အခန်း ၉၃
Vol. 10 Ch. 93
အခန်း ၉၃
“ပြန်တွေးနေတာတွေ တော်လိုက်ကြရအောင်။ မိုးလည်း ချုပ်တော့မယ်။ ငါတို့ အိမ်ပြန်သင့်ပြီ။”
ကျန်းဟန်က အနောက်ဘက်သို့ စောင်းနေပြီဖြစ်သော နေမင်းကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ ယခုအချိန်မှာ ညနေ ခုနစ်နာရီ ထိုးနေပြီဖြစ်၍ ကောင်းကင်ကြီးတစ်ခုလုံး မှောင်အတိကျတော့မည် ဖြစ်သည်။
သူ ကျောင်းသို့ အလျင်အမြန် ပြန်သွားရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ပိုင်လင်းသည် ယနေ့အတွက် လေ့ကျင့်ရေးတာဝန်များကို မပြီးဆုံးသေးသောကြောင့်ပင်။ အကယ်၍ လေ့ကျင့်ရေး ပြတ်တောက်သွားပါက ၎င်း၏ နဂါးအသွင်ပြောင်းလဲမှုအပေါ် မည်သို့သော ထိတ်လန့်ဖွယ် အကျိုးဆက်များ သက်ရောက်လာမည်ကို မသိနိုင်ချေ။
“ဟုတ်တယ်။ အိမ်ပြန်ဖို့ အချိန်တန်ပြီ။”
လီဇီဝေက ခေါင်းငြိမ့်လိုက်ပြီးနောက် သူတို့တစ်အုပ်စုလုံး မြို့ထဲသို့ ဦးတည်ကာ လျှောက်လှမ်းခဲ့ကြသည်။
“ငါတို့ အတူတူ ထမင်းသွားစားကြမလား။ ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ငါတို့ အတူတူ ဖြတ်ကျော်ခဲ့ကြပြီးပြီပဲ။ ငါတို့တွေကို သူငယ်ချင်းတွေလို့ သတ်မှတ်လို့ရပြီ မဟုတ်လား။”
တုံးရွှမ်းက ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။
လီဇီဝေနှင့် တုံးလင်တို့ကတော့ သဘာဝအတိုင်း မငြင်းဆန်ကြပေ။ အဓိကမှာ ကျန်းဟန်ဖြစ်ပြီး သူတို့အားလုံးက ကျန်းဟန်နှင့်အတူ ထမင်းတစ်နပ် အတူစားချင်နေကြခြင်း ဖြစ်သည်။
“မဖြစ်ဘူး။ ငါ့မှာ အခုချက်ချင်းလုပ်ရမယ့် အရေးကြီးကိစ္စ ရှိသေးတယ်။ နောက် အခွင့်ကြုံမှ စားကြတာပေါ့။”
ကျန်းဟန်က ခေါင်းခါကာ တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
ယင်းက တုံးရွှမ်းကို မကျေမနပ် ဖြစ်သွားစေခဲ့သည်။
‘ဒီကောင်က ငါ့ဆီကနေ အမြတ်တွေ အများကြီး ထုတ်သွားပြီးပြီတာတောင်မှ ငါ့ကို တကယ်ပဲ နည်းနည်းလေးမှ မျက်နှာမပေးဘူး။’
သူမစိတ်ထဲမှ တွေးလိုက်မိသည်။
“ငါ့မှာ တကယ်ပဲ အချိန်ဆွဲလို့မရတဲ့ လုပ်စရာကိစ္စ ရှိနေလို့ပါ။”
ကျန်းဟန်က ထပ်မံ ရှင်းပြလိုက်သည်။
“အဲဒါက အရမ်းအရေးကြီးလို့လား။ ငါ ကူညီပေးဖို့ လိုသေးလား။”
