အခန်း ၉၇
Vol. 10 Ch. 97
အခန်း ၉၇
ကျန်းဟန်သည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး လှည့်ထွက်ကာ အပြင်သို့ လျှောက်လာခဲ့လိုက်သည်။
ပိုင်လင်းသည် ၎င်း၏ တောက်ပမှုအားလုံး ပျောက်ဆုံးသွားသည့်အလား ခေါင်းကို ဆက်လက်၍ ငိုက်စိုက်ချထား၏။ ၎င်းအနေဖြင့် မိမိ၏ ကျရှုံးမှုကို ကောင်းစွာ လက်မခံနိုင်ဘဲ ကျန်းဟန်က ၎င်းအား ပြုစုပျိုးထောင်ပေးခဲ့သည့် ကြိုးစားအားထုတ်မှုများကို အလဟဿဖြစ်စေခဲ့သည်ဟု ခံစားနေရသည်။
“လာ... ငါတို့ အတူတူ လမ်းလျှောက်ထွက်ကြရအောင်။”
ကျန်းဟန်က သက်ပြင်းချရင်း ပိုင်လင်းကို ကြည့်ကာ ပြောလိုက်သည်။ အမှန်တော့ သူကတော့ ဘာမှမဖြစ်ပေ။ လူတစ်ယောက်က အချိန်တိုင်း ဘယ်လိုလုပ်ပြီး အောင်မြင်နိုင်ပါ့မည်နည်း။ ကျရှုံးခြင်းဟူသည်မှာ သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။
ယင်းက ငါးဖမ်းခြင်းနှင့် အလားသဏ္ဌာန်တူသည်။ သင့်အနေဖြင့် ငါးစာများကို မည်မျှပင် အလုံးအရင်းနှင့် ကျွေးနေပါစေ ငါးမျှားတံကို မည်မျှပင် သေသေချာချာ ချိန်ညှိပါစေ သို့မဟုတ် ငါးစာက မည်မျှပင် မွှေးကြိုင်နေပါစေ... နေ့တိုင်း ငါးကြီးများ မိနေရန်မှာ မဖြစ်နိုင်ပေ။ တစ်ခါတရံတွင် သင့်အနေဖြင့် လက်ဗလာနှင့်ပင် ပြန်လာရတတ်သည်။
တံငါလောကတွင် စကားပုံတစ်ခု ရှိသည်။ သင့်တွင် ငါးဖမ်းကိရိယာများ ပိုမိုများပြားလာပြီး သီအိုရီမျိုးစုံကို အလွတ်ရနေသော်လည်း နောက်ဆုံးတွင်မူ သင်ဖမ်းမိသော ငါးအရေအတွက်က ပို၍ပို၍ နည်းပါးသွားတတ်သည်ဟူ၍ ဖြစ်သည်။
အတိတ်ဘဝက ငါးဖမ်းခြင်းကို ဝါသနာပါခဲ့သူတစ်ဦးအနေဖြင့် ကျန်းဟန်သည် မကြာခဏဆိုသလို အလွန်အမင်း ကြိုးစားအားထုတ်ခဲ့ရုံ သို့မဟုတ် အစွမ်းကုန် ရုန်းကန်ခဲ့ရုံနှင့် အောင်မြင်လိမ့်မည်ဟု မဆိုလိုနိုင်ခြင်းကြောင်း သိရှိထားသည်။ သင့်တွင် အခွင့်အရေးနှင့် ငါးလည်း ရှိရန် လိုအပ်သည်။ အကယ်၍ ရေထဲတွင် ငါးမရှိပါက ရေမျက်နှာပြင် စင်တီမီတာအနည်းငယ် မြင့်တက်လာသည်အထိ ငါးမျှားနေပါစေဦးတော့ ဘာမှ ဖမ်းမိလိမ့်မည် မဟုတ်ချေ။
ပိုင်လင်းသည် ခေါင်းငိုက်စိုက်ချလျက် ကျန်းဟန်၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
ကျောင်းဆင်းချိန် ရောက်ရှိနေပြီဖြစ်၍ တခြားသူများအားလုံးမှာ ထမင်းစားရန် ပြေးလွှားပြန်သွားကြပြီ ဖြစ်သည်။ ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ဆောင်ကာ ကျောင်းပြင်ပသို့ တိုက်ရိုက်ထွက်ခွာခဲ့ပြီး ကျောင်း၏ နောက်ဘက် မလှမ်းမကမ်းတွင်ရှိသော လူသူကင်းမဲ့သည့် တောင်ထိပ်တစ်ခုဆီသို့ ဦးတည်ခဲ့လိုက်သည်။
