← Chapters

ယောင်မိသားစု(၃)

Vol. 017 Ch. 823

ယောင်မိသားစု(၃)

Vol. 017 Ch. 823

လူငယ်က ပြုံး၍ ပြောလိုက်၏။ “သူက မကြာခင် သေတော့မဲ့လူပဲ။ဒါပေမဲ့လည်း ဒီလူက ခုလို ဆယ့်သုံးရက်လောက်ထိ အသက်ရှင်နေနိုင်တာကပဲ တော်တော်ဟုတ်နေပြီ။အရင်က ကျင့်ကြံသူတွေဆိုရင် ရှစ်ရက်ပဲအများဆုံးကြာတယ်။ရုပ်စိုးဦးလေး…ငါ့ကို နောက်တစ်ကြိမ်ကျရင် ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူကို ဖမ်းပေးပါ။ ဒါမှ ငါက ပိုပြီး အချိန်ကြာကြာ ကစားလို့ရမှာ…။ဒီလိုနည်းနဲ့ ငါ့ရှစ်ခုဝိညာဉ်ပိုးကောင်က ပိုပြီးတော့ မြန်မြန်ဆန်ဆန် အားပြည့်လာလိမ့်မယ်…”

အဘိုးအိုအသွင်က ပုံမှန်အတိုင်း ရှိနေ၏။သူက ပြောလိုက်သည်။ “ကောင်းပါပြီ…” ထိုစကားက အလွန်ရိုးရှင်းလှသည်။သို့သော် ယုံကြည်မှုနှင့် ပြည့်နှက်နေ၏။

လူငယ်ဘေးရှိ လှပသောအမျိုးသမီးက ပြုံး၍ မေးလိုက်သည်။ “အစ်ကို…ဒီလူ့မှာ ဓားဘယ်နှစ်လက်များ ရှိနေတာလဲ…”

လူငယ်က ရယ်မောကာ သူ့လက်ဖြင့် အမျိုးသမီး၏ခါးကို ဖတ်ကာ ပြောလိုက်ရသည်။ “အေးဆေးပါ။ ဒီဓားကိုးလက်လုံးက ညီမဟာပဲ။ ဒီဓားကိုးလက်မပြောနဲ့…မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ငါလိုချင်တာ ရှိရင် မရနိုင်တာ မရှိဘူး။ ငါတို့က ဒီလူရဲ့ မူလစိတ်ဝိညာဉ်ကနေ ဒီဓားတွေရဲ့အရင်းအမြစ်ကို ရှာတွေ့တာနဲ့ အဲ့နေရာကို သွားကြတာပေါ့…”

အမျိုးသမီးက ပြုံး၍ အလွန်ဆွဲဆောင်မှုရှိသော အကြည့်ကိုထုတ်ဖော်လိုက်သည်။သူမ၏ အသံက ညှို့ငင်မှုနှင့်ပြည့်နေကာ သူမက ပြောလာ၏။ “အစ်ကိုက ယောင်မိသားစုက တစ်ယောက်ပဲ။ ဒါ့ကြောင့် အစ်ကိုက ဒါကို ကျိန်းသေပေါက် လုပ်နိုင်တာပေါ့…”

လူငယ်က ဂုဏ်ယူဟန် ဖြစ်ပေါ်နေသည်။ယောင်မိသားစုဆိုသည့် အမည်နာမက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကပင် လေးစားမှု ထားရပေသည်။ယောင်မိသားစု၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူက ခုလိုမျိုး ပြောနေခြင်းလည်း ဖြစ်၏။ သူက သူမြင်သမျှကို မရနိုင်တာမရှိဟု ဆိုလိုနေခြင်းပင်။

ထိုအခိုက်အတန့်မှာပင် ဟင်းလင်းပြင်ထဲ၌ ဝမ်လင်းသည် သူ့ရှေ့ရှိ အစိတ်အပိုင်းမြေကို တွေ့မြင်လိုက်၏။သူ့ခန္ဓာကိုယ်က ဖျပ်ခနဲပင် အစိတ်အပိုင်းမြေပေါ်သို့ ရောက်ရှိသွားသည်။