လီဇီဝေက မေးလိုက်သည်။
“မလိုပါဘူး။”
ကျန်းဟန်က ခေါင်းခါပြလိုက်သည်။
ကျန်းဟန်က ဤကဲ့သို့ အမူအရာပြနေသဖြင့် ကျန်သုံးယောက်မှာလည်း ထပ်မံ၍ အတင်းအကြပ် မဆိုသာတော့ပေ။ ခဏမျှ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး တောအုပ်ထဲ၌ သစ်ရွက်ကြွေသံများကိုပင် အတိုင်းသား ကြားနေရသည်။
မကြာခင်မှာပင် သူတို့သည် လမင်းပြာ သားရဲမွေးမြူရေးဂေဟာအနီးသို့ ရောက်ရှိလာခဲ့ကြသည်။ ကျန်းဟန်သည် တက္ကစီတစ်စီးကို ချက်ချင်း လှမ်းခေါ်ကာ ထိုသုံးယောက်ကို နှုတ်ဆက်ပြီး နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့တော့သည်။
“ဒီလူကတော့... ဘာတွေ ဒီလောက်တောင် အလုပ်ရှုပ်နေရတာလဲ။”
တုံးရွှမ်းက အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ သူက ငါတို့အသက်ကို ကယ်ခဲ့တာပဲ။ ငါက သူ့ကို သေသေချာချာ ကျေးဇူးဆပ်ဖို့တောင် စဉ်းစားထားတာ။”
တုံးလင်ကလည်း နှမြောတသ ဖြစ်မိသွားသည်။ လီဇီဝေကမူ ပို၍ အမြင်ကျယ်သူ ဖြစ်သည်။ သူမက သက်ပြင်းချလိုက်သည်။
“သူက အမြဲတမ်း ဒီလိုပါပဲ။ ငါတော့ ကျင့်သားရနေပြီ။”
ကျန်းဟန်သည် အတန်းထဲတွင် အတန်းဖော်များနှင့် ထိတွေ့ဆက်ဆံမှု လုံးဝမရှိလုနီးပါးပင်။ အချိန်ဖြုန်းတီးမိမည့် ကိစ္စမျိုး ကြုံရတိုင်း သူသည် အလွန်ပင် စိတ်မရှည် ဖြစ်တတ်သည်။ သူ့အတွက်မူ အတန်းဖော်များနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းထက် သားရဲကို နောက်ထပ် မိနစ်အနည်းငယ် ပိုမိုလေ့ကျင့်ပေးခြင်းက ပို၍ အဓိပ္ပာယ်ရှိပုံရသည်။
သူမ တစ်ယောက်သာလျှင် စကားအနည်းငယ် ပြောဆိုခွင့်ရလေ့ရှိသော်လည်း စကားအနည်းငယ် ပြောပြီးသည်နှင့် ထိုလူက ချက်ချင်း ထွက်ခွာသွားချင်နေတတ်သည်။
အတန်းထဲရှိ တခြားသော ယောက်ျားလေးများအားလုံးမှာမူ သူမနှင့် စကားတစ်ခွန်း ပြောခွင့်ရရန် အသက်ပင် ပေးဝံ့ကြသည်ကို သိထားရမည် ဖြစ်သည်။
ကျန်းဟန်ကတော့ အမှန်တကယ်ပင် ထိုသို့ တွေးတောထားခြင်း ဖြစ်သည်။ မလိုအပ်ဘဲနှင့် ယခုလို လူမှုဆက်ဆံရေးကွန်ရက်များကို တည်ဆောက်ရန် သူ စိတ်မဝင်စားပေ။ မိမိကိုယ်ကိုယ် သန်မာအောင် လုပ်ဆောင်ခြင်းကသာ အခြေခံအကျဆုံး မူဝါဒ ဖြစ်သည်။
