အခန်း ၉၆
Vol. 10 Ch. 96
အခန်း ၉၆
“မင်္ဂလာပါ ကျန်းဟန်။ ငါက တို့ရဲ့ ဖီးနစ်သုတေသနအဖွဲ့ကိုယ်စား လာခဲ့တာပါ။ မင်းလက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ဝယ်ချင်ပါတယ်။ စျေးနှုန်းကို ညှိနှိုင်းလို့ရပါတယ်။ ငါ တကယ့်ကို စိတ်ရင်းအမှန်နဲ့ လာခဲ့တာပါ။”
ရွှေရောင်မျက်မှန်တပ်ထားသော အမျိုးသား မစ္စတာဟူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ဒါဆို ခင်ဗျားက ဘယ်လောက်ပေးမှာလဲ။ ဒါတွေကို ကျွန်တော်က ခွန်းရဲ့ ကမ္ဘာငယ်လေးထဲမှာ သေဘေးကနေ အသည်းအသန်ရုန်းကန်ပြီး ယူလာခဲ့ရတာ။ အဲဒီတုန်းက အထဲမှာ အဆင့် ၅ ဧကရာဇ်အဆင့် တောင်ပံခြောက်ခုပါကျားနဲ့ ကွန်ဖူးဧရာမဝက်ဝံတို့ တိုက်ခိုက်နေကြတာ ကျွန်တော် အသက်တောင် ဆုံးတော့မလို့။ အစကတော့ ဒီပစ္စည်းတွေကို သိမ်းထားမလို့ပဲ။ ရောင်းဖို့ စိတ်ကူးမရှိခဲ့ဘူး။”
ကျန်းဟန်က သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“စျေးကွက်ပေါက်စျေးရဲ့ နှစ်ဆဆိုရင်ကော ဘယ်လိုလဲ။”
မစ္စတာဟူက ဆိုသည်။
ထိုစကားကို ကြားသောအခါ ကျန်းဟန်က မျက်လုံးအထက်လှန်ကာ စိတ်ပျက်ဟန်ပြလိုက်၏။
“ခင်ဗျားက ကျွန်တော့်ကို ကျောင်းသားဆိုပြီး လာလိမ်နေတာလား။ ဒီပစ္စည်းတွေက တစ်ကမ္ဘာလုံးမှာ တစ်ခုတည်းရှိတယ်။ ဒါတွေကနေတစ်ဆင့် ခွန်းရဲ့ သဲလွန်စတွေကို ရှာဖွေနိုင်မှာဖြစ်လို့ လူအများကြီး စိတ်ဝင်စားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”
သူက ထိုသို့ပြောပြီးနောက် လှည့်ထွက်ကာ အပြင်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“ခဏလောက် စောင့်ပါဦး။ အနည်းဆုံးတော့ မင်းလက်ထဲမှာ ဘာပစ္စည်းတွေ ရှိလဲဆိုတာ ပြောပြလို့ရတယ်မဟုတ်ဘူးလား။”
ကျန်းဟန်က အလွယ်တကူ လှည့်စား၍မရမှန်း သိလိုက်သဖြင့် ထိုလူငယ်က ကပျာကယာ တားဆီးရင်း ပြောလိုက်သည်။
ကျန်းဟန်က သူ့ကို တစ်ချက်ကြည့်ကာ မိမိတွင်ရှိသော ပစ္စည်းများကို စာရင်းဇယားအတိုင်း ပြောပြလိုက်သည်။
