← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

ကျန်းဟန်သည် မိမိရှေ့တွင် ဥကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့ပြီးဖြစ်သော ပိုင်လင်းကို စိုက်ကြည့်ရင်း ခဏမျှ မည်သို့ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

“တကယ့်ကို အလှည့်အပြောင်းတွေ အများကြီးနဲ့ စိတ်လှုပ်ရှားခဲ့ရတာပဲ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ။ နောက်ကျရင် ဘာအဖြစ် ဆင့်ကဲပြောင်းလဲလာမလဲဆိုတာပဲ မသိရသေးတာ။”

ကျန်းဟန်အနေဖြင့် အနည်းငယ် မျှော်လင့်မိသွားခဲ့သည်။

“ဂျိန်း... ဂျိန်း...”

ထိုအချိန်မှာပင် မိုင်ပေါင်းများစွာအထိ တိမ်တစ်လိပ်မျှမရှိဘဲ ကြည်လင်နေခဲ့သော ကောင်းကင်ထက်၌ ရုတ်တရက်ဆိုသလို ခရမ်းပုပ်ရောင် မုန်တိုင်းတိမ်တိုက်များ ဖုံးလွှမ်းလာခဲ့ပြီး သည်းထန်စွာရွာသွန်းသော မိုးစက်မိုးပေါက်များက ရုတ်တရက် ဝုန်းကနဲ ဆင်းသက်လာခဲ့တော့သည်။

“သေစမ်း... ဒါက နဂါးဦးချိုကနေ ယိုစိမ့်ထွက်လာတဲ့ မိုးကြိုးစွမ်းအင်ရဲ့ သက်ရောက်မှုကြောင့်ပဲ ဖြစ်ရမယ်။”

ကျန်းဟန် ကောင်းကင်ကို တစ်ချက်လှမ်းကြည့်ကာ ဥအဖြစ် ပြောင်းလဲနေသော ပိုင်လင်းကို သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ကပျာကယာ ပြန်လည်သိမ်းဆည်းလိုက်ပြီး ကျောင်းဆီသို့ အပြေးအလွှား ပြန်လာခဲ့လိုက်တော့သည်။

သူ၏ အဝတ်အစားများမှာ ရွှဲရွှဲစိုနေပြီဖြစ်သော်လည်း ကျန်းဟန်အနေဖြင့် ဆက်လက်ပြေးလွှားနေရဆဲပင်။ ဆောင်းဦးရာသီ၏ မိုးရေက အေးစက်လွန်းလှပြီး ခန္ဓာကိုယ်ကို လာရောက်ရိုက်ခတ်ချိန်တွင် အလွန်ပင် နေရထိုင်ရ ခက်ခဲလှပေသည်။

ကျန်းဟန် တောင်ပေါ်မှ ပြေးဆင်းကာ အဆောင်တွင်းသို့ ပြန်လည်ရောက်ရှိချိန်တွင်မူ သူ၏တစ်ကိုယ်လုံး ရေစိုရွှဲနေခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျောင်း၏ ကျောင်းသားရေးရာဌာနမှူးဖြစ်သူ ကတုံးပြောင်း လျှိုယွဲ့လုံသည် ပျံသန်းနိုင်သော သားရဲတစ်ကောင်ကို စီးနင်းကာ ကျောင်းအနောက်ဘက်ရှိ တောင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

“နဂါးချီလား...။ စောစောက အစွမ်းထက် သားရဲထိန်းချုပ်သူတစ်ယောက် ဒီနေရာကနေ ဖြတ်သွားခဲ့တာလား။”

လျှိုယွဲ့လုံက မြေပြင်ကို ကြည့်လိုက်သည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးကြောင့် သဲလွန်စများမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း နဂါးချီ အနည်းငယ်ကမူ ထင်ကျန်နေဆဲပင်။

“ရာသီဥတုက ဘာလို့ ရုတ်တရက်ကြီး မိုးရွာချလာတာလဲလို့ ငါ တွေးနေတာ...။ ကြည့်ရတာ အစွမ်းအစရှိတဲ့သူတစ်ယောက်က တစ်ခုခု လုပ်ဆောင်သွားခဲ့ပုံပဲ။”