ဤကမ္ဘာသည် အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအားများ ရှိနေသည့် ကမ္ဘာတစ်ခု ဖြစ်သည်။ မိမိကိုယ်တိုင် သန်မာနေသရွေ့ မရနိုင်သော အရာဟူ၍ မရှိပေ ။
ထို့ကြောင့် သူသည် အချစ်ရေးကိစ္စများ သို့မဟုတ် အတန်းဖော် သံယောဇဉ်များကို အခြေခံအားဖြင့် ဂရုမစိုက်ခြင်း ဖြစ်သည်။
ကျောင်းသို့ ပြန်ရောက်သောအခါ ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ဆောင်ကာ မနားဘဲ လေ့ကျင့်ရေးအခန်းဆီသို့ တန်းတန်းမတ်မတ် ပြေးလာခဲ့လိုက်သည်။ တော်သေးသည်က ကျောင်း၏ လေ့ကျင့်ရေးအခန်းများသည် ည ၁၁ နာရီမှ ပိတ်သဖြင့် သူ့တွင် အချိန်လုံလောက်စွာ ရှိနေသေးခြင်းပင်။
အပူချိန် အနှုတ်အဆင့် ကျင့်ကြံခြင်းတွင် ပိုင်လင်းသည် အနှုတ် ၃၀ ဒီဂရီအောက်၌ အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ အပူချိန် မြင့်မားသော ကျင့်ကြံခြင်းတွင်လည်း ၎င်းသည် ၃၀၀ ဒီဂရီရှိသော အပူရှိန်ကြားထဲတွင် အသက်ရှူလေ့ကျင့်ခန်းများကို အဆုံးထိ ကြံ့ကြံ့ခံ လုပ်ဆောင်နိုင်ခဲ့သည်။
အကြီးမားဆုံး တိုးတက်မှုမှာ ဖိအား လေ့ကျင့်ခန်းတွင် ဖြစ်သည်။ ပိုင်လင်းသည် ယခုအခါ အဆင့် ၄ ဖိအားအောက်တွင် တုန်လှုပ်ခြင်းမရှိဘဲ ချဉ်းကပ်နိုင်နေပြီဖြစ်ကာ အဆင့် ၅ ဖိအားကိုပင် မိနစ် ၃၀ ကြာအောင် ကြံ့ကြံ့ခံနိုင်ခဲ့သည်။
အဆင့် ၄ ဖိအားဟူသည် အဆင့် ၄ အရှင်သခင်အဆင့် သားရဲတစ်ကောင်ထံမှ ထွက်ပေါ်လာသော ဖိအားနှင့် ညီမျှသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ထိုအဆင့်အောက်ရှိ မည်သည့်သားရဲမဆို ဤဖိအားအောက်တွင် လှုပ်ရှားရန် ခက်ခဲလိမ့်မည်ဖြစ်သော်လည်း ပိုင်လင်းကမူ ၎င်းကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းသည် အတင်းအကြပ် အားပြုအံတုနေခြင်းမျိုး မဟုတ်ဘဲ တစ်စုံတစ်ခုကို ထိုးထွင်းသိမြင်သွားသည့်အလား ဖြစ်နေ၏။ ၎င်း၏ ကိုယ်ပေါ်တွင် ပြင်ပမှ မည်သည့်အရာကမျှ ဖိနှိပ်၍မရနိုင်တော့မည့်ပုံစံမျိုးဖြင့် ထူးခြားသော အရှိန်အဝါတစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။
“ကျိ....”