“ဒီပစ္စည်းတွေကို ပုံမှန်အတိုင်း ရောင်းရင် အလွန်ဆုံး ယွမ်ရှစ်သောင်းပဲ ရမှာ။ ငါ အားလုံးကို ယွမ်သုံးသိန်းနဲ့ ဝယ်မယ်။ ဒါက ငါ့ရဲ့ အနိမ့်ဆုံးသတ်မှတ်ချက်ပဲ။ မင်းလည်း သိတဲ့အတိုင်း ဒီပစ္စည်းတွေရဲ့ အဆင့်က အရမ်းနိမ့်လွန်းတယ်။ ပြီးတော့ ခွန်းရဲ့ ခန္ဓာကိုယ်ဆီက တိုက်ရိုက်ရတာမဟုတ်ဘဲ သူ့ရဲ့ ကမ္ဘာငယ်လေးထဲကနေ ရလာတာတွေပဲ။ ဒါတွေကနေ တစ်ခုခုကို သုတေသနပြုနိုင်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ မင်းဆီမှာ ခွန်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အရာ ရှိမနေရင်တော့ ငါ စျေး ထပ်မတိုးနိုင်ဘူး။”
ရွှေရောင်မျက်မှန်တပ်ထားသော အမျိုးသားက ပြောလိုက်သည်။
“ယွမ် ငါးသိန်း... ဒါဆို အားလုံးကို ခင်ဗျားဆီ ရောင်းမယ်။ အဲဒါအပြင် ထူးခြားတဲ့ စိတ်ဝိညာဉ်အမျိုးအစား သားရဲတစ်ကောင်ရဲ့ သွားတွေကိုပါ ထည့်ပေးလိုက်မယ်။ အဲဒီသားရဲရဲ့ အလောင်းက ပုပ်ပွသွားပြီဆိုပေမဲ့ သူရဲ့ အဆင့်ကတော့ လုံးဝ မနိမ့်နိုင်ဘူး။”
ကျန်းဟန်က ဆိုသည်။
“မရဘူး... သုံးသိန်းဆိုတာတောင် အများကြီး ပေးထားပြီးပြီ။”
ကျန်းဟန်၏ တောင်းဆိုချက် အငြင်းခံလိုက်ရသည်။
“ငါးသိန်းအောက်ဆိုရင်တော့ မရောင်းနိုင်ဘူး။ ခင်ဗျား တခြားလူကိုပဲ ရှာလိုက်ပါ။ ကျွန်တော့်အတွက်ကတော့ ခင်ဗျားတစ်ယောက်တည်း လမ်းကြောင်းရှိတာ မဟုတ်ဘူး။ ကျွန်တော်က အလုပ်မရှုပ်ချင်ရုံပဲ။”
ကျန်းဟန်က သူ့ကို တစ်ချက်ကြည့်ကာ တိုက်ရိုက်ပင် ထွက်ခွာသွားခဲ့သည်။
“မင်း... ဟွမ့် မင်း နောင်တရလိမ့်မယ်။”
ကျန်းဟန်၏ အပြုအမူကို မြင်သောအခါ ဟူအမည်ရှိ လူငယ်၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားခဲ့သည်။ ကျန်းဟန်သည် အလွန်အမြင်ကျဉ်းပြီး ကျေးဇူးကန်းသည်ဟု သူ ခံစားလိုက်ရသည်။
ကျန်းဟန် ထွက်သွားပြီးနောက် ဟူအမည်ရှိ လူငယ်က ကျောင်းသားရေးရာဌာနမှူးကို ကြည့်ကာ ပြောလိုက်သည်။
“ဌာနမှူးဝမ်... ခင်ဗျား ဒီကျောင်းသားကို အကြံဉာဏ် နည်းနည်းလောက် ပေးသင့်တယ်။ သူက အရမ်း လောဘကြီးလွန်းတယ်။ ဒါက စိတ်ကူးယဉ်နေတာပဲ။”
“ဟား ဟား... မင်းက သူ လျှောက်ပြောနေတယ် ထင်လို့လား။”
ကျောင်းသားရေးရာဌာနမှူးက သူ့ကို ရယ်မောလျက် ကြည့်လိုက်သည်။
“သူက ဆရာမ ဝမ်ယိရဲ့ နောက်ဆုံးတပည့်အဖြစ် အသိအမှတ်ပြုခံထားရတဲ့သူပဲ။ အကယ်၍ မင်းက ဆရာမ ဝမ်ယိ ဘယ်သူလဲဆိုတာ မသိရင်တောင် ကန်မြို့ပေါ်က နန်ကုန်းတောင်စံအိမ်ကိုတော့ သိမှာပေါ့။ ဆရာမ ဝမ်ယိက အဲဒီစံအိမ်ရဲ့ ပိုင်ရှင်ပဲ။ ကျန်းဟန်က သူကိုယ်တိုင် သေသေချာချာ စောင့်ရှောက်ပေးခဲ့တဲ့သူပဲ။”
