လက်မောင်းနှစ်ဖက်ဖြင့်သာ ကိုယ့်ကိုယ်ကိုယ် သိုင်းဖက်၍ ကာကွယ်ထားလိုက်ရတော့သည်။
“ဟုတ်တယ်။ ပတ်ဝန်းကျင်ကို ကြည့်ရတာ ငါတို့ တကယ်ပဲ ပြန်ထွက်လာနိုင်ခဲ့တာ ဖြစ်ဖို့ အရမ်းများတယ်။”
ကျန်းဟန်က ပြောလိုက်သည်။
တုံးရွှမ်းက ထရပ်လိုက်၏။ သူမ၏ အစ်ကိုဖြစ်သူ ပျောက်ဆုံးနေသည်ကို သတိပြုမိသော်လည်း သူမ အလွန်အမင်း မကြောက်ရွံ့မိပေ။ သူတို့သည် အတူတူ ပြုတ်ကျလာခဲ့ကြခြင်းဖြစ်ပြီး သူမတောင် ဘာမှမဖြစ်လျှင် သူမ၏အစ်ကိုလည်း အဆင်ပြေပြေ ရှိနေလိမ့်မည်ဟု သူတွေးမိလိုက်သည်။
“နင် အကုန်မြင်လိုက်ရတယ်မလား။ အခုကျမှ တမင်တကာ အကွာအဝေးတစ်ခုမှာ နေပြီး လူကြီးလူကောင်း ယောင်ဆောင်နေတာပဲ။ မြင်ရုံတင်မကဘဲ ကိုင်လည်း ကိုင်ကြည့်မိတယ်မလား။ ဘယ်လိုလဲ... ငါ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ငါ့ဝမ်းကွဲအစ်မထက် အများကြီး ပိုမိုက်ပြီး ပိုထွားတယ်မလား။”
ကျန်းဟန် - “...”
သူသည် တုံးရွှမ်း၏ အတွေးအမြင် လမ်းကြောင်းကို အနည်းငယ် အံ့သြမိသွားခဲ့သည်။
“မင်း အဝေးကြီး တွေးနေပြီ။ အခုအချိန်မှာ ဘယ်လိုပြန်ထွက်ရမလဲဆိုတာကိုပဲ ငါ ပိုပြီးစိတ်ဝင်စားတယ်။ မင်းကို စိတ်မဝင်စားဘူး။”
ကျန်းဟန်က သူမကို ဂရုမစိုက်အားဘဲ ဘပိုင်လင်းရှိရာ အရပ်မျက်နှာဆီသို့ လျှောက်သွားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူသည် ပိုင်လင်းနှင့် အရင်ဆုံး ပြန်ဆုံဖို့ လိုအပ်သည်။
“ဟွန်း... နင်က သူတော်စင်မုထဲ ရောက်နေလို့ ဇာတ်နာအောင် ပြောနိုင်နေတာမလား။”
တုံးရွှမ်းက သူမ၏ လှပသော မျက်ဝန်းများဖြင့် ကျန်းဟန်ကို စိုက်ကြည့်လိုက်သည်။ သူမ၏ မြင်းမြီးကျစ်ဆံမြီးလေးမှာ ပြေလျော့နေပြီး ဒုက္ခရောက်ခဲ့ရသည့် ပုံစံမျိုး ဖြစ်နေသော်လည်း သူမ၏ မျက်နှာအမူအရာမှာမူ ထိုသို့မဟုတ်ဘဲ စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
“တကယ်တော့ နင်က တော်တော် ချောပါတယ်။ ပြီးတော့ နင်လည်း ငါ့ကို မြင်ဖူးသွားပြီပဲ။ ငါ့ရဲ့ ရည်းစားလုပ်လိုက်ပါလား။ ဘာပဲဖြစ်ဖြစ် နင် ငါ့ကို ကိုင်ခဲ့ပြီးပြီလေ။”
ကျန်းဟန် - “...”