“အစ်ကိုလီက ဘယ်နေရာမှာများ ရှိနေမလဲ ငါ သိချင်မိတယ်…” ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို အလိုလို ဖြန့်ကျက်ကြည့်လိုက်၏။ ထိုအခါ သူ့အသွင်သည် ချက်ခြင်း သုန်မှုန်သွားတော့သည်။ပြင်းထန်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒက ဝမ်လင်းထံကနေ တစ်ဖန် ပေါ်လာခဲ့တော့၏။

“ငါက သေတော့မှာပဲ။ ငါက သေရုံပဲဆိုရင် တော်သေးတဘ်။ ငါက အစ်ကိုရှုကိုလည်း အတားအဆီးနှလုံးသား မပေးလိုက်နိုင်တော့ဘူး…” လီယွမ်က ခါးသီးစွာ ပြုံးလိုက်၏။

သူက သူ့ပတ်လည်ရှိ အရာရာကို တွေ့မြင်နိုင်ခြင်း မရှိတော့ပေ။သူ့မျက်လုံးသူငယ်အိမ်ထြ၌ အဖြူရောင်အင်းဆက်များ ရှိလို့နေ၏။ ထူးဆန်းသည်က လီယွမ်သည် မည်သည့်နာကျင်မှုကိုမှ မခံစားရခြင်းပင်။

“ငါက သေသွားရမယ်ဆိုရင်တောင် လီမိသားစုက တစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာနဲ့အတူ သေဆုံးမယ်…” လီယွမ်၏ မျက်လုံးထဲ၌ ခိုင်မာသောပြတ်သားမှုတစ်ခု ပေါ်လာ၏။ သူကနောက်သို့ လှည့်ကာ သူ့နောက်သို့ လိုက်နေသော လူသုံးယောက်အား ကြည့်လိုက်၏။

လီယွမ်၏ အကြည့်ထဲ၌ အားကောင်းလှသည့် အမုန်းတရားတို့ ရှိနေသည်။

“သင်တို့က ငါ့ရှိက ရတနာတွေ ယူသွားချင်တယ်ဆိုရင်လည်း ဒီအတိုင်း ယူသွားနိုင်တယ်။ဒါပေမဲ့ သင်တို့က ငါ့ကို ခုလိုမျိုး အရုပ်တစ်ရုပ်လို ကစားနေခဲ့တယ်။ ငါ သေရရင်တောင် ငါက တစ္ဆေအဖြစ်ပြောင်းလဲပြီး ဒီအတွက် ပြန်ပေးဆပ်စေရမယ်…”

လီယွမ်က သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ ကျန်နေသေးသော ဓားသုံးလက်သည် ပျံသန်းထွက်လာခဲ့ကာ ကြမ်းတမ်းသောဓားစွမ်းအင်ကို ပေးစွမ်းနေသည်။သူ့လက်ညွှန်မှုနှင့်အတူ ထိုဓားသုံးလက်သည် လူငယ်ထံသို့ တိုးဝင်သွားလေ၏။

“မိုက်ရိုင်းလိုက်တာ…” လူငယ်က နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ဆန့်ထုတ်လိုက်၏။ သွေးလက်တစ်ခုသည် သူ့ရှေ့တွင် ချက်ခြင်း ပေါ်ထွက်လာခဲ့သည်။ဖမ်းဆုပ်ဟန်တစ်ခုနှင့်အတူ သူက ဓားသုံးလက်အား ဖမ်းယူလိုက်လေသည်။

လီယွမ်၏ အသွင်က ကြမ်းကြုတ်သွားသည်။လူငယ်က ဓားသုံးလက်ကို ဖမ်းလိုက်သည့်အခိုက်အတန့်တွင် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိလိုက်၏။ လက်မောင်းလုံးခန့်ထူသော အနက်ရောင်အလင်းတန်းသည် သူ့မျက်ခုံးနှစ်ခုကြားကနေ ထိုးထွက်လာခဲ့သည်။အနက်ရောင်အလင်းက မရေမတွက်နိုင်သောလိုင်းများအဖြစ် ကွဲထွက်သွားကာ ၎င်းတို့သည်အတားအဆီးများကို ဖြစ်ပေါ်စေသည်။

ထိုအတားအဆီးများ ပေါ်လာသည်နှင့် ၎င်းတို့က အစိတ်အပိုင်းရှစ်ခုအထိ ကွဲထွက်သွားသည်။ချက်ခြင်းပင် ယင်းအတားအဆီးများက လီယွမ်၏ပတ်လည်တွင် ဝန်းရံလာ၏။သူက သွေးတစ်လုပ်ကို ထိုအတားအဆီးများပေါ်သို့ အန်ထုတ်ပစ်လိုက်သည်။