“နန်ကုန်းတောင်စံအိမ် ပိုင်ရှင်လား...။ ဟိုတုန်းက ကြယ်ပင်လယ်အဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်း...ရေနတ်သမီးလို့ လူသိများတဲ့ ဆရာမ ဝမ်ယိလား။”
ဟူအမည်ရှိ လူငယ်မှာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့သည်။
တခြားအရာကို ထားဦးတော့...နန်ကုန်းတောင်စံအိမ် တစ်ခုတည်းကပင် ရိုးရှင်းသော ကိစ္စမဟုတ်ချေ။ ယင်းက မြို့ပေါ်ရှိ နာမည်ကြီး လည်ပတ်စရာနေရာတစ်ခု ဖြစ်ခဲ့ပြီး ၎င်းကို ဝယ်ယူနိုင်သည်ဆိုကတည်းက သာမန်လူမဟုတ်ကြောင်း ထင်ရှားနေပေသည်။ အထဲတွင်ရှိသော အတားအဆီးမျိုးစုံနှင့်တင် မည်သည့်အရာမျှ မမွေးမြူထားလျှင်ပင် တစ်နှစ်တာ အသုံးစရိတ်မှာ ယွမ် သန်းချီ ရှိပေလိမ့်မည်။
ထိုမျှကြီးမားသော ပုဂ္ဂိုလ်တစ်ဦးက မြို့ဆင်ခြေဖုံးရှိ ကျောင်းငယ်လေးတစ်ကျောင်းတွင် လာရောက်ကာ ဆရာလုပ်နေသည်မှာ တကယ့်ကို စိတ်ကူး၍ပင် မရနိုင်စရာ ဖြစ်သည်။
...
ကျန်းဟန်သည် ကျောင်းစီမံရေးရုံးထဲမှ ထွက်လာပြီးနောက် အဆောင်ဝင်းထဲသို့ ပြန်ရောက်လာခဲ့သည်။ ထိုအချိန်တွင် သူ၏ ဖုန်းမှ အသံမြည်လာ၏။ သူ ဖုန်းကိုင်လိုက်သောအခါ ကျောင်းစီမံရေးရုံးမှ ဖြစ်နေသည်။
အစက သူ့ကို ဖျောင်းဖျရန် ဖုန်းဆက်သည်ဟု ထင်မှတ်ခဲ့သော်လည်း အံ့သြစရာကောင်းသည်မှာ ဟူအမည်ရှိ လူငယ်က ယွမ် ငါးသိန်းဟူသော စျေးနှုန်းကို အမှန်တကယ် သဘောတူလိုက်ခြင်းပင် ဖြစ်သည်။ ယင်းက သူ့ကို အမှန်တကယ် အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
သို့သော်လည်း ထိုအရာက အရေးမကြီးပေ။ ငွေရောက်လာသရွေ့ အဆင်ပြေပေသည်။ သူသည် ပစ္စည်းများသွားယူရန် အဆောင်သို့ ချက်ချင်းပင် အပြေးအလွှား ပြန်ခဲ့လိုက်တော့သည်။
ယွမ် ငါးသိန်းဆိုလျှင်တော့ နောက်လအတွက် ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့၏ အရည်အသွေးမြင့် ဆေးရည်ဖော်စပ်ခများအတွက် နောက်တစ်ကြိမ် ထပ်မံ၍ သေချာပေါက် အာမခံချက် ရှိသွားပြီ ဖြစ်သည်။
မကြာခင်မှာပင် ကျန်းဟန်သည် သူတို့ သဘောတူထားသော ပစ္စည်းများကို သယ်ဆောင်၍ ကျောင်းသားရေးရာဌာနမှူးရုံးသို့ ရောက်ရှိလာခဲ့သည်။