၎င်း လေ့ကျင့်မှု ပြီးဆုံး၍ အပြင်သို့ ထွက်လာသည့်အချိန်တွင် ည ၁၁ နာရီ ထိုးနေပြီ ဖြစ်သည်။ ကျန်းဟန်နှင့် ပိုင်လင်းတို့နှစ်ကောင်စလုံးမှာ ဗိုက်ထဲမှ အသံများမြည်လာသည်အထိ အလွန် ဆာလောင်နေကြပြီ ဖြစ်သည်။
“အဆောင် ပြန်ရောက်မှပဲ စားကြစတာပေါ့။”
ကျန်းဟန်က ပိုင်လင်းကို ချော့မော့လိုက်သည်။ ယနေ့ ၎င်း၏ စွမ်းဆောင်ရည်မှာ သူ မျှော်မှန်းထားသည်ထက် များစွာ သာလွန်နေခဲ့ပြီး လွန်ခဲ့သော တစ်ရက်ကထက် သိသိသာသာ ကွာခြားလှသည်။
မနေ့က ၎င်းသည် အဆင့် ၄ ဖိအားအောက်တွင် ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေရဆဲ ဖြစ်သော်လည်း ယနေ့တွင်မူ အဆင့် ၅ ဖိအားကိုပင် တည့်တည့်ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။ ယင်းက ၎င်းအနေဖြင့် ဖိအားစွမ်းရည်ကို နားလည်သဘောပေါက်သွားလိမ့်မည်ဟူသော မျှော်လင့်ချက်ကို ကျန်းဟန်အား ပေးစွမ်းလာခဲ့သည်။
အဆောင်သို့ ပြန်ရောက်သော် ကျန်းဟန်သည် မိမိအတွက် ခေါက်ဆွဲခြောက်တစ်ထုပ် ပြုတ်လိုက်ပြီး ဟုတ်ဟုတ်ကိုလည်း အပြင်ထုတ်ကာ ပိုင်လင်းနှင့်အတူ အစာကျွေးလိုက်သည်။
ခေတ္တမျှ အဆောင်ခန်းထဲတွင် အစာစားသံများဖြင့် ပြည့်နှက်သွားခဲ့သည်။ ခေါက်ဆွဲခြောက် တစ်ထုပ်တည်းနှင့် ကျန်းဟန်အတွက် မလုံလောက်သဖြင့် သူသည် နောက်ထပ်တစ်ထုပ်ပင် ထပ်မံပြုတ်စားလိုက်ရသည်။
စားသောက်ပြီးနောက် သူသည် ယနေ့ရရှိခဲ့သော အရာများကို စတင်၍ စနစ်တကျ စီစဉ်လိုက်တော့သည်။
ပထမဆုံးအနေဖြင့် သားရဲအမြုတေ ဖြစ်ပြီး တတိယအဆင့် အရှင်သခင်အဆင့် တစ်ခုနှင့်အတူ အစွယ်ထက်ဝံပုလွေထံမှ ရရှိသော ချွန်ထက်သည့် လက်သည်းလေးခု ဖြစ်သည်။ စျေးကွက်ပေါက်စျေးမှာ ယွမ် ရှစ်ထောင်ခန့် ရှိပြီး အရည်အသွေး ကောင်းမွန်ပါက ကိုးထောင်အထိ ရောင်းချနိုင်သည်။
အဆင့် ၂ လက်ရွေးစင်အဆင့် အမြုတေ ၁၅ ခုနှင့်အတူ ဆက်စပ်ပစ္စည်းမျိုးစုံ ဖြစ်ပြီး တန်ဖိုးအားဖြင့် ယွမ်နှစ်သောင်း ရှိသည်။
ထို့အပြင် ဝိညာဉ်အပင် အခု ၃၀ လည်း ရှိသေးရာ ယင်း၏တန်ဖိုးမှာ ယွမ် ငါးသောင်းခန့် ရှိသည်။
၎င်းတို့အပြင် ပိုင်လင်း ယူဆောင်လာပေးခဲ့သည့် အမည်မသိ ပိုးကောင်ဥလည်း ရှိသေးသည်။ ၎င်းက မည်သည့် သားရဲအမျိုးအစားမှန်း သူ မခွဲခြားနိုင်သေးသဖြင့် ယင်း၏ တန်ဖိုးကို လတ်တလောတွင် မခန့်မှန်းနိုင်သေးချေ။