“ကောင်းပြီ... ငါတို့ နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားကြည့်ရအောင်။ ငါတို့ လုံးဝရှုံးနိမ့်သွားတာမှ မဟုတ်သေးတာ...ဟုတ်တယ်မလား။”
ကျန်းဟန်က ပိုင်လင်းကို ကြည့်ကာ စကားဆိုလိုက်သည်။ သူသည် သူ၏ လည်ပင်းမှ လည်ဆွဲကို ချွတ်လိုက်ပြီး ၎င်း၏ မျက်နှာပြင်ကို ဖုံးအုပ်ထားသည့် သတ္တုများကို ခွာချလိုက်သည်။ ရုတ်တရက်ဆိုသလို အလွန်တရာ ကျယ်ပြောလှပြီး လှိုင်းတံပိုးထန်သည့် အရှိန်အဝါတစ်ခုက ပျံ့နှံ့သွားခဲ့တော့သည်။
ခဏချင်းတွင်ပင် ငှက်များ ပျံပြေးသွားကြပြီး သားရဲများ ထွက်ပြေးကုန်ကြကာ အရာအားလုံးသည် ဤထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါအောက်၌ တုန်လှုပ်ချောက်ချားသွားခဲ့ကြသည်။
“ကျိ...”
အလွန်အမင်း နီးကပ်သော အကွာအဝေးမှနေ၍ နဂါး၏ ဖိအားရိုက်ခတ်မှုကို ကြုံတွေ့လိုက်ရသဖြင့် ပိုင်လင်းမှာ အငိုက်မိသွားကာ မြေပြင်ပေါ်သို့ တိုက်ရိုက်ပင် လဲပြိုကျသွားခဲ့သည်။ ယခုအကြိမ်တွင် ကျန်းဟန်သည် နဂါးဦးချို၏ အစိတ်အပိုင်းတစ်ခုတည်းကိုသာ ထုတ်ဖော်လိုက်ခြင်း မဟုတ်ဘဲ အစိတ်အပိုင်းအားလုံး၏ဖိအားကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
“ဒုန်း...ဒုန်း...ဒုန်း...”
အဆင့် ၅ မိုးကြိုးနဂါးထံမှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် ဖိအားကြောင့် အနီးနားရှိ သစ်ပင်များပေါ်က စိမ်းကျောက် ပိုးကောင် အချို့မှာ တုန်လှုပ်ချောက်ချားကာ ချက်ချင်းပင် သေဆုံးသွားခဲ့ကြသည်။ ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားနှင့် ရင်ဆိုင်ရချိန်တွင် ထိုပိုးကောင်လေးများသည် လုံးဝ မတွန်းလှန်နိုင်ကြဘဲ ၎င်းတို့၏ ဝိညာဉ်များမှာ တိုက်ရိုက်ပင် ချေမှုန်းခြင်း ခံလိုက်ရသည်။
“မင်းက ဘာတွေကို စိတ်အားငယ်ပြီး ဝမ်းနည်းနေရတာလဲ။ ငါတောင် ဘာမှ မပြောရသေးဘူး။ မင်းက ကိုယ့်ကိုယ်ကိုယ် မစွမ်းဆောင်နိုင်တော့ဘူးလို့ ထင်နေပြီလား။ ဒါက သန်မာတဲ့ ဖြစ်တည်မှုတစ်ခု ပြုမူရမယ့် ပုံစံမျိုးလား။ မင်းက ကျရှုံးမှုကိုတောင် ရင်ဆိုင်မနိုင်ရင် အောင်မြင်မှုအကြောင်းကို ဘယ်လိုပြောမလဲ။ တကယ့် စစ်မှန်တဲ့ သူရဲကောင်းဆိုတာ ဘယ်တော့မှ မကျရှုံးဖူးတဲ့သူကို ပြောတာမဟုတ်ဘူး။ ကျရှုံးပြီးတဲ့နောက်မှာတောင် ဆက်လက်ပြီး အားမာန်အပြည့်နဲ့ ချီတက်ဝံ့တဲ့သူကို ပြောတာပဲ။ မှောင်မိုက်တဲ့ ဘဝကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး သွေးစက်တွေကို ထိပ်တိုက်တွေ့ဝံ့တဲ့သူကို ပြောတာပဲ။ ထစမ်း...မင်းကိုယ်မင်း အမှိုက်တစ်စလို့ ငါ့ကို မထင်မိစေနဲ့။”