လျှိုယွဲ့လုံက ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ကာ ခေါင်းခါလိုက်ပြီး သူ၏ အဆင့် ၄ အရှင်သခင်အဆင့် ပျံသန်းနိုင်သည့် သားရဲဖြစ်သည့် လွင့်မျောလိပ်ကို စီးနင်းလျက် ကျောင်းသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

သူ မသိရှိခဲ့သည်မှာ...သူ ပြောဆိုနေသော ထိုအစွမ်းအစရှိသူမှာ သူ၏ကိုယ်ပိုင်ကျောင်းအတွင်း၌ပင် ရှိနေပြီး သူကိုယ်တိုင်ပင် ထိုသူနှင့် တွေ့ဆုံခဲ့ဖူးခြင်းပင် ဖြစ်သည်။

အဓိကတရားခံဖြစ်သူ ကျန်းဟန်ကမူ သူ၏အဆောင်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ ခန္ဓာကိုယ်ကို အခြောက်ခံပြီးနောက် အဝတ်အစားအသစ်တစ်စုံသို့ လဲလှယ်လိုက်ပြီ ဖြစ်သည်။

သူသည် အလွန်ပင် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေမိသော်လည်း ယခုအချိန်တွင်မူ ကုတင်ပေါ်၌ လှဲလျောင်းနေခဲ့သည်။ သူသည် စောစောက နဂါးဦးချိုအားလုံးကို ထုတ်ဖော်ခဲ့ခြင်းဖြစ်ရာ အလွန်အမင်း နီးကပ်လွန်းနေ၏။ ထို့ကြောင့် ၎င်းကို မတွန်းလှန်နိုင်ခဲ့ဘဲ သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာ တုန်လှုပ်ချောက်ချားကာ ဒဏ်ရာရရှိသွားခဲ့ပြီး ဂရုစိုက်ရန် လိုအပ်နေခဲ့သည်။

သူသည် စိတ်ဝိညာဉ်ကို ကုသပေးနိုင်သော စွမ်းရည်ရှိသည့် ပန်းဝတ်ရည်အချို့ကို သောက်သုံးလိုက်ပြီး ကောင်းမွန်စွာ အိပ်စက်လိုက်ပါက အဆင်ပြေသွားမည် ဖြစ်သည်။

သူ နိုးလာချိန်တွင်မူ နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နိုးနိုးချင်းတွင် ကျန်းဟန် ပထမဆုံး လုပ်ဆောင်လိုက်သည်မှာ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်အတွင်းရှိ ပိုင်လင်း၏ ပိုးဥကို စစ်ဆေးကြည့်ခြင်းပင် ဖြစ်သည်။

“အခုထိ မပေါက်သေးဘူးပဲ။”

ပိုင်လင်း ပြောင်းလဲသွားခဲ့သော ပိုးဥကြီးမှာ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် ယခင်အတိုင်းပင် တည်ရှိနေဆဲ ဖြစ်သည်။

ယခင်အကြိမ် လျှပ်စီးပိုးကောင်အဖြစ်သို့ ဆင့်ကဲပြောင်းလဲခဲ့စဉ်နှင့် နှိုင်းယှဉ်ပါက ယခုအကြိမ် နဂါးအသွင်ပြောင်းလဲခြင်း၏ အကောင်ပေါက်ရန် ကြာမြင့်ချိန်မှာ သိသိသာသာ ပိုမိုရှည်လျားလှသည်။

သူ တစ်ချက်ကြည့်ပြီးနောက် ဖုန်းကို ဖွင့်လိုက်ရာ မနေ့ညမှ ယနေ့နံနက်အထိ မက်ဆေ့ခ်ျအချို့နှင့် အသံခေါ်ဆိုထားမှုများစွာ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုအထဲတွင် ဖုန်းအများဆုံး ခေါ်ဆိုထားသူမှာ တုံးရွှမ်းဖြစ်ပြီး ၎င်း၏နောက်တွင် လီဇီဝေ ရှိကာ နောက်ဆုံးတွင်မူ တုံးလင်းက ယနေ့ သူ မလာနိုင်တော့ကြောင်းနှင့် သူ၏ ညီမဖြစ်သူကို ကူညီစောင့်ရှောက်ပေးရန် တောင်းဆိုထားသည့် မက်ဆေ့ခ်ျ နှစ်စောင်သာ ပေးပို့ထားသည်။

