အခန်း ၉၉
Vol. 10 Ch. 99
အခန်း ၉၉
သူသည် အဆောင်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျန်းဟန်သည် ပိုင်လင်း၏ အရှိန်အဝါများ ပျံ့နှံ့သွားကာ အတန်းဖော်များနှင့် ဆရာများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမည်ကို စိုးရိမ်သဖြင့် ၎င်းကို အပြင်သို့ ထုတ်ရန် မဝံ့ရဲသေးချေ။
သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်အတွင်း၌မူ ဖြူဖွေးသော ပိုးဥကြီး၏ မျက်နှာပြင်မှာ ပထမဆုံး အက်ကြောင်းထွက်လာပြီးနောက် ဥခွံအပိုင်းအစများမှာ တစ်ခုချင်းစီ ဖြည်းညှင်းစွာ ကွာကျလာခဲ့သည်။
“ဝေါင်း...”
နွားပေါက်လေးတစ်ကောင်၏ အော်ဟစ်သံကဲ့သို့သော ဟိန်းဟောက်သံနှင့်အတူ ကျန်ရှိနေသော ဥခွံများမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ လွင့်စင်သွားခဲ့တော့သည်။ ထိုအခိုက်တွင် ခရမ်းရောင် သဏ္ဌာန်တစ်ခုသည် အထဲမှ ပျံသန်းထွက်ပေါ်လာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများကို ထုတ်ဖော်လျက် အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။
ပိုင်လင်းသည် သားရဲထိန်းချုပ်ခြင်း ဟင်ူလင်းပြင်ထဲတွင် ဆယ်ကြိမ်မက ခေါက်တုံ့ခေါက်ပြန် ပျံသန်းပြီးမှ ရပ်တန့်လိုက်သည်။ ၎င်းသည် ကျန်ရှိနေသော ဥခွံများကို စားသုံးရင်း ကျန်းဟန်ထံသို့ ချစ်ခင်မြတ်နိုးဖွယ် အသံလေးများ ပြုလုပ်နေခဲ့သည်။
ယခုအချိန်တွင်မူ ပိုင်လင်းသည် ပိုးကောင်တစ်ကောင်၏ ပုံသဏ္ဌာန် လုံးဝ မဟုတ်တော့ချေ။
ထိုအရာများအစား ၎င်းသည် အလျား နှစ်မီတာခန့်ရှိပြီး ခြေသည်းလေးခုပါသည့် လွှမ်းမိုးခြယ်လှယ်နိုင်သော ရေနဂါးတစ်ကောင်အဖြစ် ပေါ်ပေါက်လာခဲ့ကာ ၎င်း၏ ခန္ဓာကိုယ်မှာ ခရမ်းစွဲကျောက်ကဲ့သို့ တောက်ပနေသော အကြေးခွံများဖြင့် ဖုံးလွှမ်းနေသဖြင့် သေသေချာချာ ထုဆစ်ထားသည့် အနုပညာပစ္စည်းတစ်ခုကဲ့သို့ လှပနေသည်။
၎င်း၏ ထက်မြက်သော သွားများမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး နဂါးမျက်လုံးများမှာမူ အနီရောင်ဖျော့ဖျော့ ဒေါင်လိုက်သူငယ်အိမ်များဖြစ်ကြရာ ခန့်ညားထည်ဝါမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်း၏ ဦးခေါင်းထက်တွင်မူ ခရမ်းရောင် သန္တာကျောက်ကဲ့သို့သော နဂါးဦးချိုများ ရှိနေခဲ့သည်။ ၎င်းသည် နဂါးပေါက်စလေးသာ ရှိသေးသဖြင့် ဦးချိုတစ်ခုစီမှာ ၂ လက်မခန့်သာ ရှိသေးသည်။
၎င်းတွင် ရှည်လျားသော နဂါးနှုတ်ခမ်းမွေးများနှင့် ၎င်း၏ ကျောရိုးတစ်လျှောက်တွင် ခန့်ညားသော နဂါးဆူးတောင်များ ရှိနေသည့်အပြင် ထက်မြက်ပြီး စူးရှသော နဂါးခြေသည်း များလည်း ရှိနေရာ အရာအားလုံးက ပိုင်လင်း၏ လုံးဝဥဿုံ ပြန်လည်မွေးဖွားခြင်းကို ဖော်ပြနေခဲ့သည်။
“ဝေါင်း....”
နဂါးတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲပြီးခါစဖြစ်၍ ပိုင်လင်းသည် ၎င်း၏ ခြေသည်းများဖြင့် လမ်းလျှောက်ရသည့် ခံစားချက်ကို ကျင့်သားမရသေးချေ။ လမ်းလျှောက်သည့်အခါ ၎င်း၏ ခြေလက်များမှာ ဟန်ချက်မညီဖြစ်နေသဖြင့် တော်တော်လေး ရယ်စရာကောင်းနေခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ကျန်းဟန်၏ အာရုံစိုက်မှုမှာမူ သူ၏ မျက်စိရှေ့တွင် ပေါ်ပေါက်လာသော တောက်ပသည့် စာသားအသေးလေးများပေါ်သို့ ရောက်ရှိနေခဲ့သည်။
[အမည်] - ခရမ်းရောင် မိုးကြိုးရေနဂါး
[မျိုးနွယ်] - နဂါးတစ်ပိုင်း (သွေးမစစ်သော နဂါး)
[ဂုဏ်သတ္တိ] - လျှပ်စီးမိုးကြိုးဒြပ်စင်၊ နဂါးဒြပ်စင်
[အဆင့်] - လက်ရွေးစင်အဆင့် အလယ်အလတ်အဆင့်
[ပါရမီ] - ကြယ်နှစ်ပွင့်
[ထူးခြားချက်များ] –
မိုးကြိုးစွမ်းအင်ဖြည့်တင်းခြင်း: လျှပ်စီးတိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိပြီး မိမိရရှိလာသော လျှပ်စီးတိုက်ခိုက်မှုများကို မိမိ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။
မိုးကြိုးထုံကျဉ်စေခြင်း - တိုက်ခိုက်မှုအားလုံးက ရန်သူကို ထုံကျဉ်သွားစေနိုင်သည်။
နဂါးဖိအား - သတ္တဝါအများစုအပေါ် ဖိအား သက်ရောက်စေပြီး ၎င်းတို့၏ စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်ရန် တားဆီးနိုင်သည်။ အဆင့်တူ ဖြစ်တည်မှုများအတွက် သက်ရောက်မှုမှာ နှစ်ဆဖြစ်ပြီး မိမိထက် အဆင့်နိမ့်သော ဖြစ်တည်မှုများကိုမူ တိုက်ရိုက်ပင် အညံ့ခံစေနိုင်သည်။
[စွမ်းရည်များ] - မာကျောခြင်း၊ ဝင်တိုက်ခြင်း၊ မိုးကြိုးရိုက်ချက် (လျှပ်စီးထုတ်လွှတ်ခြင်းမှ ဆင့်ကဲပြောင်းလဲလာသည်)၊ ဆုတ်ဖြဲခြေသည်း၊ အမြီးဖြင့်ရိုက်ခတ်ခြင်း၊ နဂါးအစွယ်၊ နဂါးသက်ပြင်း
[ဖိနှိပ်နိုင်မှု] - ကံတရား၊ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဝိညာဉ်စားသုံးသူကဲ့သို့သော ရှားပါးအမျိုးအစားများမှလွဲ၍ ကျန်ရှိသော အမျိုးအစားအများစုအပေါ် အချို့သော ထိနှိပ်နိုင်စွမ်းရှိပြီး အထူးသဖြင့် သတ္တုဒြပ်စင်၊ ရေဒြပ်စင်နှင့် သွေးအမျိုးအစားများအပေါ် အထူးနှိမ်နင်းနိုင်သည်။
[အားနည်းချက်] - ဝိညာဉ်စားသုံးသူအမျိုးအစား
[ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်း] - အလုံးစုံ အစစ်အမှန် နတ်နဂါး
[မိတ်ဆက်] - လျှပ်စီးပိုးကောင်မှနေ၍ အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းအားဖြင့် ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သည်။ ဆင့်ကဲပြောင်းလဲနေစဉ်အတွင်း မိုးကြိုးနဂါး၏ ဦးချိုကို စားသုံးခဲ့သောကြောင့် တိုက်ရိုက်ပင် နဂါးပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိုးကြိုးနဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်သော နဂါးတစ်ပိုင်း ဖြစ်လာခဲ့သည်။