သို့ရာတွင် သူ့သွေးထဲ၌ အဖြူရောင်အင်းဆက်များစွာ ရှိလို့နေ၏။ထိုအရာက အလွန်ကြောက်မက်ဖွယ် ကောင်းလှချေသည်။

သူ့သွေးကို စုပ်ယူပြီးသည့်နောက် ထိုအတားအဆီးများသည် လူငယ်ထံသို့ ပျံသန်းသွားကြသည်။၎င်းအတားအဆီးများသည် အလွန်မြန်ဆန်လှကာ လူငယ်ထံသို့ ချဉ်းကပ်သွားသည်။ဤအခိုက်အတန့်၌ လူငယ်သည် ဓားသုံးလက်ကို သူ့လက်ဖြင့် ထိန်းချုပ်ထားနိုင်ရုံသာ ရှိတော့သည်။

သူက ကောင်းကင်ထက်မှ အတားအဆီးများ ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်သည့်အခါတွင်လည်း လူငယ်သည် ကြောက်လန့်သွားခြင်းမရှိပေ။ ထိုအစား သူ့မျက်လုံးထဲ၌ အထင်သေးဟန်တို့ ဖြစ်ပေါ်နေသေးသည်။သူ့ဘေးရှိ အဘိုးအိုက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်ကို ပင့်မြှောက်လိုက်သည်။သိပ်သည်းသောမူလစွမ်းအင်က သည်ဧရိယာပတ်လည်တွင် ချက်ခြင်း စုဝေးသွားသည်။

“ပျက်စီးစမ်း…” အဘိုးအိုသည် စကားတစ်ခွန်းသာ ဆို၏။

ချက်ခြင်းပင် အတားအဆီးများအားလုံးသည် မူလစွမ်းအင်၏ လွှမ်းခြုံခြင်း ခံရကာ ပျက်စီးသွားလေ၏။သို့ရာတွင် ၎င်းတို့က ပေါက်ကွဲသွားသည့်နောက်တွင်လည်း ပျောက်ကွယ်သွားခြင်းတော့ မရှိသေးပေ။၎င်းတို့က အနက်ရောင်လိုင်းများအဖြစ်သို့ ပြန်ပြောင်းလဲသွားကြ၏။ထိုအနက်ရောင်လိုင်းများက အတူတကွစုစည်းကာ အဘိုးအိုရှေ့သို့ အဖျက်အစီးစွမ်းအားတစ်ခုကို သယ်ဆောင်ကာ ရောက်ရှိလာသည်။

အဘိုးအိုက သိုလှောင်အိတ်ထဲမှ ရှေးဟောင်းကြေးမုံကို ထွက်ပေါ်လာစေကာ ထိုအနက်ရောင်လိုင်းထံသို့ ညွှန်လိုက်၏။ ထိုအခါ အလင်းအားလုံးသည် ထိုကြေးမုံ၏ ပတ်လည်တွင် လာရောက်သိပ်သည်းသွားကာ ကမ္ဘာလောကတစ်ခုလုံး နက်မှောင်လာသည်ဟု ထင်လိုက်ရ၏။ထို့နောက် အနက်ရောင်လိုင်းများသည် ချက်ခြင်း ပျက်စီးသွားတော့သည်။

လီယွမ်၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။သူက သွေးများစွာ အန်ထုတ်လိုက်ရ၏။သူ့ခန္ဓာကိုယ်က သေဆုံးခြင်းအငွေ့အသက်တို့နှင့် ပြည့်လို့နေသည်။သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ့လီမိသားစုရဲ့အတားအဆီးက ငါ့အတားအဆီးနှလုံးသားနဲ့ အစ်ကိုရှုကို ကူညီပေးလိုက်တာကြောင့် ကင်းမဲ့နေခဲ့ရတယ်…။ဒါ့အပြင် ငါက ဒါကို ပြန်ကောင်းမွန်အောင်လုပ်ဖို့လည်း အချိန်မရခဲ့ဘူး။ မဟုတ်ရင်ဒီလို ကြေးမုံအစုတ်က ငါ့ရဲ့ ဒီအတားအဆီးတွေကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ။ဒါပေမဲ့လည်း အစ်ကိုရှုက ငါ့မိသားစုအပေါ်မှာ များစွာ ကူညီထားတယ်။ဒါ့ကြောင့် ငါက ဒါကို လုံးဝ နောင်တမရဘူး။ငါက သေရမယ်တော့လည်း သေလိုက်ရုံပေါ့…”