တုံးရွှမ်းနှင့် လီဇီဝေတို့ထံမှ ရောက်ရှိလာသော မက်ဆေ့ခ်ျများမှာ ကျန်းဟန်အား လမင်းပြာဂေဟာအနီးရှိ တောအုပ်ကို ဆက်လက်ရှာဖွေရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

ကျန်းဟန်သည် အစကတည်းက သွားချင်စိတ်ရှိမနေသည့်အပြင် လက်ရှိတွင် ပိုင်လင်းမှာ ဥတစ်လုံးအဖြစ်သာ ရှိနေသေးသဖြင့် သူ မည်သို့မျှ မသွားနိုင်ချေ။

သူသည် သူတို့နှစ်ဦးစလုံးထံသို့ ငြင်းပယ်သည့်အကြောင်း ပြန်စာများကို ချက်ချင်း ပေးပို့လိုက်သည်။ ထိုနှစ်ဦးက သူ့ကို ထပ်ခါတလဲလဲ ဖိတ်ခေါ်ခဲ့ကြသော်လည်း ကျန်းဟန်ကမူ သွားရောက်ခဲ့ခြင်း မရှိပေ။

စနေနေ့၏ ထမင်းစားဆောင်မှာ လူသူကင်းမဲ့လုနီးပါး ဖြစ်နေ၏။ ကျန်းဟန်သည် ရှောင်လုံပေါင်း နှစ်ခြင်းကို စားသုံးပြီးနောက် စာအုပ်တစ်အုပ်ကို ရှာဖွေကာ ကစားကွင်းထဲတွင် ထိုင်၍ နေပူဆာလှုံနေရင်း အလွန်ပင် သက်တောင့်သက်သာဖြင့် စာဖတ်နေလိုက်သည်။

သူသည် အစက ယနေ့ ငါးဖမ်းထွက်ရန် စိတ်ကူးခဲ့သော်လည်း ပိုင်လင်း နိုးထမလာသေးသဖြင့် အပြင်သို့ထွက်ရန်မှာ တကယ့်ကို ဘေးမကင်းလှချေ။ ထို့ကြောင့် သူ ပြန်လည်တွေးတောပြီးနောက် ထိုအစီအစဉ်ကို ဖျက်သိမ်းရန်သာ ဆုံးဖြတ်လိုက်တော့သည်။

သူ့တွင် ဟုတ်ဟုတ် ရှိနေသေးသော်လည်း လက်ရှိအချိန်တွင် ၎င်းကို အပြင်သို့ ထုတ်ပြရန်မှာ အမှန်တကယ် မလွယ်ကူလှချေ။

မွန်းတည့်ချိန်တွင် ကျန်းဟန်သည် ဂရုချတ်ထဲ၌ လီဇီဝေနှင့် တခြားတစ်ယောက်၏ မြည်တွမ်းတောက်တီးနေမှုများကို မြင်တွေ့လိုက်ရသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က သူတို့ သွားရောက်ရှာဖွေခဲ့သောနေရာတွင် နေရာအနှံ့ လူများဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။ မိစ္ဆာ သားရဲများကို ထားဦးတော့...ကျောက်စိမ်းပိုးကောင်တစ်ကောင်တောင်မျှ မကျန်တော့ချေ။

သူတို့သည် တစ်မနက်ခင်းလုံး မြစ်ကမ်းဘေးတွင်သာ လျှောက်လည်နေခဲ့ကြရသည်။ ရေအမျိုးအစား မိစ္ဆာသားရဲနှစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း သူတို့ တိုက်ခိုက်ခွင့်ပင်မရလိုက်ဘဲ ထိုမိစ္ဆာများက ထွက်ပြေးသွားခဲ့ကြ၏။ ၎င်းတို့သည် တခြားသူများ၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံထားရဖူးသည်မှာ ထင်ရှားသည်။