ကျန်းဟန်က တည်တင်းအေးစက်သော မျက်နှာဖြင့် ပိုင်လင်းကို စိုက်ကြည့်ကာ အသံနှိမ့်၍ အော်ဟစ်လိုက်သည်။
ဖြစ်နိုင်သည်မှာ ယခင်က အရာရာက အဆင်ပြေလွန်းနေခဲ့သဖြင့် ပိုင်လင်းအနေဖြင့် ဆင့်ကဲပြောင်းလဲခြင်းက လွယ်ကူသည်ဟု ထင်မှတ်နေခြင်း ဖြစ်နိုင်သည်။ ကျန်းဟန်အနေဖြင့် ဤအတွေးအခေါ်ကို ပြောင်းလဲပစ်ရမည် ဖြစ်သည်။
ပိုင်လင်းသည် ကျန်းဟန်ကို တစ်ချက် လှမ်းကြည့်ကာ မတ်တတ်ရပ်ရန် ရုန်းကန်ခဲ့သော်လည်း ဖိအားက ပြင်းထန်လွန်းလှသဖြင့် မကြာခင်မှာပင် မြေပြင်ပေါ်သို့ ထပ်မံ၍ လဲကျသွားခဲ့ပြန်သည်။
သို့သော်လည်း ကျန်းဟန်၏ မျက်လုံးထဲရှိ စိတ်ပျက်မှုနှင့် အေးစက်လွန်းသော အမူအရာကို မြင်တွေ့လိုက်ရပြီးနောက် ၎င်းသည် နောက်တစ်ကြိမ် ထပ်မံ၍ ရုန်းကန်လိုက်ပြန်သည်။ ယခုအကြိမ်တွင် ၎င်း လဲကျမသွားတော့ပေ။ ထိုအရာများအစား ၎င်းသည် ပြင်းထန်သော ဖိအားကို ကြံ့ကြံ့ခံရင်း မြေပြင်ပေါ်တွင် ရှည်လျားသော အမှတ်အသားတစ်ခုကို ဆွဲသားလျက် ကျန်းဟန်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
၎င်းသည် ကျန်းဟန်ကို ၎င်း၏ ပဲနောက်စေ့အရွယ် မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ‘ရတော့မယ်... ရတော့မယ်’ ဟု ပြောနေသည့်အလား ဖြစ်နေ၏။
၎င်းသည် မည်သည့်အခါမျှ လက်လျှော့မည်မဟုတ်ကြောင်း ပြောနေသည့်အလားလည်း ဖြစ်နေခဲ့သည်။ ၎င်းသည် ဆောင်းရာသီ၏ ရေခဲနှင့် နှင်းဒဏ်ကိုပင် မခံနိုင်ဘဲ သေဆုံးသွားတတ်သည့် ပိုးကောင်လေးတစ်ကောင် မဟုတ်တော့ချေ။ ၎င်းသည် မိမိ၏ ခရီးစဉ်ကို စတင်ခဲ့ပြီဖြစ်ရာ မည်သည့်အခါမျှ နောက်ပြန်လှည့်မည် မဟုတ်ပေ။ ၎င်းသည် ကျန်းဟန်၏ ခြေရာအတိုင်း လိုက်ပါကာ သတ္တိအပြည့်ဖြင့် ရှေ့သို့ ဆက်လက်တိုးထွက်သွားမည် ဖြစ်သည်။
ခြေတစ်လှမ်းချင်းစီ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲခေါ်လာရင်း ပိုင်လင်းသည် ကျန်းဟန်၏ ခြေဖဝါးအနားသို့ ရောက်ရှိလာခဲ့သည်။ ရုတ်တရက်ဆိုသလို ၎င်းသည် ကျန်းဟန်၏ လက်ထဲရှိ နဂါးဦးချိုဆီသို့ အားကုန်သုံးကာ ခုန်ပျံလိုက်တော့သည်။
ဂလုဟူသော အသံနှင့်အတူ ဘိုင်လင်းသည် နဂါးဦးချို၏ အစိတ်အပိုင်းတစ်ခုကို တိုက်ရိုက်ပင် မျိုချလိုက်တော့သည်။
စာအုပ်များထဲတွင် မပျက်စီးဘဲ မဆန်းသစ်နိုင်ဟု ဆိုရိုးရှိသည်။ အကယ်၍ ၎င်းအနေဖြင့် ဖိအားကို နားမလည်နိုင်ခဲ့ပါက ယင်းမှာ ၎င်း၏ သိမြင်နားလည်မှု မနက်ရှိုင်းသေးသောကြောင့်သာ ဖြစ်ရမည်။ ထို့ကြောင့် ပိုင်လင်းက ယင်းကို တိုက်ရိုက်မျိုချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“သေစမ်း... ပိုင်လင်း မင်း ဘာလုပ်လိုက်တာလဲ။ ပြန်ထွေးထုတ်လိုက်စမ်း။”