လီယွမ်က ကြောက်မက်ဖွယ်ပြုံး၏။သည်အခိုက်အတန့်၌ အဘိုးအိုသည် ရှေ့သို့ ခြေလှမ်းလာကာ လီယွမ်ကို ကြည့်ပင်မကြည့်ဘဲ ကန်ထုတ်လိုက်သည်။လီယွမ်ထံက‌နေ အက်ကွဲသံတစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ သူက သွေးများစွာ အန်ထုတ်လိုက်ရသည်။သူ့ခန္ဓာကိုယ်ကလည်း မြေပေါ်သို့ လွင့်စင်သွားသည်။ သူ့မျက်လုံးက မှိန်ဖျော့နေခဲ့၏။ သည်ကန်ချက်က သူ့ခန္ဓာကိုယ်ထဲရှိ ကြွင်းကျန်နေသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို တစစီဖြစ်သွားစေသည်။ထို့ကြောင့် သူက နောက်သို့ပင် ဆက်၍ မဆုတ်နိုင်တော့ချေ။

“ဂျူနီယာလူငယ်သခင်…ဒီလူက အန္တရာယ်မရှိတော့ပါဘူး။သင်က အခု တိုက်ခိုက်နိုင်ပါပြီ…” အဘိုးအိုက နောက်သို့ ပြန်ဆုတ်သွားသည်။သူက ပုံရိပ်ယောင်ယင်ကျင့်ကြံသူတစ်ယောက်အဖြစ် ဂျူနီယာတစ်ယောက်ဖြစ်သည့် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူကို ခုလိုတိုက်ခိုက်နေခြင်းအပေါ်လည်း ရှက်ရွှံ့စရာဟု မခံစားရပေ။

လူငယ်က နှာခေါင်းရှုံ့ကာ ရှေ့သို့ တိုး၍ ပြောလာသည်။ “မင်းက ဒီကောင်းကင်ဘုံဓားတွေက ဘယ်နေရာက ရလာခဲ့လဲ ငါ ကြည့်ရအောင်…” လူငယ်က သူ့ညာလက်ကို ပင့်မြှောက်ကာ လီယွမ်ပေါ်သို့ ဖိချလိုက်သည်။

“အစ်ကို မြန်မြန်လုပ်ပါ….” အမျိုသမီးက သည်အရာများအားလုံးကို ကြည့်နေရင်း ပြုံးနေလေ၏။သူမမျက်လုံးထဲ၌ ညှို့ငင်စွဲဆောင်မှုတို့ပြည့်နေကာ သူမက လက်ထဲရှိ လီယွမ်ထံမှ လုယူထားသည့်ကောင်းကင်ဘုံဓားကို ဆော့ကစားနေလေသည်။

သည်အခိုက်အတန့်မှာပင် ယောင်လို့ခေါ်သည့် လူငယ်၏ လက်သည် လီယွမ်ပေါ်သို့ ဖိချလာသည့်အခိုက် သူ့ဘေးတွင် လှိုင်းတွန့်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ပုံမှန်အားဖြင့် တည်ငြိမ်နေသော အဘိုးအို၏ အသွင်သည် ရုတ်တရက် ပြောင်းလဲသွားသည်။သူက ရှေ့သို့ တက်လှမ်းကာ ချက်ခြင်း အော်ပြောလိုက်သည်။ “လူငယ်သခင်လေး…နောက်ဆုတ်ပါ….”