ကျန်းဟန်သည် မိမိရှေ့တွင် ပေါ်လာသော အချက်အလက်များကို ကြည့်ရင်း သဘာဝအတိုင်း အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားခဲ့သည်။
ပိုင်လင်း၏ စွန့်စားမှုက အမှန်တကယ် အောင်မြင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ နောက်ဆုံးအခြေအနေတွင် ၎င်းသည် အဆင့် ၅ မိုးကြိုးနဂါး၏ ဦးချိုကို မျိုချလိုက်သဖြင့် မိုးကြိုးနဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်သည့် နဂါးတစ်ပိုင်းအဖြစ်သို့ တိုက်ရိုက် ဆင့်ကဲပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အခြေအနေအရဆိုလျှင် ပိုင်လင်း၏ ယခုအကြိမ် ဆင့်ကဲပြောင်းလဲမှုသည် နဂါးသွေးမျိုးဆက် အနည်းငယ်ကိုသာ ရရှိစေမည်ဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်မှာ ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤအံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းသည် အနှစ်သာရအားဖြင့် မရှိရာမှ ရှိရာသို့ ဖန်တီးခြင်းဖြစ်ရာ ပိုင်လင်းအတွက် နဂါးသွေးမျိုးဆက်တစ်ခုကို အတင်းအကျပ် ဖြစ်တည်စေခြင်းမှာ တစ်ညတည်းနှင့် ပြီးမြောက်နိုင်သောအရာ မဟုတ်သောကြောင့်ပင်။
သို့သော်လည်း ပိုင်လင်း၏ မဆုတ်မနစ်သော ဇွဲလုံ့လကြောင့် ၎င်းသည် အဆင့် ၅ မိုးကြိုးနဂါး၏ ဦးချိုကို တိုက်ရိုက်မျိုချခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားချိန်တွင် မိုးကြိုးနဂါး၏ စွမ်းအားအချို့ကို စုပ်ယူနိုင်ခဲ့သဖြင့် နဂါးသွေးမျိုးဆက် အနည်းငယ်ကို ရရှိသွားခဲ့ကာ ဆင့်ကဲပြောင်းလဲခြင်းကို မရှိရာမှ ရှိရာသို့ ဖန်တီးရခြင်းမျိုး မဟုတ်တော့ဘဲ ဖြစ်စေခဲ့သဖြင့် ခက်ခဲမှုကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
နောက်ဆုံးတွင်မူ ကျန်ရှိနေသော နဂါးဦးချိုနှင့် အံ့ဖွယ်ဒြပ်စင်တို့၏ ကူညီစွမ်းဆောင်ပေးမှုကြောင့် ၎င်းသည် နဂါးပုံသဏ္ဌာန်ကို တိုက်ရိုက်ရရှိခဲ့ပြီး တစ်ဟုန်ထိုး အကြီးအကျယ် ကျော်ဖြတ်ကာ နဂါးတစ်ပိုင်း ဖြစ်လာခဲ့တော့သည်။
၎င်းတွင် ကြယ်လေးပွင့် ပါရမီသာ ရှိသေးသည်ဆိုသော်လည်း ယခင်ဘဝနှင့်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်သည်။
အဟောင်းမပျက်လျှင် အသစ်မဖြစ်နိုင်ဟုသာ ပြောရပေလိမ့်မည်။ ပိုင်လင်း၏ အသက်နှင့်ရင်း၍ ကြိုးစားအားထုတ်မှုက ၎င်းအတွက် တောက်ပသော အနာဂတ်တစ်ခုကို ဆွတ်ခူးပေးနိုင်ခဲ့သည်။