“အားလုံး ဒီမှာပဲ...။ စစ်ကြည့်လိုက်ပါ။”
ကျန်းဟန်က ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ပြလိုက်သည်။
“ဟားဟား... ရပါပြီ။ အားလုံး အဆင်ပြေပါတယ်။ တကယ့်ကို ကောင်းမွန်တဲ့ ပစ္စည်းတွေပဲ။ မင်းရဲ့ ဘဏ်ကတ်နံပါတ် ပေးပါ။ ငါ အခုချက်ချင်း ပိုက်ဆံ လွှဲပေးလိုက်မယ်။”
ဟူအမည်ရှိ လူငယ်မှာ ရုတ်တရက်ဆိုသလို အလွန်ပင် ဖော်ရွေပျူငှာ သွားခဲ့သည်။
ကျန်းဟန်က သူ၏ ဘဏ်ကတ်နံပါတ်ကို ချက်ချင်းပေးလိုက်ရာ မိနစ်အနည်းငယ်အကြာတွင် သူ၏ အကောင့်ထဲသို့ ယွမ် ငါးသိန်း ဝင်ရောက်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ်။ တခြားကိစ္စ မရှိတော့ရင် ကျွန်တော့်ကို သွားခွင့်ပြုပါဦး။”
ကျန်းဟန်က ခေါင်းငြိမ့်ပြကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“ဒါက ငါ့ရဲ့ လိပ်စာကတ်ပါ။ အကယ်၍ မင်းအနေနဲ့ ဖီးနစ်သုတေသနအဖွဲ့ဆီကို လာဖို့ အချိန်ရရင် ငါ့ကို လာရှာလို့ရပါတယ်။ ငါတို့ရဲ့ သုတေသနအဖွဲ့က ငှက်အမျိုးအစား သားရဲမျိုးစုံကို အဓိကထား သုတေသနပြုတာဖြစ်ပြီး မူပိုင်ခွင့်တွေ အများကြီးလည်း ရရှိထားတယ်။”
ဟူအမည်ရှိ လူငယ်က သူ၏ သဘောထားကို ရုတ်ခြည်း ပြောင်းလဲလျက် လိပ်စာကတ်တစ်ခုကို ကမ်းပေးလာခဲ့သည်။
ကျန်းဟန် အနည်းငယ် ဝေခွဲမရ ဖြစ်မိသော်လည်း ယင်းကို အလေးအနက် တွေးမနေတော့ပေ။ သူသည် လိပ်စာကတ်ကို ယူကာ တိုက်ရိုက်ပင် ထွက်ခွာခဲ့လိုက်သည်။
အမှန်တကယ်တော့ ယင်းကို ခန့်မှန်းရန် မခက်ခဲလှချေ။ ဆရာမ ဝမ်ယိမှတစ်ပါး တခြားသော အကြောင်းရင်း ရှိနိုင်မည် မဟုတ်ပေ။
အဆောင်သို့ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပင် တုံးရွှမ်းနှင့် လီဇီဝေတို့ထံမှ မက်ဆေ့ခ်ျများ အသီးသီး ရောက်ရှိလာခဲ့သည်။ ခွန်း၏ ကမ္ဘာငယ်လေးထဲမှ သူတို့ ရရှိခဲ့သော သားရဲပစ္စည်းမျိုးစုံကို စျေးကွက်ပေါက်စျေး၏ သုံးဆဖြင့် ဝယ်ယူခြင်း ခံခဲ့ရသည်ဟု ဆိုသည်။
ယခုအကြိမ် ခွန်း၏ ပေါ်ပေါက်လာမှုက အင်အားစု အများအပြား၏ စိတ်ဝင်စားမှုကို နှိုးဆွပေးလိုက်သည်မှာ ထင်ရှားသည်။