ဤအရာက သူတို့နှစ်ယောက်ကို တော်တော်လေး စိတ်တိုသွားစေခဲ့ပြီး ချတ်ထဲတွင် တောက်လျှောက် ညည်းညူနေကြတော့သည်။

ကျန်းဟန်က တစ်ချက်ကြည့်ပြီးနောက် ဖုန်းကို ပိတ်လိုက်ကာ ပလတ်စတစ် ပြေးလမ်းပေါ်တွင် မျက်စိမှိတ်လျက် နေပူဆာ ဆက်လှုံနေလိုက်သည်။

ဆောင်းဦးရာသီ၏ နေရောင်ခြည်မှာ ကွက်တိဖြစ်နေသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို သက်တောင့်သက်သာ ရှိစေကာ လူကို ပျင်းရိစေပြီး မလှုပ်ရှားချင်လောက်အောင် ဖြစ်စေသည်။

လှပသော နေပူဆာလှုံခြင်းကို ခံစားနေစဉ်မှာပင် ကျန်းဟန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ကာ အာရုဏ်ဦးထင်းရှူးစိမ်းကျင့်စဉ်ကို လည်ပတ်စေလိုက်သည်။

သူသည် ဒုတိယအဆင့် အခြေခံ သားရဲထိန်းချုပ်သူ ဖြစ်နေပြီ ဖြစ်သော်လည်း ယင်းမှာ သားရဲထိန်းချုပ်သူတစ်ဦးအနေဖြင့် သူ၏ ခရီးလမ်းအစသာ ရှိသေးသည်။ အနာဂတ်က အလွန်အမင်း ရှည်လျားနေဆဲဖြစ်ရာ အပျင်းထူနေရမည့် အချိန်မဟုတ်သေးချေ။

မွန်းလွဲပိုင်းတွင် ကျန်းဟန်သည် ကျောင်းအနီးရှိ လူသူကင်းမဲ့သော တောင်တန်းများနှင့် တောအုပ်များထဲသို့ ဟုတ်ဟုတ်ကို ခေါ်ဆောင်ကာ လမ်းလျှောက်ထွက်ခဲ့သည်။ လောလောဆယ်တွင် လူအများရှေ့၌ ထုတ်မပြနိုင်သေးသဖြင့် ဟုတ်ဟုတ်သည် အချိန်အများစုကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင်သာ ကုန်ဆုံးနေရသည်။

သို့သော် ဤသည်မှာ ရေရှည်ဖြေရှင်းချက်မဟုတ်သဖြင့် ကျန်းဟန်အနေဖြင့် ၎င်းကို အပြင်ထုတ်ကာ စိတ်အပန်းဖြေနိုင်စေရန် အချိန်ရှာပေးရမည် ဖြစ်သည်။

ဟုတ်ဟုတ်၏ အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းနှင့် ပတ်သက်၍လည်း ကျန်းဟန်က ကြိုးစားအားထုတ်နေခဲ့သည်။

ဟုတ်ဟုတ်၏ ပထမဆုံး အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းမှာ ည၏ကိုယ်ပွားဖြစ်ပြီး ယင်းအတွက် အနက်ရောင် သေခြင်းတရားနယ်မြေ တစ်ခုကို ရှာဖွေရန် လိုအပ်သည်။

ထိုကဲ့သို့သောနေရာမျိုးကို ရှာဖွေရန်မှာ ခက်ခဲလှသည်။ သေခြင်းတရားနယ်မြေဆိုသည်မှာ သွေးနှင့် အမှောင်အမျိုးအစား မိစ္ဆာသားရဲအမြောက်အမြား သေဆုံးခဲ့ဖူးသော နေရာကို ဆိုလိုခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ထိုနေရာသည် ဆယ်နှစ်ထက်မနည်း တည်ရှိနေခဲ့ရမည်ဖြစ်ပြီး မြေပြင်ပေါ်ရှိ မြေဆီလွှာများမှာ လိုအပ်ချက်နှင့် ကိုက်ညီစေရန် အနက်ရောက်သွေးမြေကြီးအဖြစ်သို့ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ရမည် ဖြစ်သည်။