ခြုံငုံကြည့်ပါက စုစုပေါင်း ရရှိမှုမှာ ယွမ် ရှစ်သောင်းခန့် ရှိသည်။ ကျန်းဟန်အတွက်မူ ဤပမာဏသည် သေချာပေါက် အလွန်ကြီးမားသော ငွေပမာဏဖြစ်ပြီး သူ ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့ပြီးကတည်းက ရရှိခဲ့သမျှထဲတွင် အကြီးမားဆုံး ပထမဆုံး ရွှေအိုးကြီးပင် ဖြစ်သည်။
ဤအရာမှာ ဆရာမ ဝမ်ယိ မထွက်ခွာမီက သူ့အား ပေးအပ်ခဲ့သော သိုလှောင်သေတ္တကြောင့်သာ ဖြစ်ပြီး သို့မဟုတ်ပါက ဤမျှများပြားသော ပစ္စည်းများကို သယ်ဆောင်လာနိုင်ရန် နည်းလမ်းရှိမည် မဟုတ်ပေ။
အမှန်တကယ်တော့ နတ်ဘုရားဝိညဉ်ာအရည်က တန်ဖိုးအရှိဆုံး ဖြစ်သော်လည်း သူ ယင်းကို အပိုချန်မထားခဲ့ချေ။ ၎င်း၏ အစိတ်အပိုင်း အများစုကို သူကိုယ်တိုင် အသုံးပြုခဲ့ပြီး ကျန်ရှိသော ပမာဏမှာမူ သူ၏ သားရဲနှစ်ကောင်၏ စိတ်ဝိညာဉ်ကို မြှင့်တင်ပေးရန် လုံလောက်ခဲ့သည်။
ထို ဧရာမပန်းပွင့်ကြီးထံမှ ရရှိခဲ့သော ပန်းဝတ်ရည်အချို့ သူ့တွင် ရှိနေသေးသော်လည်း သူ ယင်းကို မရောင်းချချင်ပေ။ နတ်ဘုရာဝိညာဉ်အရည်မှာ ရှားပါးလှပြီး ထိုပန်းဝတ်ရည်တွင်လည်း နတ်ဘုရားဝိညာဉ်အရည်၏ အာနိသင်အချို့ ရှိနေသေးသည်။ သူသည် အခွင့်အရေးရလျှင် တစ်စုံတစ်ယောက်ကို ၎င်းအား ဆေးရည်အဖြစ် ဖော်စပ်ခိုင်းရန် စီစဉ်ထားသည်။
သူသည် သက်ဆိုင်ရာ အချက်အလက်များကို ယခုတင် စစ်ဆေးကြည့်ခဲ့ရာ ထိုဧရာမပန်းပွင့်ကြီးသည် နတ်ဘုရားဝိညာဉ်အရည်ကို စုပ်ယူမိခဲ့သောကြောင့် အလွန်အမင်း ထူးထူးခြားခြား ဆင့်ကဲပြောင်းလဲသွားခဲ့ရသည့် သာမန် ကရားပန်း တစ်မျိုးသာ ဖြစ်သည်။
“ဟုတ်ဟုတ်”
“ကျိ....”
သားရဲနှစ်ကောင်မှာ အစာစားပြီးနောက် အလိုမပြည့်သေးသည့် အမူအရာဖြင့် ကျန်းဟန်ကို လှမ်းကြည့်လာကြသည်။
“ဒီနေ့အတွက် ဒီလောက်ပဲ။”
ကျန်းဟန်က သူတို့ကို စကားပြောခွင့်ပင်မပေးဘဲ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ပြန်လည်သိမ်းဆည်းလိုက်သည်။
သူတို့ နေ့စဉ်စားသုံးနေရသော ဆေးရည်များမှာ ယွမ်သောင်းချီ တန်ဖိုးရှိသည့် အရာများ ဖြစ်သည်။ ဆရာမ ဝမ်ယိ၏ လက်ဆောင်သာမရှိပါက သူ လုံးဝ တတ်နိုင်မည် မဟုတ်သဖြင့် သူတို့ကို ပိုပြီး စားခွင့်ပြုရန်မှာ မဖြစ်နိုင်ပေ။
သားရဲများကို သိမ်းဆည်းပြီးနောက် သူကိုယ်တိုင် ရေချိုး၊ အဝတ်အစားလဲကာ ကုတင်ပေါ်တွင် လဲလျောင်းလိုက်ပြီး မကြာခင်မှာပင် စိတ်အာရုံကို စုစည်းလိုက်သည်။ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် သားရဲထိန်းချုပ်ခြင်းမျိုးစေ့ နှစ်ခုက အထက်၌ လွင့်မျောနေ၏။