ကျန်းဟန်သည် ထိုမြင်ကွင်းကို လုံးဝ ထင်မှတ်မထားခဲ့မိချေ။ သို့သော်လည်း တားဆီးရန်အတွက် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
အဆင့် ၅ မိုးကြိုးနဂါး၏ ဦးချိုတွင် စွမ်းအင် အမြောက်အမြား မရှိသော်လည်း အကယ်၍ ယင်းက ပိုင်လင်း၏ ခန္ဓာကိုယ်ထဲတွင် အရည်ပျော်သွားပါက ၎င်းအနေဖြင့် မည်သို့မျှ ကြံ့ကြံ့ခံနိုင်မည်မဟုတ်ဘဲ ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးသွားနိုင်ခြေ ရှိသည်။
“ကျီးးးးး”
ဤအသံမှာ စူးရှသော အော်ဟစ်ညည်းတွားသံ ဖြစ်သည်။ ပိုင်လင်း၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင် အပေါက်ငယ်လေးများစွာ ရုတ်တရက် ပေါ်ပေါက်လာပြီး ခရမ်းရောင် လျှပ်စီးစွမ်းအင်များမှာ ထိုအပေါက်များထဲမှ ရေနွေးငွေ့များကဲ့သို့ လျှံထွက်လာခဲ့သည်။ ပိုင်လင်းမှာ အလွန်အမင်း နာကျင်မှုကို ခံစားနေရဟန်တူပြီး ၎င်း၏ အသက်အရှိန်အဝါမှာလည်း လျင်မြန်စွာ ကျဆင်းလာခဲ့သည်။
ဆိုလိုသည်မှာ ထိုနဂါးဦးချို အပိုင်းအစသည် ပိုင်လင်း၏ ခန္ဓာကိုယ်ထဲတွင် လုံးဝ အရည်ပျော်သွားခဲ့ပြီဖြစ်ရာ မည်သို့မျှ ပြန်လည်ထုတ်ယူ၍ မရနိုင်တော့ချေ။
ကျန်းဟန်အနေဖြင့် အလွန်အမင်း နောင်တရမိသွား၏။ သူသည် ပိုင်လင်း၏ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးချင်ရုံသာ ဖြစ်သော်လည်း ပိုင်လင်းက နဂါးဦးချိုကို တိုက်ရိုက်မျိုချလိုက်သည့်အထိ အခြေအနေက ပြင်းထန်သွားလိမ့်မည်ဟု မထင်မှတ်ခဲ့မိပေ။
“ကျီးးးးး”
ပိုင်လင်းသည် ဟိန်းဟောက်သံတစ်ချက် လွှတ်လိုက်ပြီး မြေပြင်ပေါ်မှ ပြန်လည်ရုန်းကန်ကာ ထလာခဲ့ပြန်သည်။ ပုံမှန်လမ်းကြောင်းအတိုင်း အောင်မြင်မှု မရရှိနိုင်ပါက ၎င်းသည် ပုံမှန်မဟုတ်သော နည်းလမ်းကို အသုံးပြုမည် ဖြစ်သည်။
၎င်းသည် သာမန်ထက် နိမ့်ကျသော ဘဝမှ စတင်လာခဲ့ခြင်း ဖြစ်ရာ အကယ်၍ နဂါးတစ်ကောင် ဖြစ်မလာနိုင်ပါက သေဆုံးခြင်းက ဘာဆန်းတော့မည်နည်း။
စွမ်းအားကို ပိုင်ဆိုင်ရခြင်းနှင့် မိမိကံကြမ္မာကို မိမိကိုယ်တိုင် အစိုးရသူဖြစ်ရခြင်း၏ ခံစားချက်ကို ကြုံတွေ့ဖူးပြီးနောက်တွင်မူ ၎င်းသည် ယခင်ဘဝဟောင်းဆီသို့ မည်သည့်အခါမျှ ပြန်မသွားနိုင်တော့ချေ။
“မင်း လုပ်နိုင်မယ်လို့ ငါလည်း ယုံကြည်တယ်။ ပိုးကောင်ဘဝကနေ နဂါးအဖြစ် ပြောင်းလဲမယ့်အချိန်က အခုအချိန်ပဲ။”
ကျန်းဟန်သည် ပိုင်လင်း၏ ရည်ရွယ်ချက်ကို အာရုံခံမိသွားပြီးနောက် ဖုန်းခေါ်ရန် ပြင်နေသော သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