အမှန်တကယ်တော့ ယင်းကို ရှာဖွေရန် ထိုမျှမခက်ခဲလှချေ။ သားရဲမွေးမြူရေးပညာရှင် အများစုသည် သွေးနှင့် အမှောင်ဂုဏ်သတ္တိရှိသော ဝိညာဉ်အပင်အချို့ကို စိုက်ပျိုးရန်အတွက် ထိုကဲ့သို့သော သေခြင်းတရားနယ်မြေများကို တမင်တကာ ဖန်တီးလေ့ရှိကြသည်။

သို့သော် ထိုနေရာများအားလုံးမှာ စောင့်ကြည့်ခြင်းနှင့် ကာကွယ်ခြင်း ခံထားရသဖြင့် ကျန်းဟန်အနေဖြင့် တစ်ခုကို ငှားရမ်းနိုင်လျှင်ပင် အလွန်တရာ အလုပ်ရှုပ်ပေလိမ့်မည်။

အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းကို လူသိခံ၍မရချေ။ ထိုကဲ့သို့သော လူထုအများပြည်သူဆိုင်ရာ နေရာများတွင် အံ့ဖွယ်လေ့ကျင့်ရေးကို လုပ်ဆောင်ခြင်းမှာ အလွန်ပင် ဒုက္ခများလှလိမ့်မည်။

ထို့အပြင် သေခြင်းတရားနယ်မြေတစ်ခုကို ပြုစုပျိုးထောင်ရန် ကုန်ကျစရိတ်မှာလည်း အတော်အတန် မြင့်မားလှသည်။ အမှောင်နှင့် သွေးအမျိုးအစား မိစ္ဆာသားရဲများကို ဆယ်နှစ်တိုင်တိုင် အဆက်မပြတ် သတ်ဖြတ်ကာ ထိုအထဲသို့ ပစ်ချနေရမည်ဖြစ်ပြီး ၎င်းတို့၏ အရိုးများနှင့် သွေးများကို မြေကြီးထဲသို့ စိမ့်ဝင်ပေါင်းစပ်စေရမည် ဖြစ်သည်။ ထိုကဲ့သို့သော အသုံးစရိတ်မှာ ကြီးမားလှသဖြင့် ယေဘုယျအားဖြင့် အဖွဲ့အစည်းမျိုးစုံ သို့မဟုတ် ကုမ္ပဏီများသာလျှင် တတ်နိုင်ကြသည်။

အကယ်၍ ကျန်းဟန်က တစ်ခုကို ငှားရမ်းမည်ဆိုပါက လောလောဆယ်တွင် ထိုကုန်ကျစရိတ်ကို သူ မတတ်နိုင်သေးချေ။

သို့သော်လည်း သူသည် သတင်းတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့၏။ ကန်မြို့၏ အနောက်ဘက်တွင် အနက်ရောင်သွေးလင်းနို့၊ အရိပ်ပျံလွှားငှက်နှင့် သွေးအရေပြားအရိုးစု ကဲ့သို့သော အမှောင်နှင့် သွေးအမျိုးအစား သတ္တဝါများစွာ နေထိုင်ရာ မြေနိမ့်တွင်းကြီးတစ်ခု ရှိနေသည်။

ထိုနေရာသည် ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိနေခဲ့ခြင်းဖြစ်ရာ အထဲတွင် သေခြင်းတရားနယ်မြေတစ်ခု သေချာပေါက် ရှိနေပေလိမ့်မည်။

ပြဿနာမှာ ထိုနေရာသည် ကန်မြို့၏ တစ်ဖက်ခြမ်းတွင် တည်ရှိနေခြင်း ဖြစ်သည်။ သူ ထိုနေရာသို့ သွားရောက်လိုပါက ကန်မြို့တစ်ခုလုံးကို ဖြတ်သန်းသွားရမည်ဖြစ်ပြီး အကွာအဝေးမျဉ်းဖြောင့်အတိုင်းဆိုလျှင် ၁၁၀ ကီလိုမီတာနီးပါး ရှိသည်။