အောက်ဘက်ရှိ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်မှာ သိသိသာသာ ကျယ်ဝန်းလာခဲ့သည်။ အစက ၂၀ သို့မဟုတ် ၃၀ စတုရန်းမီတာခန့်ရှိသော အိပ်ခန်းတစ်ခန်း အရွယ်အစားသာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ အဆပေါင်းများစွာ ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ စတုရန်းမီတာ တစ်ထောင်နီးပါးခန့် ရှိနေပြီဖြစ်ရာ သားရဲနှစ်ကောင်အတွက် အလွန်ပင် ကျယ်ဝန်းလှသည်။ ထို့အပြင် သားရဲထိန်းချုပ်ခြင်းမျိုးစေ့ လေးခု ရှိနေသောကြောင့် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်တစ်ခုလုံးမှာ လေးပိုင်းအဖြစ် မှေးမှိန်စွာ ကွဲပြားနေသည်။
ပိုင်လင်း ရှိနေသော နယ်မြေမှာ လျှပ်စီးနဂါးအကြေးခွံ ပုံသဏ္ဌာန်များနှင့်အတူ ခရမ်းနုရောင် သန်းနေပြီး ဟုတ်ဟုတ်််ရှိနေသော နယ်မြေမှာမူ မီးတောက်ပုံစံအချို့နှင့်အတူ နက်မှောင်သော သွေးရောင်အသွင်ဖြင့် မှောင်မှိုင်းနီရဲနေသည်။
စာချုပ် ချုပ်ဆိုထားခြင်းမရှိသေးသော ကျန်ရှိသည့် နယ်မြေနှစ်ခုမှာမူ မည်သည့်ဆင့်ကဲပြောင်းလဲမှုမျှမရှိဘဲ ဖြူစင်တောက်ပနေဆဲပင်။
နယ်မြေတစ်ခုစီအကြားတွင် မည်သည့်အတားအဆီးမျှ မရှိသော်လည်း သူတို့သည် မတူညီသော စွမ်းအားများအပေါ် အခြေခံ၍ ကိုယ်ပိုင်နယ်မြေများကို တည်ဆောက်ထားကြပြီး ဖြစ်သည်။ ပိုင်လင်းသည် ဟုတ်ဟုတ်၏ နယ်မြေထဲသို့ သွားနိုင်သော်လည်း ၎င်းသည် ထိုနေရာရှိ အရှိန်အဝါကို မနှစ်သက်သဖြင့် မိမိ၏ ကိုယ်ပိုင်နယ်မြေထဲတွင်သာ နေထိုင်ရသည်ကို ပိုမိုနှစ်သက်သည်။
သဘာဝအတိုင်း သူတို့သည် ပိုင်ရှင်မရှိသေးသော အဖြူရောင်နယ်မြေများထဲတွင် သွားရောက်နေထိုင်နိုင်သော်လည်း မိမိတို့၏ ကိုယ်ပိုင်နယ်မြေလောက်တော့ သက်တောင့်သက်သာ မရှိလှပေ။
သားရဲတစ်ကောင်စီ၏ နယ်မြေအသေးစားလေးများသည် ၎င်းတို့၏ ကိုယ်ပိုင်ထူးခြားချက်များအလိုက် ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ရာ ယင်းက ၎င်းတို့၏ ပြန်လည်ကုသခြင်းနှင့် ထိုးထွင်းသိမြင်မှုများအတွက် အထောက်အကူ ဖြစ်စေသည်။
ဤအရာများအားလုံးမှာ ပုံမှန်ဖြစ်စဉ်များသာ ဖြစ်သည်။ သားရဲထိန်းချုပ်သူ၏ အဆင့် တိုးတက်လာသည်နှင့်အမျှ အတွင်းပိုင်းတွင် ထပ်မံဆင့်ကဲပြောင်းလဲလာမည်ဖြစ်ပြီး နေရာလွတ်မှာလည်း ပို၍ပို၍ ကြီးမားလာမည် ဖြစ်သည်။
ငွေကြေးနှင့် နှိုင်းယှဉ်ပါက ဤအရာသည် ကျန်းဟန်၏ ယခုခရီးစဉ်မှ ရရှိခဲ့သော အကြီးမားဆုံးသော ရလဒ် ဖြစ်ပေသည်။