ဒါက တကယ် အဓိပ္ပာယ်မရှိတာပဲ။ ဘယ်လို ရူးကြောင်ကြောင် အတွေးမျိုးလဲ။
သူသည် တုံးရွှမ်းကို ဘာမှ မပြောချင်တော့ဘဲ နှုတ်ဆိတ်လျက် ရှေ့သို့သာ ဆက်လျှောက်သွားခဲ့တော့သည်။
သို့သော် တုံးရွှမ်းက လက်မလျှော့ဘဲ သူ့နောက်မှ လိုက်လာရင်း ပြောလိုက်သည်။
“နင် ငါ့ဝမ်းကွဲအစ်မကို ကြောက်နေရင် ငါတို့ တိတ်တိတ်ပုန်း တွဲကြတာပေါ့။ ပြီးရင် ငါ နင့်ကို ငါ့အစ်မကို သိမ်းပိုက်နိုင်အောင် ကူညီပေးမယ်။ စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား။ ငါက နင့်လူ ဖြစ်သွားပြီပဲဥစ္စာ... ငါ သတိမေ့နေလို့ ဘယ်လိုခံစားချက်လဲဆိုတာ မသိလိုက်ရပေမဲ့ပေါ့။”
“တော်တော့... မင်း စကားတွေကို ရပ်လိုက်စမ်း။ ဒီမှာ ငါတို့နှစ်ယောက်တည်း ရှိတာ။ မင်း ငါ့ကို စိတ်ဆိုးအောင် လုပ်ရင် မင်းအတွက် ကောင်းတာတွေဖြစ်လာမှာ မဟုတ်ဘူး။”
ကျန်းဟန်က အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ဤမိန်းကလေးမှာ လူသူမရှိဘဲ သူတို့နှစ်ယောက်တည်း ရှိနေ၍ပဲ မိမိကိုယ်ကိုယ် လုံးဝ လွှတ်ပေးထားခြင်းလော။
“အာ... ဒါဆိုရင်လည်း လာဖမ်းလိုက်လေ။ ဘာပဲဖြစ်ဖြစ် နင် ငါ့အပေါ် လက်ပါခဲ့ပြီးပြီပဲ။ ငါက ငါ့အစ်မထက် အများကြီး ပိုသာတယ်။ သူက အရမ်း ရှေးရိုးစွဲလွန်းတယ်။ ယောက်ျားတွေဆိုတာ အကုန်လုံး ရာဂဘီလူးတွေဆိုတာ သူတို့ မသိကြဘူး။ ခန္ဓာကိုယ်နဲ့ပဲ နင်တို့ကို ချည်နှောင်ထားလို့ရတာ။”
တုံးရွှမ်းက ညှို့ဓာတ်ပြင်းစွာ ပြုံးလိုက်ပြီး ကျန်းဟန်၏ လက်မောင်းကို လှမ်းဆွဲကာ သူမ၏ လက်မောင်းကြားထဲသို့ ညှပ်သွင်းလိုက်သည်။
“ခုနက ငါ့အကြံပြုချက်ကို နင် ဘယ်လိုသဘောရလဲ။ ငါတို့ တိတ်တိတ်ပုန်း တွဲမယ်။ ပြီးရင် ငါ နင့်ကို ငါ့အစ်မကို သိမ်းပိုက်နိုင်အောင် ကူညီပေးမယ်လေ။”
“မင်း အရမ်း လွန်လာပြီ။”
ကျန်းဟန်က သူမကို တစ်ချက်ကြည့်ကာ အေးစက်စွာဖြင့် ခါထုတ်လိုက်သည်။ သူမ၏ လက်မောင်းကြားထဲတွင် အံ့မခန်း ရုန်းကန်နိုင်စွမ်းရှိသော အထိအတွေ့ ရှိနေသော်လည်း လက်ရှိအချိန်တွင် သူ စိတ်မဝင်စားနိုင်ချေ။
“ကျိ...”
ထိုအချိန်တွင် ပိုင်လင်းတစ်ယောက် အပြေးရောက်လာခဲ့ပြီး ၎င်းနှင့်အတူ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော လီဇီဝေလည်း ပေါ်လာခဲ့သည်။
“ကျန်းဟန် ဝမ်းကွဲညီမလေး... နင်တို့နှစ်ယောက်စလုံး အသက်ရှင်နေသေးတာပဲ။ ဝမ်းသာလိုက်တာ။”
ကျန်းဟန်နှင့် တုံးရွှမ်းတို့ကို မြင်လိုက်ရသဖြင့် လီဇီဝေ၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“အာ... အစ်မ၊ အစ်မ အဆင်ပြေတာ တွေ့ရတာ အရမ်းဝမ်းသာတာပဲ။ ဒါနဲ့ အစ်မရဲ့ ဆံပင်တွေက ဘာဖြစ်သွားတာလဲ။”
တုံးရွှမ်းက ကျန်းဟန်ကို အပြစ်ရှိသကဲ့သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ပုံမှန်အတိုင်း အလျင်အမြန် ပြန်လုပ်လိုက်သည်။
ကျန်းဟန်၏ အာရုံမှာလည်း လီဇီဝေထံသို့ ရောက်ရှိသွားခဲ့သည်။ သူမသည် လုံးဝ အဆင်ပြေပုံရသော်လည်း သူမ၏ ဆံပင်ရှည်ကြီးမှာမူ မီးတောက်ကဲ့သို့ ရဲရဲနီနေခဲ့လေသည်။