နဂါးသွေးမျိုးဆက် အနည်းငယ်သာ ရှိခြင်းနှင့် နဂါးပုံသဏ္ဌာန်ရှိသော နဂါးတစ်ပိုင်း ဖြစ်လာခြင်းဟူသည်မှာ လုံးဝ ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုမှ ဖြစ်တည်မှုများ ဖြစ်ကြသည်။
ဤကမ္ဘာပေါ်တွင် နဂါးဟူသည်မှာ ရှားပါးလှသော်လည်း နဂါးသွေးမျိုးဆက်ပါသော မိစ္ဆာသားရဲများမှာမူ မရှားပါးလှချေ။ ၎င်းတို့သည် သာမန်မိစ္ဆာသားရဲများထက် ပိုမိုသန်မာကြရုံသာ ဖြစ်လေ့ရှိပြီး နောက်ဆုံးတွင် နဂါးတစ်ပိုင်းအဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်သူမှာမူ တစ်သောင်းတွင် တစ်ကောင်မျှသာ ရှိသည်။
နဂါးတစ်ပိုင်း ပုံသဏ္ဌာန် ဖြစ်လာခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိ နဂါးသွေးမျိုးဆက်သည် နဂါးပုံသဏ္ဌာန်ကို ပိုင်ဆိုင်နိုင်ရန်အတွက် အနည်းဆုံး လေးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိရမည် ဖြစ်သည်။
ဤအခြေခံအုတ်မြစ် ရှိနေပြီဖြစ်ရာ စစ်မှန်သော သွေးစစ် နတ်နဂါးတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲရန် ခက်ခဲမှုမှာလည်း များစွာ လျော့နည်းသွားခဲ့ပြီး ယခင်ကကဲ့သို့ မဖြစ်နိုင်လောက်အောင် မခက်ခဲတော့ချေ။
အချို့သူများက အစက ကြယ်လေးပွင့်ပါရမီဟု ပြောခဲ့ပြီးမှ ယခု ဘာကြောင့် ကြယ်နှစ်ပွင့်သာ ကျန်ရှိတော့သနည်းဟု တွေးတောမိနိုင်သည်။ ယင်းမှာ လက်ရွေးစင်အဆင့်သို့ ဆင့်ကဲပြောင်းလဲခြင်းက ပါရမီ ကြယ်နှစ်ပွင့်ကို သဘာဝအတိုင်း ဝါးမြိုကုန်ဆုံးသွားခဲ့သောကြောင့် ဖြစ်သည်။
ပိုင်လင်းတစ်ယောက် ဥခွံများကို စားသုံးပြီးသွားသည်ကို မြင်သောအခါ ကျန်းဟန်က ၎င်းကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲမှ အပြင်သို့ ထုတ်လိုက်သည်။
“ဝေါင်း....”
အပြင်သို့ ရောက်လာပြီးနောက် ပိုင်လင်းသည် ကျန်းဟန်၏ ပတ်ပတ်လည်တွင် စိတ်လှုပ်ရှားစွာဖြင့် ဝဲပျံနေခဲ့သည်။ လက်တွေ့တွင် မြင်တွေ့ရသော ပိုင်လင်းသည် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် မြင်ရသည်ထက် များစွာ ပိုမိုခန့်ညားတောက်ပလှပေသည်။
နဂါးများသည် မွေးရာပါ ပျံသန်းနိုင်စွမ်း ရှိကြရာ နဂါးတစ်ပိုင်းအဖြစ် ပြောင်းလဲသွားခဲ့သော ပိုင်လင်းသည်လည်း သဘာဝအတိုင်း ပျံသန်းနိုင်စွမ်း ရှိသွားခဲ့ပြီဖြစ်ပြီး ကျန်းဟန်၏ ရှေ့တွင် တောက်လျှောက် ပျံသန်းပြနေခဲ့သည်။
“အရမ်းလှတာပဲ။ မင်းကို ဇီလင်းလို့ နာမည်ပြောင်းပေးရင် ကောင်းမလား။ ဒါက မင်းရဲ့ လက်ရှိရုပ်သွင်နဲ့ ပိုပြီး လိုက်ဖက်တယ်။”
ကျန်းဟန်က သူ၏လက်ကိုဆန့်ကာ ပိုင်လင်း၏ ခန္ဓာကိုယ်ကို ထိတွေ့ရင်း ပြုံးကာ ပြောလိုက်သည်။ ပိုင်လင်း၏ ခန္ဓာကိုယ်မှာ သူ စိတ်ကူးထားသည်ထက် အဆပေါင်းများစွာ ပိုမိုချောမွေ့နေခဲ့သည်။
“ဝူး...”