ထိုအရာများကို သာမန် သားရဲပစ္စည်းများအဖြစ်သာ မရှုမြင်ကြပါနှင့်။ လျှို့ဝှက်ဆန်းကြယ်အမျိုးအစား သို့မဟုတ် ထူးဆန်းသောအမျိုးအစား သားရဲအချို့၏ လက်ထဲတွင်မူ ယင်းတို့က အထူးအခန်းကဏ္ဍမှ ပါဝင်နိုင်စွမ်း ရှိသည်။ ဖြစ်နိုင်သည်မှာ သူတို့က ထိုအရာများကို အသုံးပြု၍ ထိုခွန်းကို ခြေရာခံကြပေလိမ့်မည်။
ဤကမ္ဘာပေါ်တွင် သားရဲတိရစ္ဆာန်များ အလွန်အမင်း များပြားလှပြီး မဖြစ်နိုင်ဟု ထင်ရသောအရာများစွာက ဖြစ်နိုင်ခြေ ရှိလာလိမ့်မည် ဖြစ်သည်။
ကျန်းဟန်သည် သူလည်းပဲ မိမိ၏ ပစ္စည်းများကို ရောင်းချလိုက်ပြီဖြစ်ကြောင်း စာတစ်ကြောင်းတည်းဖြင့်သာ ပြန်လည်ဖြေကြားလိုက်ပြီး တိကျသော စျေးနှုန်းကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ချေ။
အကယ်၍ သူ စျေးနှုန်းကို ပြောပြလိုက်ပါက သူတို့က ထပ်မံ၍ မေးမြန်းလာကြပေလိမ့်မည်။ သို့သော် သူကတော့ လိုက်လံရှင်းပြနေရန် စိတ်မပါချေ။
ထို့အပြင် သူတို့အားလုံးကလည်း မိမိတို့၏ ပစ္စည်းများကို ရောင်းချပြီးကြပြီဖြစ်ရာ သူ ပြောပြသည်ဖြစ်စေ၊ မပြောပြသည်ဖြစ်စေ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မလိုအပ်သော ပြဿနာများကို ရှောင်ရှားခြင်းကသာ ပိုမိုကောင်းမွန်ပေသည်။
နေ့လယ်ခင်း နားနေချိန်ပြီးနောက် မွန်းလွဲပိုင်းတွင် နောက်ထပ် သားရဲလေ့ကျင့်ရေးအတန်း ရှိနေပြန်သည်။ ကျန်းဟန်သည် ယနေ့အတွက် အံ့ဖွယ်လေ့ကျင့်ရေးကို လုပ်ဆောင်ရန် ပိုင်လင်းကို နောက်တစ်ကြိမ် ခေါ်ဆောင်သွားခဲ့သည်။
“နောက်ထပ် လေးရက်ဆိုရင် ရက်ပေါင်း နှစ်ဆယ် ပြည့်ပြီ။ ဆိုလိုတာက ဒီအပတ် သောကြာနေ့ပဲ။”
ကျန်းဟန်က ပိုင်လင်းကို ကြည့်ရင်း ရက်စွဲကို တွက်ချက်လိုက်သည်။
လေးရက်သာ လိုတော့သည်။ ၎င်းသည် များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သော်လည်း ဖိအားစွမ်းရည်ကိုမူ ယခုထက်ထိ နားလည်သဘောပေါက်ခြင်း မရှိသေးချေ။ ယင်းက သူ့ကို အနည်းငယ် စိုးရိမ်ပူပန်လာစေသည်။
မကြာခင်မှာပင် နောက်ထပ်တစ်ရက် ကုန်ဆုံးသွားခဲ့ပြန်သည်။ ကျန်းဟန်သည် အချိန်ယူကာ သက်ဆိုင်ရာ ဗဟုသုတများစွာကို ပိုင်လင်းအား ရှင်းပြခဲ့သော်လည်း ယခုထက်ထိ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိသေးချေ။