ထို့အပြင် ထိုနေရာသို့ စွန့်စားသွားရောက်လိုပါက အနည်းဆုံး ခေါင်းဆောင်အဆင့် သားရဲတစ်ကောင် လိုအပ်ပေလိမ့်မည်။ မဟုတ်ပါက ယင်းမှာ မိမိအသက်ကို သက်သက်မဲ့ သွားရောက်စတေးခြင်းသာ ဖြစ်ပေလိမ့်မည်။

သူသည် အဆင့် ၂ အခြေခံအဆင့်သို့ တက်လှမ်းထားပြီးဖြစ်သဖြင့် ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့ နှစ်ကောင်စလုံးမှာ ခေါင်းဆောင်အဆင့်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီဖြစ်သော်လည်း အတိအကျ မည်သည့်အချိန်တွင် ဖြစ်လာမည်ကိုမူ မရေရာသေးချေ။

“ဟုတ်ဟုတ်... ငါ ကျောင်းကို ပြန်တော့မယ်။”

ကျန်းဟန်က ၎င်းကို ကြည့်ရင်း ပြောလိုက်သည်။

“ဟူးဟူး....”

ဟုတ်ဟုတ်က သမ်းဝေလိုက်ပြီး ၎င်း၏ခေါင်းကို ခါယမ်းပြကာ ညဘက်တွင် အပြင်၌ ဆက်လက်ကစားလိုကြောင်း အချက်ပြလိုက်သည်။

“ကောင်းပြီ... ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ မနက်ဖြန်ကျမှ ငါ မင်းကို လာခေါ်မယ်။”

ကျန်းဟန်က ပြန်လည်တွေးတောပြီးနောက် ၎င်းကို လွှတ်ထားပေးကာ ကိုယ်တိုင်လေ့ကျင့်ခွင့်ပေးလိုက်ခြင်းက ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။ အမှန်တော့ ဟုတ်ဟုတ်သည် အလွန်တက်ကြွသော်လည်း သူ့ကြောင့်သာ ကိုယ်တိုင်လေ့ကျင့်ရန် အခွင့်အရေး သိပ်မရရှိခဲ့ခြင်း ဖြစ်သည်။

“ဂူး...”

ကျန်းဟန်၏ သဘောတူညီချက်ကို ကြားလိုက်ရသဖြင့် ဟုတ်ဟုတ်သည် ချက်ချင်းပင် ၎င်း၏အတောင်ပံများကို ဖြန့်ကာ ပျံသန်းသွားတော့သည်။ ၎င်းအနေဖြင့် အသက်ရှင်နေသော သားကောင်ကို ဖမ်းယူစားသောက်ရခြင်းမရှိသည်မှာ ကြာပြီဖြစ်ရာ အနည်းငယ် ဆာလောင်မွတ်သိပ်နေပုံရသည်။

“ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဖုံးကွယ်ထားဦး။”

ဟုတ်ဟုတ်၏ ကိုယ်ယောင်ဖျောက်နိုင်စွမ်းက အလွန်အမင်း သန်မာမှန်း သိထားသော်လည်း ကျန်းဟန်ကမူ သတိပေးရန် မမေ့ချေ။ ဤနယ်မြေတစ်ဝိုက်တွင် လူသားများစွာ ရှိနေသဖြင့် ဟုတ်ဟုတ်မှာ မိစ္ဆာသားရဲတစ်ကောင်အဖြစ် အမဲလိုက်ခံရနိုင်ခြေ ရှိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။ ယနေ့တွင် ကျောင်း၌ လူများစွာ ရှိနေကြပြီး အားလုံးက စာမေးပွဲအကြောင်းကိုသာ ဆွေးနွေးနေကြသည်။

သို့သော်လည်း ကျန်းဟန်၏ အာရုံစိုက်မှုမှာမူ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင်သာ ရှိနေခဲ့သည်။ ပိုင်လင်း ပြောင်းလဲသွားခဲ့သော ပိုးဥကြီးမှာ နောက်ဆုံးတွင်မူ အက်ကြောင်းများဖြစ်လာပြီး အထဲမှ ဖောက်ထွက်လာတော့မည့်ဟန် ဖြစ်လာခဲ့လေသည်။

All Chapters