ပိုင်လင်းက ၎င်း၏ခေါင်းကို ခါယမ်းပြကာ ကျန်းဟန်၏ အကြံပြုချက်ကို ငြင်းပယ်လိုက်သည်။ ဤသည်မှာ ကျန်းဟန် ၎င်းကို ပထမဆုံး ပေးခဲ့သော နာမည်ဖြစ်ရာ အလွန်ပင် အဓိပ္ပာယ်လေးနက်လှသဖြင့် ၎င်းအနေဖြင့် မပြောင်းလဲချင်ပေ။
“ဟားဟား... ကောင်းပါပြီကွာ။”
ကျန်းဟန်က ခေါင်းငြိမ့်လိုက်သည်။ သူသည် ပိုင်လင်း၏ သဘောထားကို မေးမြန်းကြည့်ရုံသာ ဖြစ်ပြီး အမှန်တော့ သူကိုယ်တိုင်လည်း မပြောင်းလဲချင်ပေ။
ပိုင်လင်းသည် ကျန်းဟန်၏ ရှေ့တွင် လွင့်မျောနေပြီး ကျန်းဟန်အား ၎င်းကို ပွတ်သပ်ခွင့်ပေးထားသည်။ ကျန်းဟန်သည် ၎င်း၏ ခန္ဓာကိုယ်ကိုသာ ပွတ်သပ်ပေးနေပြီး ပိုင်လင်း၏ ဦးခေါင်းကိုမူ မထိတွေ့ချေ။ ပိုင်လင်းကိုယ်တိုင်က တိုးကပ်လာမှသာ ကျန်းဟန်က ၎င်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ထိတွေ့ရသည့် ခံစားချက်မှာ အေးမြပြီး ချောမွေ့နူးညံ့ကာ မိန်းကလေးတစ်ယောက်၏ လက်ကို ထိတွေ့ရသည်ထက်ပင် များစွာ ပိုမိုသက်တောင့်သက်သာ ရှိလှသည်။
“မင်း နဂါးအဖြစ် ပြောင်းလဲပြီးတဲ့နောက်မှာ အသားမကျသေးတဲ့အရာတွေ အများကြီး ရှိနေဦးမှာပဲ။ ငါကလည်း ဟုတ်ဟုတ်ကို သွားရှာဖို့ လုပ်နေတာနဲ့အတော်ပဲ။ တစ်ခါတည်း မင်းကို တောအုပ်ထဲခေါ်သွားပြီး နည်းနည်း လေ့ကျင့်ပေးရမယ်။”
ကျန်းဟန်က ပိုင်လင်းကို ကြည့်ကာ ပြောလိုက်သည်။
ပိုင်လင်းသည် ယခုအကြိမ်တွင် ခရမ်းရောင် မိုးကြိုးနဂါးအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ၎င်း ယခင်က အကျွမ်းကျင်ဆုံးဖြစ်သော ပိုးမျှင်ပစ်လွှတ်ခြင်းစွမ်းရည်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် စွမ်းရည်အသစ် လေးခုဖြစ်သော ဆုတ်ဖြဲခြေသည်း၊ အမြီးဖြင့်ရိုက်ခတ်ခြင်း၊ နဂါးအစွယ်နှင့် နဂါးသက်ပြင်း တို့ကို သင်ယူရရှိခဲ့သည်။ ထိုစွမ်းရည်များမှာ ၎င်းအတွက် အလွန်စိမ်းသက်နေသေးသဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ရန် လိုအပ်သည်။