မကြာခင်မှာပင် သောကြာနေ့သို့ ရောက်ရှိလာခဲ့သည်။ ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ဆောင်ကာ နောက်ဆုံးရက်အတွက် လေ့ကျင့်ရေးကို စတင်ခဲ့သည်။ နိမ့်ကျသည့်အပူချိန်၊ မြင့်မားသောအပူချိန်နှင့် ဖိအား လေ့ကျင့်ခန်းများ ဖြစ်သည်။
ပိုင်လင်း၏ လျှပ်စီးသန့်စင်ဆေးရည်မှာ ကုန်ဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခုအခါ ၎င်း၏ အမြုတေမှာလည်း လုံးဝဥဿုံ သန့်စင်သောလျှပ်စီးစစ်စစ်အမြုတေအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မြင့်မားသော အပူချိန်၊ နိမ့်ကျသော အပူချိန်နှင့် ဖိအားလေ့ကျင့်ကွင်းတွင် လေ့ကျင့်ရန်မှာ ၎င်းအတွက် ပြဿနာမဟုတ်တော့ချေ။
“သွားကြစို့။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ လက်ခံရမယ်။ ပြီးရင် ဆက်ပြီးတော့ ကြိုးစားအားထုတ်ရမယ်။ ငါတို့ကို ဘယ်အရာကမှ လဲပြိုအောင် လုပ်လို့မရဘူး။ ငါတို့ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီပဲ။ နောင်တရနေစရာ မလိုတော့ဘူး။”
ကျန်းဟန်က အလွန်အမင်း စိုးရိမ်ပူပန်စိတ်ဖြင့် ခေါင်းငိုက်စိုက်ချထားသော ပိုင်လင်းကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
ဖိအားအောက်တွင် ခုန်ပျံခြင်း လေ့ကျင့်ခန်းကို စတင်ခဲ့သည်။ အဆင့် ၃ ဖိအားမှ စတင်ခဲ့ရာ မကြာခင်မှာပင် အဆင့် ၅ ဖိအား နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
တစ်ကြိမ်မှ တစ်ထောင်၊ တစ်ထောင်မှ တစ်သောင်းအထိ...။
ကျန်းဟန်သည် ပိုင်လင်း၏ ခုန်ပျံမှုတိုင်းအပေါ် မျှော်လင့်ချက် ထားရှိခဲ့သော်လည်း နောက်ဆုံးတွင်မူ စိတ်ပျက်မှုနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
ပိုင်လင်းသည် ခေါင်းငိုက်စိုက်ချလျက် အပြင်သို့ လျှောက်လာခဲ့၏။ ခုန်ပျံမှု အကြိမ်ပေါင်း တစ်သောင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ၎င်းသည် နောက်ဆုံးတွင်မူ ဖိအားစွမ်းရည်ကို နားလည်သဘောပေါက်ရန် ပျက်ကွက်ခဲ့ရသည်။
ယင်းက မာဖီ၏နိယာမ ကဲ့သို့ပင်။ လူတစ်ဦးသည် အရာတစ်ခုကို ပိုမိုနားလည်သဘောပေါက်ချင်လေလေ ၎င်း၏ အနှစ်သာရကို ပို၍ ဆုပ်ကိုင်ရန် ခက်ခဲလေလေဖြစ်ကာ အရာရာက အမြဲတမ်း ဆန့်ကျင်ဘက်အရပ်သို့သာ ဦးတည်ရွေ့လျားသွားတတ်စမြဲ ဖြစ်ပေသည်။