သို့သော်လည်း လက်တွေ့တွင်မူ သူ လုံးဝ စိတ်မအေးနိုင်ချေ။ အကယ်၍ ပိုင်လင်း၏ အသက်အရှိန်အဝါက အခြေအနေတစ်ခုအထိ ကျဆင်းသွားပါက သူသည် သားရဲမွေးမြူရေးအတန်းမှ ဆရာထံသို့ ချက်ချင်း ဖုန်းဆက်ကာ လာရောက်ကူညီပေးရန် တောင်းပန်ရပေလိမ့်မည်။
ပိုင်လင်း မတ်တတ်ရပ်ပြီးနောက်တွင်မူ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ခရမ်းရောင်မြူခိုးများ အငွေ့ပျံနေသဖြင့် ၎င်း၏ ပုံသဏ္ဌာန်ကိုပင် သေသေချာချာ မမြင်ရတော့ချေ။
ခုနကတင် ပြန်လည်မြင့်တက်လာသော အသက်အရှိန်အဝါမှာ ခဏတာမျှသာ ဖြစ်ဟန်တူပြီး မကြာခင်မှာပင် လေထဲက ဖယောင်းတိုင်မီးကဲ့သို့ အချိန်မရွေး ငြိမ်းသတ်သွားတော့မည့်အလား ပြန်လည်ကျဆင်းသွားခဲ့ပြန်သည်။
တဖြည်းဖြည်းနှင့် ခရမ်းရောင်မြူခိုးများ ကျဲပါးသွားခဲ့ပြီး ပိုင်လင်း၏ သက်စောင့်အရှိန်အဝါမှာ အရေးကြီးသော အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်လာခဲ့သည်။
ကျန်းဟန်သည် ဆက်လက်မစောင့်ဆိုင်းနိုင်တော့ဟု ခံစားလိုက်ရပြီး ဖုန်းကို ကောက်ကိုင်ကာ ဖုန်းခေါ်ရန် ပြင်လိုက်သည်။
“ကျီးးးး”
သို့သော်လည်း နောက်အခိုက်အတန့်တွင် လုံးဝ ကွဲပြားခြားနားသော ဖိအားတစ်ခုသည် ဘိုင်လင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။ ယင်းက အလွန်အမင်း မပြင်းထန်သော်လည်း သေချာပေါက် ပိုင်လင်းကိုယ်ပိုင် ဖြစ်တည်လာသော ဖိအားဖြစ်သည်။
[ဂုဏ်ယူပါသည်။ သင်၏ အိမ်မွေးသားရဲ လျှပ်စီးပိုးကောင်သည် ၎င်း၏ နဂါးအသွင်ပြောင်းလဲခြင်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး အမည်မသိ ဒြပ်စင်နဂါးသွေးမျိုးဆက် ပါဝင်သော သားပေါက်အဖြစ်သို့ ဆင့်ကဲပြောင်းလဲတော့မည် ဖြစ်သည်။ ]
တစ်ချိန်တည်းမှာပင် မြင်တွေ့ရခဲလှသော ပိုးစုန်းကြူးကဲ့သို့ တောက်ပသည့် စာသားများက ကျန်းဟန်၏ မျက်စိရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။
“ကျီးးး... ကျီးးးး”
ပိုင်လင်းသည်လည်း မိမိခန္ဓာကိုယ်တွင်းရှိ ပြောင်းလဲမှုများကို ခံစားမိသွားဟန်တူပြီး ကျန်းဟန်ကို ကြည့်ကာ စိုးရိမ်တကြီးနှင့် ဟိန်းဟောက်လိုက်သည်။ ၎င်းသည် ကျန်ရှိနေသေးသော မိုးကြိုးနဂါး၏ ဦးချိုများကိုပါ ဆက်လက်စားသုံးလိုနေခြင်း ဖြစ်သည်။
“ကောင်းပြီ... ငါ မင်းကို အားလုံး ပေးလိုက်မယ်။”
ကျန်းဟန်သည် ခဏမျှ ဝေခွဲမရဖြစ်သွားသော်လည်း ကျန်ရှိနေသော မိုးကြိုးနဂါး၏ ဦးချို အပိုင်းအစအားလုံးကို ပိုင်လင်းအား ပေးလိုက်တော့သည်။