မိုးကြိုးရိုက်ချက်ကမူ လျှပ်စီးပစ်လွှတ်ခြင်းမှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ပြီး ထုတ်လွှတ်ပုံနည်းလမ်းမှာ အတူတူပင်ဖြစ်ရာ ကျွမ်းကျင်မှုအသစ်စက်စက်ဟု မသတ်မှတ်နိုင်ချေ။
“ဝူးးး”
ပိုင်လင်းက ခေါင်းငြိမ့်ပြကာ ၎င်းအနေဖြင့် အပြင်ထွက်၍ လေ့ကျင့်လိုကြောင်း ပြသလိုက်သည်။ လက်တွေ့တွင်မူ ၎င်းသည် ၎င်း၏ လက်ရှိရုပ်သွင်ကို မြင်တွေ့သည့်အခါ ဖြစ်သွားမည့် ဟုတ်ဟုတ်၏ မျက်နှာအမူအရာကို ပိုမိုမျှော်လင့်နေခြင်း ဖြစ်သည်။
ဟုတ်ဟုတ်အနေဖြင့် သေချာပေါက် အံ့အားသင့်သွားလိမ့်မည်ဟု သူ ခံစားနေမိသည်။
“ဒါဆိုရင် မင်း သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲကို အရင်ပြန်ဝင်လိုက်ဦး။”
ကျန်းဟန်က လျှပ်စီးဆေးရည်တစ်ဘူးကို ထုတ်ယူကာ ၎င်းကို တိုက်ကျွေးပြီးနောက် ပြောလိုက်သည်။
ပိုင်လင်းက ရုတ်တရက် နဂါးအဖြစ် ပြောင်းလဲသွားခဲ့ရာ လောလောဆယ်တွင် မည်သည့်ဆင်ခြေကို အသုံးပြုရမည်ကို သူ မသိသေးသဖြင့် ၎င်းကို မဖော်ပြသေးခြင်းက ပိုကောင်းသည်။ သူ ၎င်းကို ခေတ္တမျှ ဖုံးကွယ်ထားရပေမည်။
သူ ဆင်ခြေတစ်ခုခုကို စဉ်းစားမိသည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။ ဤကိစ္စက အလွန်ပင် ရုတ်တရက်ဆန်လှရာ တစ်ကြိမ်မျှ လူသိရှင်ကြားဖြစ်သွားရုံဖြင့် ယခင်က လျှပ်စီးပိုးကောင်နှင့် လုံးဝခြားနားသွားလိမ့်မည်ဖြစ်ပြီး ကြီးမားသော တုံ့ပြန်မှုများကို ဆွဲဆောင်မိပေလိမ့်မည်။ မရိုးသားသော ရည်ရွယ်ချက်ရှိသူ အများအပြား၏ စုံစမ်းစစ်ဆေးမှုများကို ဆွဲဆောင်မိလိမ့်မည်မှာ သေချာသလောက်ပင် ဖြစ်သည်။
ယင်းက ဘေးဒုက္ခထဲက အခွင့်အရေးဟုသာ ပြောရပေလိမ့်မည်။ ပိုင်လင်း၏ ရုတ်တရက် ကျော်ဖြတ်နိုင်မှုနှင့် နဂါးတစ်ပိုင်းအဖြစ် ဆင့်ကဲပြောင်းလဲသွားမှုမှာ တကယ့်ကို ကောင်းမွန်သောအရာ ဖြစ်သော်လည်း ယင်း၏နောက်ဆက်တွဲ ကိစ္စရပ်များကိုမူ ကိုင်တွယ်ရန် အလွန်ခက်ခဲပေလိမ့်မည်။ အကယ်၍ ကောင်းမွန်စွာ မကိုင်တွယ်နိုင်ပါက သူသည် ကြီးမားသော ပြဿနာကြီးထဲသို့ ကျရောက်သွားနိုင်ပေသည်။