လူငယ်က မှင်သက်သွားသည်။

ချက်ခြင်းပင် အံ့မခန်းသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ထိုလှိုင်းတွန့်ထဲကနေ ထွက်ပေါ်လာခဲ့သည်။အနှီသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အလွန်အားကောင်းလှရာ ကမ္ဘာလောကပင် အေးစက်သွားသလား မှတ်ထင်ရသည်။

လူငယ်၏အသွင်က သေလောက်အောင် ဖြူရောသွားသည်။သူက လီယွမ်၏စိတ်ဝိညာဉ်ကို ရှာဖွေခြင်း မပြုနိုင်ခင်မှာပင် ချက်ခြင်းနောက်သို့ ပြန်ဆုတ်လိုက်၏။ သို့သော်လည်း ထိုအခိုက်အတန့်၌ ပုံရိပ်တစ်ခုသည် လှိုင်းတွန့်ထဲကနေ လှမ်းထွက်လို့လာသည်။ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။

မိုးခြိမ်းသံများက ကောင်းကင်ထက်၌ ရုတ်တရက် ပဲ့တင်ထပ်နေတော့၏။ လူငယ်က နောက်သို့ ဆုတ်နေရင်း လှိုင်းတွန့်ထဲမှ ပုံရိပ်သည် ရှေ့သို့ လှမ်းတိုးကာ လူငယ်၏ ရင်ဘက်ထံသို့ လက်ညွှန်လိုက်သည်။

အက်ကွဲသံလှိုင်းတစ်ခုက ပဲ့တင်ထပ်လာခဲ့ကာ လူငယ်သည် သွေးအန်ထုတ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်၏ အရိုးများအားလုံးသည် ကျိုးကြေသွားကာ လွင့်စင်ထွက်သွားသည်။

ပုံရိပ်က နောက်တစ်ဖန် နီးကပ်လာကာ လူငယ်၏မျက်ခုံးနှစ်ခုကြားပေါ်သို့ လက်ညှိုးချက် ကျရောက်လာခဲ့ပြန်သည်။ များစွာသောမူလစွမ်းအင်များက လူငယ့်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များအားလုံးသည် ချက်ခြင်းလိုလို ပျက်စီးသွားလေ၏။

အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေကာ လူငယ့်၏အသွင်က ဖြူရောသထက် ဖြူရော်လာသည်။

သူ့ခန္ဓာကိုယ်က လေထဲသို့ လွင့်စင်ထွက်သွားနေ၏။ သူ့ခန္ဓာကိုယ်က လေထဲမှာပင် အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည် ဿူက သွေးများဆက်တိုက်အန်နေရက သွေးမြူအဖြစ်သို့တိုင် ပြောင်းလဲသွားသည်။

ဦးဆုံး သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ဖျက်စီးခံလိုက်ရ၏။ထို့နောက် သူ့ကျင့်ကြံမှုအဆင့်အခြေခံကပါ ဖျက်စီးခံရသည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ထဲကနေ သွေးများသည် လူငယ်၏ဒွာရပေါက်ထဲကနေ ထွက်ပေါ်လာကြတော့၏။

ခုလက်ရှိတွင် ထိုလူငယ်သည် သွေးလူတစ်ယောက်ကဲ့သို့ လေထဲတွင် ရှိနေတော့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ပုံရိပ်၏ မူလစွမ်းအင်များသည် ရပ်တန့်သွားခြင်း မရှိပဲ သူ့ခန္ဓာကိုယ်အတွင်း ကြမ်းတမ်းစွာ ဆက်လက် ရိုတ်ခတ်နေသည်။သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများကလည်း တစ်လက်မချင်း ဖျက်စီးခံနေရ၏။သူ့ကိုယ်တွင်းအင်္ဂါများအားလုံးသည်လည်း ချက်ခြင်း ကြွေမွသွားခဲ့လေပြီ။

ထိုအရာက အဆုံးသပ် မဟုတ်သေးပေ။မူလစွမ်းအင်က အလွန်သန်မာလွန်းလှ၏။ ကိုယ်တွင်းအင်္ဂါများအားလုံးကို ဖျက်စီးပြီးသည့်နောက် မူလစွမ်းအင်သည် သူ့ခေါင်းထဲသို့ တရကြမ်းတိုးဝင်လာပြန်သည်။ထို့အခါ သူ့ဦးခေါင်းခွံသည် ကွဲအက်ပျက်စီးကုန်၏။ ချက်ခြင်းပင် ယောင်လို့ခေါ်သည့်လူငယ်၏ အသွေးအသာများအားလုံးသည် လုံးဝ ပျက်စီးသွားလေသည်။