ပိုင်လင်း၏ လက်ရှိအခြေအနေမှာ နဂါးအသွင် ပြောင်းလဲနေခြင်း ဖြစ်သော်လည်း စစ်မှန်သော နတ်နဂါးတစ်ကောင်အဖြစ်သို့ တိုက်ရိုက် ဆင့်ကဲပြောင်းလဲနိုင်ခြင်း မဟုတ်သေးဘဲ နဂါးသွေးမျိုးဆက် ပါဝင်သော သတ္တဝါငယ်လေးအဆင့်သာ ရှိသေးသည်။
မည်သို့ပင်ဆိုစေကာမူ ဤအရာသည် မရှိရာမှ ရှိရာသို့ ဖန်တီးခြင်း နယ်ပယ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် နဂါးမဟုတ်သော်လည်း နဂါးအဖြစ်သို့ အတင်းအကျပ် ပြောင်းလဲနေခြင်း ဖြစ်ရာ ယင်းကို တစ်ဆင့်ချင်းစီသာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး တစ်ညတည်းနှင့် ဖြစ်မြောက်နိုင်သည် မဟုတ်ချေ။
ကျန်းဟန်သည်လည်း ဤအချိန်မျိုးတွင် နဂါးအမျိုးအစား ပစ္စည်းအချို့ကို ပိုင်လင်းအား အသုံးပြုပေးလိုက်ပါက ရလဒ်ကို ပြောင်းလဲနိုင်မလားဟု တွေးတောလိုက်မိသည်။
ပိုင်လင်းကိုယ်တိုင်က တောင်းဆိုလာသဖြင့် သူ စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်၏။ ပိုင်လင်းကပင် စွန့်စားဝံ့နေလျှင် သူက ဘာကြောင့် တွန့်ဆုတ်နေရမည်နည်း။
ပိုင်လင်းသည် နဂါးဦးချို အပိုင်းအစအားလုံးကို တစ်လုပ်တည်းနှင့် မျိုချလိုက်၏။ ထို့နောက် ပိုမိုလှိုင်းတံပိုးထန်ပြီး ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်များက ၎င်း၏ ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းလာခဲ့တော့သည်။
ယင်းက လေဆင်နှာမောင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး ၎င်း၏ ခန္ဓာကိုယ်ကို အစိပ်စိပ်အမွှာမွှာ ဆုတ်ဖြဲပစ်တော့မည့်အလား ခြိမ်းခြောက်နေခဲ့သည်။
သို့သော်လည်း ထို့နောက်ချက်ချင်းပင် ပိုမိုထူးခြားသော စွမ်းအားတစ်ခုက ပိုင်လင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။ ဤစွမ်းအားသည် မည်သည့်အရှိန်အဝါကိုမျှ ထုတ်ဖော်ပြသခြင်း မရှိသော်လည်း အကြမ်းဖက်ရက်စက်သော မိုးကြိုးနဂါး၏စွမ်းအားကိုပင် လွယ်ကူစွာ ငြိမ်သက်သွားစေခဲ့သည်။
ယင်းသည် အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသည့် အခြေခံအကျဆုံး စွမ်းအားဖြစ်ပြီး အံ့ဖွယ်ဒြပ်စင်များမှ သိပ်သည်းကျစ်လျစ်လာသော အမည်မသိ စွမ်းအားတစ်ခု ဖြစ်သည်။
ထိုစွမ်းအား၏ သက်ရောက်မှုအောက်တွင် အလွန်ထူထပ်သိပ်သည်းသော အဖြူရောင် ပိုးအိမ်တစ်ခုသည် ပိုင်လင်း၏ ပတ်ပတ်လည်တွင် ဖြည်းညှင်းစွာ သိပ်သည်းလာခဲ့ပြီး မကြာခင်မှာပင် အလျား တစ်မီတာခွဲခန့်ရှိသော ဥကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားကာ အရှိန်အဝါအားလုံး ပျောက်ကွယ်သွားတော့သည်။