သူမ၏ ဘေးနားတွင်မူ သူမ၏ မီးတောက်ခွေးမှာလည်း အရင်ကထက် အများကြီး ပိုမိုကြီးမားလာခဲ့သည်။ ၎င်း၏ နောက်ခြေနှစ်ဖက်ဖြင့် မတ်တပ်ရပ်လိုက်ပါက အရပ် ၁.၇ မီတာရှိသော လီဇီဝေထက် ခေါင်းနှစ်လုံးစာခန့်သာ နိမ့်တော့ပြီး ခန္ဓာကိုယ်အလျားမှာမူ နှစ်မီတာမှ သုံးမီတာကျော်အထိ ရှိနေခဲ့သည်။
ယင်းက ယခင်ကထက် အများကြီး ပိုမိုကြီးမားလာခြင်းဖြစ်သော်လည်း ၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာမူ လက်ရွေးစင်အဆင့်တွင်သာ ရှိနေသေးပြီး ခေါင်းဆောင်အဆင့်သို့ မဖြတ်ကျော်နိုင်သေးချေ။
“ဒါလား... ဒါက မီးတောက်ခွေးရဲ့ ဆင့်ကဲပြောင်းလဲမှုကြောင့် ဖြစ်သွားတာပါ။ ငါ မြူခိုးတွေထဲက လွတ်လာပြီးတဲ့နောက် မီးတောက်ဝိညာဉ် အုပ်စုတစ်ခုရဲ့ နယ်မြေထဲ ရောက်သွားခဲ့တယ်။ မီးတောက်ခွေးက မတော်တဆနဲ့ မီးတောက်ဝိညာဉ်တစ်ကောင်ကို ကယ်တင်မိသွားခဲ့တယ်လေ။”
“အဲဒီနောက်မှာ ငါတို့ သူတို့နဲ့ ချစ်ကြည်ရေး ခဲ့ပြီး သူတို့ရဲ့ ကူညီစောင်မမှုကြောင့် မီးတောက်ခွေးက မီးနတ်ဘုရားခွေးအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့တယ်။ နောက်တော့ ငါ နင်တို့ကို လိုက်ရှာဖို့ ပြင်နေတုန်းမှာပဲ မြေပြင်ကြီး နိမ့်ဆင်းသွားတာနဲ့ ကြုံရပြီး ဒီနေရာကို ရောက်လာတာ။ ပြီးတော့ ပိုင်လင်းနဲ့ ကွက်တိ တိုးခဲ့တာပဲ။”
လီဇီဝေက လျှာထုတ်ကာ အမောတကောဖြင့် ဖြဲပြနေသော်လည်း အလွန်ပင် ခန့်ညားထည်ဝါလှသော မီးနတ်ဘုရားခွေးကို ကြည့်ကာ ပြောလိုက်သည်။ ယခုတစ်ခေါက် သူမ၏ ရရှိမှုမှာ တကယ့်ကို ကြီးမားလှပေသည်။
မီးနတ်ဘုရားခွေးသည် မီးတောက်ခွေးမျိုးနွယ်စု၏ ထူးခြားသော ဆင့်ကဲပြောင်းလဲမှု ပုံစံတစ်ခု ဖြစ်သည်။ ၎င်းသည် ဆင့်ကဲပြောင်းလဲရန် မီးတောက်ဝိညာဉ်၏ အကူအညီကို မဖြစ်မနေ လိုအပ်သည်။ သို့မဟုတ်ပါက တောက်ပသော နေဝန်းဝံပုလွေအဖြစ်သာ ဆင့်ကဲပြောင်းလဲနိုင်သည်။
မီးနတ်ဘုရားခွေးအဖြစ် ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားပြီးနောက်တွင် ၎င်းမှာ ကြယ်လေးပွင့် အလားအလာကို ပိုင်ဆိုင်ရရှိမည်ဖြစ်ပြီး တောက်ပသော နေဝန်းဝံပုလွေမှာမူ ကြယ်သုံးပွင့် အလားအလာသာ ရှိသည်။ အဆင့်ကြီးတစ်ခု၏ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။
ထို့အပြင် မီးနတ်ဘုရားခွေးသည် အတူတူယှဉ်တွဲနေထိုင်မည့် မီးတောက်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်လာမည်ဖြစ်ရာ ၎င်း၏အင်အားမှာ မီးဒြပ်စင်ဓာတ်အမျိုးအစား သတ္တဝါများထဲတွင် အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
ဤမီးတောက်ခွေးမှာ ဆင်ကန်းတောတိုးဆိုသကဲ့သို့ ခွေးအမှာ ကံကောင်းခြင်း ရှိတတ်သောကြောင့် ဖြစ်နိုင်သည်။ ၎င်းသည် မီးတောက်ဝိညာဉ် ကိုးကောင်ကို နောက်လိုက်အဖြစ် ရရှိခဲ့သည်။ ၎င်းတို့သည် မီးတောက်ခွေး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီး အတူတူ ယှဉ်တွဲနေထိုင်ကြသောကြောင့် လီဇီဝေသည်လည်း အပြန်အလှန်အားဖြင့် စွမ်းအင်တုံ့ပြန်မှု အမြောက်အမြားကို ရရှိခဲ့ကာ သူမ၏ ဆံပင်များ နီမြန်းသွားခဲ့ရခြင်း ဖြစ်သည်။