သူ့မူလစိတ်ဝိညာဉ်ကလည်း စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေကာ အလွန်အမင်း ကြောက်လန့်နေခဲ့သည်။ သ့ခန္ဓဦကိုယ်က ပျက်စီးသွားသည်နှင့် မူလစိတ်ဝိညာဉ် ပေါ်လာခဲ့ကာ မူလစွမ်းအင်များ ပေါက်ကွဲထွက်သွားသည်။ထိုမူလစွမ်းအင်က သူ့မူလစိတ်ဝိညာဉ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ကာ ၎င်းကို လုံးဝ ဖျက်စီးပစ်သည်။

သို့ရာတွင် သူ့မူလစိတ်ဝိညာဉ်က ပျောက်ကွယ်သွားခြင်း မရှိပေ။မူလစွမ်းအင်က သူ့မူလစိတ်ဝိညာဉ်ကို လက်သီးစုပ်ခန့်အရွယ်အစားရှိသည့် အလင်းလုံးတစ်ခုအဖြစ် သိပ်သည်းပစ်လိုက်သည်။ ထိုအလင်းလုံးသည် ဝမ်လင်းလက်ထဲသို့ ရောက်ရှိလာကာ သူက လီယွမ်၏ မျက်ခုံးနှစ်ခုကြားသို့ ၎င်းအလင်းလုံးကို ဖိချ၍ လွင့်ပါးနေသောလီယွမ်၏ မူလစိတ်ဝိညာဉ်ကို အထောက်အပံ့ပေးလိုက်သည်။

“ငါ့မိတ်ဆွေကို နာကျင်အောင်လုပ်ဖို့ မင်းက ဘယ်သူ့ရှိက အရည်အချင်း ရလာတာလဲ…”

အေးစက်လွန်းသော စကားများက ဝမ်လင်းထံကနေ ထွက်ပေါ်လာခဲ့တော့သည်။

သည်အရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပျက်သွားခဲ့ခြင်းပင်။စိတ်ကူးနိုင်သည်ထက်ပင် မြန်ဆန်နေသေးသည်။အဘိုးအိုက ရှေ့သို့ လှမ်းရန် ပြင်လိုက်ရုံ ရှိသေး အရာအားလုံးက ဖြစ်ပျက်သွားခဲ့လေပြီ။

အဘိုးအို၏ နှဖူးထက်၌ ချွေးစေးများ ပြန်နေခဲ့သည်။သူ့တည်ငြိမ်မှုကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။သူ့မျက်လုံးထဲ၌ ထိတ်လန့်ကြောက်ရွှံ့မှု အရိပ်အယောင်များပင် ထွက်ပေါ်နေသေး၏။ ပေါကြွယ်ဝလှသော သူ့ရှေ့ရှိ မူလစွမ်းအင်များက သူ့အား လေအေးတစ်ချက် ရှိုက်သွင်းမိစေသည်။

သူ့ကို အကြောက်လန့်စေဆုံးက လှိုင်းတွန့်ထဲမှ ထွက်ပေါ်လာသည့်အော်ရာပင်။ထိုလှမ်းထွက်လာသော လူငယ်၏ အော်ရာသည် လောကနှင့်တစ်သားတည်း ဖြစ်နေခဲ့ပေ၏။

“ကြောက်ဖို့ကောင်းလွန်းတယ်…ငါက အထည်ဒြပ်ယန်အဆင့်က ကျင့်ကြံသူအားလုံးကို သိပါတယ်..ဒါပေမဲ့ ဒီလူက ဘယ်သူများလဲ…” သူ့မျက်နှာက ဖြူရောနေကာ နှဖူးထက်မှ ချွေးသီးများ ကျနေ၏။အခြားလူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပြင်းထန်လွန်းလှရာ သူ့စိတ်အား တုန်ယင်စေနေသည်။သူက အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။သူက ချက်ခြင်း ထွက်ပြေးရန်ပင် မလုပ်မိနိုင်အောင် ဖြစ်သွားရ၏။

အနီးအနားရှိ အမျိုးသမီးကတော့ လုံးဝ ကြောင်ရီနေ၏။သူမရှေ့ရှိ မြင်ကွင်းသည် သူမ၏ ဦးနှောက်ကိုပါ ဗလာကျင်းသွားစေလေ၏။

“ရှု…အစ်ကိုရှု…” မြေပြင်ထက်မှ လီယွမ်၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နေကာ သူက ကြိုးစား၍ ပြောလိုက်၏။ “ငါ့ကို ကူညီပြီး သူတို့ကို သတ်ပေးပါ…”

***

All Chapters